News @ M-Media

Blog

  • ဂါဇာအတွက် ရာဖာနယ်ခြားအား အီဂျစ် ၂ ရက်ကြာ ပြန်ဖွင့်ပေးမည်

    ဂါဇာအတွက် ရာဖာနယ်ခြားအား အီဂျစ် ၂ ရက်ကြာ ပြန်ဖွင့်ပေးမည်

    မေ ၂၅၊ ၂၀၁၅
    M-Media

    – ဂါဇာနှင့် အီဂျစ်အကြားရှိ ရာဖာနယ်ခြားကို တစ်လမ်းသွားအတွက် အင်္ဂါနေ့မှ ဗုဒ္ဓဟူးနေ့အထိ ဖွင့်လှစ်ပေးသွားမည်ဟု အီဂျစ်အာဏာပိုင်များက ပြောဆိုလိုက်သည်ဟု အီဂျစ်နိုင်ငံပိုင် မီဒီယာမှ ဖော်ပြသည်ကြောင်း Awsat Masriya သတင်းဝဘ်ဆိုက်တွင် ရေးသားထားသည်။

    အစ္စရေးက ပိတ်ဆို့မှုများ ပြုလုပ်ထားသည့် ဂါဇာကမ်းမြှောင်အတွက် အဆိုပါ ရာဖာနယ်ခြားမှာ ဂါဇာပြည်သူများ ပြင်ပကမ္ဘာနှင့်ဆက်သွယ်ရန် တစ်ခုတည်းသော ထွက်ပေါက်ဝင်ပေါက်ဖြစ် ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်ကာ ကြားတွင် ရက်အနည်းငယ်သာ ဖွင့်ပေးခဲ့သည်။

    အီဂျစ်ရှိ ပါလက်စတိုင်းသံရုံကမူ နယ်ခြားအား ဖွင့်ပေးရန် အဆိုပါဆုံးဖြတ်ချက်မှာ ပါလက်စတိုင်းနှင့် အီဂျစ်အာဏာပိုင်များ ထိပ်တန်းဆက်သွယ်မှုပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဂါဇာပြည်သူများ၏ ထိခိုက်ခံစားရမှုများ လျော့ပါးစေရန် ထိုကဲ့သို့ နယ်ခြားအား ဖွင့်ပေးခြင်းအတွက် အီဂျစ်အာဏာပိုင်များကို ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

    ဂါဇာစီးပွားရေးမှာ ပြိုလဲလုနီးနီးဖြစ်နေပြီဟု ကမ္ဘာ့ဘဏ်က ကြေညာပြီး သိပ်မကြာခင်မှာပင် အီဂျစ်က အဆိုပါ ရာဖာနယ်ခြားအား ပိတ်ပစ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ ဂါဇာကမ်းမြှောင်မှာ ကမ္ဘာပေါ်ရှိ အခြားသောနိုင်ငံများမှ ပို၍ ဆိုးရွားသော ဒေသဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဆိုသည်။

    “အစ္စရေးက ပိတ်ဆို့ထားတာတွေ၊ စစ်ပွဲနဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေးတွေက ဂါဇာစီးပွားရေးကို မရှုနိုင်မကယ်နိုင်ဖြစ်စေပြီး အလုပ်လက်မဲ့နှုန်းကလည်း ကမ္ဘာပေါ်မှာ အများဆုံးဖြစ်ပါတယ်” ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ၂၀၀၇ ခုနှစ်မှစ၍ အစ္စရေးပိတ်ဆို့မှုအပါအ၀င်၊ ပဋိပက္ခများ၊ ကန့်သတ်မှုများ မရှိပါဘက ဂါဇာ၏ GDP မှာ လက်ရှိအနေအထားထက် ၄ ဆ ပိုမိုမြင့်မားနေမည်ဟုလည်း ကမ္ဘာ့ဘဏ်က ထည့်သွင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်က ဟားမက်စ်မှ ဒုံးကျည်ပစ်လွှတ်သည်ကို တုံ့ပြန်သည်ဟုဆိုကာ အစ္စရေး၏ ရက် ၅၀ ကြာ တိုက်ခိုက်မှုအတွင်း ဂါဇာပြည် ၂၂၀၀ ကျော် သေဆုံးခဲ့ပြီး အိမ်ယာများ၊ ဆေးရုံများ၊ ကျောင်းများ အများအပြား ပျက်ဆီးခဲ့ရသည်။

