မေ ၁၁၊ ၂၀၁၅
M-Media
– လက်ရှိဘောလုံးကမ္ဘာတွင် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်မှလွဲလျှင် အခြားသောအသင်းများ၌ အရည်အသွေးမြင့်ကစားသမား ရှားပါးနေပြီဟု ဘရာဇီးလ်အသင်း၏ ဂန္တ၀င်တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားလိုက်သည်။
ပြီးခဲ့သည့် ၇ နှစ်တာ ကာလအတွင်း ဘာစီလိုနာနှင့် ရီးယဲလ်တို့မှ မက်ဆီနှင့် ရော်နယ်ဒိုတို့သာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး အခြား ဘာကာကစားသမားတစ်ဦးဖြစ်သူ နေးမာမှာ အနာဂတ်တွင် ၎င်းတို့နှစ်ဦးအား ယှဉ်ပြိုင်နိုင်မည့်သူအဖြစ် တစ်ပေးခြင်း ခံထားရသည်။
သို့သော်လည်း ရော်နယ်ဒိုကမူ ထိုကစားသမား ၃ ဦးနှင့် ကျန်ရှိသည့် ဘောလုံးလောကအကြား ကွာဟမှုမှာ ကြီးမားသည်ဟု ယုံကြည်နေသည်။
“ဇီဒိန်းပြောသလိုပါပဲ။ မက်ဆီဟာ လက်ဖျားခါလောက်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ရော်နယ်ဒိုကလည်း အံ့သြစရာကစားသမားဖြစ်ပြီး နေးမာကလည်း ထူးခြားတဲ့ ကစားသမားတစ်ဦးပါ။ ဒါပေမယ့် ကမ္ဘာ့ဘောလုံးလောကမှာတော့ ထိပ်တန်းကစားသမားတွေ ပျောက်ဆုံးနေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်း၏ ပြောကြားမှုကို စပိန်အားကစားသတင်းစာ တစ်စောင်ဖြစ်သည့် Marca က ပြောကြားခဲ့သည်။
ထို့ပြင် မိမိအနေဖြင့် ဇီဒိန်းကဲ့သို့ နည်းပြအဖြစ် ဆောင်ရွက်မည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။
“သူက ကျွန်တော့်ရဲ့ မိတ်ဆွေဖြစ်ပြီး ဒီနေ့အထိ သူနဲ့ ဘောလုံးအကြောင်းတွေ အများကြီး ပြောဖြစ်ပါတယ်။ ဒီနေ့သူဟာ နည်းပြတစ်ယောက် ဖြစ်နေပါပြီ။ ဒါပေမယ့် ဒါဟာ ကျွန်တော် ဘယ်နည်းနဲ့မှ မလုပ်ချင်တဲ့ ကိစ္စတစ်ခုပါပဲ။ ဖိအားကတော့ တူပါတယ်။ ကစားသမားတစ်ယောက်လို ဖိအားမျိုးတော့ မဟုတ်ပါဘူး” ဟု ရော်နယ်ဒိုက ဆိုသည်။
ရော်နယ်ဒိုမှာ အမေရိကန်ရှိ Fort Lauderdale ကလပ်၏ ရှယ်ယာရှင်ဖြစ်ပြီး ထိုအသင်းတွင် တိုက်စစ်မှူးအဖြစ် ပြန်ကစားချင်ကြောင်း၊ သို့ရာတွင် မိမိ၏ ဒဏ်ရာများကြောင့် ပြန်ကစားနိုင်မည်လားဆိုသည်ကို မသိသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.