မေ ၂၇၊ ၂၀၁၅
M-Media
– ဘင်္ဂလားပင်လယ်အော်နှင့် အက်ဒမင်ပယ်လယ်ပြင်များကိုဖြတ်၍ ရွှေ့ပြောင်းလာကြပြီး အစာရေစာပြတ်လတ်ကာ ပင်လယ်ထဲ သောင်တင်နေကြသည့် လှေစီးဒုက္ခသည်များအား ကူညီကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းလိုက်သည်။
“ဘင်္ဂလားပင်လယ်အော်နဲ့ အက်ဒမန်ပင်လယ်ပြင်တွေက ဒုက္ခသည်တွေရဲ့ ဇာမ်လမ်းတွေကို စိုးရိမ်ကြီးစွာနဲ့ ဆက်လက်စောင့်ကြည့်နေပြီး ကျွန်တော့် နှလုံးသားထဲက နာကျင်ရပါတယ်” ဟု အီစတာပွဲတော်အပြီး ၇ ပတ်မြောက် တနင်္ဂနွေ ဒေသနာအဖြစ် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်တွင် ဟောကြားသော တရားဒေသနာတွင် ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း မိန့်ကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် ထွက်ပြေးလာသော ရိုဟင်ဂျာများနှင့် ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရန် ထွက်လာကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ လူကုန်ကူးသူများ၏ သားကောင်များ ဖြစ်လာခဲ့ပြီး အရှေ့တောင်အာရှတွင် အဆိုပါ ရွှေ့ပြောင်းလာသူများ ပြဿနာမှာ ဆိုးဝါးလာခဲ့သည်။
လူကုန်ကူးမှုများကို ထိုင်းနိုင်ငံက ဖြိုခွဲမှု ပြုလုပ်သည့်အခါ လူကုန်ကူးသမားများက ဒုက္ခသည်များကို စွန့်ပစ်ခဲ့ကြပြီး ပင်လယ်ထဲတွင် လှေဖြင့် သောင်တင်နေသူ အရေအတွက်မှာ ၃၅၀၀ ရှိလာခဲ့ပြီဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြီးခဲ့သည့် သောကြာနေ့တွင် ပြောကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီးကမူ ဆိုးဆိုးဝါးဝါး ထိခိုက်ခံစားနေရကာ အန္တရာယ်ရှိနေသူများအား ကယ်တင်ရန် သဘောတူခဲ့ကြသည့် နိုင်ငံများ၏ အားထုတ်မှုများကို လေးစားမိသည်ဟု ပြောကြားခဲ့သော်လည်း အဆိုပါ လှေစီးဒုက္ခသည်များအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် နိုင်ငံတကာအသိုင်းအ၀ိုင်းအား တိုက်တွန်းခဲ့သည်။
မလေးရှားဝန်ကြီးချုပ်ကမူ အကူအညီများပေးရန် ကတိပြုထားပြီး ပင်လယ်ထဲတွင် သောင်တင်နေသော ဒုက္ခသည်ထောင်ပေါင်းများစွာအား ရှာဖွေကယ်တင်ရန် ရေတပ်ကို အမိန့်ပေးထားသည်။ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှာ ဒုက္ခသည်များအား ယာယီနေရာထိုင်ခင်းပေးရန် သဘောတူထားပြီး ထိုင်းနိုင်ငံကမူ သဘောတူထားခြင်း မရှိပေ။
Ref: Reuters
Leave a Reply
You must be logged in to post a comment.