News @ M-Media

Blog

  • ၂၀၀၈ ဖွဲ့စည်းပုံ အရ သုံးနှုံးခွင့် မရှိသော သွေးနှော စကားလုံးအား ဆန့်ကျင်ရေး တိုက်ပွဲခေါ်သံ

    ၂၀၀၈ ဖွဲ့စည်းပုံ အရ သုံးနှုံးခွင့် မရှိသော သွေးနှော စကားလုံးအား ဆန့်ကျင်ရေး တိုက်ပွဲခေါ်သံ

    မေ ၁၁၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်- မောင်သမာဓိ

    ၂၀၀၈ ဖွဲ့စည်းပုံ အရ သုံးနှုံးခွင့်မရှိသော သွေးနှော စကားလုံးအား ဆန့်ကျင်ရေး တိုက်ပွဲခေါ်သံ (သို့မဟုတ်) ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီထံ အိတ်ဖွင့်ပေးစာ  
    .Discrimination
    မြန်မာ့ဆေးတက္ကသိုလ်မှ တရားဝင်ပေးထားသည့် ဘွဲ့ရဆရာဝန် တစ်ဦးဖြစ်သော ကျွန်တော်နှင့် လက်ရှိ တာဝန် ထမ်းဆောင်စဲ နိုင်ငံ့ဝန်ထမ်း တစ်ဦး ဖြစ်သော ကျွန်တော့် ဇနီးနှစ်ဦးစလုံးမှာ မြန်မာ နိုင်ငံသားများ ဖြစ်ကြ ပြီး သမီးနှစ်ဦး ထွန်းကား ခဲ့ပါသည်။ မြန်မာ နိုင်ငံသားမိဘနှစ်ဦးမှ မြန်မာ့မြေပေါ်တွင် မွေးဖွားလာသော ကလေး သည် မွေးရာပါ မြန်မာနိုင်ငံ သားသာ ဖြစ်ကြောင်း အောက်ပါ ပုဒ်မက ညွှန်းဆိုပါသည်။
    .
    ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၄၅
    —————————–
    အောက်ဖေါ်ပြပါ အရည်အချင်း တစ်ရပ်ရပ်နှင့် ပြည့်စုံသူများသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော် ၏ နိုင်ငံသားများ ဖြစ်ကြသည်။

    (က) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူ၊
    (ခ) ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြု ပြဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူ။
    .
    ဟု ရေးသားထားသဖြင့် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ အစ္စလာမ်ဘာသာဝင် မိဘနှစ်ပါးမှ မွေးလာသော သွေးနှော ကလေး သည်လည်း (Citizen by birth) မွေးရာပါ နိုင်ငံသား အလို အလျှောက် ဖြစ်ပြီးဖြစ်သည်။
    .
    ယခုအခါ လေးတန်းကျောင်းသူဖြစ်သော ကျွန်တော့်သမီးမှာ ၁၀ နှစ်ပြည့်ပြီ ဖြစ်၍ ၁၀ နှစ်ပြည့် မှတ်ပုံ တင် စတင်လျှောက်ထားရာတွင် ၂၀၀၈ ဖွဲ့စည်းပုံနှင့် လုံးဝ ဆန့်ကျင်နေသော လူဝင်မှုကြီးကြပ်ရေးဌာန၏ လုပ် ထုံးလုပ်နည်းများဖြင့် ရင်ဆိုင်ရပါတော့သည်။
    .
    မိဘနှင့် နှစ်ဖက် အဘိုး၊ အဘွားများ၏ ဇာတိဖြစ်သော သက်ဆိုင်ရာ မြို့နယ်လိုက် လူဝင်မှုကြီးကြပ်ရေး ဌာနများမှ ချိပ်ပိတ် ပေးပို့လာသော နိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ ပြည့်စုံအောင် တောင်းခံပြီး သောအခါ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားလာသော ဗုဒ္ဓဘာသာဝင် ကလေးများ အတွက် လုပ်ဆောင်စရာ မလိုသော် လည်း ဥပဒေအရ နိုင်ငံသား မိဘများမှ မွေးဖွားသော သွေး နှော ကလေးငယ်များ၊ အထူးသဖြင့် အစ္စလာမ် ဘာသာဝင် ကလေးငယ်များအတွက် မြို့နယ်နိုင်ငံသား စိစစ်ရေး အဖွဲ့ အမည်ခံ အောက်ပါဌာန ၆ ခုကို တစ်ရုံး ဝင် တစ်ရုံးထွက် လက်မှတ်ထိုးစေခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၄၈ နှင့် ပုဒ်မ ၂၁ (က) ကိုသာမက ခလေး အခွင့် အရေးကိုပါ ချိုးဖေါက်ရာကျပါသည်။
    23.
    မြို့နယ် နိုင်ငံသား စိစစ်ရေး အဖွဲ့
    .——————————
    (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ။    ။ ဤရုံးသို့ ၁၀ နှစ်ပြည့် မှတ်ပုံတင် လျှောက်ထားရန် ၃ ခေါက်တိတိ သွားရောက် ထောက်ခံချက် တောင်း ရပါသည်။ အိမ်ထောင်စု ဇယားတွင် မွေးတိုး တိုးစဉ်က တစ်ကြိမ်၊ ၁၀ နှစ် ပြည့် စတင် လျှောက်လွှာတင်သော အခါ တစ်ကြိမ်နှင့် အထောက်အထား အပြည့်အစုံ တင်ပြပြီး ၁၉၈၂ မြန်မာ နိုင်ငံသား ဥပဒေ ပုဒ်မ ၇ (က) နှင့် အကျုံးဝင်  ပြည့်စုံပြီးနောက် တတိယ အကြိမ် သွားရောက်ခဲ့ရပါသည်။
    (၂) မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး။
    (၃) စီမံကိန်းရေးဆွဲရေး ဦးစီးဌာန။
    မှတ်ချက်။    ။ စီမံကိန်းရေးဆွဲရေးဌာန အနေဖြင့် ရဲစခန်းတွင် ပြစ်မှု ကင်းစင်ကြောင်း ထောက်ခံစာ အရင် လက်မှတ် ရေးထိုး ပြီးမှသာ ထောက်ခံပေးမည် ဖြစ်ကြောင်းပြောဆိုရာ ၁၀ နှစ်အရွယ် ကလေးတွင် ပြစ်မှု တစ်စုံ တစ်ရာ ရှိလျှင် နိုင်ငံသား ဖြစ်ခွင့် ကုန်းဆုံးသွားမည့် သဖွယ် ဖြစ်နေပါသည်။
    (၄) မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး။
    (၅) မြို့နယ်အုပ်ချုပ်ရေးမှူးရုံး။
    (၆) လူဝင်ကြီးကြပ်ရေး ဦးစီးဌာန
    ဆက်လက်၍  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂) ခုကို ကိုးကား ကြည့်ပါဦးမည်။
    .
    ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၄၈
    ————————–
    နိုင်ငံတော်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုး ကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း ယဉ်ကျေးမှု၊ အမျိုးသား အမျိုးသမီး၊ ဆင်းရဲချမ်းသာ တို့ကို အ ကြောင်းပြု၍ ခွဲခြားမှု မရှိစေရ၊
    အထက်ပါ ပုဒ်မ ၃၄၈ အရ ပုဒ်မ ၃၄၅ တွင် နိုင်ငံသားအဖြစ် ပြဌာန်းထားသော (က) နိုင်ငံသားများနှင့် (ခ) ဥပဒေအရ နိုင်ငံသားများအကြား၊ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်နိုင်ငံသားများနှင့် အစ္စလာမ်ဘာသာဝင် နိုင်ငံသားများအကြား ခွဲခြား ဆက်ဆံရေး စကားလုံးတစ်ခု ဖြစ်သော (သွေးနှော) ကို ဖျက်သိမ်း ပြစ်သင့် သည်။
    .
    မှတ်ချက်။    ။ ယခုအခါသည် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖြည့်စွက်ရန် ဆိုင်းပြင်းနေသည့် ကာလဖြစ်သဖြင့် အထက်ပါပုဒ်မ ၃၄၈ တွင် (ဆင်းရဲ ချမ်းသာ၊ သွေးနှောခြင်း စသည်တို့ကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရ) ဟု ပြင်ဆင်ဖြည့်စွက် ရေးသားမည် ဆိုလျှင် ဤကဲ့သို့ သွေးနှော (ကပြား) များကို ခွဲခြားဆက်ဆံသည့် နည်းဥပဒေ နှင့်လုပ်ထုံး လုပ်နည်းများ ပြဌာန်းခြင်း အလေ့ကို ကာကွယ်နိုင်ပါလိမ့်မည်။ သို့မဟုတ် မြန်မာစာ အဘိဓာန်တွင် မပါသော (သွေးနှော) စကားလုံးသုံးစွဲ နေခြင်းကို ပယ်ဖျက်ပြစ်မှသာ ၂၀၀၈ ဖွဲ့စည်းပုံ အသက်ဝင်လာမည် ဖြစ်သည်။

