News @ M-Media

မနက်ဖြန်ပွဲအတွက် အာရုံစိုက်ထားသည်ဟု အမီရ်းခန်းဆို

မေ ၂၈၊ ၂၀၁၅
M-Media

kha

– မေ၀ယ်သာနှင့် ထိုးသတ်ရေး ပြောဆိုမှုများထက် မနက်ဖြန်တွင် ထိုးသတ်မည့် ခရစ် အလ်ဂီရီနှင့် ပွဲကိုသာ အာရုံစိုက်ထားသည်ဟု ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းက ပြောကြားလိုက်သည်။

ခန်းမှာ မေ၀ယ်သာအား ထိုးသတ်ရန် ကြိုးစားနေသည်မှာ ၂ နှစ်ခန့် ရှိသွားပြီဖြစ်ပြီး ပက်ကွီအိုအား အနိုင်ရရှိပြီးနောက် ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားသည့် မေ၀ယ်သာ၏ နောက်ထပ်ပြိုင်ဘက်မှာ ခန်းသာဖြစ်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြသည်။

ကမ္ဘာ့ချန်ပီယံ နှစ်ကြိမ်ဖြစ်ခဲ့ဖူးသည့် ၎င်းကမူ မိမိအနေဖြင့် နယူးယောက်တွင် ထိုးသတ်မည့် မနက်ဖြန်ပွဲအတွက်သာ အာရုံစိုက်ထားသည်ဟု ဆိုသည်။

“ခရစ် အလ်ဂီရီနှင့်ပွဲအပေါ်မှာ ကျွန်တော် အာရုံစိုက်ထားပါတယ်။ ဒီပွဲကို ကျွန်တော် ကျော်မကြည့်ချင်ပါဘူး။ ဒီပွဲဟာ ကျွန်တော့်အတွက် ခက်ခဲမယ့်ပွဲပါ။ အရင်ကပွဲတွေကို ကြည့်လိုက်ရင် ကျွန်တော်ဟာ ဒီလိုအမှားမျိုး လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတော့ ဒီပွဲကို ကျော်ကြည့်မှာ မဟုတ်ပါဘူး။ ကျွန်တော်ဘယ်သွားသွား လူတွေက “မေ၀ယ်သာနဲ့ဘယ်လိုလဲ” “ပက်ကွီအိုနဲ့ရော” လို့ မေးကြပါတယ်။ သူတို့ကို ကျွန်တော် ကြည့်နေတာမဟုတ်ပါဘူ” ဟု အမီးရ်ခန်းက ပြောကြားခဲ့သည်။

ပက်ကွီအိုမှာ အလ်ဂီရီအား အနိုင်ရရှိပြီးနောက် မေ၀ယ်သာနှင့် ထိုးသတ်ခွင့်ရခဲ့ပြီး အမီးရ်ခန်းကလည်း မိမိအနေဖြင့် အလ်ဂီရီအား ကျော်ဖြတ်နိုင်ပါက မေ၀ယ်သာနှင့် ထိုးသတ်နိုင်ရန် မျှော်လင့်နေသည်ဟု စောစောပိုင်းက ပြောကြားထားသည်။

သို့သော်လည်း မိမိအနေဖြင့် မေ၀ယ်သာနှင့် ပက်ကွီအိုတို့၏ အဖွဲ့များနှင့် စကားပြောဆိုထားခြင်း မရှိကြောင်း၊ မေ၀ယ်သာနှင့်ပွဲမှာ ဘယ်တော့မှ ဖြစ်မလာနိုင်သည်မှာလည်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ခန်းက ထပ်လောင်းပြောကြားခဲ့သည်။

မေ၀ယ်သာကမူ ၎င်းအနေဖြင့် စက်တင်ဘာလတွင် ကစားသမားဘ၀ နောက်ဆုံးပွဲကို ထိုးသတ်သွားမည်ဟု ပက်ကွီအိုနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

Ref: Dialymail

Comments

Leave a Reply