News @ M-Media

Blog

  • တရုတ်နိုင်ငံအတွင်း ကျည်ကျရောက်မှု ကိုးကန့်အဖွဲ့ကို မြန်မာအစိုးရ အပြစ်တင်

    တရုတ်နိုင်ငံအတွင်း ကျည်ကျရောက်မှု ကိုးကန့်အဖွဲ့ကို မြန်မာအစိုးရ အပြစ်တင်

    မေ ၁၉၊ ၂၀၁၅
    M-Media

    11205618_1005715019462986_617700422213868251_n
    ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြား ဆက်ဆံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Mr. Chen Fengxiang တွေ့နေပြည်တော်၌ မေလ ၁၉ ရက်နေ့က တွေ့ဆုံစဉ် (ဓါတ်ပုံ- Senior General Min Aung Hlaing FB)

    – တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ မြို့တစ်မြို့သို့ ပြီးခဲ့သည့် တစ်ပတ်က လက်နက်ကြီးကျည်ဆံ ကျရောက်မှု အတွက် မြန်မာ စစ်တပ် အကြီးအကဲက ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ကို အပြစ်တင်ခဲ့ပြီး တရုတ်နှင့် မြန်မာနိုင်ငံတို့အကြား ဆက်ဆံရေး ပျက်ပြားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေး၌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသအနီးရှိ ယူနန်ပြည်နယ်အတွင်းသို့ ကျရောက်ခဲ့သည့် လက်နက်ကြီး
    ကျည်ဆံများမှာ အစိုးရတပ်များမှ မဟုတ်ဘဲ သူပုန်များဘက်မှ ဖြစ်သည်ဟုဆိုသည်။

    တရုတ်နိုင်ငံမှာ ၎င်းတို့၏ ပိုင်နက်အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်မှုများ၊ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကျလာသောကျည်များနှင့် ပတ်သက်၍ ပြီးခဲ့သည့်သောကြာနေ့တွင် မြန်မာနိုင်ငံအား မေးခွန်းထုတ်ခဲ့သည်။ တရုတ် င်ငံခြား ဆက်ဆံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Mr. Chen Fengxiang  ကမူ တိုက်ပွဲဖြစ်ရာဒေသ တည်ငြိမ်အေးချမ်းရေး ပြန်လည်ထိန်းသိမ်းရန် တတ်နိုင်သမျှ မြန်မြန်ဆောင်ရွက်ရန် မြန်မာအစိုးရအား တိုက်တွန်းခဲ့သည်။

    တရုတ်နိုင်ငံအတွင်း ထိုကဲ့သို့ ကျည်ကျရောက်မှုမှာ မတ်အတွင်းကလည်း ဖြစ်ပွားခဲ့ပြီး ထိုအဖြစ်အပျက်အတွက် မြန်မာ အစိုးရက ပြန်လည်တောင်းပန်ခဲ့ကာ တာဝန်ရှိသူများအား အပြစ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Foxnews

  • စည်သူအောင်မြင့် – “အမုန်းတရား ဟောပြီး မဲမဆွယ်ပါနဲ့”

    စည်သူအောင်မြင့် – “အမုန်းတရား ဟောပြီး မဲမဆွယ်ပါနဲ့”