    2008
    .
    ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၂၁ (က)
    ———————————-
    နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် သတ်မှတ်ပြဌာန်းထားသည့် တန်းတူညီမျှမှု အခွင့် အရေး၊ လွတ်လပ်မှု အခွင့်အရေးတို့ကို ခံစားခွင့်ရှိစေရမည်။
    .
    အထက်ပါ ပုဒ်မ ၃၄၈ နှင့် ပုဒ်မ ၂၁ (က) တို့ကို လေ့လာခြင်းဖြင့် ယခုကဲ့သို့ တိုင်းရင်းသား မိဘ တစ်ဦး ဦးက နိုင်ငံခြားသား (ဘာသာခြား) အိမ်ထောင်ဖက်ကို ရွေးချယ်ခဲ့သော အပြစ်အတွက် မိမိ၏ မိဘ နှစ်ပါးကို ရွေးချယ်ခွင့် မရှိကြသော သွေးနှော သားသမီးများကို အရေးယူသည့် ပုံစံဖြင့် နည်းဥဒေများ ပြဌာန်းနေခြင်း သည် ဖွဲ့စည်းပုံနှင့် လုံးဝ ဆန့်ကျင် နေပါသဖြင့် လက်ရှိကျင့်သုံးနေသော လူဝင်မှုဝင်မှု ကြီးကြပ် ရေးဌာန၏ လုပ်ထုံးလုပ်နည်းများသည် တရား မဝင်ကြောင်း အောက်ပါ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၂ ခုကို ဆက်လက် လေ့လာ ကြည့်စေချင်ပါသည်။
    .
    ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၁၉၈ (က)
    ——————————
    လွှတ်တော် အဆင့်ဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ဦးစီး အဖွဲ့များက ပြဌာန်းသည့် ဥပဒေများ၏ အကျိုးသက်ရောက်မှုမှာ အောက်ပါအတိုင်းဖြစ်သည်။
    .
    (က) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီး အဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့က ပြဌာန်းလိုက်သည့် ဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်သည် လည်းကောင်း၊ တည်ဆဲ ဥပဒေ တရပ်ရပ်သည်လည်းကောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် ဖွဲ့စည်းပုံ  အခြေခံ ဥပဒေပါ အတိုင်း လိုက်နာ ကျင့်သုံးရမည်။
    .
    ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၄၉
    ——————————
    ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် နိုင်ငံတော် အတွင်းရှိ ဥပဒေ အားလုံး၏ အခြေခံ ဥပဒေ ဖြစ်သည်။
    .
    ထို့ကြောင့် ဥပဒေတကာတို့၏ အချုပ်ဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံနှင့် ဆန့်ကျင်နေသည့် လူဝင်ကြီးကြပ် ရေး ဝန်ကြီးဌာန၏ အပြစ်မဲ့ (innocent) သွေးနှော များကို ခွဲခြားဆက်ဆံသည့် လုပ်ထုံးလုပ်နည်းများနှင့် လွတ် လပ်စွာ ဘွဲ့လွန် ပညာသင်ခွင့် ပိတ်ပင် ထားခြင်းများကို အမြန်ဆုံး ရပ်တန့်မှသာ ပြည်တွင်းရှိ လူ့စွမ်းအား အရင်း အမြစ်များကို မပြုံးတီးစေဘဲ သမ္မတ ကြီး၏ တတိယလှိုင်း (Third wave) သည် အောင်မြင်နိုင်မည် ဖြစ်သည်။
    .
    တစ်ကယ်တော့ လူဝင်မှု ကြီးကြပ်ရေးဌာန၏ ခွဲခြား ဆက်ဆံမှုသည်ကျွန်တော် ဆေးကျောင်းတက်စဉ် ကာလ၊ ၁၉၇၄ ဖွဲ့စည်း ပုံနှင့် အုပ်ချုပ်စဉ် ကပင် စတင်ခဲ့ ပါသည်။ ဆေးကျောင်းတက်စဉ်ကာလ တစ်လျှောက် လုံး တစ်တန်း အောင်လျှင် တစ်ခါ လူဝင်မှု ကြီးကြပ်ရေး ဌာန၏ စစ်ဆေးမှုကို ခံရပြီးမှ နိုင်ငံသား ဒေါင်ဒေါင်မြည် ဖြစ်သော ကြောင့် ဆရာဝန်ဘွဲ့ ပေးအပ်ခြင်းကို ခံခဲ့ရ ပါသည်။ အခြား ကျောင်းနေဖက် အတန်းဖေါ် သူငယ်ချင်း များ အစစ် မခံရဘဲ ကျနော်နှင့် အခြား ၃၅ ဦးခန့် အစစ်ခံရသည်မှာ သွေးနှော/တရုတ်ဖြစ်နေသော ကြောင့်ဟု ဆိုပါ သည်။
    .
