News @ M-Media
Blog
  • IS လက်မှ ရာမာဒီကို ပြန်သိမ်းရန် အီရတ်စစ်တပ် ထိုးစစ်ဆင်
    IS လက်မှ ရာမာဒီကို ပြန်သိမ်းရန် အီရတ်စစ်တပ် ထိုးစစ်ဆင်
    မေ ၂၄၊ ၂၀၁၅
    M-Media
    0
    – နိုင်ငံအနောက်ပိုင်း အန်ဘာရ်ပြည်နယ်ရှိ IS လက်ထဲ ကျရောက်သွားခဲ့သော ရာမာဒီမြို့အား ပြန်လည်ရရှိရန်အတွက် ရှီအာ ပြည်သူ့စစ်များ ကျောထောက်နောက်ခံပြုထားသည့် အီရတ်စစ်တပ်များမှာ ယမန်နေ့မှစတင်ကာ ထိုးစစ်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။
    အမေရိကန်ဦးဆောင်သည့် မဟာမိတ်စစ်တပ်များကလည်း လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ပေးနေသည်။ အစိုးရရုံးစိုက်ရာ ပြည်နယ်မြို့တော်ဖြစ်သော ရာမာဒီအား IS တပ်ဖွဲ့က ပြီးခဲ့သည့် တစ်ပတ်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး အီရတ်စစ်တပ်အတွက် ရှက်စရာဖြစ်ခဲ့သည်။
    အဆိုပါထိုးစစ်တွင် အီရတ်တပ်ဖွဲ့ဝင်များနှင့် ရှီအာတိုက်ခိုက်ရေးသမားများ၏ စစ်ဆင်ရေးစတင်ရာ စစ်စခန်းဖြစ်သည့် ဟာဘာနီယဟ် အခြေစိုက်စခန်း ၀န်းကျင်တွင် တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွားနေသည်။
    ရှီအာပြည်သူစစ်တပ်ဖွဲ့မှ လက်ခွဲအဖွဲ့တစ်ခုဖြစ်သော Popular Mobilisation Forces တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါ ထိုးစစ်တွင် ၎င်းတို့၏ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ပါဝင်သည်ဟု ပြောကြားခဲ့သည်။
    IS အဖွဲ့ကမူ အန်ဘာရ်ပြည်နယ်တွင် အီရတ်အစိုးရ ထိန်းချုပ်ထားသည့် တစ်ခုတည်းသောမြို့ ဟာဒီသာအား သိမ်းပိုက်ရန်ကြိုးစားနေပြီး အစိုးရ စစ်ဆေးရေးစခန်းများကို ပစ်မှတ်ထား တိုက်ခိုက်နေသည်။
    Ref: Aljazeera
  • အလ်ဂီရီကိုအနိုင်ရလျှင် မေ၀ယ်သာနှင့် ထိုးနိုင်မည်ဟု အမီရ်းခန်းပြော
    အလ်ဂီရီကိုအနိုင်ရလျှင် မေ၀ယ်သာနှင့် ထိုးနိုင်မည်ဟု အမီရ်းခန်းပြော
    မေ ၂၄၊ ၂၀၁၅
    M-Media
    amir
    – လာမည့် သောကြာနေ့တွင် နယူးယောက်၌ ထိုးသတ်မည့် အလ်ဂီရီနှင့်ပွဲတွင် အနိုင်ရရှိပါက မိမိအနေဖြင့် မေ၀ယ်သာဖြင့် ထိုးသတ်ရန် အခွင့်အရေးရရှိမည်ဟု ယုံကြည်ကြောင်း ဗြိတိန်လက်ဝှေ့ကျော် အမီရ်းခန်းက ပြောကြားလိုက်သည်။
    အမီရ်းခန်မှာ မေ၀ယ်သာနှင့် ထိုးသတ်ရန် ၂ နှစ်တိုင်တိုင် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ပက်ကွီအိုအား အနိုင်ရရှိခဲ့ပြီးနောက် မေ၀ယ်သာက လာမည့်စက်တင်ဘာလတွင် ၎င်း၏ နောက်ဆုံးပွဲကို ထိုးသတ်သွားမည်ဟု ပြောကြားထားသောကြောင့် အမီရ်းခန်းက နောက်ဆုံးအခွင့်အရေးအဖြစ် မျှော်လင့်နေသည်။
