News @ M-Media

Blog

  • မနက်ဖြန်ပွဲအတွက် အာရုံစိုက်ထားသည်ဟု အမီရ်းခန်းဆို

    မနက်ဖြန်ပွဲအတွက် အာရုံစိုက်ထားသည်ဟု အမီရ်းခန်းဆို

    မေ ၂၈၊ ၂၀၁၅
    M-Media

    kha

    – မေ၀ယ်သာနှင့် ထိုးသတ်ရေး ပြောဆိုမှုများထက် မနက်ဖြန်တွင် ထိုးသတ်မည့် ခရစ် အလ်ဂီရီနှင့် ပွဲကိုသာ အာရုံစိုက်ထားသည်ဟု ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းက ပြောကြားလိုက်သည်။

    ခန်းမှာ မေ၀ယ်သာအား ထိုးသတ်ရန် ကြိုးစားနေသည်မှာ ၂ နှစ်ခန့် ရှိသွားပြီဖြစ်ပြီး ပက်ကွီအိုအား အနိုင်ရရှိပြီးနောက် ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားသည့် မေ၀ယ်သာ၏ နောက်ထပ်ပြိုင်ဘက်မှာ ခန်းသာဖြစ်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြသည်။

    ကမ္ဘာ့ချန်ပီယံ နှစ်ကြိမ်ဖြစ်ခဲ့ဖူးသည့် ၎င်းကမူ မိမိအနေဖြင့် နယူးယောက်တွင် ထိုးသတ်မည့် မနက်ဖြန်ပွဲအတွက်သာ အာရုံစိုက်ထားသည်ဟု ဆိုသည်။

    “ခရစ် အလ်ဂီရီနှင့်ပွဲအပေါ်မှာ ကျွန်တော် အာရုံစိုက်ထားပါတယ်။ ဒီပွဲကို ကျွန်တော် ကျော်မကြည့်ချင်ပါဘူး။ ဒီပွဲဟာ ကျွန်တော့်အတွက် ခက်ခဲမယ့်ပွဲပါ။ အရင်ကပွဲတွေကို ကြည့်လိုက်ရင် ကျွန်တော်ဟာ ဒီလိုအမှားမျိုး လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတော့ ဒီပွဲကို ကျော်ကြည့်မှာ မဟုတ်ပါဘူး။ ကျွန်တော်ဘယ်သွားသွား လူတွေက “မေ၀ယ်သာနဲ့ဘယ်လိုလဲ” “ပက်ကွီအိုနဲ့ရော” လို့ မေးကြပါတယ်။ သူတို့ကို ကျွန်တော် ကြည့်နေတာမဟုတ်ပါဘူ” ဟု အမီးရ်ခန်းက ပြောကြားခဲ့သည်။

    ပက်ကွီအိုမှာ အလ်ဂီရီအား အနိုင်ရရှိပြီးနောက် မေ၀ယ်သာနှင့် ထိုးသတ်ခွင့်ရခဲ့ပြီး အမီးရ်ခန်းကလည်း မိမိအနေဖြင့် အလ်ဂီရီအား ကျော်ဖြတ်နိုင်ပါက မေ၀ယ်သာနှင့် ထိုးသတ်နိုင်ရန် မျှော်လင့်နေသည်ဟု စောစောပိုင်းက ပြောကြားထားသည်။

    သို့သော်လည်း မိမိအနေဖြင့် မေ၀ယ်သာနှင့် ပက်ကွီအိုတို့၏ အဖွဲ့များနှင့် စကားပြောဆိုထားခြင်း မရှိကြောင်း၊ မေ၀ယ်သာနှင့်ပွဲမှာ ဘယ်တော့မှ ဖြစ်မလာနိုင်သည်မှာလည်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ခန်းက ထပ်လောင်းပြောကြားခဲ့သည်။

    မေ၀ယ်သာကမူ ၎င်းအနေဖြင့် စက်တင်ဘာလတွင် ကစားသမားဘ၀ နောက်ဆုံးပွဲကို ထိုးသတ်သွားမည်ဟု ပက်ကွီအိုနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Dialymail