    ဤနေရာတွင် ထောက်ပြလိုသော အချက်တစ်ခုမှာ ဗမာ စစ်စစ် မိခင်မှ မွေးဖွားလာသော ကျနော်ကို သွေးနှောဖြစ်သည် ဟုဆိုကာ ဆေးကျောင်းတွင် မကြာခဏ အစစ်ဆေး ခံရရုံမျှမက ဘွဲ့ရပြီးနောက် ဘွဲ့လွန် သင်တန်း များကိုပါ တက်ခွင့် မပြုသော်လည်း နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားလာသော ကျောင်းသား တစ် ဦးမှာမူ တိုင်းရင်းသား မိဘနှစ်ပါး၏ တရားဝင် စာချုပ်စာတန်းဖြင့် မွေးစားခြင်းကို ခံယူပြီးနောက် မွေးစား မိဘ များ၏ မှတ်ပုံတင် နံပါတ်များ ဖြည့်သွင်း ပြီးကျောင်းအပ်ရာ ဆေးကျောင်းတွင် တစ်ခါဘူးမျှ အစစ်မခံရရုံမက ဘွဲ့ရပြီးနောက် ဘွဲ့လွန်သင်တန်းများကိုပါ တက်ခွင့်ရပြီး အထူးကု ဖြစ်နေလေသည်။ မသိသူကျော်သွား သိသူ ဖေါ်စား လူဝင်မှု ကြီးကြပ်ရေး ဥပဒေဟုပင် ဆိုချင်ပါတော့သည်။
    .
    တဖန် လောဂျစ်နည်းဖြင့် စဉ်းစားကြည့်ပါဦးမည်။ မြန်မာစစ်စစ် ကျနော့် မိခင်နှင့် နိုင်ငံခြားသား လက် မှတ်ကိုင် မြန်မာပြည်ပေါက် ကျနော့်ဖခင်တို့ လွန် ခဲ့သော အနှစ် ၈၀ ခန့်က ၎င်းတို့၏ လွတ်လပ်သော သဘော ဆန္ဒအရ အကြောင်းပါ လက်ထပ်ခဲ့ခြင်းကြောင့် သွေးနှောအဖြစ် မွေးဖွားလာသော အပြစ်မဲ့ (innocent) ကျနော့်မှာ အပြစ် ရှိပါသလား။ ယခု ကျနော်သာမက ကျနော်မျိုးဆက်ထိ ကိုယ်တိုင်မကျူးလွန်သော အပြစ် အတွက် အပြစ်ပေး ခံနေရလေသည်။ ဥပဒေရေးဆွဲနေကြသော ဥပဒေပညာရှင်များ စဉ်းစားကြလေကုန်။
    .
    ထို့အပြင် မြန်မာ့အမွေစီမံခန့်ခွဲမှု ဥပဒေအရ ကျနော့် မြန်မာမိခင်ထံမှ အမွေဆက်ခံခဲ့သော မြန်မာ နိုင်ငံတော်တွင်း မှီတင်း နေထိုင်ခွင့်၊ ခံစားခွင့်များကို ကန့်ကွက်၊ ဟန့်တား၊ ခွဲခြား ဆက်ဆံ နေ သည့် ဥပဒေ၊ နည်း ဥပဒေများကို မည်သည့် လွှတ်တော် ကိုယ်စားလှယ်မျှ ထောက်ခံမဲလည်း မပေးသင့်သလို မည်သည့် ဥပဒေ ပညာရှင်မျှ မတရားသော ဥပဒေများကို ရေးဆွဲ မပေးသင့်ပါ။ ဥပဒေတစ်ရပ်သည်လည်းကောင်း၊ နည်း ဥပဒေ တစ်ရပ်သည်လည်းကောင်း၊ လုပ်ထုံးလုပ်နည်းများသည်လည်းကောင်း  ဥပဒေ တကာတို့၏ အချုပ် ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ နိင်ငံသားတိုင်းအတွက် တရား မျှတမှု ရှိရပါလိမ့်မည်။
    .
    ထို့အတူ နိုင်ငံသားသွေးနှောများသည် ရွေးကောက်ပွဲများတွင် မဲပေးခွင့် ရှိသော်လည်း ကိုယ်တိုင် ရွေး ကောက်ခံခွင့် မရှိခြင်းသည်လည်း နိုင်ငံရေးသင်းသတ်ခြင်း (Politicide) တစ်မျိုးဖြစ်၍ အနာဂတ် နိုင်ငံတော်တွင် (all inclusive) အားလုံးပါဝင်နိုင်အောင် လုပ်ဆောင်မည်ဆိုသော သမ္မတကြီး၏ ရည်မှန်းချက်ကို ထိခိုက်နိုင်ရုံမျှ မက ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၄၇၊ ၂၁ (က)  တို့နှင့် ဆန့်ကျင်ဖက် ဖြစ်နေမည် ဖြစ်ကြောင်း တင်ပြ အပ်ပါ သည်။
    .
    ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၄၇
    —————————–
    နိုင်ငံတော်သည် မည်သူ့ကို မဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်။ ဟုဆို၏။
    .
    မြန်မာနိုင်ငံ စစ်မှုထမ်း ဥပဒေ အရ သွေးနှောများလည်း မလွဲမသွေ စစ်မှုထမ်းရမည် ဖြစ်သောကြောင့် နိုင်ငံသား သွေးနှောများအား ဘွဲ့လွန်ပညာ သင်ခွင့်နှင့် ရွေးကောက်ခံပိုင်ခွင့်များကို အခြား နိုင်ငံသားများနည်း တူ ရယူ ခံစား ပိုင်ခွင့် ပေးသင့်ပါသည်။ သွေးနှော ကလေးငယ်များ၏ အနာဂတ်ကို လှပ စေခြင်းသည် တိုင်းပြည် ၏ အနာဂတ်ကို လှပစေခြင်းသာဖြစ်သည်။
    .
    အပြန်အလှန်၊ အနုလုံ ပဋိလုံ စဉ်းစား ကြည့်ပါဦးမည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ နိုင်ငံသား သွေးနှောက လေးငယ်များ၏ အနာဂတ်ကို အနှစ် ၅၀ ကျော်ခန့် ဖျက်ဆီးခြင်း၊ အရုပ်ဆိုး အကြည်းတန်စေခြင်းတို့မှ တဆင့် မြန်မာနိုင်ငံ၏ အနာဂတ်ကို မလှ၊ မပ ဖြစ်စေခဲ့သည့် လွဲမှားသော စီမံခန့်ခွဲမှုများကြောင့် မြန်မာ နိုင်ငံသည် အ ဆင်း ရဲဆုံး နိုင်ငံဘဝ သက်ဆင်းခဲ့ရုံမျှမက ယနေ့ လက်ရှိ အနေအထားကို ကြည့်လျှင်လည်း အီသီယိုးပီးယား နိုင်ငံ ထက်ပင် ဖွဲ့ဖြိုးတိုးတက်မှုတွင် နိမ့်ကျနေသည်မှာ မြန်မာနိုင်ငံ၏ လက်တွေ့ ခါးသီးသော အတွေ့ အကြုံပင် မဟုတ်ပါလား။

