News @ M-Media

Blog

  • အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရမှုကြောင့် နှစ် ၄၀ ကျော် ကိုမားရောဂါခံစားနေရသည့် အိန္ဒိယအမျိုးသမီး ကွယ်လွန်

    အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရမှုကြောင့် နှစ် ၄၀ ကျော် ကိုမားရောဂါခံစားနေရသည့် အိန္ဒိယအမျိုးသမီး ကွယ်လွန်

    မေ ၁၈၊ ၂၀၁၅
    M-Media

    india

    – လွန်ခဲ့သည့် နှစ် ၄၀ ကျော်က အုပ်စုဖွဲ့အဓမ္မပြုကျင့်ခြင်း ခံခဲ့ရပြီးနောက် ကိုးမားရောဂါခံစားခဲ့ရသည့် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ သူနာပြုတစ်ဦးမှာ ယမန်နေ့က ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။

    အသက် ၆၈ နှစ်အရွယ် အာရူနာ ရှန်ဘောက်ဆိုသူဖြစ်ပြီး သူမအလုပ်လုပ်သည့် KEM ဆေးရုံတွင် ၁၉၇၃ ခုနှစ်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံခဲ့ရခြင်းဖြစ်ကာ ထိုအဖြစ်အပျက်အတွင်း တိုက်ခိုက်မှုကြောင့် ဦးနှောက်ပျက်ဆီး၍ ကိုးမားရောဂါ ခံစားခဲ့ရခြင်းဖြစ်သည်။

    အဆိုပါ အဓမ္မပြုကျင့်မှုအတွက် မည်သူ့ကိုမျ တရားမစွဲနိုင်ခဲ့ဘဲ တိုက်ခိုက်မှုတွင် ပါဝင်သူကို ဓားပြတိုက်မှုဖြင့်သာ တရားစွဲဆိုခဲ့သည်။

    ရှန်ဘောက်အား ကုသနေသည့်ဆေးရုံမှ ၀န်ထမ်းများက ရှန်ဘောက်ကို အတင်း အစာကျွေးမှုအား ရပ်တန့်ရန် စာရေးဆရာမ ပင်ကီ ဗီရာနီက အသနားခံခဲ့သော်လည်း အိန္ဒိယတရားရုံးချုပ်က ၂၀၁၁ ခုနှစ်တွင် ပယ်ချခဲ့သည်။ ဗီရာနီမှာ ဝေဒနာခံစားနေရသော ရှန်ဘောက်အား ဆေးထိုး၍ အဆုံးစီရင်ရန်အတွက်လည်း အခြေအတင် ပြောဆိုခဲ့သည်။

    အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော ကာဗီတာ ကရစ်ရှ်နန်က ရှန်ဘောက်၏ အဆိုပါအဖြစ်အပျက်က ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်မှု ရှိခဲ့သော်လည်း အိန္ဒိယအမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှာ လျော့ကျ၍ မသွားဟု
    ပြောကြားခဲ့သည်။

    “ဒီအဖြစ်အပျက်က အလုပ်မှာ အမျိုးသမီးတွေရဲ့ လုံခြုံမှုနဲ့ပတ်သက်ပြီး တော်တော်လေး စကားပြောပါတယ်။ မုဒိမ်းကျင့်တဲ့ယဉ်ကျေးမှုက ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီး ပိုလည်း ဆိုးလာပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်မှုခံရဖို့အတွက် တော်တော်လေး အားနည်းသူတွေ ဖြစ်ပါတယ်။ ဒီယဉ်ကျေးမှုကို ပြောင်းလဲဖို့အတွက် လုပ်စရာတွေအများကြီး ရှိနေတုန်းပါပဲ” ဟု သူက ဆိုသည်။

    ရှန်ဘောက်ကွယ်လွန်မှုအတွက် ဆိုရှယ်မီဒီယာအသုံးပြုသူများက ၀မ်းနည်းကြောင်း၊ လေးစားကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရေးသားခဲ့ကြသည်။

    Ref: Aljazeera

  • မန်ယူတိုက်စစ်မှူးလောင်း ဒီပေး ရွှေဖိနပ်ရ

    မန်ယူတိုက်စစ်မှူးလောင်း ဒီပေး ရွှေဖိနပ်ရ

    မေ ၁၈၊ ၂၀၁၅
    M-Media

    depay

    – မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့သည့် ပီအက်စ်ဗီတိုက်စစ်မှူး ဒီပေးမှာ ဟော်လန်အမှတ်ပေးပြိုင်ပွဲ Eredivisie ၏ ရွှေဖိနပ်ဆုကို ရရှိခဲ့သည်ဟု သိရသည်။

