News @ M-Media

Blog

  • နိုင်ငံတကာသတင်းတို (မေ ၁၆၊ ၂၀၁၅)

    နိုင်ငံတကာသတင်းတို (မေ ၁၆၊ ၂၀၁၅)

    မေ ၁၆၊ ၂၀၁၅
    M-Media

    မော်စီသေဒဏ်ကို အာဒိုဂန်ဝေဖန်
    ——————————————
    စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် မွတ်စလင်ညီအကိုများအဖွဲ့မှ သမ္မတဟောင်း မော်စီကို အီဂျစ်တရားရုံးမှ ယနေ့တွင် သေဒဏ်ချမှတ်မှုအတွက် တူရကီသမ္မတ တိုင်ယစ်ပ် အာဒိုဂန်က ဝေဖန်လိုက်ပြီး ထိုသေဒဏ်ကို တားဆီးခြင်းမရှိသည့် အနောက်နိုင်ငံများကိုလည်း သရဲဘောကြောင်သည့် နိုင်ငံများဟု စွပ်စွဲခဲ့သည်။ မော်စီမှာ အီဂျစ်နိုင်ငံသမိုင်းတွင် ပထမဆုံး လူထုဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည့် သမ္မတဖြစ်ပြီး ၎င်း၏ လက်ထက် မငြိမ်သက်မှုများကို အခွင့်ကောင်းယူ၍ စစ်တပ်က ဖြုတ်ချခဲ့ခြင်းဖြစ်သည်။
    .
    ရာမာဒီအား IS လက်မှပြန်သိမ်းရန် အီရတ်စစ်တပ် ကြိုးပမ်း
    —————————————————————————
    ISIL အဖွဲ့က ယမန်နေ့တွင် သိမ်းပိုက်ခဲ့သည့် ရာမာဒီမြို့ကို ပြန်လည်သိမ်းယူရေးအတွက် စစ်ကူများကို စေလွှတ်လိုက်ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များကလည်း ယမန်နေ့ည နှောင်းပိုင်းကတည်းက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု အီရတ် စစ်တပ်မှ ယနေ့တွင် ကြေညာလိုက်သည်။ အန်ဘာရ်ပြည်နယ် မြို့တော်ဖြစ်သော ရာမာဒီတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လာမည့်နာရီများတွင် ISIL အဖွဲ့အား မောင်းထုတ်နိုင်မည်ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဆအဒ်မူအန် အီဘရာဟင်က ပြောကြားခဲ့သည်။

    ဒုက္ခသည်လှေတစ်စင်းကို ထိုင်းရေတပ် ပင်လယ်ပြန်ပို့
    —————————————————————-
    လူကုန်ကူးသမားများက စွန့်ပစ်သွားခဲ့သည်ဟု ယူဆရပြီး ရွှေ့ပြောင်းအခြေချသူများ တင်ဆောင်လာသော စက်လှေတစ်စင်းကို ထိုင်းရေတပ်က အက်ဒမန် ပင်လယ်အတွင်းရှိ နိုင်ငံတောင်ပိုင်းရှိ ကျွန်းစုမှ ယနေ့တွင် အင်ဒိုနီးရှားသို့သွားရာ ပင်လယ်ပြင်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

    Ref: News Agencies

    http://wp.me/p2QCYJ-aEU

  • ဒေသတွင်း ဖိနှိပ်ခံပြည်သူများကို ကာကွယ်သွားမည်ဟု အီရန်အဓိပတိပြော

    ဒေသတွင်း ဖိနှိပ်ခံပြည်သူများကို ကာကွယ်သွားမည်ဟု အီရန်အဓိပတိပြော

    မေ ၁၆၊ ၂၀၁၅
    M-Media

    – ဒေသအတွင်း ဖိနှိပ်ချုပ်ချယ်ခံနေရသူများကို အီရန်က တတ်နိုင်သလောက် ကူညီသွားမည်ဟု အီရန်နိုင်ငံ၏ အဓိပတိ အယာတိုလာ အလီ ခါမေနီက ပြောကြားလိုက်သည်။