    24
    .
    (သွေးနှော) ဟူသည့် အိုးမဲသုတ် စကားလုံးကို ဆန့်ကျင်ကြစို့။
    ————————————————————–
    တကယ်တော့ သွေးနှောခြင်း၊ မနှောခြင်းသည် ဥပဒေနှင့် မဆိုင်သော ကိုယ်ရေးကိုယ်တာ (personal) သာဖြစ်သည်။ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်း သည်သာ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွင် အလေးထားသင့်သည်။ ယခု အခါ လူဝင်မှုကြီးကြပ်ရေးဌာန၏ သွေးနှော စားလုံးကို တွင်တွင်ကြီးသုံးစွဲနေခြင်းမှာ နိုင်ငံသားများ အကြား ခွဲခြားဆက်ဆံနိုင်စေရန်သာ ရည်ရွယ်ကြောင်း သိသာပါသည်။
    .
    အိန္ဒိယပြည်ရှိ သီပေါမင်း၏ ဆွေတော် မျိုးတော်များ အကြောင်းရေးသားထားသော စာအုပ်တွင်  သွေး နှော ဟူသည် မျိုးမစစ်ဟုသော အဓိပ္ပါယ်လည်း သက်ရောက်ပါသဖြင့် အထူးသဖြင့် ဘာသာခြားများကို နှိမ်ခေါ် ခြင်းသာဖြစ်သည်။ ပညာရေး ဝန်ကြီးဌာန မြန်မာစာ အဖွဲ့ ဦးစီး ဌာနက ၂၀၀၈ ခုနှစ်တွင် ထုတ်ဝေသည့် မြန်မာ စာ အဘိဓာန်တွင်လည်း လုံးဝ မပါရှိသည့်အပြင် အဓိပ္ပါယ် ဖွင့်ဆိုချက်လည်း တိတိကျကျ မရှိသော သွေးနှော ဟူသည့် စကားလုံးကို အသစ်တီထွင်ပြီး သုံးဆွဲနေခြင်းသာဖြစ်၍ ကျွန်ုပ်တို့ စုစည်းညီညွတ်စွာ ဆန့်ကျင် ကြရ မည်။
    .
    အနှိမ်ခံ ပြည်သူများ အသုံးပြုသင့်သည့် နည်းဗျူဟာများ။
    ——————————————————–
    (၁) မြန်မာ အဘိဓာန်နှင့် မြန်မာ စကားတွင် သွေးနှော ဟူသော စကားလုံး (လုံးဝ) မပါရှိကြောင်း မှတ်ပုံတင်ရုံး ဝန်ထမ်းများကို ပြောပြကြပါ။ အဓိပ္ပါယ်ကို ရှင်းပြခိုင်းပါ။
    (၂) မျိုးမစစ်ဟု အဓိပ္ပါယ်ရသည့် အပြင် မိဘများကို နာမ်နှိမ်၍ ခေါ်သော စကားလုံးတစ်ခု ဖြစ်သည့် အတွက် ကျွန်ုပ်တို့ မုန်းတီးကြောင်း၊ မကြိုက်ကြောင်း၊ အပြင်းအထန် ဆန့်ကျင် ကြောင်း ထုတ်ဖေါ် ပြောဆိုကြပါ။
    (၃) လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများအားများအား မိမိရှေ့တွင် သွေးနှောစကားလုံးကို မပြောရန် တောင်းဆိုထားကြပါ။ ဗမာစကားတွင် လုံးဝမရှိသည့်အပြင် ကိုယ်ရေးကိုယ်တာ (Personal) ကို ထိခိုက် စေသော စကားလုံးဖြစ်၍ မိမိရှေ့တွင် မသုံးနှုံးရန် ပွင့်ပွင့်လင်းလင်းပင် တောင်းဆိုထားပါ။
    (၄) လွှတ်တော်ကိုယ်စားလှယ်နှင့် မဲဆန္ဒရှင်များ တွေ့ဆုံချိန်တွင်လည်း လူဝင်မှုကြီးကြပ်ရေး လုပ်ထုံး လုပ်နည်း များတွင် သုံးနှုံးထားသော အိမ်ကြက်ခြင်း အိုးမဲသုတ် စကားလုံး တစ်ခုဖြစ်သည့် (သွေးနှော) ဆိုသည့် စကားလုံးကို ဖျက်သိမ်းပေးဖို့ မဲဆန္ဒရှင်များ အနေဖြင့် တောင်းဆို သင့်ကြပါသည်။
    (၅) သွေးနှော ဟု မိမိအား နှိမ့်ချ ခေါ်ဝေါသည်ကို ခေါင်းငုံခံမနေကြဘဲ တနည်းနည်းဖြင့် မဖြစ်မနေ ဆန့်ကျင်ကန့်ကွက် ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ဥပမာအားဖြင့် မိမိအား သွေးနှော ဟု အခေါ်ခံရပါက မျိုးမစစ်ဟု မျက်နှာ ပြုံးပြုံးလေးဖြင့် ပြန်ခေါ်ပေးလိုက်ပါ။
    (၆) အထက်တွင် ဖေါ်ပြခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ (၃၄၈)အရလည်း နိုင်ငံသားများ အကြား ခွဲခြားရေး ကရိယာဖြစ်သော သွေးနှောကို သုံးစွဲခွင့် မရှိကြောင်း လက်ဆင့်ကမ်း သတင်းဖြန့်ဝေ ပေးကြပါ ဟုတိုက်တွန်းနှိုးဆော်လိုက်ပါသည်။
    .Myanmar Dictionary (2)
    မှတ်ပုံတင် ခုံရုံး (Citizenship Tribunal of the Union) ဖွဲ့ပေးပါ။
    —————————————————————
    လိုအပ်သော အထောက်အထား အပြည့်အစုံကို မည်သို့ပင်တင်ပြစေကာမူ အထက်အမိန့်ရ သွေးနှော တံဆိပ်ကပ် ထားသော နိုင်ငံသား မွတ်စလင် များ၏ အမှုတွဲ များကို တိုင်းအထိ စိစစ်ပြီးမှ ထုတ်ပေးပါမည် ဆို သော စကားတစ်ခွန်းဖြင့် ခွဲခြားဆက်ဆံ၊ အချိန်ဆွဲ ဆိုင်းငံ့ထားလေ့ ရှိပါသည်။
    .
    ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် မှတ်ပုံတင်များ လျှောက်ထားရာတွင် လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ထမ်း များ၏ မသမာမှု၊ အချိန်ဆွဲမှုများ ရှိပါက တရားရုံးများသို့ အထောက်အထားအခိုင်အလုံ တင်ပြလျှောက်ထား လျှင် မှတ်ပုံတင် ထုတ်ပေးမိန့်အား တရားရုံးများက ချပေးခွင့်ရှိသည်ဟု နိုင်ငံသားပြုမှု ဥပဒေတွင် ထည့် သွင်း ပြဌာန်း ပေးမည် ဆိုလျှင်ကောင်းလေစွ။ ဖွဲ့စည်းပုံခုံရုံး ဖွဲ့ပေးသကဲ့သို့ မှတ်ပုံတင် (နိုင်ငံသား)  ခုံရုံး ကို ဖွဲ့ပေး စေလိုခြင်း ဖြစ်၏။ သို့မှသာ အသွင်ပြောင်းကာလတွင် ခွဲခြားဆက်ဆံမှု ကင်းသွားပေလိမ့်မည်။
    .
    နောက်ဆုံး သတင်းစကားပေးလိုသည်မှာ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ အနေဖြင့်လည်း လူဝင်မှု ကြီးကြပ်ရေးဌာန စားပေါက် အတွက် မွေးစားထားသော ဝါဟာရ တစ်ခု ဖြစ်သည့် သွေးနှော ဝေါဟာရကို ဌာနတွင်း မသုံးရန် တာမြစ်ပေးပါ၊ အစ္စလာမ် ဘာသာဝင်များကို သွေးနှောဟု ပစ်ညတ်ကာ ဗုဒ္ဓဘာသာဝင် နိုင်ငံသားများနှင့် အစ္စလာမ် ဘာသာဝင် နိုင်ငံသား များအကြေား ခွဲခြား ဆက်ဆံ နေခြင်းအား ရပ်တန့်ပြီး နိုင်ငံသား ပြည်သူများကို စိတ်ချမ်းသာခွင့် ပေးသင့် ပါပြီ။