    အသက် ၂၁ နှစ်အရွယ်ရှိ ဒီပေးမှာ အမှတ်ပေးပွဲပေါင်း ၃၀ ပါဝင်ကစားခဲ့ပြီး ဂိုးပေါင်း ၂၂ ဂိုး သွင်းယူပေးခဲ့ကာ ရွှေဖိနပ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ဒီပေးမှာ ၁၉၉၅ ခုနှစ်က ဘရာဇီးလ်တိုက်စစ်မှူး ရော်နယ်ဒိုပြီးနောက် Eredivisie ပြိုင်ပွဲ၏ အသက်အငယ်ဆုံး ရွှေဖိနပ်ဆုရှင်လည်း ဖြစ်ခဲ့သည်။

    ဒီပေးမှာ ပီအက်စ်ဗီအသင်းနှင့်အတူ ဟော်လန်အမှတ်ပေးဖလားကိုလည်း ယခုနှစ်တွင် ဆွတ်ခူးနိုင်ခဲ့သည်။ ပီအက်စ်ဗီမှာ ဒုတိယနေရာမှ အေဂျက်စ်အသင်းအား ၁၇ မှတ်ဖြတ်ကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

    မန်ယူက ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းဖြင့် ဒီပေးအားခေါ်ယူရန် ပီအက်စ်ဗီအသင်းနှင့် ပြီးခဲ့သည့်တစ်ပတ်က သဘောတူညီခဲ့ပြီး ယခုသီတင်းပတ်အတွင်း ဆေးစစ်မှုပြုလုပ်ကာ အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ရန် ရှိနေသည်။

    ဒီပေးမှာ ဟော်လန်လက်ရွေးစင်အသင်းတွင် ဗန်ဂါလ်းနှင့် တွဲဖူးပြီး ဗန်ဂါးလ်ကမူ ပီအက်စ်ဂျီအသင်း၏ စိတ်ဝင်စားမှုကို လက်ဦးရန်အတွက် အလျင်အမြန်ခေါ်ယူခဲ့ခြင်းဟု ပြောကြားခဲ့သည်။

    Ref: Dailymail

  • အန္တာတိကမှ ရေခဲပြင်ကြီး ယခုရာစုမကုန်ခင် ပျောက်ကွယ်မည်

    အန္တာတိကမှ ရေခဲပြင်ကြီး ယခုရာစုမကုန်ခင် ပျောက်ကွယ်မည်

    မေ ၁၈၊ ၂၀၁၅
    M-Media

    ice

    – အန္တာတိကတိုက်က Larsen B ရေခဲပြင်ကြီးမှာ သိသိသာသာ အားနည်းနေပြီး ယခုရာစုမကုန်ခင် လုံးဝ အစိတ်စိတ်အမွှာမွှာ ပျက်ဆီးပျောက်ကွယ်သွာမည်ဖြစ်ကာ ကမ္ဘာကြီးအတွက် အန္တရာယ်ဖြစ်လာမည်ဟု နာဆာ၏ လေ့လာမှုများအရ သိရသည်။

    အဆိုပါ ရေခဲပြင်ကြီးမှာ အန္တာတိကရှိ တစ်ချိန်က ထင်ရှားခဲ့သော ရေခဲပြင်ကြီး၏ အကြွင်းအကျန်ဖြစ်ပြီး လျင်မြန်စွာ မျောပါနေကာ အစိတ်အစိတ်အမွှာမွှာ ကွဲထွက်နေသည်။ ထိုရေခဲပြင်ကြီး ပျောက်ကွယ်သွားပါက ရေခဲမြစ်များမှာ ကြုံ့သွားမည်ဖြစ်ပြီး
    ပင်လယ်ရေမျက်နှာပြင်မှာလည်း မြင့်တက်လာမည်ဖြစ်သည်။

    “ဒါက ရေခဲပြင်အကြွင်းအကျန်ကြီးဟာ စိတ်စိတ်အမွှာမွှာ ကွဲလာနေတဲ့ သတိပြုစရာ လက္ခဏာတွေပါပဲ။ ဒီရေခဲပြင်ကြီး မတည်မငြိမ်ဖြစ်ပြီး ပြိုကွဲလာတာကို ရှေ့ဆုံးမှာ ထိုင်ကြည့်ရတာဟာ သိပ္ပံဆိုင်ရာအရ ဆွဲဆောင်စရာကောင်းပေမယ့် ကျွန်တော်တို့ ကမ္ဘာကြီးအတွက် သတင်းကောင်းတော့ မဟုတ်ပါဘူး” ဟု နာဆာမှ သုတေသနအဖွဲ့ခေါင်းဆောင် ခါဇန်ဒါက ပြောကြားခဲ့သည်။

    အဆိုပါ Larsen B ရေခဲပြင်ကြီးမှာ အနည်းဆုံး လွန်ခဲ့သည့်နှစ်ပေါင်း တစ်သိန်းခန့်ကတည်းက တည်ရှိခဲ့ခြင်းဖြစ်ဟု ခန့်မှန်းထားသည်။ ၂၀၀၂ ခုနှစ်တွင် အဆိုပါရေခဲပြင်၏ တစ်စိတ်ပိုင်း ကွဲထွက်သွားပြီးနောက် အစိတ်စိတ်အမွှာမွှာကွဲမှုနှင့် ပတ်သက်၍ သိပ္ပံပညာရှင်များက သတိထားမိခဲ့ခြင်းဖြစ်သည်။ ကွဲထွက်သွားသည့် အစိတ်ပိုင်းမှာ သီတင်းပတ် ၆ ပတ်အတွင်း ပျောက်ကွယ်သွားခဲ့ပြီး
    သိပ္ပံပညာရှင်များက အံ့သြခဲ့ရသည်။

    ထိုရေခဲပြင်ကြီး ပြိုကွဲမှုမှာ အန္တာတိတ် ကျွန်းဆွယ်အတွင်း နွေးလာသည့် နွေရာသီများကြောင့်ဖြစ်ပြီး အဆိုပါနွေရာသီက ကမ္ဘာ့မြောက်ဘက်ခြမ်းရှိ ဆောင်းတွင်းလများတွင် နေရာယူလာခဲ့သည်။ Larsen B ရေခဲပြင်ကြီး၏ ပမာဏမှာ ၁၉၉၅ ခုနှစ်က ၄၄၄၅ စကွဲယားမိုင် ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ၆၁၈ စကွဲယားမိုင်သာ ရှိတော့သည်။

    Ref: CNN

  • ဘာစီလိုနာ လာလီဂါ ချန်ပီယံဖြစ်ပြီ

    ဘာစီလိုနာ လာလီဂါ ချန်ပီယံဖြစ်ပြီ

    မေ ၁၈၊ ၂၀၁၅
    M-Media

    barca

    – ယမန်နေ့က ကစားခဲ့သည့် အက်သလက်တီကိုမက်ဒရစ်နှင့်ပွဲတွင် အနိုင်ရခဲ့သော ဘာစီလိုနာမှာ နောက်ဆုံး ၇ ရာသီတွင် ၅ ကြိမ်မြောက် လာလီဂါချန်ပီယံ ဖြစ်ခဲ့ပြီဖြစ်သည်။

    အက်သလက်တီကို၏ကွင်းတွင် ကစားခဲ့သည့် အဆိုပါပွဲတွင် ဘာကာမှာ အသေအချာ အာရုံစိုက်ကစားခဲ့ပြီး မက်ဆီ၏ ဒုတိယပိုင်း သွင်းဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ကာ ကစားရန် တစ်ပွဲကျန်နေသေးသော်လည်း ဒုတိယနေရာမှ ရီးယဲလ်ကို ၄ မှတ် ဖြတ်ထားနိုင်သောကြောင့် ချန်ပီယံဖြစ်ခဲ့ခြင်း ဖြစ်သည်။

    အက်သလက်တီကိုမှာ ပြီးခဲ့သည့်နှစ်က ရာသီနောက်ဆုံးပွဲတွင် ဘာစီလိုနာ၏ နျူးကမ့်၌ ဘာကာအား သရေကစားကာ လာလီဂါဖလားကို ကိုင်မြှောက်ခွင့်ရခဲ့ပြီး ဘာကာက အက်သလက်တီကို အိမ်ကွင်းတွင် ပြန်လည် လက်စားချေနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

    “ဒီနှစ်မှာ ကျွန်တော်တို့ဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိခဲ့တယ်။ ပထမဆုံးဖလားတော့ ပြီးသွားပါပြီ။ ကျွန်တော်တို့ အောင်ပွဲခံရပါမယ်။ ဘာ့ကြောင့်လည်းဆိုတော့ အသင်းအားလုံးနဲ့ကစားရပြီး တစ်သမတ်တည်းဖြစ်ရတာကြောင့် ဒါဟာ ရရှိဖို့ အခက်အခဲဆုံး ပြိုင်ပွဲတစ်ခုပါ” ဟု ဘာကာအသင်း၏ ကွင်းလယ်ဖန်တီးရှင် ဘက်စကွက်က ပြောကြားခဲ့သည်။

    ဘာကာမှာ မေလ ၃၀ ရက်နေ့တွက် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲအဖြစ် ဘီဘာအိုအသင်းနှင့် ကစားရမည်ဖြစ်ပြီး မေလ ၆ ရက်နေ့တွင် ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ဂျူဗင်တပ်စ်အသင်းနှင့် ကစားရမည်ဖြစ်ကာ ဖလား ၃ လုံးအိပ်မက် မျှော်လင့်ချက်ရှိနေသည်။

    Ref: Dailymail

  • ဟဂ်ျ၊ အွမ္မရာ ခရီးစဉ်အတွက် ထိုင်းတောင်ပိုင်းမှ မက္ကာသို့ တိုက်ရိုက်လေကြောင်းလိုင်း ဖွင့်လှစ်

    ဟဂ်ျ၊ အွမ္မရာ ခရီးစဉ်အတွက် ထိုင်းတောင်ပိုင်းမှ မက္ကာသို့ တိုက်ရိုက်လေကြောင်းလိုင်း ဖွင့်လှစ်

    မေ ၁၈၊ ၂၀၁၅
    M-Media

    thai

    – နိုင်ငံတောင်ပိုင်းမှ ထောင်ပေါင်းများစွာသော ထိုင်းမွတ်စလင်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် အနေဖြင့် ဆော်ဒီအာရေဗျရှိ မက္ကာဟ်မြို့သို့ ဟဂ်ျ ခရီးစဉ်များ အတွက် တိုက်ရိုက်လေကြောင်းလိုင်းကို ထိုင်းတောင်ပိုင်းမှ စတင်ပြေးဆွဲနေပြီဟု သိရသည်။

    “နှစ်တိုင်းနှစ်တိုင်း တောင်ပိုင်း နယ်စပ်ပြည်နယ်တွေက ပြည်သူတွေဟာ ဟဂ်ျ ဒါမှမဟုတ် အွမ္မရာ ခရီးစဉ်တွေ အတွက် ဆော်ဒီအာရေဗျကိုသွားဖို့ ဘန်ကောက်ကို သွားပြီး လေယာဉ်စီးရတာဟာ ပိုပိုများလာပါတယ်။ ဒါ့ကြောင့် နရာသီဝပ်ကနေ ဂျစ်ဒါကို တိုက်ရိုက် ပျံသန်းနိုင်မယ့် အခွင့်အရေးတစ်ခု သူတို့ကို ကျွန်တော်တို့ ပေးရမယ်လို့ ထင်ပါတယ်” ဟု အဆိုပါ ခရီးစဉ်သစ်ကို ပျံသန်းမည့် လေကြောင်း ကုမ္ပဏီကို တည်ထောင်ခဲ့သူ အမှုဆောင် ၆ ဦးထဲမှ ၁ ဦးဖြစ်သော ဂျေးခန်းက မေလ ၁၅ ရက်နေ့တွင် BenarNews သို့ ပြောကြားခဲ့သည်။

    Fatonee ကြောင်းလိုင်းဟု အမည်ပေးထားသည့် အဆိုပါ လေကြောင်းလိုင်းကို ပတ္တာနီပြည်နယ်တွင် အခြေစိုက်ပြီး စီမံခန်ခွဲရေးရုံးကို အနားရှိ နရာသီ ၀ပ်ပြည်နယ် နိုင်ငံတကာလေဆိပ်တွင် ထားရှိမည်ဖြစ်သည်။

    ယခင်က ဆော်ဒီသို့ သွားရောက်မည့်သူများမှာ မြို့တော်ဘန်ကောက်ကို သွားခဲ့ကြရပြီး ယခုတွင်မူ မွတ်စလင်များမှာ ၎င်းတို့၏ ဟဂ်ျနှင့် အွမ္မာခရီးစဉ်ကို နိုင်ငံတောင်ပိုင်းမှနေ၍ တိုက်ရိုက် သွားရောက်နိုင်ပြီဖြစ်သည်။

    အဆိုပါ ခရီးစဉ်ကို ဂျစ်ဒါ-ဘန်ကောက်-နရာသီဝပ်-ဂျကာတာ လမ်းကြောင်း အတိုင်း ပြေးဆွဲသွားမည့်အပြင် ထိုလေကြောင်း လိုင်းမှာ တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့ကိုလည်း ပျံသန်းပြေးဆွဲသွားမည် ဖြစ်သည်။

    “မကြာမီ သက်ရောက်မှုတွေ ရှိလာတော့မယ့် အာဆီယံ စီးပွားရေး အသိုက်ဝန်း စည်းမျဉ်းတွေနဲ့အတူ ကွာလာလမ်ပူကို တကူးတကသွားနေရတဲ့ (မလေးရှားက) ကလန်တန်းလို အိမ်နီးချင်းပြည်နယ်တွေကနေ ဂျစ်ဒါကိုသွားချင်တဲ့ မလေးရှားနိုင်ငံသားတွေကို ဆွဲဆောင်ဖို့လည်း အသေအချာ ဆောင်ရွက်သွားမှာပါ” ဟု Fatonee လေကြောင်းမှ အမှုဆောင် ပွန်ချိုင်း ပီတွန်ခမ်က ပြောကြားခဲ့သည်။

    Fatonee ဟူသောအမည်မှာ ထိုင်းတောင်ပိုင်းဒေသကို ရည်ညွှန်းရာတွင် မလေးစကားပြောသူများ သုံးစွဲသည့် မလေးစကားလုံးဖြစ်သည်။ အဆိုပါ ထိုင်းတောင်ပိုင်းဒေသမှာ ၁၉၀၀ ပြည့်နှစ် အစောပိုင်းက ထိုင်းနိုင်ငံမှ သိမ်းပိုက်ခြင်းမပြုခင် ပတ္တာနီဒေသဟု သိခဲ့ကြသည်။

    “Fatonee ဆိုတဲ့နာမည်ကို ရွေးချယ်ခဲ့တာက အာဆီယံမှာရှိတဲ့ အခြား မလေးစကားပြော ပြည်သူတွေ ကျွန်တော်တို့ဒေသကို ဒီနာမည်နဲ့ သိတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီဒေသဟာ သမိုင်းမှာ ပညာရေး အဓိက အချက်အချာကျတဲ့ နေရာအဖြစ်လည်း သူတို့ သိကြပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် သမိုင်းဆိုင်ရာ ကိစ္စပါ။ ဒါဟာ အရေးကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒေသအတွင်းက မလေးလူမျိုးတွေဟာ မျှော်လင့်ချက် မရှိတဲ့ အပြုအမူမျိုး ရှိနေပါတယ်။ သူတို့က ဒါဟာ မဖြစ်နိုင်ဘူးလို့ ထင်ကြတယ်။ ဒါပေမယ့် ဒီအိပ်မက်ကို အကောင်အထည်ပေါ်လာအောင် ကျွန်တော်တို့ ဆောင်ရွက်နိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် အပြုသဘောဆောင်တဲ့ အလှည့်အပြောင်း ဖြစ်လာစေနိုင်ပါတယ်” ဟု အဆိုပါ လေကြောင်းလိုင်း၏ ဥက္ကဌဖြစ်သူ အစ္စမာအီက ပြောကြားခဲ့သည်။

    ထိုင်းတောင်ပိုင်းလူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ အစ္စလာမ်ကို သက်ဝင်ယုံကြသူများဖြစ်ပြီး ပတ္တာနီ၊ ယာလာနှင့် နရာသီဝပ်ပြည်နယ်များမှာ ထိုင်နိုင်ငံတွင် မွတ်စလင် အများစုရှိရာ ဒေသများ ဖြစ်ကြသည်။

    Ref: Onislam

    http://wp.me/p2QCYJ-aFN