  • လူ ၁၁ ဦးကို ဘောလုံးလောကနှင့် မပတ်သက်ရန် ဖီဖာပိတ်ပင်

    လူ ၁၁ ဦးကို ဘောလုံးလောကနှင့် မပတ်သက်ရန် ဖီဖာပိတ်ပင်

    မေ ၂၈၊ ၂၀၁၅
    M-Media

    warner
    ဖီဖာ ဒုဥက္ကဌဟောင်း ဂျက် ၀ါနာ

    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက မိမိတို့နှင့် ဆက်နွယ်သည့် လူ ၁၁ ဦးကို ဘောလုံးနှင့်ပတ်သက်သော လှုပ်ရှားမှုများ ဆောင်ရွက်ခြင်းမှ ပိတ်ပင်လိုက်သည်ဟု ကြေညာခဲ့သည်။

    ဖီဖာ၏ ၆၅ ကြိမ်မြောက် ညီလာခံအတွက် ဇူးရစ်ခ်ျသို့ ရောက်နေကြသည့် အကြီးတန်းတာဝန်ရှိသူများမှ ၇ ဦးကို အမေရိကန်တရားရေးဌာနနှင့် ဆွစ်ဇာလန်အာဏာပိုင်များက ပူးပေါင်း၍ ယမန်နေ့တွင် ချစားမှုဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ၁၂
    နာရီအကြာတွင် ဖီဖာက ထိုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။

    ထိုသို့ဖမ်းဆီးလိုက်ခြင်းကြောင့် မိမိတို့၏ ညီလာခံကိုလည်း ဖျက်သိမ်းလိုက်ပြီး မိမိတို့အနေဖြင့် အဖွဲ့အတွင်း ရှင်းလင်းရေးလုပ်ငန်းကို ထောက်ခံကြောင်း ဖီဖာက ကြေညာခဲ့သည်။ ထို့ပြင် ဖီဖာနှင့် ဆက်နွယ်သည့် လူ ၁၁ ဦးကိုလည်း ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်တို့တွင် ဘောလုံးနှင့်ပတ်သက်သည့် မည်သည့်လှုပ်ရှားမှုတွင်မှ ပါဝင်ခြင်းမပြုရန် ပိတ်ပင်တားမြစ်ခဲ့သည်ဟု ဆိုသည်။

    “ဒီဆုံးဖြတ်ချက်ကို ဖီဖာကျင့်ဝတ်စည်းကမ်းတွေကို အခြေခံပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ဒေါက်တာ ကော်နဲလ် ဘော်ဘလီရဲ့ မေတ္တာရပ်ခံမှုအပေါ်မှာ ချခဲ့တာဖြစ်ပါတယ်။ အဲဒီ ပိတ်ပင်ထားတဲ့ ပုဂ္ဂိုလ်တွေက ဂျက်ဖရီဝဘ်၊ အက်ဒူရာဒို လီ၊ ဂျူလီယိုရော့ချာ၊ ကော့စ်တက် တက်ကက်စ်၊ ဂျက်ဝါနာ၊ ယူဂီနီယို ဖီဂွဲရီဒို၊ ရာဖာအီလ် အက်စ်ကွီဗဲလ်၊ ဂျိုဆေး မာရီယာ မာရင်၊ နီကိုလက်စ် လီယော့ဇ်၊ ချက်
    ဘလေဇာနဲ့ ဒါရိုင်းလ် ၀ါနာတို့ ဖြစ်ပါတယ်” ဟု ဖီဖာ ၀ဘ်ဆိုက်တွင် လွှင့်တင်ထားသော ကြေညာချက်၌ ဖော်ပြထားသည်။

    ဖမ်ဆီးထားသည့် ၇ ဦးအပါအ၀င် ဖီဖာနှင့် ဆက်နွယ်သူ စုစုပေါင်း ၁၄ ဦးကို အမေရိကန်က သန်းရာချီ ချစားမှုဖြင့် တရားစွဲထားပြီး ထိုအထဲတွင် ဖီဖာဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဂျက်ဝါနာလည်း ပါဝင်သည်။ ဂျက်ဝါနာကမူ ၎င်းကိုယ်တိုင် ရဲတပ်ဖွဲ့သို့ သွားရောက်အဖမ်းခံခဲ့သည်။

