News @ M-Media

Blog

  • နိုင်ငံတကာ သတင်းတို (မေ ၂၁၊ ၂၀၁၅)

    မေ ၂၁၊ ၂၀၁၅
    M-Media

    လှေစီးဒုက္ခသည်များကို ရှာဖွေကယ်တင်ရန် မလေးဝန်ကြီးချုပ် အမိန့်ပေး
    …………………………………
    မာလကာရေလက်ကြားတွင် မျောနေဖွယ်ရှိသည့် ဒုက္ခသည်များ၏ လှေများကို အမြန်ဆုံးရှာဖွေ ကယ်ဆယ်ရန်အတွက် တော်ဝင်ရေတပ်အား အမိန့်ပေးခဲ့သည်ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ၎င်း၏ Twitter စာမျက်နှာမှနေ၍ ယနေ့နံနက်ပိုင်းတွင် ကြေညာခဲ့သည်။ မလေးရှားနှင့် အင်ဒိုနီးရှားတို့မှာ လှေစီးဒုက္ခသည်များကို ယာယီနေရာထိုင်ခင်းပေးရန် ယမန်နေ့က
    သဘောတူခဲ့ပြီး ၎င်းတို့အား တစ်နှစ်အတွင်း နေရပ်သို့ပြန်ပို့ရေးကို ဆောင်ရွက်သွားမည်ဖြစ်သည်။

    ကယ်လီဖိုးနီးယားဒေသတစ်ခု အရေးပေါ်အခြေအနေကြေညာ
    ………………………………….
    ကယ်လီဖိုးနီးယား ကမ်းရိုးတန်းရှိ ရေနံပိုက်လိုင်း ယိုစိမ့်မှုကြောင့် ရေနံများ ပျံနှံ့နေသည့်အတွက် ဆန်တာ ဘာဘာရာကောင်တီကို ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းက အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ အဆိုပါ ယိုဖိတ်ရေနံများက ရေသတ္တ၀ါများကို ထိခိုက်စေပြီး ကမ်းရိုးတမ်းတွင်လည်း ညစ်ညမ်းမှုကိုဖြစ်ပေါ်စေကာ သန့်ရှင်းရေးလုပ်ငန်းများကို
    ဆောင်ရွက်လျက်ရှိနေသည်။

    ရုရှား G7 သို့ပြန်ဝင်ရေး မဖြစ်နိုင်သေး
    ……………………………
    ယူကရိန်းအခြေအနေကြောင့် G7 စက်မှုနိုင်ငံများအဖွဲ့အတွင်းသို့ ရုရှား ပြန်လည်ဝင်ရောက်ရေးမှာ စိတ်ကူး၍ပင်မရဟု ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်က ပြောကြားခဲ့သည်။ ယူကရိန်းမတည်ငြိမ်မှု ရုရှားပါဝင်သည်ဟုဆိုကာ G8 အဖွဲ့ထဲမှ ရုရှားကို ထုတ်ပယ်ခဲ့ခြင်းဖြစ်ပြီး ပိတ်ဆို့မှုများကိုလည်း ပြုလုပ်ထားသည်။

    အစ္စရေး၏ နျူဖြင့်ခြိမ်းခြောက်မှုကို ရှုတ်ချရန် ကုလကို အီရန်တိုက်တွန်း
    ……………………………
    အစ္စရေးက အီရန်အား နျူကလီးယားဖြင့်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခြင်းအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ရှုတ်ချရန် အီရန်နိုင်ငံက တိုက်တွန်းပြောကြားလိုက်သည်။ အစ္စရေး ကာကွယ်ရေးဝန်ကြီး မိုရှေး ယာလုံက ဥပဒေအဖွဲ့တစ်ခု၏ အခမ်းအနားတွင်တစ်ခုတွင် အီရန်နှင့်ပတ်သက်၍ပြောကြားရာ၌ အမေရိကန်က ဟီရိုရှီးမားနှင့် နာဂါဆာကီတို့အား နျူးဗုံးကြဲချမှုကို
    ကိုကားပြောကြားခဲ့သည်။

