News @ M-Media

ချယ်ဆီးမှာ ပြီးပြည့်စုံသည့်အသင်းဖြစ်သည်ဟု မော်ရင်ဟိုဆို

မေ ၂၅၊ ၂၀၁၅
M-Media

s

– ပရီးမီးယားလိဂ်ချန်ပီယံ မိမိတို့အသင်းအား လာမည့်ရာသီတွင် သွေးသစ်လောင်းကာ အခြားအသင်းများအား ဖိအားပေးသွားမည်ဟု နည်းပြမော်ရင်ဟိုက ပြောကြားလိုက်ပြီး မိမိတို့အသင်းမှာ ပြီးပြည့်စုံသည့်အသင်းလည်း ဖြစ်သည်ဟုဆိုသည်။

ယမန်နေ့တွင် ဆန်းဒါးလန်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူကာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့သည့် ချယ်ဆီးမှာ ၂၇၄ ရက်ဆက် အဆင့် ၁ နေရာတွင် ရှိနေကာ ပရီးမိးယားလိဂ်သမိုင်းတစ်လျှောက် အချိန်အကြာဆုံး အဆင့် ၁ နေရာ ဆုပ်ကိုင်နိုင်သည့် အသင်း ဖြစ်လာခဲ့သည်။

အသင်းတိုက်စစ်မှူး ဒရော့ဘာမှာ အသင်းမှထွက်ခွာမည်ဟု ကြေညာခဲ့ပြီး ဂိုးသမား ပီတာချက်မှာလည်း အသင်းမှ ထွက်ခွာဖွယ်ရှိနေကာ လာမည့်ရာသီ ပထမနေရာအတွက် ယှဉ်ပြိုင်မှု မြင့်လာစေရန် အသင်းတွင် အစားထိုးရမည်ကို မော်ရင်ဟိုက သိနေသည်။

“ကျွန်တော်တို့ ဖလားရတာကို ပြိုင်ဘက်အသင်းတွေက လက်ခံနိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ပြီးတော့ သူတို့ တိုက်ပွဲဝင်ကြမှာဖြစ်ပြီး ကျွန်တော်တို့နေရာကို ချိန်နေတဲ့ အသင်းက သုံးလေးသင်းလောက် ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်၊ ကစားသမားတွေနဲ့ ကျွန်တော်တို့အသင်း အားလုံး ပိုကောင်းရပါမယ်။ အဲဒီအသင်းတွေကို ဖိအားထဲမှာ ဆက်ရှိစေဖို့
သွေးသစ်အချို့လည်း လိုအပ်ပါတယ်” ဟု မော်ရင်ဟိုက ယမန်နေ့ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့ပြင် မော်ရင်ဟိုက အသင်းအား ဝေဖန်ခဲ့သူများကို ပြန်လည် တုံ့ပြန်ခဲ့ပြီး လွန်ခဲ့သည့် ၂ နှစ် စရောက်စဉ်က အသင်းမှာ အန္တရာယ်ရှိနေသော်လည်း လက်ရှိအချိန်တွင် ပြည့်စုံသည့်အသင်း ဖြစ်လာခဲ့ပြီဟု ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ အားလုံး ပြည့်စုံပြီလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ကစားပုံမကောင်းဘူးလို့ တစ်ယောက်ယောက်က ပြောနိုင်လား။ သူတို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အမှန်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကစားတဲ့ပွဲမှာ အနုပညာပါတယ်။ စိတ်ဓာတ်ကောင်းရှိတယ်။ အစုအဖွဲ့ကောင်းတယ်။ ပြီးတော့ လက်တွေ့လည်းကျပါတယ်။ ကျွန်တော်တို့ဟာ ပြီးပြည့်စုံတဲ့အသင်းဖြစ်ပြီး ဒါ့ကြောင့်လည်း ချန်ပီယံဖြစ်တာပေါ့”

Ref: Goal

Comments

Leave a Reply