မေ ၂၀၊ ၂၀၁၅
M-Media
– ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ အကြိမ်ကြိမ်အခါခါ ပင်လယ်ထဲပြန်ပို့ခဲ့သောကြောင့် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် မာလကာရေလက်ကြားသို့ ရောက်သွားခဲ့သော စက်လှေမှ ဒုက္ခသည် ၄၀၀ ခန့်ကို အင်ဒိုနီးရှား ငါးဖမ်းသမားက ကယ်တင်လိုက်သည်ဟု သိရသည်။
ယနေ့နံနက် ဒေသစံတော်ချိန် ၂ နာရီခန့်က ကယ်တင်လိုက်ခြင်းဖြစ်ပြီး အဆိုပါ ဒုက္ခသည်များတွင် အမျိုးသမီးများနှင့် ကလေးများလည်း ပါဝင်ကာ အာချေးအရှေ့ပိုင်းခရိုင်ရှိ ဆင်းပန်း တီဂါ ရွာသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ရှာဖွေကယ်ဆယ်ရေး တာဝန်ရှိသူ ခိုင်ရွလ် နိုဗာက ပြောကြားခဲ့သည်။
မျက်မြင်သက်သေများက ပြောကြားရာတွင် အဆိုပါ ဒုက္ခသည်များမှာ ကမ်းသို့ ခေါ်ဆောင်လာသည့်အချိန်၌ မျက်ရည်များကျနေကြပြီး၊ အများစုမှာ အားနည်းနေကာ နေမကောင်းဖြစ်နေသည်ဟု ဆိုသည်။
ဒုက္ခသည်များကမူ ၎င်းတို့၏ စက်လှေကို ထိုင်းရေတပ်က ၃ ကြိမ် ပင်လယ်ထဲသို့ ပြန်ပို့ခဲ့ပြီး မလေးရှားအာဏာပိုင်များက ၂ ကြိမ်ပြန်ပို့ခဲ့သည်ဟု ပြေကြားခဲ့သည်။
အာချေးပြည်နယ်ရှိ အင်ဒိုနီးရှားငါးဖမ်းသမားများမှာ ပြီးခဲ့သည့် သီတင်းပတ်ကလည်း ဒုက္ခသည်လှေတစ်စင်းကို ကယ်တင်ခဲ့ပြီး အာချေးပြည်နယ်သို့ ရောက်ရှိနေသည့် လှေစီးဒုက္ခသည်အရေအတွက်မှာ ၁၅၀၀ ခန့် ရှိပြီဖြစ်သည်။
အဆိုပါ လှေစီးဒုက္ခသည်များမှာ မြန်မာနိုင်ငံတွင် ငြှင်းပမ်းနှိပ်စက်မှုကြောင့် ထွက်ပြေးလာကြသည့် ရိုဟင်ဂျာများနှင့် ဆင်းရဲမွဲတေမှုကြောင့် ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာကြသူများဖြစ်သည်။
အဆိုပါ လှေစီးဒုက္ခသည်များအား ကယ်တင်မှုမပြုသည့်အတွက် ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့မှာ နိုင်ငံတကာ၏ ဖိအားပေးခြင်းကို ခံခဲ့ရပြီး ယနေ့တွင် ထို ၃ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများမှာ မလေးရှားတွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
ရိုဟင်ဂျာလှေစီးဒုက္ခသည်များ မြင့်တက်လာသည့်အတွက် အပြစ်တင်ခံနေရသည့် မြန်မာနိုင်ငံကမူ စောစောပိုင်းက ထိုအရေးမှာ မှောင်ခိုလူကုန်ကူးသူများ၏ ပြဿနာဟု ပြောကြားခဲ့သော်လည်း နောင်ပိုင်းတွင် မိမိတို့နိုင်ငံသားဖြစ်သည်ဟု အထောက်အထားပြနိုင်ပါက
ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း၊ ပယ်လယ်ထဲ ဒုက္ခရောက်နေသည့် မည်သူ့ကိုမဆို လူသားချင်းစားနာထောက်ထားသည့် အကူအညီများ ပေးသွားမည်ဟု ပြန်လည် ပြောကြားခဲ့သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.