    Ref: News Agencies

  • နိုင်ငံအတွင်း အမုန်းတရားဖြန့်ချီမှုကို အိန္ဒိယ အိုလမာအဖွဲ့အကြီးအကဲ ရှုတ်ချ

    နိုင်ငံအတွင်း အမုန်းတရားဖြန့်ချီမှုကို အိန္ဒိယ အိုလမာအဖွဲ့အကြီးအကဲ ရှုတ်ချ

    မေ ၂၁၊ ၂၀၁၅
    M-Media

    imd

    – နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအား မကောင်းမြင်လာစေရန် ဆောင်ရွက်နေသည့် လက်ယာစွန်းရောက် အုပ်စုများ၏ လုပ်ရပ်များကို အိန္ဒိယ အိုလမာ အစ္စလာမ့် ဓမ္မပညာရှင်များအဖွဲ့ အကြီးအကဲက ရှုတ်ချလိုက်ပြီး မိမိတို့မွတ်စလင်လူ့အဖွဲ့အစည်းမှာ တိုင်းပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူများဖြစ်ကာ လက်ရှိအချိန်တွင်လည်း တိုင်းပြည်အပေါ်တွင် ရှိလာသည့်
    မည်သည့်ခြိမ်းခြောက်မှုမျိုးကိုမဆို ကာကွယ်နေသူများဖြစ်သည်ဟု ပြောကြားလိုက်သည်။

    “အင်ပါယာအတွင်းမှာ ဘယ်တော့မှ နေမ၀င်တော့ဘူးလို့ ယုံကြည်နေတဲ့ ဗြိတိသျှကို တိုက်ထုတ်နိုင်ခဲ့တဲ့ လူ့အဖွဲ့အစည်းဟာ နိုင်ငံအတွင်း အဖွဲ့ငယ်လေးတွေက ဖန်တီးဖို့ကြိုစားနေတဲ့ တစ်စုံတစ်ခုကို ကြောက်ရွံ့ခယနေမှာတော့ မဟုတ်ပါဘူး” ဟု ဂျမာအသ် အိုလမာ အလ် ဟင်ဒ်အဖွဲ့ အကြီးအကဲ မောင်လာနာ အာရှက် မဒနီက ပြောကြားခဲ့သည်ဟု Times of India သတင်းစာတွင်
    မေလ ၁၇ ရက်နေ့က ဖော်ပြခဲ့သည်။

    နယူးဒေလီမြို့ ရမ်လီလာကွင်းပြင်တွင် ပြုလုပ်ခဲ့သည့် အဖွဲ့၏ ၃၂ ကြိမ်မြောက် အစည်းအဝေးတွင် မောင်လာနာ မဒနီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အိန္ဒိယမွတ်စလင်များမှာ ကံကြမ္မာကြောင့် မဟုတ်ဘဲ ရွေးချယ်မှုကြောင့်သာ အိန္ဒိယတွင် ရှိနေခဲ့ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    မောင်လာနာ မဒနီ၏ ပြောကြားမှုများမှာ အိန္ဒိယရှိ မွတ်စလင်နှင့် မွတ်စလင်မဟုတ်သည့် အသိုင်းအ၀ိုင်းများပေါ်တွင်ပါ လွှမ်းမိုးမှုရှိသည်။ ၎င်းကမူ မိမိတို့မှာ ပါကစ္စတန်သို့ ရွှေ့ပြောင်းရန် ရွှေးချယ်ခွင့်ရှိခဲ့သော်လည်း နိုင်ငံအတွင်း၌သာ ဆက်နေခဲ့ကာ တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့၏ ဘာသာတရား၊ ယဉ်ကျေးမှု၊ အသင်းအဖွဲ့နှင့် အမှတ်သညာများမှာ လုံခြုံမှုမရှိဟု ၀ါဒဖြန့်နေကြသော အစိုးရနှင့် လူ့အဖွဲ့အစည်းမှ အဖွဲ့များကိုပါ မောင်လာနာက ရှုတ်ချခဲ့သည်။

    အိန္ဒိယနိုင်ငံအတွင်း ယခုနောက်ပိုင်း၌ မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် တိုက်ခိုက်မှုများ မြင်တက်လာခဲ့ပြီး မဒနီကမူ အစိုးရက ထိုလှုပ်ရှားမှုများအတွက် နှုတ်ဆိတ်နေသည်ဟု ဆိုသည်။

    “ဒါက (အစိုးရရဲ့) လူကြိုက်များတဲ့ ‘ငါတို့အားလုံးအတူတူ၊ ဖွံ့ဖြိုးတိုးတက်မှုဟာ အားလုံးအတွက်ပါ’ ဆိုတဲ့ ကျွေးကြော်သံရဲ့ ယုံကြည်စိတ်ချရမှုကို မေးခွန်းတွေ ဖြစ်စေပါတယ်။ ဒီကြွေးကြော်သံဟာ စကားလုံးသက်သက်မဟုတ်ဘဲ အစိုးရက အလုပ်နဲ့ တုံ့ပြန်တာကို ကျွန်တော်တို့ လိုချင်ပါတယ်” ဟု မဒနီက ပြောကြားခဲ့သည်။