    ဖီဖာကျင့်ဝတ်ရေးရာ ကော်မတီအကြီးအကဲဖြစ်သူ ဟန်စ် ဂျိုအာချင်း အက်ကာ့တ်က ထိုကဲ့သို့ စွပ်စွဲခံရမှုမှာ မိမိတို့ဖီဖာ၏ အမည်နှင့် ဂုဏ်သိက္ခာကို ထိခိုက်ပြီး ထိုကိစ္စတွင် ပါဝင်သူ မည်သူ့ကိုမှ အပြစ်မပေးဘဲ ထားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Ref: Goal

  • တောင်တရုတ်ပင်လယ်တွင် ကျွန်းတုဆောက်မှု ရပ်တန့်ရန် အမေရိကန် တိုက်တွန်း

    တောင်တရုတ်ပင်လယ်တွင် ကျွန်းတုဆောက်မှု ရပ်တန့်ရန် အမေရိကန် တိုက်တွန်း

    မေ ၂၈၊ ၂၀၁၅
    M-Media

    – တောင်တရုတ်ပင်လယ်အနီးတွင် ကျွန်းတုများဖန်တီးနေကြသည့် တရုတ်နိုင်ငံနှင့် အခြားသော နိုင်ငံများအနေဖြင့် ချက်ချင်းရပ်တန့်ကြရန် အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ယမန်နေ့တွင် ပြောကြားလိုက်ပြီး ပါဝင်သည့်နိုင်ငံများအနေဖြင့် စစ်ပြင်ဆင်မှုကို ရပ်တန့်ရန်နှင့် ငြိမ်းချမ်းသော အဖြေတစ်ခုကို ရှာဖွေရန် တိုက်တွန်းလိုက်သည်။

    ဟာဝိုင်ယီရှိ စစ်ဘက်ဆိုင်ရာ အခမ်းအနားတစ်ခုတွင် ကာတာက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ကျွန်းတုတည်ဆောက်နေမှုက ဒေသတွင်း အခြားနိုင်ငံများ၏ ဆန္ဒနှင့် တစ်ခြားစီဖြစ်နေသည်ဟု ဆိုသည်။

    ပြီးခဲ့သည့် သီတင်းပတ်က တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားနေသော ကျွန်း၏ လေပိုင်နက်တွင် အမေရိကန်မှ ကင်းထောက်လေယာဉ်များ ပျံသန်းရာ တရုတ်နိုင်ငံက ၎င်းတို့၏ စစ်ဘက်ဇုန်အတွင်းသို့ ၀င်ရောက်သည်ဟုဆိုကာ မောင်းထုတ်ခဲ့သည်။ ကာတာကမူ နိုင်ငံတကာ ဥပဒေက ခွင့်ပြုထားသောကြောင့် မိမိတို့အနေဖြင့် အဆိုပါဒေသများတွင် လေယာဉ်များ၊ စစ်သင်္ဘောများ ဖြတ်သန်းသွားလာမှုကို ဆက်လက်ပြုလုပ်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “တရုတ်ရဲ့လုပ်ရပ်တွေက ဒေသအတွင်းနိုင်ငံတွေကို နည်းလမ်းအသစ်တွေနဲ့ ပေါင်းစည်းစေခဲ့ပါတယ်။ သူတို့က အာရှပစိဖိတ်မှာ အမေရိကန်ပါဝင်လာဖို့အတွက် တောင်းဆိုမှုတွေ တိုးလာပါတယ်။ ကျွန်တော်တို့ကလည်း ဖြည့်ဆည်းပေးသွားမှာပါ” ဟု ကာတာက ဆိုသည်။