    “ယီမင်၊ ဘာရိန်းနဲ့ ပါလက်စတိုင်းတွေဟာ ဖိနှိပ်ချုပ်ချယ် ခံနေရပါတယ်။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သလောက် အဖိအနှိပ်ခံပြည်သူတွေကို ကာကွယ်သွားပါမယ်” ဟု အီရန်ခေါင်းဆောင်များနှင့် အစ္စလာမ်ကမ္ဘာမှ သံတမန်များကို ပြောကြားသော မိန့်ခွန်းတွင် ခါမေနီက ပြောကြားခဲ့ကြောင်း အီရန် နိုင်ငံပိုင်သတင်းဌာနက IRNA က ဖော်ပြခဲ့သည်။

    ၎င်း၏ ထိုမှတ်ချက်မှာ လုံခြုံရေးပြဿနာများကို ဖြေရှင်းရန် ကြာသာပတေးနေ့က အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် တွေ့ဆုံခဲ့သည့် ပင်လယ်ကွေ့အာရပ်နိုင်ငံခေါင်းဆောင်များကို ရည်ညွှန်းခြင်းလည်း ဖြစ်နိုင်သည်။

    အီရန်နှင့် ဆော်ဒီအာရေဗျတို့အကြားရှိ မြင့်တက်လာသည့် တင်းမာသော မကျေလည်မှုက ဒေသတွင်း ပဋိပက္ခများတွင် ဂိုဏ်းဂဏပုံစံမျိုး ဖြစ်လာခဲ့ပြီး အထူးသဖြင့် ဆော်ဒီဦးဆောင်သည့် အာရပ်မဟာမိတ်နိုင်ငံများက အီရန်၏ မဟာမိတ်ဖြစ်သော ဟူသီသူပုန်များကို ယီမင်တွင် လေကြောင်းမှ တိုက်ခိုက်မှုများ ဆောင်ရွက်နေခြင်းဖြစ်သည်။

    အဆိုပါ လိပ်ခဲတည်းလည်းဖြစ်နေမှုက အဓိက ရေနံတင်ပို့ရာ လမ်းကြောင်းဖြစ်သော ပင်လယ်ကွေ့တွင် နေနံတင်သင်္ဘောများ ဖြတ်သန်းသွာလာမှုအတွက်လည်း စိုးရိမ်မှုများကို မြင့်တက်လာစေသည်။ ပြီးခဲ့သည့်လအတွင်း အီရန်တပ်ဖွဲ့ဝင်များမှာ ဥပေဒဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် ကုန်သွယ်ရေးသင်္ဘော ၂ စီးကို ဖမ်းဆီးရန် ကြိုးစားခဲ့သည်။

    “ပါရှန်းပင်လယ်ကွေ့က လုံခြုံရေးဟာ လူတိုင်းရဲ့ အကျိုးစီးပွား ဖြစ်ပါတယ်။ တကယ်လို့ ဒီပင်လယ်ကွေ့ မလုံခြုံလို့ရှိရင် အားလုံးအတွက် လုံခြုံမှုရှိမှာ မဟုတ်ပါဘူး” ဟု ခါမေနီက ထပ်လောင်းပြောကြားခဲ့သည်။

    အလီခါမေနီမှာ အမေရိကန် ကျောက်ထောက်နောက်ခံပြုထားသည့် အာဏာရှင် ရှားဘုရင်ကို ဖြုတ်ချခဲ့ပြီး သမ္မတနိုင်ငံထူထောင်ရေး အဓိကနေရာမှ ပါဝင်ခဲ့သည့် ၁၉၇၉ အီရန် အစ္စလာမ့်မစ်တော်လှန်ရေးခေါင်းဆောင် အီရန်နိုင်ငံ၏ အဓိပတိ ရူဟွလ္လာဟ်ခိုမေနီ၏ နေရာကို ဆက်ခံခဲ့သူလည်း ဖြစ်သည်။