    နိဂုံးချုပ်အနေဖြင့် မဒနီက နောက်ထပ်မျိုးဆက်တစ်ခုအတွက် မွတ်စလင်လူ့အဖွဲ့အစည်းရှိ ကလေးများမှာ ပညာရေးနှင့် လေ့ကျင့်သင်ကြားရေးကို အားမနည်းအောင် အသေအချာ ဆောင်ရွက်ရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Onislam

  • ဘင်လာဒင်၏ စာရွက်စာတမ်းများနှင့် စာအုပ်များကို စီအိုင်အေထုတ်ပြန်

    ဘင်လာဒင်၏ စာရွက်စာတမ်းများနှင့် စာအုပ်များကို စီအိုင်အေထုတ်ပြန်

    မေ ၂၁၊ ၂၀၁၅
    M-Media

    biladin

    – ၂၀၁၁ ခုနှစ်က ပါကစ္စတန်နိုင်ငံ အက်ဘော့ကတ်မြို့ရှိ အိုစမာဘင်လာဒင်ပုန်းအောင်းနေသော နေအိမ်ကို ၀င်ရောက်စီးနင်းရာတွင် ရရှိခဲ့သည့် စာအုပ်များနှင့် စာရွက်စာတမ်းများကို အမေရိကန်ထောက်လှမ်းရေးက အများပြည်သူသိရန် ယမန်နေ့က ထုတ်ပြန်လိုက်သည်။

    ရရှိခဲ့သည့် စာရွက်စာတမ်းများမှ အလ်ကိုင်းဒါးအဖွဲ့ဝင်များအကြား ပေးပို့သော စာများတွင် ဘင်လာဒင်က အရှေ့အလယ်ပိုင်းဒေသများတွင် တိုက်ခိုက်မှုများကို မလုပ်ဘဲ အမေရိကန်ကိုသာ အာရုံစိုက်တိုက်ခိုက်ရန် နောက်လိုက်များအား တိုက်တွန်းထားသည်။

    နိုင်ငံရေးသမားများနှင့် ဝေဖန်ရေးသမားများက စီအိုင်အေ အနေဖြင့် ဘင်လာဒင်အား စီးနင်းသတ်ဖြတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ထိန်ချန်ထားမှုများရှိနေသည်ဟု ဝေဖန်ခဲ့ကြပြီးနောက် စီအိုင်အေက ထိုကဲ့သို့ လျှို့ဝှက် စာရွက်စာတမ်းများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စာရွက်စာတမ်းများတွင် The Security Committee – al Qaeda Organization ဟု ရေစာများ ရေးထိုးထားသည်။

    ရာနှင့်ချီသော စာရွက်စာတမ်းများအပြင် ဘင်လာဒင်ဖတ်ရှုခဲ့သည့်စာအုပ်စာတမ်းများ၊ ဆောင်ပါးများနှင့်၊ အလ်ကိုင်းဒါးအဖွဲ့ဝင်များအတွက်ဟု ယူဆရသည့် လျှောက်လွှာများလည်း အဆိုပါ ထုတ်ပြန်မှုတွင် ပါဝင်ခဲ့သည်။

    ဘင်လာဒင်ဖတ်ရှုသည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ်များတွင် ၉/၁၁ တိုက်ခိုက်မှုအတွက် အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်များကို လေ့လာဆန်းစစ်ကာ မေးခွန်းများထုတ်ထားသည့် ဒေးဗစ်ရေး ဂရစ်ဖင် ရေးသားထားသော New Pearl Harbor:
    Disturbing Questions about the Bush Administration and 9/11 စာအုပ်၊ ဗြိတိသျှ ဗိုလ်မှူးတစ်ဦး၏ စစ်ထောက်လှမ်းရေးအမှားများကို ရေးသားထားသော သမိုင်းပညာရှင် ပေါလ် ကနေဒီ၏ The Rise and Fall of Great Powers နှင့် အစ္စလာမ်အကြောင်း အနှစ်ချုပ်ရေးသားထားသည့် A brief guide to understanding Islam စာအုပ်တို့လည်း ပါဝင်ခဲ့သည်။

    ၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့က နေဗီဆီးလ်တပ်ဖွဲ့မှ ပြုလုပ်ခဲ့သော အဆိုပါ စစ်ဆင်ရေးတွင် ဘင်လာဒင်ကို သတ်ဖြတ်နိုင်ခဲ့သည်ဟု အမေရိကန်က ကြေညာခဲ့သည်။

    Ref: Aljazeera, BBC

  • ဂွါဒီယိုလာက ဘိုင်ယန်ကိုတိုးတက်စေခဲ့သည်ဟု ရော်ဘင်ဆို

    ဂွါဒီယိုလာက ဘိုင်ယန်ကိုတိုးတက်စေခဲ့သည်ဟု ရော်ဘင်ဆို

    မေ ၂၁၊ ၂၀၁၅
    M-Media

    byern

    – လွန်ခဲ့သည့် ၂ နှစ် ဂွာဒီယိုလာ ရောက်ရှိလာပြီးနောက်ပိုင်း အသင်းမှာ တိုးတက်လာခဲ့သည်ဟု ဘိုင်ယန်မြူးနစ်အသင်း၏ ကွင်းလယ်လူ အာဂျန်ရော်ဘင်က ပြောကြားလိုက်သည်။

    ဂွါဒီယိုလာမှာ ယခုနှစ်တွင် အသင်းအား ဘွန်ဒစ်လီဂါချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွင် ထွက်ခဲ့ရမှုအတွက် ဝေဖန်မှုများ ခံနေရသည်။ ၎င်း၏ စာချုပ်မှာလည်း တစ်နှစ်သာ ကျန်ရှိတော့ပြီး ရော်ဘင်ကမူ ဂွါဒီယိုလာအား အသင်း၌ ဆက်လက်ရှိနေစေချင်သည်။

    “သူက စူပါနည်းပြတစ်ဦးဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ကို အသင်းတစ်သင်းလို ပိုပြီး တိုးတက်စေခဲ့ပါတယ်။ နောက်ထပ် ၂ နှစ် ၃ နှစ်လောက် သူနဲ့ ဆက်လက် အလုပ်လုပ်ရရင် ကျွန်တော်ပျော်မိမှာပါ။ လာမယ့်နှစ်မှာ ကျွန်တော်တို့ အောင်မြင်မှာပါ။ ကျွန်တော် ယုံကြည်နေပါတယ်” ဟု ရော်ဘင်က ပြောကြားခဲ့သည်။

    ထို့ပြင် ရော်ဘင်မှာ ဘိုင်ယန်တွင် နေရာပျောက်နေသည့် အလယ်တန်းလူ မာရီယို ဂေါ့ဇီကိုလည်း ထောက်ခံခဲ့သည်။

    “သူ ဒါကို ကျော်လွှာရမှာဖြစ်ပြီး တိုက်ပွဲဝင်သွားရမှာပါ။ သူဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ခေါင်းတိုက်ချက်ကလည်း နေရာမှန်မှာ ရှိပါတယ်။ သူ့မှာ အရည်အချင်းရှိပြီး ဒါကို လုပ်နိုင်ပါလိမ့်မယ်”

    Ref: Goal

  • ယူကေတွင် ကလေးများအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ၌ အောင်မြင်ကျော်ကြားသူ အမြောက်အများပါဝင်

    ယူကေတွင် ကလေးများအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ၌ အောင်မြင်ကျော်ကြားသူ အမြောက်အများပါဝင်

    မေ ၂၁၊ ၂၀၁၅
    M-Media

    uk

    – ဗြိတိန်တွင် ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် စုံစမ်းစစ်ဆေးမှုမှ ထွက်ပေါ်လာသည့် သံသယရှိသူများ စာရင်းတွင် နာမည်ကြီး အနုပညာရှင်များ၊ တေးသံရှင်များ၊ နိုင်ငံရေးသမားများ ပါဝင်ခဲ့သည်ဟု သိရသည်။

    ဗြိတိန်ဖျော်ဖြေရေးလောကတွင် လူကြိုက်များခဲ့သည့် နာမည်ကြီး ရုပ်ရှင်မင်းသားဟောင်း ဂျင်မီ ဆာဗီလ်းမှာ ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့သည်ဟု ITV မှတ်တမ်းရုပ်ရှင်တွင် ၂၀၁၂ ခုနှစ်က အောက်တိုဘာလက ဖော်ပြခဲ့ပြီးနောက်ပိုင်း နာမည်ကြီးသူများ အသိုင်းအ၀ိုင်းတွင် ထိုပြဿနာများ အမြောက်အများ ရှိနေသည်ဟူသော စွပ်စွဲချက်များ ပေါ်ထွက်လာခဲ့သည်။