    တောင်တရုတ်ပင်လယ်ရှိ စပရက်တလေကျွန်းစုမှ ကျွန်းအချို့တွင် ယခုနှစ်အစပိုင်းမှစ၍ တရုတ်နိုင်ငံ၏ ကျွန်းတုချဲ့ထွင်နေမှုမှာ ဧက ၁၅၀၀ ရှိလာခဲ့ပြီး စုစုပေါင်း ပြီးစီးခဲ့သည့် ပမာဏမှာ ဧက ၂၀၀၀ ရှိလာပြီဟု အမေရိကန်အာဏာပိုင်များ ပြောကြားခဲ့သည်။

    Ref: Reuters

  • မြန်အောင်တွင် နှစ်စဉ် ပြုလုပ်နေကြ ဘာသာရေး သင်တန်းဆင်း ဆုပေးပွဲ ခြိမ်းခြောက်မှုများကြောင့် ပျက်

    မြန်အောင်တွင် နှစ်စဉ် ပြုလုပ်နေကြ ဘာသာရေး သင်တန်းဆင်း ဆုပေးပွဲ ခြိမ်းခြောက်မှုများကြောင့် ပျက်

    မေ ၂၈၊ ၂၀၁၅
    M-Media
    မိုးစက်
    Myan Aung
    မြန်အောင်။        ။ မေလ ၂၈ ရက်နေ့တွင် မြန်အောင်မြို့၌ ကျင်းပရန်ပြုလုပ်ထားသော  အစ္စလာမ်ဘာသာဝင် ကလေးသူငယ်များအတွက် ဘာသာရေး သင်တန်းဆင်းပွဲ ဆုပေးပွဲအခမ်းအနားအား သံဃာအချို့နှင့် လူတစ်စုတို့၏ ခြိမ်းခြောက်မှုများကြောင့် မကျင်းပခဲ့ရကြောင်း သိရသည်။

    ဟသာင်္တ၊ သလုပ်ထော်၊ အင်္ဂပူ၊ ထူးကြီး၊ မယ်ဇလီကုန်း၊ အင်ပင်၊ ထုံးဘို၊ ဘက်ရဲ၊ ကွင်းကောက် အစရှိသည့်ရွာများမှ တစ်ရွာချင်းအလိုက် ဘာသာရေး ပညာများနှင့် ပတ်သက်သည့်စာမေးပွဲများ ကျင်းပခဲ့ပြီး ယင်းရွာများမှ ထူးချွန်သည့် ကလေးများအနေဖြင့် မြန်အောင်မြို့ အရှေ့ဗလီတွင် ပြန်လည် ယှဉ်ပြိုင်ပြီး ဆုပေးပွဲကို ကျင်းပပြုမည်ဖြစ်ကြောင်း သိရသည်။

    ယင်းနှစ်တွင်လည်း ယခင်နှစ်များအတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ရာ မေလ ၂၇ ရက်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ကျောင်းသား/သူ များနှင့် ကျောင်းသား/သူ မိဘများ မြန်အောင်မြို့ အရှေ့ဗလီသို့ ရောက်ရှိလာခဲ့သည်။ ဤအရာကိုအကြောင်းပြု၍ မေလ ၂၇ ရက်နေ့ည (၁၁) နာရီကျော်အချိန်တွင် မြန်အောင်မြို့ အရှေ့ဗလီသို့ ဘုန်းကြီး (၇) ပါးနှင့် တုတ်၊ လက်နက်များကို ကိုင်ဆောင်ထားသော လူ (၅၀) ကျော်မှ ဗလီကိုဝိုင်းထားပြီး ဗလီထဲမှာလူတွေ အများကြီးစုဝေးပြီး တစ်ခုခုကြံစည်ပြီး လူစုလူဝေးနှင့်မနေရန် ပြောဆိုလာကြောင်း ဒေသခံများက ဆိုသည်။

    “သူတို့ကရောက်လာပြီး ဗလီထဲမှာ လူ (၃၀၀) ကျော်လောက်ရှိတယ်ပြောတယ်။ ခုချက်ချင်းထွက်ခိုင်းတယ်။ တကယ်တော့ ဗလီထဲမှာ ကျောင်းသားတွေနဲ့ ဆရာတွေပါအိပ်တာပါ။ အလွန်ဆုံးရှိ အယောက် (၈၀) လောက်ပဲရှိမယ်။ကျောင်းသားမိဘတွေက အိမ်တွေမှာတည်းကြတာ” ဟု ဒေသခံတစ်ဦးက M-Media ကိုပြောသည်။