    အယ်ဂီရီမှာ လွန်ခဲ့သည့် ၇ လက ပက်ကွီအိုနှင့် ထိုးသတ်ရာတွင် ရှုံးနိမ့်ခဲ့သူဖြစ်သည်။
    “အလ်ဂီရီနဲ့ပွဲမှာ ကျွန်တော် ဂရုစိုက်ရပါမယ်။ ဒါပေမယ့် သူ့ကို ကျွန်တော်နိုင်ရင် မေ၀ယ်သာနဲ့ ထိုးဖို့ ဖြစ်သွားမှာပါ။ အလ်ဂီရီကို ထိုးပြီး ပက်ကွီအိုက မေ၀ယ်သာနဲ့ ထိုးခဲ့ပါတယ်။ ကမ္ဘာကြီးက ဒီပွဲကို ကြည့်ချင်ပါတယ်။ ဒါပေမယ့် အလ်ဂီရီကသာ ပက်ကွီအိုကို မေ၀ယ်သာဆီ ပို့ပေးခဲ့တာပါ” ဟု ခန်းက ပြောကြားခဲ့သည်။
    ထို့ပြင် ကမ္ဘာကြီးက ကြည့်ချင်နေသည့် စိတ်လှုပ်ရှားစရာ ထိုးသတ်မှုကို မေ၀ယ်သာနှင့်ပွဲတွင် မိမိက ပေးနိုင်မည်ဟု အမီရ်းခန်းက ယုံကြည်နေပြီး ပက်ကွီအိုနှင့်မူ ထိုးသွားမည်မဟုတ်ဟု ဆိုသည်။
    “ပက်ကွီအိုနဲ့ မေ၀ယ်သာတို့ပွဲကို ကျွန်တော်သွားကြည့်ပါတယ်။ ပြီးတော့ ကျွန်တော်ဘယ်သွားသွား လူတွေက ကျွန်တော်ဟာ မေ၀ယ်သာနဲ့ ထိုးသင့်တယ်လို့ ပြောကြပါတယ်။ မေ၀ယ်သာရဲ့ ပရိတ်သတ်တွေတောင်မှ မန်နီ(ပက်ကွီအို)ထက် ကျွန်တော်က မေ၀ယ်သာကို ပိုပြီး ဒုက္ခပေးနိုင်တယ်လို့ ပြောကြပါတယ်”
    အမီရ်းခန်းမှာ နောက်ဆုံးပွဲအဖြစ် အမေရိကန်ဘောက်ဆာသမား ဒီဗွန် အလက်ဇန်းဒါနှင့် ထိုးသတ်ခဲ့ပြီး အမှတ်ဖြင့် အနိုင်ရခဲ့သည်။
    Ref: Dailymail
  • အိုင်ယာလန်တွင် လိင်တူလက်ထပ်ခွင့်ကို ပြည်သူ့ဆန္ဒဖြင့် အတည်ပြု
    မေ ၂၄၊ ၂၀၁၅
    M-Media
    gay
    – လိင်တူလက်ထပ်မှု တရားဝင်ဖြစ်ရေးအတွက် အိုင်ယာလန်တွင် ယမန်နေ့က ပြည်သူ့ဆန္ဒခံယူရာ ၆၂ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြပြီး တစ်ချိန်က ကက်သလစ်အသင်းတော် သြဇာကြီးစိုးခဲ့သည့် အိုင်ယာလန်မှာ ကမ္ဘာပေါ်တွင် ပြည်သူ့ဆန္ဒဖြင့် လိင်တူလက်ထပ်မှု တရားဝင်ဖြစ်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။
    မဲပေးပြီးနောက် လိင်တူလက်ထပ်ခွင့်ကို ထောက်ခံသူများမှာ ဒက်ဗလင်ရဲတိုက်အရှေ့တွင် တိုးဝှေ့အောင်ပွဲခံခဲ့ကြပြီး မြို့တော်အတွင်းရှိ လိင်တူအရက်ဘားများတွင် ပါတီများ ကျင်းပခဲ့ကြသည်။
    အိုင်ယာလန်တွင် လိင်တူချစ်ကြိုက်မှုကို ရာဇ၀တ်မှုအဖြစ်သတ်မှတ်ခဲ့ပြီး ၁၉၉၃ ခုနှစ်ကမှ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ မဲဆန္ဒနယ် ၄၃ ခု၌ ယခုကဲ့သို့ ပြည်သူ့ဆန္ဒခံယူမှုတွင် ၆၀ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရှိမှုမှာ စစ်တမ်းကောက်ယူမှုများထက် ပိုမိုမြင့်မားသော ပမာဏဖြစ်သည်။