    ထို့ကြောင့် ရဲတပ်ဖွဲ့က ပြီးခဲ့သည့်နွေရာသီတွင် Hydrant စစ်ဆင်ရေးတစ်ခုကို စတင်ခဲ့ပြီး နိုင်ငံတစ်ဝှမ်း ရဲတပ်ဖွဲ့သို့ ရောက်ရှိလာသည့် ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့်ပတ်သက်၍ တိုင်ကြားမှုများအတွက် စုံစမ်းစစ်ဆေးခြင်းကို ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

    ထိုသို့ စုံစမ်းစစ်ဆေးခြင်းမှ ရရှိလာသည့် မှတ်တမ်းများကို ယမန်နေ့က ထုတ်ပြန်ခဲ့ရာ ကလေးများအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုမှာ မကြာမီနှစ်များအတွင်း ၃၁ ရာခိုင်နှုန်း တက်လာသည်ကို တွေ့ရှိခဲ့ရပြီး ယခင်က ကျူးလွန်မှုအတွက် တိုင်ကြားမှုများမှာလည်း ၁၆၅ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲများ ကောင်စီက ပြောကြားခဲ့သည်။

    အဆိုပါအမှုများအတွက် သံသရှိသူများမှာ ၁၄၃၃ ဦးရှိပြီး ၎င်းတို့အထဲမှ ၂၁၆ ဦးမှာ သေဆုံးခဲ့ပြီဖြစ်သည်။ ၆၆၆ ဦးမှာ အသင်းအဖွဲ့များနှင့် ဆက်စပ်နေပြီး ၂၆၁ ဦးမှာ ပြည်သူများအကြား ထင်ရှားသူများ ဖြစ်နေသည်ဟု အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    ကလေးများအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် သံသယရှိသော ထင်ရှားကျော်ကြားသူများတွင် တီဗီ၊ ရုပ်ရှင်နှင့် ရေဒီယိုလောကမှ ၁၃၅ ဦး၊ ဒေသတွင်းနိုင်ငံရေးသမားနှင့် နိုင်ငံလုံးအဆင့် နိုင်ငံရေးသမား ၇၆ ဦး၊ ဂီတလောကမှ ၄၃ ဦးနှင့် အားကစားလောကမှ ၇ ဦးတို့ ဖြစ်သည်။

    ရဲတပ်ဖွဲ့မှာ အဆိုပါ စစ်ဆင်ရေးနှင့် ဆက်နွယ်၍ စာသင်ကျောင်း ၁၅၄ ကျောင်း၊ ကလေးများဂေဟာ ၇၅ ခုတို့အပါအ၀င် အသင်းအဖွဲ့ပေါင်း ၃၅၇ ခုကို စောင့်ကြည့်စုံစမ်းမှုများ ပြုလုပ်နေသည်။ ယခုကဲ့သို့ အစီရင်ခံစာ ထွက်ပေါ်လာမှုက ယူကေတွင် လူငယ်များအပါအ၀င် ယုံကြည်မှု ချိုးဖောက်ခံရခြင်း၏ အနေအထားကိုလည်း ဖော်ပြနေခြင်းဖြစ်သည်။

    ထို့ပြင် ပြစ်မှုကျူးလွန်သူ လူငယ်များအပါအ၀င် ဒါဇင်နှင့်ချီသော ဘာသာရေးအသင်းအဖွဲ့များ၊ ဆေးဘက်ဆိုင်ရာအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များကိုလည်း အဆိုပါ စစ်ဆင်ရေးနှင့် ဆက်စပ်၍ ရဲတပ်ဖွဲ့က လေ့လာစောင့်ကြည့်မှုများ ပြုလုပ်နေသည်။

    နာမည်ကျော်ကြားသူများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအချို့မှာ တရားရုံးသို့ ရောက်ရှိနေပြီဖြစ်သည်။

    ယခင် ပေါ့ပ်အဆိုတော်ဟောင်း ဂါရီ ဂလစ်တာမှာ လွန်ခဲ့သည့် နှစ် ၃၀ အရင်က ကျူးလွန်ခဲ့သည့် ကလေးငယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် ယခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ထောင်ဒဏ် ၁၆ နှစ် ကျခံခဲ့ရသည်။

    နိုင်ငံရေးသတင်းဆောင်ပါးရေးသူ မက်စ် ကလစ်ဖို့ဒ်မှာ မိန်းကလေးငယ်များကို စော်ကားမှုအတွက် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရပြီး သြစတေးလျ ဖျော်ဖြေရေးသမား ရော့လ်ဖ် ဟားရစ်ကလည်း မိန်းကလေးငယ် ၄ ဦးအား မသင့်တော်သည့် စော်ကားမှုအတွက် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသည်။

    Ref: CNN