    ထိုသို့ဖြစ်နေသည့်အခြေအနေတွင် သက်ဆိုင်ရာ ရဲများ၊ အာဏာပိုင်များရောက်ရှိလာပြီး ဗလီထဲမှာအိပ်နေတဲ့သူတွေကို ခုချက်ချင်းထွက်ပေးခိုင်းကြောင်း သိရသည်။ “ရဲစခန်းကိုဗလီက တာဝန်ရှိသူတွေက ဖုန်းဆက်ခေါ်တော့ ရောက်လာပါတယ်။ သူတို့ကပါ ခုချက်ချင်း အိမ်ပြန်ဆိုပြီးပြောတယ်။ ကျောင်းသားတွေနဲ့ မိဘတွေလည်း ညတွင်းချင်းပဲ အိမ်ပြန်ခဲ့ရတယ်။ လမ်းကြိုလမ်းကြားတွေမှာလည်း တုတ်တွေ လက်နက်တွေကိုင်ပြီး စောင့်နေတယ်။ ကျွန်တော်ဘက်ကသာ တစ်ခုခုပြောခဲ့ရင် သူတို့က ပြန်လုပ်မဲ့အနေအထားမျိုးပါ။ အိမ်သာပြန်ရတယ် လမ်းမှာလည်း လုံခြုံမှုမရှိဘူး။ အန္တရယ်တွေကြားထဲက ညတွင်းချင်း ဆုယူရမဲ့ကလေးတွေက အိမ်ပြန်ခဲ့ရတာပါ” ဟု ညတွင်းချင်းအိမ်ပြန်ခဲ့ရသည့်အကြောင်းကို ဟသာင်္တမှ မျက်မြင်တွေ့ကြုံခဲ့သူ တစ်ဦးက M-Media သို့ပြောသည်။

    “သူတို့အဓိကရည်ရွယ်ချက်က ဒီဆုပေးပွဲပျက်ဖို့ပဲ။ အဲဒါကြောင့် သူတို့မဖြစ်ဖြစ်အောင် လုပ်သွားတာ။ ဒီမြန်မာနိုင်ငံမှာက ဘာသာရေး လွတ်လပ်ခွင့်လည်း မရှိတော့ဘူး။ လူ့အခွင့်အရေးဆိုတာလည်း အဝေးကြီးမှာ။ အစိုးရကလည်း ဒီလူတွေကိုတားလို့ရရဲ့သားနဲ့ မတားဘူး။ နိုင်အောင်မထိန်းဘူး။ မထိန်းတဲ့အပြင် သူတို့ကပါ ဝင်ပါနေတယ်။ ညကြီးမိုးချုပ် ကြောက်ကြောက်လန့်လန့်နဲ့ ပြန်သွားရတဲ့ ကလေးငယ်တွေနဲ့ မိဘတွေ သနားဖို့ကောင်းပါတယ်” ဟု ယင်းကဆက်လက်ပြောဆိုခဲ့သည်။

    မြန်အောင်မြို့အနေနှင့် ယခုကဲ့သို့ ကျေးရွာမြို့နယ်အသီးသီးမှ ကလေးများ၏ ဘာသာရေးဆုပေးပွဲကိုကျင်းပပြုလုပ်လာသည်မှာ (၉) နှစ်တိုင်ရှိပြီဖြစ်ပြီး ယခုနှစ်မှ ကျင်းပပြုလုပ်ခွင့် မရကြောင်း သိရသည်။

    လက်ရှိမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချူပ်ပုံ အခန်း(၈) ပုဒ်မ (၃၅၄) တွင်  နိုင်ငံသားတိုင်းသည် တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း အတိအလင်းပြဌာန်းထားသည်။