    အဘယ်ကြောင့်ဆိုသော် ၂၀၁၄ နှစ်ကုန်ပိုင်းက အထောက်အထား ပြည့်စုံသော အမှုတွဲကို  တင်ထား ပြီးဖြစ် သော်လည်း ယခု ၂၀၁၅ ဘတ်ဂျက်ကာလ ကုန်ဆုံးပြီး ရပ်ကွက်အတွင်း မိုးပွင့် စီမံချက် ဆင်းသည် မေလ အထိ ၁၀ နှစ်ပြည့် မှတ်ပုံတင် မရသေးသောကြောင့် ဖြစ်ပါသည်။
    .
    မြန်မာနိုင်ငံသား ကလေးငယ်တိုင်း၏ အနာဂတ်လှပစေခြင်းမှတဆင့် နိုင်ငံ၏ အနာဂတ် လှပစေရန် ရည်ရွယ်ရေးသားပါသည်။

    လေးစားစွာဖြင့်၊
    မောင်သမာဓိ

    ဆက်စပ် သတင်း ဆောင်းပါးများ ဖတ်လိုလျှင် =>http://www.m-mediagroup.com/news/tag/1982-citizenship-law

  • နိုင်ငံအတွင်းရှိ လူငယ်ထုအား မာလာဝီမွတ်စလင်များ စွမ်းဆောင်ရည်မြှင့်တင်ပေး

    နိုင်ငံအတွင်းရှိ လူငယ်ထုအား မာလာဝီမွတ်စလင်များ စွမ်းဆောင်ရည်မြှင့်တင်ပေး

    မေ ၁၁၊ ၂၀၁၅
    M-Media

    malawi

    – မာလာဝီလူငယ်များအကြား အလုပ်လက်မဲ့နှုန်း မြင့်တက်လာချိန်တွင် ၎င်းတို့၏ အနာဂတ် တည်ဆောက်ရေးအတွက် လိုအပ်သည့် ကျွမ်းကျင်မှုများ ရရှိစေရန် မွတ်စလင်လူ့အဖွဲ့အစည်းက ထူထောင်ထားသော အစ္စလာမ့် ဇကားသ် ရန်ပုံငွေ IZF အဖွဲ့ က လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးရေးအစီအစဉ်ကို စတင်ခဲ့သည်ဟု သိရသည်။