    ရူဟွလ္လာဟ်ခိုမေနီမှာ အီရန်နိုင်ငံအား အမှီအခိုကင်း၍ ငြိမ်းချမ်းပြီး မိမိခြေထောက်ပေါ် ရပ်တည်နိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာအောင် ဦးဆောင်လမ်းပြပေးနိုင်ခဲ့သူ ဖြစ်သည်။

    Ref: Reuters

  • ရော်နယ်ဒိုကိုအားကျသော်လည်း ပုံတူကူးမည်မဟုတ်ဟု ဒီပေးပြော

    ရော်နယ်ဒိုကိုအားကျသော်လည်း ပုံတူကူးမည်မဟုတ်ဟု ဒီပေးပြော

    မေ ၁၆၊ ၂၀၁၅
    M-Media

    depay

    – မိမိအနေဖြင့် ခရစ္စတီယာနိုရော်နယ်ဒို၏ ဖရီးကစ်စွမ်းရည်ကို လေးစားအားကျမိသော်လည်း မန်ယူသို့ရောက်လာပါက ရော်နယ်ဒို၏ကစားပုံအား ပုံတူကူးသွားမည်မဟုတ်ဟု နယ်သာလန်တိုက်စစ်မှူး ဒီပေးက ပြောကြားလိုက်သည်။

    ရော်နယ်ဒိုနှင့် နှိုင်းယှဉ်ပြောဆိုကြပြီး ဖရီးကစ် စပါယ်ရှယ်လစ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခြင်းခံထားရသူ ဒီပေးအား ခေါ်ယူရန် မန်ယူမှာ ပီအက်စ်ဗီအသင်းနှင့် ယခုတစ်ပတ်အတွင်း သဘောတူညီချက် ရရှိခဲ့သည်။

    ဒီပေးကလည်း မိမိမှာ ရော်နယ်ဒိုအား လေးစားအားကျသော်လည်း ၎င်း၏ကစားပုံကို လိုက်တုမည်မဟုတ်ဘဲ မိမိ၏ သွင်းဂိုးစာရင်းတွင် ဂိုးများရေးထက် အသင်းအောင်နိုင်ရေးကိုသာလျှင် ပိုမိုအာရုံစိုက်သွားမည်ဟု ပြောကြားခဲ့သည်။

    “ရိုးရိုးသားသားပဲ ပြောပါရစေ။ ရော်နယ်ဒိုရဲ့ ဖရီးကစ်တွေကို လူတိုင်း မကြည့်ကြဘူးလား? ကျွန်တော်ကတော့ သူ့ရဲ့ နည်းစနစ်ကို တော်တော်များများ ကြည့်ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့်ကိုယ်ပိုင်နည်းလမ်းနဲ့ ကန်သွားမှာပါ။ ကျွန်တော့်မှာ ကိုယ်ပိုင်စတိုင်ရှိပြီး သူနဲ့တူဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့အလုပ်ကတော့ ပွဲတွေနိုင်ဖို့ပါ။ နိုင်ဖို့ဆိုရင် ဂိုးသွင်းရမယ်။ ဒီဂိုးသွင်းမှုကို မကြာမကြာလုပ်နိုင်ပြီဆိုရင် ကျွန်တော့်အလုပ် ပြီးပါပြီ” ဟု ဒီပေးက De Telegraaf သို့ ပြောကြားခဲ့သည်။

    ဗန်ဂါးလ်ကမူ ဒီပေးအား ခေါ်ယူခြင်းကို မက်ဆီနှင့်နှိုင်းယှဉ်ခဲ့ပြီး ဒီပေးမှာ ဂိုးသွင်းကောင်းသည့် တောင်ပံကစားသမားဖြစ်သည်ဟု ကင်ပွန်းတပ်ခဲ့သည်။ သို့သော်လည်း အသက် ၂၁ နှစ်အရွယ် ဒီပေးကမူ အသင်းတွင် မည်သည့်နေရာ၌ ချထားမည်ဆိုခြင်းနှင့် ပတ်သက်၍ သိပ်ဂရုမထားဟု ပြောကြားခဲ့သည်။