  • ယူရိုပါကို ဆီးဗီးလား ၄ ကြိမ်မြောက်ဗိုလ်စွဲ

    ယူရိုပါကို ဆီးဗီးလား ၄ ကြိမ်မြောက်ဗိုလ်စွဲ

    မေ ၂၈၊ ၂၀၁၅
    M-Media

    europa

    – ယမန်နေ့က ကစားခဲ့သည့် ယူရိုပါဖလား ဗိုလ်လုပွဲတွင် လာလီဂါကလပ် ဆီးဗီးလားအသင်းက ဒီနီပရိုအသင်းအား အနိုင်ရရှိကာ လေးကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့သည်ဟု သိရသည်။

    ပိုလန်နိုင်ငံ ၀ါဆောမြို့တွင် ကစားခဲ့သည့် အဆိုပါပွဲတွင် ဆီးဗီလားမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ယူရိုပါဗိုလ်လုပွဲတက်လာသော ဒီနီပရိုအသင်း၏ ဦးဆောင်မှုကို ခံခဲ့ရပြီး နောက်မှလိုက်၍ ချေပဂိုးနှင့် အနိုင်ဂိုးများကို သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

    ပွဲကို မြန်မြန်ဆန်ဆန် စတင်ခဲ့သည့် ဒီနီပရိုအတွက် ပွဲအစ ၇ မိနစ်မှာပင် အန် ကာလီနစ်က ဦးဆောင်ဂိုး သွင်းပေးခဲ့သည်။ နောက်ပိုင်းတွင် ဆီးဗီးလာက ချေပဂိုးရရန် ကြိုးစားလာပြီး ၂၈ မိနစ်နှင့် ၃၁ မိနစ်တို့တွင် ကရီချိုဝီအက်နှင့် ဘက်ကာတို့က ချေပဂိုးနှင့် အနိုင်ဂိုများကို သွင်းပေးခဲ့သည်။

    ဆီးဗီးလား၏ ဦးဆောင်မှုမှာ ၁၃ မိနစ်သာ ခံခဲ့ပြီး ၄၄ မိနစ်တွင် ဒီနီပရို အသင်းခေါင်းဆောင် ရက်စ်လန် ရိုတန်က ဖရီးကစ်မှတစ်ဆင့် ချေပဂိုး ပြန်သွင်းခဲ့သည်။ ဒုတိယပိုင်းတွင် ဆီးဗီးလားက ပိုကောင်းခဲ့ပြီး နှစ်သင်းစလုံး အပိုင်ဂိုးသွင်းခွင့်အချို့ ရခဲ့သော်လည်း ဆီးဗီလားမှ ဘက်ကာ၏ ၇၃ မိနစ် ကန်သွင်းချက်သာ ဂိုးအဖြစ်ပြောင်းလဲခဲ့၍ ဆီးဗီးလားလို့ ယူရိုပါဖလားအား ကိုင်မြှောက်နိုင်ခဲ့သည်။

    ယူအီးအက်ဖ်အေဖလားအမည်ဖြင့် ကျင်းပခဲ့သည့် အချိန်က ဆီးဗီးလားမှာ ၂၀၀၆ နှင့် ၂၀၀၇ ခုနှစ်များတွင် ၂ နှစ်ဆက်တိုက် ရရှိခဲ့ပြီး ယခုတွင်လည်း ပြီးခဲ့သည့်နှစ်နှင့် ယခုနှစ်တို့တွင် ရရှိခဲ့သောကြောင့် သမိုင်းတစ်လျှောက် ယူရိုပါလိဂ်ကို ပထမဆုံး ၄ ကြိမ်မြောက်ရရှိသည့်အသင်း ဖြစ်လာခဲ့သည်။

    “အသင်းကို ဂိုး ၂ ဂိုးနဲ့ ကူညီနိုင်ခဲ့လို့ ကျွန်တော် ကျေနပ်မိပါတယ်။ ပြီးတော့ ဒီဂိုးတွေရခဲ့ပြီး အသင်းကို ကူညီနိုင်ခဲ့တဲ့အတွက်လည်း ကျွန်တော် ပျော်ပါတယ်” ဟု ထိုပွဲတွင် ၂ ဂိုးသွင်းပေးခဲ့သည့် ဘက်ကာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal