News @ M-Media

Blog

  • ဒီမိုကရေစီလမ်းကြောင်းဆီ ချီတက်မည်ဟု စစ်တပ်ထံမှ အာဏာပြန်ရသည့် ဆူဒန်ဝန်ကြီးချုပ်ပြော

    ဒီမိုကရေစီလမ်းကြောင်းဆီ ချီတက်မည်ဟု စစ်တပ်ထံမှ အာဏာပြန်ရသည့် ဆူဒန်ဝန်ကြီးချုပ်ပြော

    နိုဝင်ဘာ ၂၂၊ ၂၀၂၁
    M-Media

    ဆူဒန်ဝန်ကြီးချုပ် အဘ်ဒူလာ ဟမ်ဒေါ့

    -နယ်ပယ်စုံက တတ်သိပညာရှင်တွေ၊ ပရော်ဖက်ရှင်နယ်တွေနဲ့ အစိုးရတစ်ရပ်ဖွဲ့ကာ ဒီမိုကရေစီလမ်းကြောင်းကို ချီတက်မယ်လို့ စစ်တပ်လက်ထဲကနေ အာဏာပြန်ရခဲ့တဲ့ ဆူဒန်ဝန်ကြီးချုပ် အဘ်ဒူလာ ဟမ်ဒေါ့က ပြောပါတယ်။

    ဟမ်ဒေါ့ဟာ အောက်တိုဘာ ၂၅ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ် အဘ်ဒဲလ် ဖာတာ ဘူရ်ဟန်ရဲ့ အာဏာသိမ်း ဖြုတ်ချမှုကို ခံခဲ့ရပြီး သူနဲ့ အစိုးရရာရှိတွေ နေအိမ်အကျယ်ချုပ်မှာ နေခဲ့ရတာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် ပြည်သူလူထုက ဆန္ဒပြခဲ့ပြီး စစ်တပ်က အကြမ်းဖက်ဖြိုခွင်းတာကြောင့် အနည်းဆုံး လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

    နိုင်ငံရေးအကျပ်အတည်း ပြေလည်ဖို့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် ဘူရဟန်၊ ဟမ်ဒေါ့နဲ့ နိုင်ငံရေးနယ်ပယ်ကသူတွေ၊ အခြားတတ်သိပညာရှင်တွေ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီးတဲ့နောက် မနေ့က အချက် ၁၄ ချက်ပါ သဘောတူညီချက်တစ်ခုကို ရခဲ့ပါတယ်။

    သဘောတူညီချက်အရ ဟမ်ဒေါ့က ဝန်ကြီးချုပ်တာဝန်ပြန်ယူကာ တတ်သိပညာရှင်တွေနဲ့ အစိုးရဖွဲ့ရမှာဖြစ်ပြီး ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေအားလုံးကို စစ်ခေါင်းဆောင်က ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။ ဟမ်ဒေါ့ဟာ အာဏာဘယ်လောက်ပမာဏအထိ ရယူကျင့်သုံးနိုင်မလဲဆိုတာ တိတိကျကျ မသိရပါဘူး။

    သူဖွဲ့စည်းမယ့်အစိုးရဟာ ၂၀၁၉ ခုနှစ် အခြေခံဥပ​ဒေဆိုင်ရာ ပဋိဉာဏ်ကို အခြေခံကာ အခြေခံဥပဒေရေးဆွဲရေး၊ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ရွေးကောက်ပွဲကျင်းပကာ ဒီမိုကရေစီလမ်းကြောင်းဆီ ချီတက်ရေး အာရုံစိုက်လုပ်ဆောင်သွားမယ်လို့ ဟမ်ဒေါ့က ပြောပါတယ်။

    ဟမ်ဒေါ့ဖွဲ့စည်းတဲ့ အစိုးရကို စစ်ခေါင်းဆောင် ဘူရ်ဟန်က အကြီးအကဲအဖြစ်တာဝန်ယူထားတဲ့ နိုင်ငံတော်ကောင်စီက အတည်ပြုပေးရမှာဖြစ်ပါတယ်။ ၃ ပတ်ကြာ စစ်အာဏာသိမ်းမှုအတွင်း ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယိုမှုတွေအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်သွားမယ်လို့လည်း ဟမ်ဒေါ့က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဟမ်ဒေါ့နဲ့ ဘူရ်ဟန်တို့အကြား ရရှိတဲ့ သဘောတူညီချက်ကို ဆန့်ကျင်ရှုတ်ချခဲ့ကြပါတယ်။