    “တိုင်းပြည်က လူငယ်တွေကြားမှာ အလုပ်လက်မဲ့မှု အခြေအနေဟာ စိုးရိမ်စရာကောင်းသလို စိတ်ပျက်စရာလည်း တော်တော်လေးကောင်းပါတယ်။ လက်ရှိအခြေအနေရဆိုရင် ကျွန်တော်တို့ဟာ အဲဒီလူငယ်တွေရဲ့ ကောင်းကျိုးချမ်းသာကို တမင်သက်သက် လစ်လျူရှုသလိုပုံစံမျိုး ဖြစ်နေပါတယ်။ အခြေအနေက ဒီလိုအဖြစ်မျိုးကို ပြောင်းလဲဖို့အတွက် စုပေါင်းအားထုတ်မှုတွေ ရှိလာဖို့ တိုက်တွန်းနေပါတယ်” ဟု IZF အဖွဲ့၏ နိုင်ငံလုံးဆိုင်ရာ ဒါရိုက်တာဖြစ်သူ မိုဟာမက် အွစ္စမန်က
    ပြောကြားခဲ့သည်။

    IZF မှ ဆောင်ရွက်မည့် အစီအစဉ်များတွင် လူငယ်များအား အသက်မွေးဝမ်းကြောင်း ပညာများ သင်ပေးခြင်း၊ တစ်နိုင်တစ်ပိုင် စီးပွားရေး ထူထောင်ပေးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းတို့ ပါဝင်မည်ဖြစ်သည်။

    မာလာဝီနီနိုင်ငံမှာ လူငယ်ထုများသော နိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေ ၁၆ သန်းမှ ၇၅ ရာခိုင်နှုန်းမှာ လူငယ်များဖြစ်ကြသည်။

    အွစ္စမန်ကမူ လူငယ်များအကြားတွင် လုပ်စရာမရှိသောကြောင့် ကိုယ်ကျင့်တရားများ ပျက်ယွင်းမှုမှာလည်း မြင့်တက်လာသည်ဟု သတိပေးခဲ့ပြီး မိမိတို့အဖွဲ့၏ အားထုတ်မှုများက လူငယ်များအနေဖြင့် အကျိုးယုတ်စေသည့် အပြုအမူများ ရှောင်ရှားရေးကိုလည်း
    အထောက်အကူဖြစ်စေမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အားလုံးပါဝင်မည်

    အစ္စလာမ့် ဇကားသ်ရန်ပုံငွေအဖွဲ့မှ စတင်သည့် အဆိုပါ စွမ်းဆောင်ရည်မြှင့်တင်မှုကို ဘာသာလူမျိုး မခွဲခြားဘဲ ဆောင်ရွက်ပေးသွာမည်ဟု အွစ္စမန်က ဆိုသည်။

    “ဒီဆောင်ရွက်မှုကို မွတ်စလင်ဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ လူငယ်အားလုံးအတွက် ဖွင့်ပေးထားပါတယ်။ ဒါကနေတစ်ဆင့် မတူကွဲပြားစွာ ညီညွတ်မှုဟာ ဖြစ်နိုင်တယ်ဆိုတဲ့ သတင်းစကားကို ကျွန်တော်တို့ ပေးသွားမှာပါ။ အလုပ်လက်မဲ့ဖြစ်မှုဟာ တိုင်းပြည်က လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ဆိုးရွားစေပြီး ဒါက အထွေထွေသော ဘ၀တွေကို ရိုက်ခတ်စေပါတယ်။ ဒါ့ကြောင့် ဒီအရေးကြီးတဲ့ စိန်ခေါ်မှုကို ဖြေရှင်းဖို့အတွက် ကျွန်တော်တို့ဟာ ဘာသာရေး အကန့်အသတ်တွေကို ကျော်လွန်ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်”

    ထိုအစီအစဉ် စတင်သည့်အချိန်မှစ၍ နိုင်ငံတစ်ဝှမ်းရှိ လူငယ်များအကြား စိတ်ဝင်စားမှုကို ရရှိခဲ့ကြောင်း၊ နေရာအကန့်အသတ်ရှိသောကြောင့် လာရောက်သူအားလုံးကို ဖြည့်ဆည်းမပေးနိုင်မှုများရှိကြောင်း အသက်မွေးဝမ်းကြောင်း သင်ကြားမှုဆိုင်ရာ ကျောင်းအုပ်ကြီး ဟင်နရီ ကန်ဂျီက ပြောကြားခဲ့သည်။

    ချီးကျူး

    အစ္စလာမ့် ဇကားသ်ရန်ပုံငွေအဖွဲ့၏ ထိုသို့ ဆောင်ရွက်ပေးမှုအတွက် မာလာဝီလူ့အဖွဲ့အစည်းကလည်း ချီးကျူးခဲ့ပြီး အနာဂတ်အတွက် မျှော်လင့်ချက်အဖြစ် သတ်မှတ်တာ အားပေးထောက်ခံမှုများလည်း ရှိသည်။

    “အစိုးတစ်ရပ်အနေနဲ့ ကျွန်မတို့ဟာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတဲ့ အချိန်မျိုးမှာ ဖြစ်လာတဲ့ ဒီလိုဆောင်ရွက်မှုကို ကြိုဆိုပါတယ်။ ဒါဟာ မာလာဝီလူငယ်တွေအတွက် မျှော်လင့်ချက်ပါပဲ။ သူတို့ရဲ့ လူမှုစီးပွား လိုအပ်ချက်အတွက် အဖြေရရှိဖို့လည်း ဒါက ကူညီပါလိမ့်မယ်။ ဒီဆောင်ရွက်မှုကို လေးစားပါတယ်” ဟု မာလာဝီ အားကစား၊ လူငယ်နှင့် ယဉ်ကျေးမှုဝန်ကြီး ဂရေ့စ် ချူမီယာက ပြောကြားခဲ့သည်။

    မာလာဝီနိုင်ငံတွင် အစ္စလာမ်သာသနာမှာ ခရစ်ယာန်ပြီးနောက် ဒုတိယအကြီးဆုံး အယူဝါဒဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၃၆ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်သည်။

    အစ္စလာမ့် ရှရီအသ်တရားတော်က သတ်မှတ်ထားသော ငွေကြေးဥစ္စာ ပမာဏနှင့်အထက် ပိုင်ဆိုင်သည့် မွတ်စလင်များမှာ တစ်နှစ်လျှင် ၎င်းတို့ ပိုင်ဆိုင်မှုများထဲမှ ၂.၅ ရာခိုင်နှုန်းကို ထုတ်နှုတ်၍ လှူဒါန်းခြင်းကို ဇကားသ်ဟု ခေါ်သည်။

    အဆိုပါ ဇကားသ်လှူဒါန်းမှုကို မလုပ်မနေရအဖြစ် အစ္စလာမ်က သတ်မှတ်ထားပြီး မွတ်စလင်းများ၏ ထိုကဲ့သို့ လှူဒါန်းမှုဖြင့် ချို့တဲ့သူများ၊ သူဆင်းရဲများအား အခြေခိုင်မာအောင်လုပ်ပေးခြင်း၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဘက်တွင် အသုံးပြုခြင်း စသည်တို့ကို လုပ်ဆောင်ရမည်ဟု အစ္စလာမ်က ထည့်သွင်း ပြဌာန်းထားသည်။

    Ref: Onislam

  • လာမည့်နှစ်တွင် ချယ်ဆီးအား လက်စားချေမည်ဟု မန်စီးတီးတိုက်စစ်မှူး အဂူရိုပြော

    လာမည့်နှစ်တွင် ချယ်ဆီးအား လက်စားချေမည်ဟု မန်စီးတီးတိုက်စစ်မှူး အဂူရိုပြော

    မေ ၁၁၊ ၂၀၁၅
    M-Media

    aguro

    – မိမိတို့မန်စီးတီးအနေဖြင့် လာမည့်နှစ် ပရီးမီးယားလိဂ် ဆုဖလားအတွက် ချယ်ဆီးအား စိန်ခေါ်ရန် အဆင်သင့်ဖြစ်နေပြီး ဘောလုံလောကတွင် အမြဲတမ်း လက်စားချေမှုရှိနေသည်ဟု မန်စီးတီးတိုက်စစ်မှူး အဂူရိုက ပြောကြားလိုက်သည်။

    မန်စီးတီးမှာ ပြီးခဲ့သည့်နှစ်က ချန်ပီယံဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် ခြေစွမ်းမမှန်ခဲ့ဘဲ ချယ်ဆီးက ရာသီပြီးဆုံးရန် ၃ ပွဲအလိုမှာပင် ချန်ပီယံဖြစ်ခဲ့သည်။ သို့သော်လည်း အဂူရိုကမူ မိမိတို့အသင်းသားများအနေဖြင့် လာမည့်နှစ်တွင် ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲဝင်သွားရန် အဆင်သင့်ဖြစ်နေသည်ဟု ဆိုသည်။

    “ဒီရာသီမှာ ကျွန်တော်တို့ဟာ အမှတ်တွေအများကြီး ဆုံးရှုံးခဲ့ပြီး အခုတော့ ပုံစံကောင်းပြန်ရနေပါတယ်။ ၄ ပွဲဆက်နိုင်ထားပြီး ကျန်တဲ့ ၂ ပွဲမှာလည်း ဒီလိုအနိုင်မျိုးနဲ့ ကျွန်တော်တို့ ဆက်သွားရပါမယ်။ တတ်နိုင်သမျှ အကောင်းဆုံးပုံစံနဲ့ ကျွန်တော်တို့ ရာသီသိမ်းချင်ပါတယ်။ ပြီးတော့ နောက်ရာသီမှာ ဖလားအားလုံးအတွက် တိုက်ပွဲဝင်မှုနဲ့ စချင်ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ မျှော်လင့်သလောက် မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် လာမယ့်ရာသီမှာတော့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားမှာဖြစ်ပြီး ဘောလုံးလောကမှာ လက်စားချေမှုဆိုတာ အမြဲတမ်းရှိပါတယ်” ဟု အဂူရိုက မန်စီးတီးအသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    အဂူရိုမှာ ယမန်နေ့က ကစားခဲ့သည့် ကျူပီအာရ်အား ၆ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ၃ ဂိုး သွင်းယူပေးခဲ့ပြီး စုစုပေါင်း ၂၅ ဂိုးဖြင့် ပရီးမီးယားလိဂ် ဂိုးအများဆုံးသွင်းယူနိုင်သူ စာရင်းတွင် ဦးဆောင်နေသည်။

    ၎င်းကမူ ဂိုးအများဆုံးသွင်းသူ ဖြစ်ခြင်းထက် မန်စီးတီးအသင်းအား ပို၍ အလေးထားသည်ဟု ပြောကြားခဲ့သည်။

    “ဟက်ထရစ်အတွက် ကျွန်တော်ပျော်ပါတယ်။ ကစားဖို့ ၂ ပွဲပဲကျန်တော့တာကြောင့် ကျွန်တော်ဟာ ဒီဆုကိုရနိုင်တယ်လို့ မျှော်လင့်လို့ရပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးက အသင်း ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ပါပဲ”

    Ref: Goal

  • မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို အညှာအတာမဲ့ တုံ့ပြန်သွားမည်ဟု တောင်ကိုရီးယားပြော

    မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို အညှာအတာမဲ့ တုံ့ပြန်သွားမည်ဟု တောင်ကိုရီးယားပြော

    မေ ၁၁၊ ၂၀၁၅
    M-Media

    nkra

    – မြောက်ကိုရီးယားရေငုပ်သင်္ဘောမှ မကြာသေးမီက ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်မှုကို မိမိတို့အနေဖြင့် အလွန်အမင်း စိုးရိမ်မိပြီး ထိုခြိမ်းခြောက်မှုအတွက် သနားညှာတာမှုကင်းမဲ့စွာ တုံ့ပြန်သွားမည်ဟု တောင်ကိုရီးယားက ပြောကြားလိုက်သည်။

    မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနတစ်ခုဖြစ်သော KCNA က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ ကမ်းလွန်မှ အဆိုပါဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ကိုယ်တိုင်ကြီးကြပ်ခဲ့သည်ဟု စနေနေ့က ဖော်ပြခဲ့သည်။ ထိုဒုံးကျည် ထုတ်လုပ်နိုင်မှုက မြောက်ကိုရီးယား၏ အိမ်နီးချင်းနိုင်ငံများနှင့် အမေရိကန်တို့အတွက် ခြိမ်းခြောက်မှုအသစ်လည်း ဖြစ်သည်။