    Ref: Alarabiya

  • ချယ်ဆီးမှာ ပြီးပြည့်စုံသည့်အသင်းဖြစ်သည်ဟု မော်ရင်ဟိုဆို

    ချယ်ဆီးမှာ ပြီးပြည့်စုံသည့်အသင်းဖြစ်သည်ဟု မော်ရင်ဟိုဆို

    မေ ၂၅၊ ၂၀၁၅
    M-Media

    s

    – ပရီးမီးယားလိဂ်ချန်ပီယံ မိမိတို့အသင်းအား လာမည့်ရာသီတွင် သွေးသစ်လောင်းကာ အခြားအသင်းများအား ဖိအားပေးသွားမည်ဟု နည်းပြမော်ရင်ဟိုက ပြောကြားလိုက်ပြီး မိမိတို့အသင်းမှာ ပြီးပြည့်စုံသည့်အသင်းလည်း ဖြစ်သည်ဟုဆိုသည်။

    ယမန်နေ့တွင် ဆန်းဒါးလန်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူကာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့သည့် ချယ်ဆီးမှာ ၂၇၄ ရက်ဆက် အဆင့် ၁ နေရာတွင် ရှိနေကာ ပရီးမိးယားလိဂ်သမိုင်းတစ်လျှောက် အချိန်အကြာဆုံး အဆင့် ၁ နေရာ ဆုပ်ကိုင်နိုင်သည့် အသင်း ဖြစ်လာခဲ့သည်။

    အသင်းတိုက်စစ်မှူး ဒရော့ဘာမှာ အသင်းမှထွက်ခွာမည်ဟု ကြေညာခဲ့ပြီး ဂိုးသမား ပီတာချက်မှာလည်း အသင်းမှ ထွက်ခွာဖွယ်ရှိနေကာ လာမည့်ရာသီ ပထမနေရာအတွက် ယှဉ်ပြိုင်မှု မြင့်လာစေရန် အသင်းတွင် အစားထိုးရမည်ကို မော်ရင်ဟိုက သိနေသည်။

    “ကျွန်တော်တို့ ဖလားရတာကို ပြိုင်ဘက်အသင်းတွေက လက်ခံနိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ပြီးတော့ သူတို့ တိုက်ပွဲဝင်ကြမှာဖြစ်ပြီး ကျွန်တော်တို့နေရာကို ချိန်နေတဲ့ အသင်းက သုံးလေးသင်းလောက် ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်၊ ကစားသမားတွေနဲ့ ကျွန်တော်တို့အသင်း အားလုံး ပိုကောင်းရပါမယ်။ အဲဒီအသင်းတွေကို ဖိအားထဲမှာ ဆက်ရှိစေဖို့
    သွေးသစ်အချို့လည်း လိုအပ်ပါတယ်” ဟု မော်ရင်ဟိုက ယမန်နေ့ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မော်ရင်ဟိုက အသင်းအား ဝေဖန်ခဲ့သူများကို ပြန်လည် တုံ့ပြန်ခဲ့ပြီး လွန်ခဲ့သည့် ၂ နှစ် စရောက်စဉ်က အသင်းမှာ အန္တရာယ်ရှိနေသော်လည်း လက်ရှိအချိန်တွင် ပြည့်စုံသည့်အသင်း ဖြစ်လာခဲ့ပြီဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့မှာ အားလုံး ပြည့်စုံပြီလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ကစားပုံမကောင်းဘူးလို့ တစ်ယောက်ယောက်က ပြောနိုင်လား။ သူတို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အမှန်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကစားတဲ့ပွဲမှာ အနုပညာပါတယ်။ စိတ်ဓာတ်ကောင်းရှိတယ်။ အစုအဖွဲ့ကောင်းတယ်။ ပြီးတော့ လက်တွေ့လည်းကျပါတယ်။ ကျွန်တော်တို့ဟာ ပြီးပြည့်စုံတဲ့အသင်းဖြစ်ပြီး ဒါ့ကြောင့်လည်း ချန်ပီယံဖြစ်တာပေါ့”

    Ref: Goal

  • ဆီးရီးယားရှိ ရှေးဟောင်းသမိုင်းဝင်မြို့အား ကာကွယ်ပေးရန် အစ္စလာမ်ကမ္ဘာတွင် သြဇာအကြီးဆုံးအဖွဲ့က ကမ္ဘာကြီးကို တိုက်တွန်း

    ဆီးရီးယားရှိ ရှေးဟောင်းသမိုင်းဝင်မြို့အား ကာကွယ်ပေးရန် အစ္စလာမ်ကမ္ဘာတွင် သြဇာအကြီးဆုံးအဖွဲ့က ကမ္ဘာကြီးကို တိုက်တွန်း

    မေ ၂၅၊ ၂၀၁၅
    M-Media

    – ဆီးရီးယားရှိ သမိုင်းဝင် ပါလ်မိုင်ရာမြို့မှ ရှေးဟောင်းအမွေအနှစ်များအား IS အဖွဲ့မှ ဖျက်ဆီးခြင်းကို တားဆီးရေး “လူသားအားလုံး၏ တိုက်ပွဲအတွက်” တစ်ကမ္ဘာလုံးက ပေါင်းစည်းကြရန် အစ္စလာမ်ကမ္ဘာတွင် သြဇာအကြီးဆုံး ဘာသာရေးအဖွဲ့ အလ် အဇ်ဟာရ်တက္ကသိုလ်က ယမန်နေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။

    IS တပ်ဖွဲ့ဝင်များမှာ ပါလ်မိုင်ရာရှိ ပြတိုက်အတွင်းသို့ ၀င်ရောက်သွားပြီး ရှေးဟောင်း သမိုင်းဝင်နေရာများအား အပေါ်စီးမှ ကြည့်ရှုနိုင်သည့် ရှေးဟောင်းခံတပ်ပေါ်တွင် ၎င်းတို့၏အလံကို လွှင့်ထူခဲ့သည်ဟု ဆီးရီးယား ရှေးဟောင်းဆိုင်ရာ ဒါရိုက်တာ ပြောကြားခဲ့ပြီးနောက် အလ် အဇ်ဟာရ်၏ ယခုကဲ့သို့ တောင်းဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

    “ရှေးဟောင်းသမိုင်းနေရာတွေကို ဖျက်ဆီးခြင်း၊ လုယက်ယူငင်ခြင်းကနေ ကာကွယ်တာဟာ လူသားအားလုံးရဲ့တိုက်ပွဲပဲ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းက အရေးပါဆုံး ရှေးဟောင်း သမိုင်းဝင်နေရာတွေထဲတစ်ခုကို IS တွေရဲ့ ဖျက်ဆီးခြင်းမှ ကာကွယ်ဖို့ ကျွန်တော်တို့
    ပူးပေါင်းအားထုတ်ရပါမယ်” ဟု ကိုင်ရိုအခြေစိုက် အလ်-အဇ်ဟာရ်တက္ကသိုလ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် ပါလ်မိုင်ရာမြို့၏ ယဉ်ကျေးမှုဆိုင်ရာနှင့် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်နေရာများကို IS က ဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဆောင်ရွက်မှုများကို မဖြစ်မနေ ချက်ခြင်းဆောင်ရွက်ရမည်ဟုလည်း ပြောကြားခဲ့သည်။

    IS မှာ ပါလ်မိုင်ရာမြို့ကို ကြာသာပတေးနေ့က သိမ်းယူခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော်က သမိုင်းဆိုင်ရာ ပစ္စည်းများရှိပြီး ယူနက်စကိုက ကမ္ဘာ့သမိုင်းဝင်အမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် အဆိုပါမြို့အတွက် နိုင်ငံတကာမှ စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

    ပြီးခဲ့သည့်နှစ်က အီရတ်နှင့် ဆီးရီးယားတို့မှ နယ်မြေများကို သိမ်းယူပြီးနောက်ပိုင်းတွင် IS မှာ ရှေးဟောင်းသမိုင်းဝင်နေရာများအား ဖျက်ဆီးမှုများရှိခဲ့ပြီး အီရတ်ရှိ အက်ဆီရီယန်ရှေးဟောင်းမြို့နှင့် မူဆိုးလ်မှာ ရှေးဟောင်း အနုပညာလက်ရာများကို ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။

    အလ်-အဇ်ဟာရ်ကမူ ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်နေရာများနှင့် အနုပညာလက်ရာများအား ဖျက်ဆီးခြင်းကို အစ္စလာမ်ရှရီအသ်ဥပဒေက တားမြစ်ထားသည်ဟု ၎င်းတို့၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    Ref: Alarabiya

  • မည်သူ့ကိုရောင်းကာ၊ မည်သူ့ကို ၀ယ်ရမည်ကို သိနေသည်ဟု ဗန်ဂါးလ်ပြော

    မည်သူ့ကိုရောင်းကာ၊ မည်သူ့ကို ၀ယ်ရမည်ကို သိနေသည်ဟု ဗန်ဂါးလ်ပြော

    မေ ၂၅၊ ၂၀၁၅
    M-Media

    1427922_heroa

    – ယခုနှစ်နွေရာသီတွင် မည်သူ့အားထုတ်ရောင်းကာ မည်သူ့အား ၀ယ်ယူရမည်ဆိုသည်ကို မိမိအနေဖြင့် သိရှိပြီးဖြစ်သည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် ဟားလ်စီးတီးနှင့်ပွဲတွင် ဂိုးမရှိသရေကျခဲ့သည့် မန်ယူမှာ ရာသီကို အဆင့် ၄ နေရာဖြင့် သိမ်းနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် နယ်သာလန်တိုက်စစ်မှူး ဒီပေးကို ခေါ်ယူရန် ပီအက်စ်ဗီအသင်းနှင့် သဘောတူညီထားသည်။

    ထို့ပြင် လာမည့်ရာသီ ချန်ပီယံဘွဲ့အား စိန်ခေါ်နိုင်ရေးအတွက် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင်လည်း ထပ်မံ လှုပ်ရှားသွားရန် အစီအစဉ်ရှိနေသည်။ ဗန်ဂါးလ်မူ မိမိမှာ လာမည့်ရာသီ ရွေးချယ်မှုအတွက်နှင့် အသင်းမှ ကစားသမားများကို လက်လွှတ်ရန်အတွက် စီစဉ်ထားပြီးဖြစ်သည်ဟု ဆိုသည်။

    “ကျွန်တော်စကားပြောဖို့လိုတဲ့ ကစားသမားတိုင်းကို ကျွန်တော် ဖုန်းခေါ်ခဲ့ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ကာလကတော့ ဖြစ်စဉ်တစ်ခုပါ။ ဘယ်ကစားသမားက သွားရမယ်၊ ဘယ်ကစားသမားက လာရမယ်ဆိုတာ ကျွန်တော်သိပါတယ်” ဟု ဗန်ဂါးလ်က
    သတင်းထောက်များအား ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် မိုနာကိုမှ အငှားဖြင့်လာရောက်ကစားနေသည့် တိုက်စစ်မှူး ဖယ်လ်ကာအိုမှာ အသင်းတွင် ဆက်ရှိတော့မည်မဟုတ်ဟု မန်ယူက အတည်ပြုထားသည်။ ထို့ပြင် ဗန်ဂါးလ်က အသင်းအား ပြောင်းလဲမှုများ ပြုလုပ်ရန် ဆန္ဒရှိနေသောကြောင့် ဗန်ပါစီ၊ ဖယ်လိုင်နီတို့အပါအ၀င် အဓိက ကစားသမားများ မန်ယူမှ ထွက်ခွာရန်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    Ref: Goal

  • အသက် ၁၁ နှစ်နဲ့ ဘွဲ့ရတဲ့ အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား ပါရမီရှင်လေး

    အသက် ၁၁ နှစ်နဲ့ ဘွဲ့ရတဲ့ အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား ပါရမီရှင်လေး

    မေ ၂၅ ၊ ၂၀၁၅
    M-Media
    11-year-old Indian-American genius graduates from college
    ကယ်လီဖိုးနီးယားပြည်နယ်၊ စက်ခရာမန်တို ဇာတိနေ၊ အိန္ဒိယနွယ်ဖွား အမေရိကန် နိုင်ငံသား အသက် ၁၁ နှစ်အရွယ် တန်နစ်ရှ် အီဗရာဟီမ်သည် အိမ်တွင်း လေ့လာသင်ကြားမှုအားဖြင့် ပညာသင်ကြား လာရသူဖြစ်သည်။ ယခုအခါ စက်ခရာမန်တိုရှိ American River College (ARC) ကောလိပ်မှ သင်္ချာ၊ သိပ္ပံနှင့် နိုင်ငံခြား ဘာသာရပ် ဘွဲ့သုံးရပ်ကို အခြား ကျောင်းသား ၁၈၀၀ အကြား ထူးထူးခြားခြား တစ်ချိန်တည်း ဆွတ်ခူးရယူနိုင်ခဲ့သည်။