    Ref: Aljazeera

  • ထိုင်းက ပြန်ပို့သည့် အတိုက်အခံ နိုင်ငံရေးသမား ၃ ဦးကို ကမ္ဘောဒီယားက ထောင်ချ

    ထိုင်းက ပြန်ပို့သည့် အတိုက်အခံ နိုင်ငံရေးသမား ၃ ဦးကို ကမ္ဘောဒီယားက ထောင်ချ

    နိုဝင်ဘာ ၂၂၊ ၂၀၂၁
    M-Media

    -ထိုင်းနိုင်ငံက ပြန်ပို့လိုက်တဲ့ အတိုက်အခံ တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမား ၃ ဦးကို ကမ္ဘောဒီးယားအစိုးရက ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

    ဆူပူအောင်လှုံဆော်မှု၊ အကြည်အညိုပျက်စေမှုတွေနဲ့ တရားစွဲဆို ထောင်ချခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံကတော့ ဖိနှိပ်ခံရမယ့်အန္တရာယ်ရှိနေသူတွေကို ပြန်ပို့တဲ့အတွက် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။

    ဝန်ကြီးချုပ် ဟွန်ဆန်ဦးဆောင်တဲ့ ကမ္ဘောဒီးယားအစိုးရဟာ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲ မစတင်ခင်ကတည်း အတိုက်အခံ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတာ၊ နိုင်ငံရေးသမားတွေကို ဖမ်ဆီးနှိပ်ကွပ်တာတွေ လုပ်ဆောင်ခဲ့တာပါ။ ဒါ့ကြောင့် နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ နိုင်ငံအတွင်းမှာ ပုန်းအောင်နေရသလို၊ အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ပြေးရတာတွေ ရှိနေပါတယ်။

    အခု ထောင်ချခံရတဲ့ Veourn Veasna၊ Voeung Samnang နဲ့ Thavry Lanh တို့ဟာ ဟွန်ဆန်အစိုးရက ဖျက်သိမ်းထားတဲ့ အတိုက်အခံနိုင်ငံရေးပါတီက ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဒုက္ခသည်အဖြစ် ကုလသမဂ္ဂမှာ စာရင်းသွင်းပြီး ခိုလှုံနေသူတွေပါ။

    ကမ္ဘောဒီးယားရဲတပ်ဖွဲ့က သူတို့မှာ ဖမ်း၀ရမ်းရှိတဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီလူ ၃ ဦးဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့က လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို ချိုးဖောက်ထားသူတွေဖြစ်တယ်လို့ ပြောပါတယ်။ ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်က ထိုင်းသံရုံးကတော့ ဒီကိစ္စအတွက် မှတ်ချက်မပေးခဲ့ပါဘူး။

    လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ရဲ့ အာရှဆိုင်ရာအကြီးအကဲ ဖီလ် ရောဘတ်ဆန်က ထိုင်းနဲ့ ကမ္ဘောဒီးယားအာဏာပိုင်တွေရဲ့ ဒီဆောင်ရွက်မှုဟာ ဒုက္ခသည်တွေရဲ့ အခွင့်အရေး၊ သူတို့ကို ကာကွယ်ပေးရေး ဥပဒေတွေကို ချိုးဖောက်မှုဖြစ်တယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

    Ref: Bangkok Post

    #mmInternationalNews

  • နိုင်ငံငယ်များကို ဗိုလ်ကျမည်မဟုတ်ဟု တရုတ်က အာဆီယံမိန့်ခွန်းတွင် ထည့်ပြော

    နိုင်ငံငယ်များကို ဗိုလ်ကျမည်မဟုတ်ဟု တရုတ်က အာဆီယံမိန့်ခွန်းတွင် ထည့်ပြော

    နိုဝင်ဘာ ၂၂၊ ၂၀၂၁
    M-Media

    -ပတ်ဝန်းကျင်က နိုင်ငံငယ်တွေအပေါ် အနိုင်ကျင့်ဗိုလ်ကျမှာ မဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒီနေ့ပြုလုပ်တဲ့ တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