    “ဘယ်လိုရန်စမှုမျိုးမဆို အဲဒီရန်စမှုတွေကို (တောင်ကိုရီးယားက) ညှာတာမှုကင်းမဲ့စွာနဲ့ တိုက်ဖျက်သွားမှာ ဖြစ်ပါတယ်။ ရန်စမှုအတွက် ဒဏ်ခတ်ခြင်းဆိုတာ ပြည်သူတွေထံကလာတဲ့ အမိန့်ပါပဲ။ ကျွန်တော်တို့စစ်တပ်ဟာ ခိုင်မာတဲ့ စစ်ဘက်ဆိုင်ရာ အသင့်အနေအထားနဲ့
    ရပ်တည်သွားမှာဖြစ်ပြီး၊ နိုင်ငံသားတွေ သူတို့ရဲ့ နေ့စဉ်ဘ၀မှာ လွယ်လွယ်ကူကူ ရှိစေဖို့အတွက် ကျွန်တော်တို့ဟာ ပြည်ဝတဲ့ ဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်သွားမှာပါ” ဟု မြောက်ကိုရီးယား၏ အဆိုပါ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုနှင့်ပတ်သက်၍ ဆွေးနွေးရန် ယနေ့တွင်ပြုလုပ်သော အရေးပေါ် လုံခြုံရေးအစည်းအဝေး၌ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဟန် မင် ကူးက ပြောကြားခဲ့သည်ဟု တောင်ကိုရီးယား သတင်းအေဂျင်စီ Yonhap က ဖော်ပြခဲ့သည်။

    တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင် မင် ဆွတ်ကလည်း မြောက်ကိုရီးယားအနေဖြင့် ရေငုပ်သင်္ဘောမှ ပစ်လွှတ်သည့် ပဲ့ထိန်းဒုံးကျည်များ ထုတ်လုပ်နေမှုကို ရပ်တန့်ရန် ယနေ့တွင် တိုက်တွန်းခဲ့ပြီး ထိုသို့ ထုတ်လုပ်မှုက ကိုရီးယားကျွန်းဆွယ်နှင့် အာရှအရှေ့မြောက်ဘက်ဒေသ တည်ငြိမ်အေးချမ်းမှုကို အနှောက်အယှက်ဖြစ်စေသည်ဟု
    ထည့်သွင်းပြောကြားခဲ့သည်။

    မြောက်ကိုရီးယားအနေဖြင့် ရေငုပ်သင်္ဘောမှ ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်စနစ် အပြည့်အ၀ အလုပ်ဖြစ်ရန်အတွက် ထပ်တိုးကိရိယာများကို ထုတ်လုပ်ရန် အချိန်ပေးရမည်ဟု ကင်က ဆိုသည်။ သို့သော်လည်း လာမည့် ၂ နှစ် ၃ နှစ်အတွင်း ပဲ့ထိန်းဒုံးကျည်တပ်ကာ အပြည့်အ၀ အသုံးပြုနိုင်သော ရေငုပ်သင်္ဘောတစ်စီးကို ထုတ်လုပ်နိုင်မည်ဟု ၎င်းက သီးခြား ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဘောလုံးကမ္ဘာတွင် အရည်အသွေးရှိ ကစားသမားများ ရှားနေသည်ဟု ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုပြော

    ဘောလုံးကမ္ဘာတွင် အရည်အသွေးရှိ ကစားသမားများ ရှားနေသည်ဟု ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုပြော

    မေ ၁၁၊ ၂၀၁၅
    M-Media

    rnaldo

    – လက်ရှိဘောလုံးကမ္ဘာတွင် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်မှလွဲလျှင် အခြားသောအသင်းများ၌ အရည်အသွေးမြင့်ကစားသမား ရှားပါးနေပြီဟု ဘရာဇီးလ်အသင်း၏ ဂန္တ၀င်တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် ၇ နှစ်တာ ကာလအတွင်း ဘာစီလိုနာနှင့် ရီးယဲလ်တို့မှ မက်ဆီနှင့် ရော်နယ်ဒိုတို့သာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး အခြား ဘာကာကစားသမားတစ်ဦးဖြစ်သူ နေးမာမှာ အနာဂတ်တွင် ၎င်းတို့နှစ်ဦးအား ယှဉ်ပြိုင်နိုင်မည့်သူအဖြစ် တစ်ပေးခြင်း ခံထားရသည်။

    သို့သော်လည်း ရော်နယ်ဒိုကမူ ထိုကစားသမား ၃ ဦးနှင့် ကျန်ရှိသည့် ဘောလုံးလောကအကြား ကွာဟမှုမှာ ကြီးမားသည်ဟု ယုံကြည်နေသည်။

    “ဇီဒိန်းပြောသလိုပါပဲ။ မက်ဆီဟာ လက်ဖျားခါလောက်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ရော်နယ်ဒိုကလည်း အံ့သြစရာကစားသမားဖြစ်ပြီး နေးမာကလည်း ထူးခြားတဲ့ ကစားသမားတစ်ဦးပါ။ ဒါပေမယ့် ကမ္ဘာ့ဘောလုံးလောကမှာတော့ ထိပ်တန်းကစားသမားတွေ ပျောက်ဆုံးနေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်း၏ ပြောကြားမှုကို စပိန်အားကစားသတင်းစာ တစ်စောင်ဖြစ်သည့် Marca က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ဇီဒိန်းကဲ့သို့ နည်းပြအဖြစ် ဆောင်ရွက်မည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “သူက ကျွန်တော့်ရဲ့ မိတ်ဆွေဖြစ်ပြီး ဒီနေ့အထိ သူနဲ့ ဘောလုံးအကြောင်းတွေ အများကြီး ပြောဖြစ်ပါတယ်။ ဒီနေ့သူဟာ နည်းပြတစ်ယောက် ဖြစ်နေပါပြီ။ ဒါပေမယ့် ဒါဟာ ကျွန်တော် ဘယ်နည်းနဲ့မှ မလုပ်ချင်တဲ့ ကိစ္စတစ်ခုပါပဲ။ ဖိအားကတော့ တူပါတယ်။ ကစားသမားတစ်ယောက်လို ဖိအားမျိုးတော့ မဟုတ်ပါဘူး” ဟု ရော်နယ်ဒိုက ဆိုသည်။

    ရော်နယ်ဒိုမှာ အမေရိကန်ရှိ Fort Lauderdale ကလပ်၏ ရှယ်ယာရှင်ဖြစ်ပြီး ထိုအသင်းတွင် တိုက်စစ်မှူးအဖြစ် ပြန်ကစားချင်ကြောင်း၊ သို့ရာတွင် မိမိ၏ ဒဏ်ရာများကြောင့် ပြန်ကစားနိုင်မည်လားဆိုသည်ကို မသိသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal