မေ ၂၃၊ ၂၀၁၅
M-Media
– စိတ်ပျက်ဖွယ်ရာရလဒ်နှင့် ရင်ဆိုင်ခဲ့ရသော်လည်း မိမိအနေဖြင့် အန်ဖီးလ်တွင် ဆက်ရှိနေရန် ယုံကြည်မှုမှာ ၁၅၀ ရာခိုင်နှုန်းရှိနေပြီး လာမည့်နှစ်တွင် အသင်းအား တိုးတက်အောင် ပြုလုပ်သွားမည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။
ပြီးခဲ့သည့်နှစ်က ခြေစွမ်းကောင်းများပြသကာ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်သည်အထိ ဖြစ်ခဲ့၍ အဆင့် ၂ ဖြင့် ရာသီသိမ်းနိုင်ခဲ့သည့် လီဗာပူးလ်မှာ ယခုနှစ်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ပင် ဆုံးရှုံးခဲ့ရသည်။ နည်းပြရော်ဂျာမှာလည်း ၎င်း၏ အနာဂတ်အတွက် အသင်းပိုင်ရှင်များနှင့် ရာသီကုန်တွင် စကားပြောရန် ရှိနေပြီး နည်းပြနေရာအတွက် ယုံကြည်မှုရှိလားဟု မေးမြန်းရာ သူက ၁၅၀ ရာခိုင်နှုန်း ယုံကြည်မှုရှိသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
“ရာသီတစ်လျှောက်လုံးမှာ အသင်းပိုင်ရှင်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိခဲ့ပါတယ်။ မနှစ်ကလိုပဲ ရာသီကုန်ရင် ကျွန်တော် သူတို့နဲ့ စကားပြောမှာပါ” ဟု ရော်ဂျာက ဆိုသည်။
ယခုနှစ်ရာသီတွင် စိတ်ပျက်စရာရလဒ်များဖြင့် ကြုံတွေ့ခဲ့ရသော်လည်း မန်နေဂျာတစ်ယောက်အဖြစ် မိမိအား တိုးတက်စေခဲ့သည်ဟု ရော်ဂျာက ခံစားနေရသည်။
“ကျွန်တော်ဟာ မန်ဂျောတစ်ယောက်အဖြစ် တိုးတက်လာတယ်လို့ ထင်ပါတယ်။ နှစ်တိုင်းနှစ်တိုင်း ချင့်ချိန်မှု လုပ်တဲ့အခါ ကိုယ့်ရဲ့ ကိုယ်ပိုင် စွမ်းဆောင်ရည်ကို ပြန်သုံးသပ်ရပြီး လာမယ့်နှစ်မှာ ပိုကောင်းနိုင်မယ်လို့ မျှော်လင့်ကြတာပါပဲ။ သေချာတာကတော့ ဒီနှစ်အတွေ့အကြုံက ကျွန်တော့်ကို ပိုကောင်းစေခဲ့ပါတယ်”
Ref: Goal


Leave a Reply
You must be logged in to post a comment.