    အဖွင့်မိန့်ခွန်းမှာ ရှီက အခုအစည်းအဝေးဟာ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူဖြစ်စေလိမ့်မယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ မလေးရှားတို့နဲ့ တရုတ်တို့ဟာ တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှု ပြဿနာ ရှိနေတာပါ။ တရုတ်က တောင်တရုတ်ပင်လယ်ပြင်တစ်ခုလုံး သူတို့ရဲ့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားပြီး အငြင်းပွားနေတဲ့ နယ်နမိတ်တွေမှာ ကျွန်းတုတွေဆောက်တာ၊ စစ်စခန်းဆောက်တာလို နယ်မြေစိုးမိုးဖို့ ကြိုးစားမှုတွေ ရှိနေတဲ့အတွက် အာဆီယံနိုင်ငံတွေနဲ့ မကြာခဏဆိုသလို တင်းမာမှုတွေ ဖြစ်နေတာ ဖြစ်ပါတယ်။

    တောင်တရုတ်ပင်လယ်က သူတို့ပိုင်တဲ့ သန္တာကျောက်တန်းကို သွားတဲ့ သင်္ဘောတွေကို တရုတ်ကမ်းခြေစောင့် သင်္ဘောတွေက ရေပိုက်နဲ့ထိုးပြီး ပြန်လှည့်ခိုင်းတဲ့ လတ်တလောကိစ္စအတွက် ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ကြာသာပတေးနေ့မှာ တရုတ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ပါတယ်။

    ဒီကနေ့ အဖွင့်မိန့်ခွန်းမှာ ရှီက မိမိတို့ဟာ နိုင်ငံငယ်တွေအပေါ် ဗိုလ်ကျစိုးမိုးရေးဝါဒ ကျင့်သုံးမှာမဟုတ်ဘဲ၊ မိမိတို့ရဲ့ အင်းအားကြီးမားမှုကို အားပြုပြီး အနိုင်အထက်ပြုတာမျိုး လုပ်မှာမဟုတ်ကြောင်း၊ ‘ကြားဝင်စွက်ဖက်ရေးဝါဒ’ ပျက်သုဉ်းသွားအောင် အာဆီယံအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “တရုတ်ဟာ အာဆီယံအတွက် အိမ်နီးချင်းကောင်း၊ မိတ်ကောင်းဆွေကောင်းအဖြစ် အရင်ကရှိခဲ့ပြီး၊ အခုလည်းရှိနေသလို နောင်အမြဲတမ်း ဒီလိုပဲ ရှိသွားမှာပါ”

    Ref: Reuters

  • တရုတ်-အာဆီယံ ထိပ်သီးအစည်းအ၀ေးပွဲကို မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် တက်ခွင့်မရ

    တရုတ်-အာဆီယံ ထိပ်သီးအစည်းအ၀ေးပွဲကို မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် တက်ခွင့်မရ

    နို၀င်ဘာ ၂၂၊ ၂၀၂၁
    M-Media

    -တရုတ်-အာဆီယံ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအ၀ေးကို ဒီကနေ့ စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခွင့် မရပါဘူး။

    အွန်လိုင်းကပြုလုပ်တဲ့ ဒီထိပ်သီးအစည်း၀ေးကို မြန်မာစစ်ခေါင်းဆောင်တက်ရောက်ဖို့ တရုတ်ဖက်က ကြိုးပမ်းခဲ့ပေမယ့် အာဆီယံနိုင်ငံတွေက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

    မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက အစည်းအ၀ေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ခွင့်မပေးဖို့ အာဆီယံနဲ့ တရုတ်တို့ သဘောတူခဲ့တယ်လို့ မီဒီယာတွေကို ပြောပါတယ်။

    မြန်မာအာဏာသိမ်းစစ်ကောင်စီဖက်က ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အောက်တိုဘာလအတွင်းက ကျင်းပပြုလုပ်တဲ့ အာဆီယံ ထိပ်သီးအစည်း၀ေးကိုလည်း တက်ခွင့်မရပါဘူး။ ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေး အာဆီယံနဲ့ ရရှိထားတဲ့ သဘောတူညီချက်တွေကို မလိုက်နာတဲ့အတွက် အစည်းအ၀ေးတက်ရောက်ခွင့် ပိတ်ပင်တာလို့ အာဆီယံဖက်က သတင်းထုတ်ပြန်ပါတယ်။

    နိုင်ငံရေးဖက်က မဟုတ်တဲ့ စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီးဌာနက အကြီးတန်းတာ၀န်ရှိသူတစ်ဦးကို အာဆီယံက အောက်တိုဘာထိပ်သီးအစည်းအ၀ေး တက်ခွင့်ပေးပေမယ့် စစ်ကောင်စီက မစေလွှတ်ခဲ့ပါဘူး။