    “ဒီနေ့ အိုင်ယာလန်ဟာ ခွဲခြားမှုမရှိတဲ့လက်ထပ်မှုအတွက် ပထမဆုံး မဲပေးအတည်ပြုခဲ့တဲ့ သမိုင်းကို ရေးထိုးလိုက်ပါတယ်” ဟု အိုင်ယာလန်ဝန်ကြီးချုပ် အန်ဒါ ကင်ညာက သတင်းထောက်များအား ပြောကြားခဲ့သည်။ နိုင်ငံရေးသမားများနှင့် နာမည်ကျော်များကလည်း အဆိုပါ ရလဒ်အတွက် ချီးကျူးသည့်စကားများကို ဆိုရှယ်စာမျက်နှာများတွင် ရေးသားခဲ့ကြသည်။
    ခရစ်ယာန်ကက်သလစ်အသင်းတော် သြဇာလွှမ်းမိုးရာ အိုင်ယာလန်၏ အဆိုပါ ပြည်သူ့ဆန္ဒ ခံယူပွဲကို ကက်သလစ်အသင်းတော်ကလည်း အနီးကပ်စောင့်ကြည့်ခဲ့ကြသည်။
    ကက်သလစ်အသင်းတော်မှာ ထိုပြည်သူ့ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးကြရန် တိုက်တွန်းခဲ့ပြီး လက်ထပ်မှုဆိုသည်မှာ အမျိုးသားနှင့် အမျိုးသမီးတို့ ပေါင်းဖက်ခြင်းသာဖြစ်သည်ဟု ထောက်ပြခဲ့သည်။ ကက်သလစ်အသင်းတော်၏ သဘောထားကို လူကြီးပိုင်းများက
    ထောက်ခံခဲ့ကြသည်။
    “ဒါဟာ လူမှုတော်လှန်ရေးပါ။ လက်ထပ်မှုဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို မပြောင်းလဲဘဲ လိင်တူ ချစ်သူတွေရဲ့ အခွင့်အရေးကို လေးစားရမယ်လို့ ကျွန်တော်တို့ ပြောပြီး ကန့်ကွက်မဲပေးဖို့ တိုက်တွန်းခဲ့တာပါ” ဟု လူထုဆန္ဒခံယူပွဲမပြုလုပ်ခင် ဒက်ဗလင်မှ ကက်သလစ်ဘုန်းတော်ကြီး ဒီယာရ်မွိုက်ဒ် မာတင်က ပြောကြားခဲ့သည်။
    အိုင်ယာန်လန်ပြည်သူအများစုမှာ ၎င်းတို့ကိုယ်ကို ကက်သလစ်ဘာသာဝင်များဟု ဖော်ပြကြသော်လည်း လောကီရှေ့ရှုဝါဒ မြင့်တက်လာခြင်းနှင့် ကက်သလစ်ဘုန်းတော်ကြီးများ၏ ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြဿနာများကြောင့် ကက်သလစ်အသင်းတော်၏ သြဇာမှာ ပြီးခဲ့သည့်နှစ်များအတွင်း ကျဆင်းလာခဲ့သည်။
    Ref: Aljazeera
  • မွတ်စလင်စစ်သားများအတွက် ရှေ့ဆောင်အီမာမ်တစ်ပါး ထားပေးရန် ဂျာမန်စစ်တပ် စီစဉ်နေ
    မွတ်စလင်စစ်သားများအတွက် ရှေ့ဆောင်အီမာမ်တစ်ပါး ထားပေးရန် ဂျာမန်စစ်တပ် စီစဉ်နေ
    မေ ၂၄၊ ၂၀၁၅
    M-Media
    german
    – ဂျာမနီစစ်တပ်တွင် မြင့်တက်လာသော မွတ်စလင်စစ်သားများ၏ ဘာသာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ပထမဆုံး ရှေ့ဆောင်အီမာမ်တစ်ပါးကို ခန့်အပ်ရန် တာဝန်ရှိသူများက စီစဉ်နေသည်ဟု သိရသည်။
    “အစ္စလာမ်ဟာ ဂျာမနီမှာ တတိယအကြီးဆုံးဘာသာတရားပါ။ ကျွန်တော်တို့ရဲ့ မွတ်စလင်စစ်သားတွေအတွက် ကိုယ်ပိုင်ရှေ့ဆောင်အီမာမ်တစ်ပါး ထားပေးရမလားဆိုတာနဲ့ပတ်သက်ပြီး ဆန်းစစ်နေပါတယ်” ဟု ဂျာမနီစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ လွန်ဒက်စ်ဝါရ်က Bild သတင်းစာသို့ ပြောကြားခဲ့သည်။