    စည်သူအောင်မြင့် ရေးသည်။
    မဇ္ဈိမ မှကူးယူဖော်ပြသည်။
    .
    အားလုံးသိကြပြီဖြစ်တဲ့အတိုင်း လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရဟာ အရင် စစ်အာဏာရှင်တွေနဲ့ အစိုးရအဆက်ဆက်ရဲ့ ဆိုးမွေကြီး တစ်ခုဖြစ်တဲ့ ပြည်တွင်းစစ်ကို လက်ခံ ရရှိထားပါတယ်။ ပြည်တွင်းစစ်ဟာ အရာရာကို ဖျက်ဆီးပါတယ်။ တိုင်းရင်းသား အချင်းချင်း မုန်းတီးမှု၊ မယုံကြည်မှု ဖြစ်ပေါ်စေပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာကို စက္ကူပေါ်မှာပဲ တည်ဆောက်လို့ ရပါတယ်။ တကယ် လက်တွေ့ မတည်ဆောက်နိုင်ပါဘူး။ တိုင်းပြည်စီးပွားရေး ကိုလည်း ဖျက်ဆီးပစ်ပါတယ်။ စစ်အာဏာရှင် စနစ်ကိုလည်း အမြစ်တွယ် ရှင်သန်စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ စိတ်ဆန္ဒရှိတဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့တွေဟာ နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ် ရပ်စဲပြီး လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရအောင် ကျားကုတ်ကျားခဲ ကြိုးစားနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု ပိုပြီး ပျက်ပြားအောင်၊ ငြိမ်းချမ်းရေးကို အလှမ်းဝေးသွားစေအောင်အထိ ဖြစ်သွားစေနိုင်တဲ့ ဆောင်းပါး တစ်ပုဒ် ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှာ ဖော်ပြပါရှိလာပါတယ်။
    .
    ဘယ်ဂျာနယ်မှာ ဘာတွေ ဖော်ပြလာတာပါလဲ၊ အဲဒီ အကျိုးဆက် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
    ရည်ညွှန်းပါ ဆောင်းပါးကတော့ “တိုင်းပြည်အတွက် မဘသ” ဆိုတဲ့ ဆောင်းပါးဖြစ်ပြီး မေလ ၁၇ ရက်ထုတ် သာကီသွေး ဂျာနယ် စာမျက်နှာ (၆) မှာ ဖော်ပြထားတာပါ။ ဒီဆောင်းပါး ရေးသူကတော့ နှယ်နှယ်ရရ ပုဂ္ဂိုလ် မဟုတ်ပါဘူး။ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ နာမည်ကြီး ထင်ရှားနေတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ရဲ့ ဥက္ကဋ္ဌ ဆရာတော် အင်းစိန် ရွာမ ပရိယတ္တိ စာသင်တိုက် ဆရာတော် အရှင် တိလောကာ ဘိဝံသ ကိုယ်တိုင် ဖြစ်နေလို့ပါ။ ဒါကြောင့်လဲ အခုလို ဝေဖန် သုံးသပ်မှု ပြုရတာ ဖြစ်ပါတယ်။.
    .
    ဆောင်းပါးမှာ ဖော်ပြထားတာတွေကတော့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ခေတ်အဆက်ဆက်ကနေ ကနေ့ထက်တိုင် ဘာသာခြား လူမျိုးခြား တွေရဲ့ ဖိနှိပ်၊ နှိပ်စက်၊ စော်ကား ခံခဲ့ရတဲ့အကြောင်း၊ ဒီအထဲမှာ ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီး တွေလည်း ပါဝင်တဲ့ အကြောင်း၊ အဲဒီ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတွေကို ကာကွယ်ပေးဖို့ အမျိုးစောင့် ဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုတဲ့အကြောင်း၊ ဒါကြောင့် လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးဘာသာ သာသနာအတွက် အားကိုးလောက် သူတွေကို ရွေးချယ်ပေး ရမှာ ဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။
    .
    အဲဒီအထဲက စာပိုဒ် တစ်ပိုဒ်ကို ကောက်နှုတ်ဖော်ပြရရင် “ ယနေ့ မျက်မှောက်ခေတ် မှာလည်း ရခိုင်၊ မောင်တော ဒေသစသည်တို့၌ ဧည့်သည် လူမျိုးခြား၊ ဘာသာခြား ဘင်္ဂါလီများ က ဧည့်သည်ဝတ် ဖောက်ဖျက်ကာ အိမ်သည် မြန်မာများကို သတ်ဖြတ် နှင်ထုတ်နေကြသည်။ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်များကို ဖျက်ဆီးခြင်း၊ ရဟန်းသံဃာများ အပါအဝင် ဗုဒ္ဓဘာသာ ဝင်များကို ဗြောင်တစ်မျိုး ကွယ်ရာတစ်ဖုံ သတ်ဖြတ် ညှဉ်းဆဲ နှိပ်စက်ကြလေပြီ။ ကချင်၊ ကယား စသော အစွန်အဖျား ဒေသများ၌လည်း ဘုန်းတော်ကြီးများကို ခရစ်ယာန် သူပုန်များ က သတ်ဖြတ် ချေမှုန်းနေကြလေပြီ။ တိုင်းရင်းသားများ ဗုဒ္ဓဘာသာဝင်များ အသတ်ခံရသူများ အသတ်ခံရ၊ ကိုယ်လွတ် ရုန်းပြေးသူ ပြေးရ၊ ဖြစ်ခဲ့ကြ ရပါပြီ။ မြန်မာမှာရော၊ ကမ္ဘာမှာပါ ဗုဒ္ဓဘာသာဝင်များက အခြားဘာသာ လူမျိုးများအပေါ် မတရားစော်ကား အကြမ်းဖက်ဖူးသည့် သမိုင်းကြောင်း လုံးဝ မရှိခဲ့ပါ” ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။
    .
    ဒီ စာပိုဒ်ပါ “ကချင်၊ ကယား စသော အစွန်အဖျား ဒေသများ၌လည်း ဘုန်းတော်ကြီး များကို ခရစ်ယာန် သူပုန်များက သတ်ဖြတ် ချေမှုန်းနေကြလေပြီ။ တိုင်းရင်းသားများ ဗုဒ္ဓဘာသာဝင်များ အသတ်ခံရသူများ အသတ်ခံရ၊ ကိုယ်လွတ်ရုန်းပြေးသူ ပြေးရ၊ ဖြစ်ခဲ့ကြရပါပြီ” ဆိုတာ အလွန်အန္တရာယ်များတဲ့ အမုန်းတရား စာသားဖြစ်ပါတယ်။ အစိုးရ အဆက်ဆက်ကို တော်လှန်ပုန်ကန်ခဲ့တဲ့ ကေအိုင်အေ ကချင်သူပုန်တွေ၊ KNPP ကရင်နီ သူပုန်တွေကို ခရစ်ယာန် သူပုန်တွေအဖြစ် ရည်ညွှန်းပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို သတ်ဖြတ်ချေမှုန်းနေတယ် ဆိုပြီး မှန်ကန်မှု မရှိတဲ့ အချက်အလက်တွေကို ရေးသားဖော်ပြ လိုက်တာပါ။
    .
    လက်ရှိ ပြည်တွင်းစစ်ပွဲ ဖြစ်ပွားနေတာမှာ ကချင်နဲ့ ဗမာ၊ ကရင်နီနဲ့ ဗမာ လူမျိုးခြင်း စစ်ပွဲ ဖြစ်နေကြတာ မဟုတ်သလို၊ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာ ဖြစ်နေကြတဲ့ စစ်ပွဲလည်း မဟုတ်ပါဘူး။ တိုင်းရင်းသား တန်းတူ အခွင့်အရေးရအောင် ခေတ်အဆက်ဆက် ဗဟိုအစိုးရ ကို တော်လှန်ပုန်ကန်နေကြတာသာ ဖြစ်ပါတယ်။ မဘသ ဆရာတော်ကြီးရဲ့ ရေးသားချက်ဟာ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ တိုင်းရင်းသား အခွင့်အရေး တန်းတူရရေး တော်လှန် ပုန်ကန်မှုကို ပုံပျက်ပန်းပျက် ဖြစ်အောင် စွတ်စွဲလိုက်တာ ဖြစ်သလို လက်ရှိ အစိုးရအဖွဲ့နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ ဆွေးနွေးနေတဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်ရေး ကိစ္စ၊ ငြိမ်းချမ်းရေး ကိစ္စကို အဟန့်အတား အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
    .
    နောက်ထပ် မမှန်ကန်တဲ့ အချက်အလက်တွေ ရေးသား ဖော်ပြပြန်ပါတယ်။ “ရန်ကုန်၊ မန္တလေး စသော ပြည်တွင်းရှိ အချို့နေရာများမှာပင် လူမျိုးခြား၊ ဘာသာခြားများ ရမ်းကား စော်ကားမှုကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ အသက်အိုးအိမ် လုံခြုံမှု စိုးရိမ်နေကြရပြီ” လို့ ဆိုပါတယ်။ ဒီ အခြေအနေ မှန်ကန်မှု မရှိဘူးဆိုတာ ရန်ကုန်၊ မန္တလေး နေထိုင်သူ အားလုံး သိရှိကြပါတယ်။ ဒီလို ရေးသားဖော်ပြမှုဟာ နဂိုကတည်းကမှ တစ်ဦးအပေါ် တစ်ဦး သံသယ စိတ်နဲ့ ကြည့်နေကြတဲ့ မတူညီတဲ့ ဘာသာဝင်တွေအကြား ပိုပြီး သံသယပွား၊ ပိုပြီး အမုန်းပွားတဲ့ အကျိုးဆက်ပဲ ဖြစ်စေနိုင်ပါတယ်။
    .
    မဘသ ဆရာတော် နောက်ဆုံးရေးတာက အမျိုးစောင့် ဥပဒေကို ကန့်ကွက်သူတွေ ဟာ မြန်မာနိုင်ငံတော်ကို သစ္စာဖောက် သူတွေ ဖြစ်တဲ့အကြောင်း ဖော်ပြထားပြီး “ ၂၀၁၅ ခု ရွေးကောက်ပွဲ၌ မြန်မာနိုင်ငံ၏ နိုင်ငံ့သစ္စာဖောက်များနှင့် ကိုယ်ကျိုးသာ ကြည့်သူများကို ရှောင်ရှားပြီး နိုင်ငံတော်နှင့် အမျိုးဘာသာ သာသနာအတွက် အားကိုးလောက်သော နိုင်ငံ့ ခေါင်းဆောင် ကိုယ်စားလှယ်များကိုသာ စနစ်တကျ ရွေးချယ်နိုင်ကြပါစေကြောင်း” ဆိုပြီး အတိအလင်း ရေးသားထားတာ တွေ့ရပါတယ်။ ဆရာတော် အနေနဲ့ ကိုယ်ကြိုက်နှစ်သက်ရာ ခေါင်းဆောင်၊ ကြိုက်နှစ်သက်ရာ ပါတီကို နှစ်သက်ခွင့် ရှိပါတယ်။ ဝိနည်းနဲ့ ညီတယ်ဆိုရင် ဘယ်လိုခေါင်းဆောင် ဘယ်လို ပါတီမျိုးကို မဲပေးရွေးချယ်ပါဆိုပြီး ကိုယ့် တပည့်ဒါယိကာ၊ ဒါယိကာမတွေကို တိုက်တွန်းနိုင်ပါတယ်။ ဒါပေမယ့် တိုင်းပြည် မီးလောင်မယ့် အမုန်းတရား သွတ်သွင်းပြီး လုပ်ကိုင်ဆောင်ရွက်ဖို့တော့ မသင့်တော်ပါကြောင်း၊ ဒါဟာ မဘသ အဖွဲ့ဝင် ဆရာတော် သံဃာတော် အားလုံးရဲ့ သဘောထားမျိုးလည်း မဟုတ်နိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

     

    http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/44858-2015-05-20-05-27-09

  • အီတလီအငယ်တန်းဘောလုံးလိဂ်များ အရှုပ်တော်ပုံအတွက် လူ ၅၀ ကျော်ကို ရဲတပ်ဖွဲ့ဖမ်းဆီး

    အီတလီအငယ်တန်းဘောလုံးလိဂ်များ အရှုပ်တော်ပုံအတွက် လူ ၅၀ ကျော်ကို ရဲတပ်ဖွဲ့ဖမ်းဆီး

    မေ ၂၀၊ ၂၀၁၅
    M-Media

    italy
    – အီတလီအငယ်တန်းလိဂ်ပွဲများတွင် လုပ်ပွဲအရှုပ်တော်ပုံနှင့်ပတ်သက်၍ မာဖီးယား စုံစမ်းစစ်ဆေးရေးအဖွဲ့က လူပေါင်း ၅၀ ကျော်ကို ဖမ်းဆီးလိုက်ပြီး လူအမြောက်အများကိုလည်း စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေသည်ဟု သိရသည်။

    ယမန်နေ့ နံနက်ပိုင်းက အီတလီတောင်ပိုင်း ကာတန်ဇာရိုမြို့တွင် စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကစာသမား ၁၅ ဦး၊ ကလပ်အသင်းဥက္ကဌ ၆ ဦး၊ အားကစားဆိုင်ရာ စီမံခန့်ခွဲရေးမှူး ၈ ဦး၊ နည်းပြများ၊ အထွေထွေမန်နေဂျာများနှင့် ကမ္ဘာတစ်ဝှမ်း လောင်းကစားအသင်းအဖွဲ့များမှ ခေါင်းဆောင် ၁၀ ဦးတို့ ပါဝင်သည်ဟု La Repubblia သတင်းစာက ဖော်ပြခဲ့သည်။

    ဖမ်ဆီးခံရသူများမျာ လီဂါပရိုနှင့် စီးရီးဒီ အမှတ်ပေးပြိုင်ပွဲများမှ ရလဒ်များနှင့်ပတ်သက်၍ သံသယရှိသောကြောင့် ဖြစ်ပြီး အဆင့် ၃၊ အဆင့် ၄ နှင့်အဆင့် ၅ လိဂ်ပြိုင်ပွဲများရှိ ပွဲအများအပြားကိုလည်း လုပ်ပွဲပြဿနာများကြောင့် ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    အဆိုပါ လုပ်ပွဲပြဿနာတွင် နည်းဆုံး ကလပ်အသင်းပေါင်း ၃၀ ခန့် ပါဝင်သည်ဟု ယူဆရပြီး ဖမ်းဆီးထားသူများကို မားဖီးယားအဖွဲ့များနှင့် ပူးပေါင်းကာ လိမ်လည်မှု အပါအ၀င် စွဲချက်များစွာဖြင့် တရားစွဲဆိုထားသည်။

    ပြီးခဲ့သည့်နှစ်များတွင်း အီတလီဘောလုံးလောကတွင် လုပ်ပွဲပြဿနာအတွက် စုံစမ်းစစ်ဆေးမှုများ အများအပြားရှိခဲ့ပြီး ၂၀၁၁ ခုနှစ် လုပ်ပွဲအရှုပ်တော်ပုံတွင် အီတလီလက်ရွေးစင်ဟောင်များဖြစ်သည့် ဂူဆက်ပီ ဆစ်ဂ်နိုရီနှင့် ခရစ္စတီယာနို ဒိုနီကဲ့သို့ ကစားသမားများပင် ပါဝင်ခဲ့သည်။

    ၂၀၀၆ ခုနှစ်ကလည်း လုပ်ပွဲအရှုပ်တော်ပုံကြောင့် စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းမှာ တန်းဆင်းခဲ့ပြီး အေစီမီလန်အပါအ၀င် အခြားနာမည်ကြီးအသင်းများမှာလည်း အမှတ်လျော့ခံခဲ့ရသည်။

    Ref: Goal

  • လှေစီးဒုက္ခသည် ၄၀၀ ခန့်ကို အင်ဒိုနီးရှားငါးဖမ်းသမားများ ထပ်မံကယ်တင်

    လှေစီးဒုက္ခသည် ၄၀၀ ခန့်ကို အင်ဒိုနီးရှားငါးဖမ်းသမားများ ထပ်မံကယ်တင်

    မေ ၂၀၊ ၂၀၁၅
    M-Media

    roh

    – ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ အကြိမ်ကြိမ်အခါခါ ပင်လယ်ထဲပြန်ပို့ခဲ့သောကြောင့် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် မာလကာရေလက်ကြားသို့ ရောက်သွားခဲ့သော စက်လှေမှ ဒုက္ခသည် ၄၀၀ ခန့်ကို အင်ဒိုနီးရှား ငါးဖမ်းသမားက ကယ်တင်လိုက်သည်ဟု သိရသည်။

    ယနေ့နံနက် ဒေသစံတော်ချိန် ၂ နာရီခန့်က ကယ်တင်လိုက်ခြင်းဖြစ်ပြီး အဆိုပါ ဒုက္ခသည်များတွင် အမျိုးသမီးများနှင့် ကလေးများလည်း ပါဝင်ကာ အာချေးအရှေ့ပိုင်းခရိုင်ရှိ ဆင်းပန်း တီဂါ ရွာသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ရှာဖွေကယ်ဆယ်ရေး တာဝန်ရှိသူ ခိုင်ရွလ် နိုဗာက ပြောကြားခဲ့သည်။

    မျက်မြင်သက်သေများက ပြောကြားရာတွင် အဆိုပါ ဒုက္ခသည်များမှာ ကမ်းသို့ ခေါ်ဆောင်လာသည့်အချိန်၌ မျက်ရည်များကျနေကြပြီး၊ အများစုမှာ အားနည်းနေကာ နေမကောင်းဖြစ်နေသည်ဟု ဆိုသည်။

    ဒုက္ခသည်များကမူ ၎င်းတို့၏ စက်လှေကို ထိုင်းရေတပ်က ၃ ကြိမ် ပင်လယ်ထဲသို့ ပြန်ပို့ခဲ့ပြီး မလေးရှားအာဏာပိုင်များက ၂ ကြိမ်ပြန်ပို့ခဲ့သည်ဟု ပြေကြားခဲ့သည်။

    အာချေးပြည်နယ်ရှိ အင်ဒိုနီးရှားငါးဖမ်းသမားများမှာ ပြီးခဲ့သည့် သီတင်းပတ်ကလည်း ဒုက္ခသည်လှေတစ်စင်းကို ကယ်တင်ခဲ့ပြီး အာချေးပြည်နယ်သို့ ရောက်ရှိနေသည့် လှေစီးဒုက္ခသည်အရေအတွက်မှာ ၁၅၀၀ ခန့် ရှိပြီဖြစ်သည်။

    အဆိုပါ လှေစီးဒုက္ခသည်များမှာ မြန်မာနိုင်ငံတွင် ငြှင်းပမ်းနှိပ်စက်မှုကြောင့် ထွက်ပြေးလာကြသည့် ရိုဟင်ဂျာများနှင့် ဆင်းရဲမွဲတေမှုကြောင့် ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာကြသူများဖြစ်သည်။

    အဆိုပါ လှေစီးဒုက္ခသည်များအား ကယ်တင်မှုမပြုသည့်အတွက် ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့မှာ နိုင်ငံတကာ၏ ဖိအားပေးခြင်းကို ခံခဲ့ရပြီး ယနေ့တွင် ထို ၃ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများမှာ မလေးရှားတွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

    ရိုဟင်ဂျာလှေစီးဒုက္ခသည်များ မြင့်တက်လာသည့်အတွက် အပြစ်တင်ခံနေရသည့် မြန်မာနိုင်ငံကမူ စောစောပိုင်းက ထိုအရေးမှာ မှောင်ခိုလူကုန်ကူးသူများ၏ ပြဿနာဟု ပြောကြားခဲ့သော်လည်း နောင်ပိုင်းတွင် မိမိတို့နိုင်ငံသားဖြစ်သည်ဟု အထောက်အထားပြနိုင်ပါက
    ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း၊ ပယ်လယ်ထဲ ဒုက္ခရောက်နေသည့် မည်သူ့ကိုမဆို လူသားချင်းစားနာထောက်ထားသည့် အကူအညီများ ပေးသွားမည်ဟု ပြန်လည် ပြောကြားခဲ့သည်။

    Ref: Aljazeera

  • နွေရာသီအပြောင်းအရွှေ့ မန်ယူအတွက် ခက်ခဲမည်ဟု ဗန်ဂါးလ်ပြော

    နွေရာသီအပြောင်းအရွှေ့ မန်ယူအတွက် ခက်ခဲမည်ဟု ဗန်ဂါးလ်ပြော

    မေ ၂၀၊ ၂၀၁၅
    M-Media

    Vangal

    – မိမိအသင်း၏ လူစာရင်းမှာ ညီမျှမှုမရှိသေးဘဲ လာမည့်ရာသီအတွက် ပြင်ဆင်ရာတွင် နွေရာသီအပြောင်းအရွှေ့မှာ ခက်ခဲမည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    မန်ယူမှာ လောလောဆယ်တွင် နယ်သာလန်တိုက်စစ်မှူးဒီပေးကို ပေါင် ၂၂.၃ သန်းဖြင့် ခေါ်ယူရန် သဘောတူညီချက် ရရှိထားပြီး အားထားရသည့် ဂိုးသမား ဒီဂီယာနှင့်လည်း ယခုသီတင်းပတ်နှောင်းပိုင်းတွင် သက်တမ်းတိုးရေး ဆွေးနွေးရန် ရှိနေသည်။

    သို့သော်လည်း အငှားဖြင့်လာရောက်ကစားနေသည့် တိုက်စစ်မှူးဖယ်လ်ကာအိုမှာ အသင်းတွင် ဆက်ရှိနေရန် အလားအလာမရှိဘဲ ဗန်ဂါးလ်မှာ အသင်းအား ပြန်ပုံဖော်ရန် စီစဉ်နေသောကြောင့် အခြားသော ကစားသမားများမှာလည်း အိုးထရက်ဖို့ဒ်ကို စွန့်ခွာရန်ရှိနေသည်။

    မန်နေ့က ပြုလုပ်ခဲ့သည့် အသင်း၏ တစ်နှစ်တာဆုပေးပွဲအခမ်းအနားတွင် ဗန်ဂါးလ်က လာမည့်သီတင်းပတ်များ၌ လုပ်စရာအလုပ် အများအပြားရှိသည်ဟု ၀န်ခံခဲ့သည်။

    “ကျွန်တော်တို့ရဲ့ အသင်းက ညီမျှမှုမရှိပါဘူး။ ကျွန်တော်တို့ အဆင့်လေးအတွင်းဝင်ခဲ့ပေမယ့် ချန်ပီယံဖြစ်အောင် လုပ်ရပါမယ်။ ကျွန်တော်တို့ရဲ့ လူစာရင်းကိုလည်း တိုးတက်အောင်လုပ်ရမယ်။ ကစားသမားအများစုအတွက် ခက်ခဲတဲ့နွေရာသီ ဖြစ်မှာပါ။ ဒါပေမယ့် မန်ယူလို ထိပ်တန်းအသင်းကတော့ ဒါမျိုးလုပ်ရမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    ဗန်ဂါးလ်မှာ ယခုရာသီအစပိုင်းတွင် ကစားကွက်စမ်းသပ်မှုများကြောင့် ဝေဖန်ခံခဲ့ရပြီး လာမည့်ရာသီတွင် မိမိအနေဖြင့် အကောင်းဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရာသီအဆုံးအထိ တိုက်ပွဲဝင်သွားပြီး ကaစားသမားများ ၀ယ်ယူရာတွင်လည်း မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချမှတ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “ကစားသမားတွေထွက်သွားတာဟာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါ။ ပရိတ်သတ်တွေကတော့ သူတို့ကို မေ့မှာမဟုတ်ပါဘူး”

    Ref: Goal