    အဖွဲ့၀င်နိုင်ငံတစ်ခုကို အခုလို ဖယ်ကျဥ်တာဟာ အာဆီယံသမိုင်းမှာ မကြုံစဖူးကိစ္စလည်း ဖြစ်ပါတယ်။

    Ref: CNA

  • လူမြင်ကွင်းမှပျောက်နေသည့် တရုတ်တင်းနစ်မယ်၏ ပုံရိပ်များ ထွက်ပေါ်လာ

    လူမြင်ကွင်းမှပျောက်နေသည့် တရုတ်တင်းနစ်မယ်၏ ပုံရိပ်များ ထွက်ပေါ်လာ

    နိုဝင်ဘာ ၂၁၊ ၂၀၂၁
    M-Media

    -ထိပ်တန်း ကွန်မြူနစ်ပါတီဝင် ဒုဝန်ကြီးချုပ်ဟောင်းက အဓမ္မကျင့်တာကို ထုတ်ပြောပြီးတဲ့နောက် ပျောက်ဆုံးနေတဲ့ နာမည်ကြီး တရုတ်တင်းမယ် ဖန်ရွှေရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ထွက်ပေါ်လာပါတယ်။

    တရုတ်အိုးပင်း တင်းနစ်ပြိုင်ပွဲက ဦးစီးကျင်းပတဲ့ တင်းနစ်ပြိုင်ပွဲ Fila Kids Junior Tennis Challenger Finals ကို ဧည့်သည်တော်အဖြစ် တနင်္ဂနွေနေ့မနက်ပိုင်းက တက်ရောက်ခဲ့တဲ့ ဖန်ရွှေရဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။

    ပြိုင်ပွဲကျင်းပတဲ့ အဖွဲ့အစည်းက အဖြူရောင်အင်္ကျီအပေါ်မှာ အပြာရောင်ကုတ် ထပ်ဝတ်ထားတဲ့ ဖန်ရွှေရဲ့ပုံကို သူတို့ရဲ့ WeChat ပေ့ချ်မှာ တင်ခဲ့သလို၊ တရုတ်ကွန်မြူနစ်အာဘော်သတင်းစာ Global Times ရဲ့ အယ်ဒီတာက အာဏာပိုင်တွေနဲ့ အတူတွဲရပ်ပြီး ဖန်ရွှေပြုံးနေတဲ့ ဗီဒီယိုတစ်ခုကို Twitter စာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။

    ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းပုဂ္ဂိုလ်ဖြစ်တဲ့ ကျန်းဂေါင်လီဟာ ၂၀၁၄ ခုနှစ် ဒုတိယဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေစဉ် သူရဲ့အိမ်ကို ဖိတ်ကြားတဲ့အချိန်၊ အိပ်ခန်းထဲခေါ်ကာ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဖန်ရွှေက တရုတ်ဆိုရှယ်မီဒီယာ (Weibo) မှာ နိုဝင်ဘာ ၂ ရက်နေ့က ရေးသား လွှင့်တင်ခဲ့ပါတယ်။ ဒီပို့စ်ကို တရုတ်အစိုးရက ဖြုတ်ချခဲ့ပါတယ်။

    ဒီပို့စ်တင်ပြီးနောက်ပိုင်း ဖန်ရွှေဟာ လူမြင်ကွင်းကနေ ပျောက်ဆုံးသွားခဲ့တာပါ။ ကမ္ဘာ့တင်းနစ်အဖွဲ့ချုပ် WTA၊ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ဖန်ရွှေ လွတ်လွတ်လပ်လပ်ရှိကြောင်း ထုတ်ပြန်ပေးဖို့၊ သူမပြောကြားတဲ့ ကိစ္စအတွက် ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးပေးဖို့ တရုတ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။

    WTA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့မှာ ထွက်ပေါ်လာတဲ့ ဖန်ရွှေရဲ့ ဒီပုံရိပ်တွေဟာ သူမ အန္တရာယ်ကင်းစွာ ရှိနေကြောင်း လုံလောက်တဲ့ အထောက်အထား မဟုတ်သလို၊ သူမနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကိုလည်း မဖြေရှင်းပေးနိုင်ဘူးလို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref : BBC