    “ဒါက ကျွန်တော့်အတွက် ကိစ္စမရှိပါဘူး။ ကျွန်တော် ဘယ်ဘက်ကနေ ကစားနိုင်တယ်။ ညာဘက်ကနေလည်း ကစားနိုင်တယ်။ ဒါမှမဟုတ် အလယ်ကနေလည်း တိုက်စစ်ကစားနိုင်ပါတယ်။ (ပီအက်စ်ဗီနည်းပြ) ဖိလစ် ကိုကူးက ကျွန်တော့်ကို လွတ်လွတ်လပ်လပ် ပေးကစားပါတယ်။ ဒါက အလုပ်ကောင်းကောင်းဖြစ်ပါတယ်”

    Ref: Goal

  • ဘူရန်ဒီစစ်တပ် ဒဏ်ရာရနေသည့် ဆန္ဒပြသူများကို ဆေးရုံထဲထိ ၀င်ရောက်ပစ်သတ်

    ဘူရန်ဒီစစ်တပ် ဒဏ်ရာရနေသည့် ဆန္ဒပြသူများကို ဆေးရုံထဲထိ ၀င်ရောက်ပစ်သတ်

    မေ ၁၆၊ ၂၀၁၅
    M-Media

    birandi

    – စစ်တပ်က အာဏာသိမ်းသည်ဟု ကြေညာပြီးနောက် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများတွင် ဒဏ်ရာရှိ၍ ဆေးရုံတက်နေရသူများအား ဘူရန်ဒီ ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေ ပစ်ခတ်သတ်ဖြတ်သွားသည်ဟု ဆရာဝန်တစ်ဦးက ပြောကြားလိုက်သည်။

    မြို့တော် ဘူဂျမ်ဘူရာရှိ ဘူမီရက်ဆေးရုံမှ ဒေါက်တာ အန်တိုနီက ပြောကြားခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ ၀င်ရောက်ပစ်ခတ်မှုတွင် အချို့လူနာများမှာ ဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    အခြေခံဥပဒေနှင့်ဆန့်ကျင်ကာ သမ္မတအဖြစ် တတိယမြောက်သက်တမ်း တာဝန်ထမ်းဆောင်ရန် ကြိုးစားနေသည့် သမ္မတ ပီယာရီ အန်ကူရန်ဇီဇာ တန်ဇန်းနီးယားသို့ ရောက်ရှိနေချိန်တွင် ဘူရန်ဒီစစ်တပ်အကြီးအကဲက ၎င်းမှာ သမ္မတအား ဖြုတ်ချလိုက်ပြီဟု ကြေညာခဲ့သည်။

    သို့သော်လည်း အဆိုပါ အာဏာသိမ်းမှုမှာ မအောင်မြင်ခဲ့ဘဲ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကာ ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့သည်။ သမ္မတ အန်ကူရန်ဇီဇာမှာ ယမန်နေ့က နိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။

    “ကျွန်တော်တို့ လူနာသုံးယောက် လက်ခံခဲ့ပြီး သူတို့က အရေးပေါ်အခန်းထဲမှာ ရှိနေပါတယ်။ အဲဒီနောက်မှာ ရဲတစ်ဖွဲ့က ဒီကိုရောက်လာပြီး မြင်မြင်ရာ ပစ်တော့တာပါပဲ” ဟု အန်တိုနီက ပြောကြားခဲ့သည်။

    Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် ၎င်းက လူနာအချို့သေဆုံးခဲ့ပြီး လူတစ်ယောက်လည်း အသတ်ခံခဲ့ရကာ အခြားသူများမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဘူရန်ဒီရှိ ဆေးရုံများမှာ မည်သည့်အခြေအနေမျိုးတွင်မှ တိုက်ခိုက်ခံရခြင်း မရှိဘဲ ယခုအဖြစ်အပျက်က မိမိအား တုန်လှုပ်စေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဒီဂီယာနေရာအတွက် အစားထိုးရန် အဆင်သင့်ဟု ဗန်ဂါးလ်ဆို

    ဒီဂီယာနေရာအတွက် အစားထိုးရန် အဆင်သင့်ဟု ဗန်ဂါးလ်ဆို

    မေ ၁၆၊ ၂၀၁၅
    M-Media

    degea

    – အသင်းမှထွက်ခွာဖွယ်ရှိနေသည့် ဂိုးသမား ဒီဂီယာနေရာအတွက် အစားထိုးရန် ဂိုးသမားကို ရွေးချယ်ပြီးဖြစ်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ၀န်ခံပြောကြားလိုက်သည်။

    ၂၀၁၁ ခုနှစ်က အက်သလက်တီကိုမှ ပြောင်းရွှေ့လာသည့် ဒီဂီယာမှာ မန်ယူတွင် သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပြီး စပိန်မီဒီယာများကလည်း ဒီဂီယာနှင့် ရီးယဲလ်မက်ဒရစ်တို့မှာ အပြောင်းအရွှေ့ အချက်အလက်များအတွက် သဘောတူညီခဲ့ပြီဟု ဖော်ပြခဲ့သည်။

    ဒီဂီယာမှာ မန်ယူတွင်ပြသခဲ့သော လက်စွမ်းကြောင့် PFA ၏ တစ်နှစ်တာ အကောင်းဆုံး ဂိုးသမားဆု ရရှိခဲ့သူဖြစ်ပြီး ဗန်ဂါးလ်က အသင်း၌ ဆက်ရှိနေစေချင်ကာ မန်ယူကလည်း စောစောပိုင်းတွင် လုပ်ခလစာ အမြောက်အများဖြင့် စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း အသင်း၌ ဆက်မရှိနေပါက ၎င်း၏နေရာတွင် အစားထိုးရန် အဆင်သင့်ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ သူ့ကို စာချုပ်ချုပ်ချင်ပါတယ်။ ဒါပေမယ့် သူက မန်ယူမှာ ဆက်နေချင်ဖို့တော့ လိုပါတယ်။ သူ ဘာ့ကြောင့် ဆုံးဖြတ်ချက်မချသေးတာလဲ ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ နောက်ဂိုးသမားက ဘယ်သူဖြစ်ရမယ်ဆိုတာလည်း ကျွန်တော်တို့ သိပြီးပါပြီ။ သူ့နေရာကို အစားထိုးနိုင်တဲ့ ဂိုးသမားစာရင်း ကျွန်တော်တို့မှာ ရှိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အဲဒီနေရာအတွက်သာမက အသင်းက နေရာတိုင်းအတွက် စနစ်တကျ ရှိနေတာကြောင့်ပါပဲ။ သူ့ကို ကျွန်တော်တို့ နေစေချင်တယ်။ ဒ့ါကြောင့် သူ လက်မှတ်ထိုးမယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    စပိန်မီဒီယာများ၏ ဖော်ပြမှုတွင် ဒီဂီယာမှာ တစ်နှစ်လုပ်ခ ပေါင် ၃.၆ သန်းဖြင့် ရီးယဲလ်နှင့် သဘောတူခဲ့ခြင်းဖြစ်ပြီး စပိန်အားကစားသတင်းစာ မာကာက ရီးယဲလ်နှင့် ဒီဂီယာတို့မှာ လွန်ခဲ့သည့်လများကတည်းက အပြောင်းအရွှေ့အတွက် သဘောတူခဲ့ကြသည်ဟု ဖော်ပြခဲ့သည်။

    Ref: Goal