    ယခုလအစောပိုင်းကလည်း ၀တ်ပြုဆုတောင်းမှုများ ပြုလုပ်နိုင်ရန်အတွက် ၀တ်ပြုဆောင်များကို နိုင်ငံအနောက်ပိုင်း ကော့ဘ်လန့်ဇ်မြို့ရှိ စစ်တပ်များတွင် တိုးချဲ့ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၆၀ ပြည့်နှစ်များမှစ၍ ဂျာမနီစစ်တပ်အတွင်းရှိ စစ်သားများကို ခရစ်ယာန်ကက်သလစ်နှင့် ခရစ်ယာန် ပရိုတက်စတင့် အသင်းတော်များက ဘာသာရေးလမ်းညွှန်မှုများ ပြုလုပ်ပေးခဲ့သည်။ ဂျာမနီစစ်တပ်တွင် ယခုအခါ မွတ်စလင်စစ်သား ၁၆၀၀ ၀န်းကျင်ခန့် ရှိနေသည်။
    မြို့တော်ဘာလင်တွင်ပင် အစ္စလာမ်ဘာသာဝင် ၂၂၀၀၀၀ ခန့် ရှိပြီး တစ်နိုင်ငံလုံးတွင် အစ္စလာမ်ဘာာသာကို သက်ဝင်ယုံကြည်သူ ၄ သန်းနီးပါးရှိနေကာ ဥရောပတွင် ဒုတိယမြောက် အစ္စလာမ်ဘာသာဝင်ဦးရေ အများဆုံးတိုင်းပြည်ဖြစ်သည်။
    Ref: Onislam
  • နိုင်ငံတကာသတင်းတို (မေ ၂၃၊ ၂၀၁၅)
    မေ ၂၃၊ ၂၀၁၅
    M-Media
    မာလီလူ့အခွင့်အရေးချိုးဖောက်မှု ကုလ စစ်ဆေးမည်
    …………………………………..
    မာလီနိုင်ငံမြောက်ပိုင်းတွင် ယခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သော ခွဲထွက်ရေးသမားများနှင့် အစိုးရထောက်ခံသူ ပြည်သူ့စစ်များအကြား တိုက်ခိုက်မှုအတွင်း အရပ်သားများကို သတ်ဖြတ်ခြင်းအပါအ၀င် လူ့အခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်မှုများအတွက် စုံစမ်းစစ်ဆေးသွားမည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။ သေဆုံးသများတွင် အကူအညီပေးရေး
    ပစိဖိတ်ကျွန်းနိုင်ငံများကို ဂျပန် အကူအညီပေးမည်
    …………………………..
    ပစိဖိတ်ကျွန်းနိုင်ငံများတွင် ရာသီဥတုပြောင်းလဲမှုများနှင့် သဘာဝဘေးအန္တရာယ်များကို တွန်းလှန်ရာ၌ အသုံးပြုရန်အတွက် ကန်ဒေါ်လာ ၄၅၃ သန်းကို အကူအညီပေးသွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယနေ့တွင် ကတိပြုခဲ့သည်။ ကျွန်းနိုင်ငံ ၁၄ နိုင်ငံမှ
    ခေါင်းဆောင်များမှာ ဂျပန်နိုင်ငံတောင်ပိုင်း ဖူကူရှီးမားမြို့ရှိ အီဝါကီမြို့တွင် ယခုသီတင်းပတ်အတွင်း တွေ့ဆုံခဲ့ပြီး သဘာဝဘေးအန္တရာယ် ပြဿနာများကို ဆွေးနွေးခဲ့ကြသည်။ ဂျပန်၏ ထိုအကူအညီမှာ ၃ နှစ်အတွင်း ပေးအပ်သွားမည်ဖြစ်သည်။
    အရှေ့အလယ်ပိုင်း နျူကင်းစင်ရေး ကုလတွင် ဆွေးနွေးမှု မအောင်မြင်
    ……………………………….
    ၁၉၇၀ နျူးကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ်အား ပြန်လှန်သုံးသပ်မှုအတွက် ကုလတွင် လေးပတ်ကြာပြုလုပ်ခဲ့သော အစည်းအဝေးမှာ ယမန်နေ့တွင် ပြီးဆုံးခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသ နျူလက်နက်ပိတ်ပင်ရေး သဘောတူညီချက်ရရန် ဆွေးနွေးမှုမှာ
    မအာင်မြင်ခဲ့ပေ။
    Ref: News Agencies