    အီဗရာဟင်မ်သည် ယခုနှစ် ARC ကောလိပ်၏ အသက်အငယ်ဆုံး ဘွဲရကျောင်းသားဖြစ်ပြီး ယမန်နှစ်ကလည်း အသက်အငယ်ဆုံးဖြင့် အထက်တန်းကျောင်းအောင်မြင်သူ အဖြစ် စာရင်းဝင်ခဲ့သည်။ ထိုအချက်ကို ကောလိပ်၏ပြောရေးဆိုခွင့်ရှိသူ စကော့ ခရိုးက NBC သတင်းဋ္ဌာနသို့ အတည်ပြု ပြောကြားသည်။

    သူသည် အသက် ၇ နှစ်အရွယ်ကပင် အိမ်တွင်း ပညာသင်ကြားရေး စနစ်ဖြင့် တက်လှမ်းသူဖြစ်ပြီး ယမန်နှစ် မတ်လ၌ ပြည်နယ် စာမေးပွဲအောင်မြင်ကာ တက္ကသိုလ် ပညာရေးအဆင့်တက်လှမ်းရန် အသိအမှတ်ပြုခံရသည်။ သမ္မတ ဘားရက် အိုဘားမားကပင် ဂုဏ်ပြုလွှာပို့ပေးသည်အထိ အရေးစိုက်ခံရသည်။

    အသက် ၄ နှစ်အရွယ်ကတည်းက ထင်ရှားထူးခြား ဥာဏ်ရည်မြင့်အဖွဲ့ MENSA၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ သူသည် အတန်းတိုင်း၏ရှေ့ဆုံးတွင် အစဉ်အမြဲ ဦးဆောင်နေခဲ့ကြောင်း မိခင်ဖြစ်သူ တာဂျီ အီဗရာဟီမ်က ဆိုသည်။ “ကောလိပ်ကနေ ဘွဲ့ရလာခြင်းမှတ်တိုင်က ကျွန်တော့်အဖို့ ထူးခြားဆန်းကြယ်လွန်းတာတော့ မဟုတ်ပါဘူး” ဟု သူက ဒေသန္တရ ရုပ်မြင်ဋ္ဌာနသို့ ပြောကြားသည်။

    အတန်းထဲ၌ ချာတိတ် တစ်ဦးရောက်နေခြင်းအဖြစ်ကို ကောလိပ်ကျောင်းသား အချို့မှ စိတ်ပျက်ကြသော်လည်း အများစုကမူ ပျော်ရွှင်လက်ခံကြသည်ဟု အီဗရာဟီမ်က ပြောပြသည်။

    ဘွဲ့နှင်းသဘင် အခမ်းအနားတွင် သူအကြိုက်ဆုံး “Toy Story” ဇာတ်ကား၏စာသား “2 Infinity and Beyond” စာတန်းပါအင်္ကျီကို ၀တ်ဆင်ခဲ့သည်။

    “ကျွန်တော် ဆရာဝန်တစ်ဦး ဖြစ်ချင်ပါတယ်။ ဆေးပညာ သုတေသီတစ်ဦးလည်း ဖြစ်ချင်ပါသေးတယ်။ ဒါ့အပြင် အမေရိကန် သမ္မတလည်း ဖြစ်ချင်ပါတယ်။ သင်ယူလေ့လာတာကို ကျွန်တော် နှစ်သက်တာကြောင့် လေ့လာလိုမှုဝသီနောက် တစိုက်မတ်မတ်လိုက်ရာကနေ ခုလို ဒီနေရာမှာ ရပ်နိုင်ခြင်းပဲဖြစ်ပါတယ်” ဟု ပါရမီရှင် ချာတိတ်လေးက Fox သတင်းဋ္ဌာနသို့ ပြောကြား သွားသည်။

    Ref : Hindustan Times