News @ M-Media

ထိုင်းက ပြန်ပို့သည့် အတိုက်အခံ နိုင်ငံရေးသမား ၃ ဦးကို ကမ္ဘောဒီယားက ထောင်ချ

နိုဝင်ဘာ ၂၂၊ ၂၀၂၁
M-Media

-ထိုင်းနိုင်ငံက ပြန်ပို့လိုက်တဲ့ အတိုက်အခံ တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမား ၃ ဦးကို ကမ္ဘောဒီးယားအစိုးရက ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

ဆူပူအောင်လှုံဆော်မှု၊ အကြည်အညိုပျက်စေမှုတွေနဲ့ တရားစွဲဆို ထောင်ချခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံကတော့ ဖိနှိပ်ခံရမယ့်အန္တရာယ်ရှိနေသူတွေကို ပြန်ပို့တဲ့အတွက် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်ဦးဆောင်တဲ့ ကမ္ဘောဒီးယားအစိုးရဟာ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲ မစတင်ခင်ကတည်း အတိုက်အခံ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတာ၊ နိုင်ငံရေးသမားတွေကို ဖမ်ဆီးနှိပ်ကွပ်တာတွေ လုပ်ဆောင်ခဲ့တာပါ။ ဒါ့ကြောင့် နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ နိုင်ငံအတွင်းမှာ ပုန်းအောင်နေရသလို၊ အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ပြေးရတာတွေ ရှိနေပါတယ်။

အခု ထောင်ချခံရတဲ့ Veourn Veasna၊ Voeung Samnang နဲ့ Thavry Lanh တို့ဟာ ဟွန်ဆန်အစိုးရက ဖျက်သိမ်းထားတဲ့ အတိုက်အခံနိုင်ငံရေးပါတီက ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဒုက္ခသည်အဖြစ် ကုလသမဂ္ဂမှာ စာရင်းသွင်းပြီး ခိုလှုံနေသူတွေပါ။

ကမ္ဘောဒီးယားရဲတပ်ဖွဲ့က သူတို့မှာ ဖမ်း၀ရမ်းရှိတဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီလူ ၃ ဦးဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့က လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို ချိုးဖောက်ထားသူတွေဖြစ်တယ်လို့ ပြောပါတယ်။ ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်က ထိုင်းသံရုံးကတော့ ဒီကိစ္စအတွက် မှတ်ချက်မပေးခဲ့ပါဘူး။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ရဲ့ အာရှဆိုင်ရာအကြီးအကဲ ဖီလ် ရောဘတ်ဆန်က ထိုင်းနဲ့ ကမ္ဘောဒီးယားအာဏာပိုင်တွေရဲ့ ဒီဆောင်ရွက်မှုဟာ ဒုက္ခသည်တွေရဲ့ အခွင့်အရေး၊ သူတို့ကို ကာကွယ်ပေးရေး ဥပဒေတွေကို ချိုးဖောက်မှုဖြစ်တယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

Ref: Bangkok Post

#mmInternationalNews