News @ M-Media

Blog

  • ဖိလစ်ပိုင်တိုင်ဖုန်း လူ ၂ ဦးသေဆုံး

    ဖိလစ်ပိုင်တိုင်ဖုန်း လူ ၂ ဦးသေဆုံး

    မေ ၁၁၊ ၂၀၁၅
    M-Media

    typhon

    – ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းဒေသတွင် တိုင်ဖုန်း နိုအူလ်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူ ၂ ဦးသေဆုံးခဲ့ကာ လူပေါင်း ၃၀၀၀ ကျော်မှာ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ခဲ့ရသည်ဟု သိရသည်။

    တိုင်ဖုန်းနိုအူလ်မှာ ယမန်နေ့က ဆန်နှင့် ပြောင်း စိုက်ပျိုးထုတ်လုပ်ရာ ကာဂါယန်ပြည်နယ်သို့ ၀င်ရောက်ခဲ့ပြီး ၀င်ရောက်ပြီးနောက် အင်အားအနည်းငယ် ပျော့သွားခဲ့သည်။ မုန်တိုင်းကြောင့် ပြည်နယ်ရှိ ဒေသအများစုတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ပြီး လက်ရှိအချိန်တွင် ကာဂါယန်ပြည်နယ် အက်ပါရီမြို့ တောင်ဘက်သို့ မုန်တိုင်းက ဦးတည်နေကာ အင်္ဂါနေ့တွင် ဂျပန်နိုင်ငံတောင်ပိုင်းသို့ ဦးတည်မည်ဖြစ်သည်။

    “တိုင်ဖုန်းက သွားလိုက်ပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပြဿနာက ပျက်ဆီးသွားတာတွေကို ဘယ်လို ပြုပြင်မလဲဆိုတာပါပဲ။ ကမ်းရိုးတမ်းဒေသက ဆင်းရဲတဲ့ ကျွန်တော်တို့မြို့သားတွေရဲ့ အိမ်သေးသေးလေတွေ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့ပါတယ်” ဟု ကာဂါယန်မှ ဆန်တာအန်တာမြို့၏ အုပ်ချုပ်ရေးမှူး ဒါဝင် တိုဘီယက်စ်က ပြောကြားခဲ့သည်။

    အမျိုးသား သဘာဝဘေးအန္တရာယ် အေဂျင်စီကမူ အပါရီမြို့၌ မုန်တိုင်းအရှိန်မြင့်နေစဉ် သွပ်ခေါင်မိုးပေါ် တွယ်ကပ်နေသည့် အမျိုးသား ၂ ဦးမှာ ဓာတ်လိုက်သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

    ကာဂါယန်နှင့် အစ္စဘယ်လာ ပြည်နယ်များမှ ဒေသခံ ၃၄၀၀ ကျော်မှာ စာသင်ကျောင်းများ၊ အားကစားခန်းမများနှင့် မြို့တော်ခန်းမများကဲ့သို့ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်နေရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယနေ့နံနက်စောစောပိုင်း မိုးများ တိတ်သွားသည့်အချိန်တွင် ဒေသခံအချို့မှာ ၎င်းတို့ နေထိုင်ရာ အိမ်များသို့ ပြန်လည် လာရောက်မှုများလည်း ရှိခဲ့သည်။

    မုန်တိုင်းကြောင့် ပျက်ဆီးသော်လည်း မိုးများရွာသွန်းခဲ့ခြင်းကြောင့် အပူဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည့် စပါးနှင့် ပြောင်းခင်းများအတွက် အကျိုးဖြစ်ထွန်းခဲ့သည်။

    Ref: Channelnewsasia

  • ဗန်ဂါးလ်နှင့်စကားပြောပြီးနောက် ပီအက်စ်ဂျီအား ပယ်ချခဲ့သည်ဟု ဒီပေးပြော

    ဗန်ဂါးလ်နှင့်စကားပြောပြီးနောက် ပီအက်စ်ဂျီအား ပယ်ချခဲ့သည်ဟု ဒီပေးပြော

    မေ ၁၁၊ ၂၀၁၅
    M-Media

    depay

    – မန်ယူနည်းပြ လူးဝစ်ဗန်ဂါလ်းနှင့် စကားပြောဆိုခဲ့ခြင်းက ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းအား ဥပေက္ခာပြုရန် မိမိကို နားလည်စေခဲ့သည်ဟု ဟော်လန်အလယ်တန်းကစားသမား မမ်ဖစ် ဒီပေးက ပြောကြားလိုက်သည်။

    မန်ယူမှာ အသက် ၂၁ နှစ်အရွယ် ဒီပေးအတွက် ပေါင် ၂၂.၃ သန်းဖြင့် ခေါ်ယူရန် ဟော်လန်ကလပ် ပီအက်စ်ဗီအသင်းနှင့် ပြီးခဲ့သည့် သီတင်းပတ်က သဘောတူညီခဲ့သည်။ ဒီပေးမှာ နယ်သာလန်အသင်းတွင် ဗန်ဂါးလ်နှင့် လက်တွဲဖူးပြီး ယခုအခါ မန်ယူတွင် ပြန်ဆုံရမည်ဖြစ်သည်။

    ပီအက်စ်ဗီ အားကစား ဒါရိုက်တာ မာဆဲလ် ဘရန်းကမူ မန်ယူက ကြားဖြတ်ခေါ်ယူခြင်းမပြုခင် မိမိတို့မှာ ပီအက်စ်ဂျီအသင်းနှင့် သဘောတူညီချက် ရရှိထားသည်ဟု ပြောကြားခဲ့သည်။ ဒီပေးကလည်း ဗန်ဂါးလ်း၏ ကြားဝင်မှုက မိမိ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့မှု၏ အဓိက အကြောင်းအရင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ပီအက်စ်ဂျီကိုပြောင်းဖို့ ကျွန်တော် တော်တော်လေး နီးစပ်ခဲ့ပါတယ်။ မန်ယူက ကျွန်တော့်ကို အမြဲတမ်းစိတ်ဝင်စားပေမယ့် သိပ် နှစ်နှစ်ကာကာ မရှိဖူးဆိုတာလည်း ကျွန်တော်သိပါတယ်။ နောက်ဆုံးအချိန်မှာ သူတို့ဟာ ကျွန်တော့်မန်နေဂျာကို ဖုန်းခေါ်တယ်။ ပြီးတော့ နည်းပြ လူးဝစ်ဗန်ဂါးလ်နဲ့လည်း ကျွန်တော် တကယ် စကားပြောခဲ့ပါတယ်။ အဲဒါဟာ ခက်ခဲတဲ့ အခြေအနေတစ်ခုပါ။ ပြောရမယ်ဆိုရင် ကျွန်တော် ဗန်ဂါးလ်နဲ့ စကားပြောပြီးတဲ့နောက်မှာ ကျွန်တော့်ကိုယ် ကျွန်တော် “ငါဟာ မန်ချက်စတာကို သွားချင်နေတယ်” လို့ ပြန်ပြောမိပါတယ်” ဟု ဒီပေးက ပြောကြားခဲ့သည်။

    ဒီပေးမှာ ယခုနှစ်ရာသီ ပီအက်စ်ဗီအတွက် အမှတ်ပေးပြိုင်ပွဲတွင် ၂၂ ဂိုး သွင်းယူပေးထားပြီး ယမန်နေ့က ၎င်း၏ အိမ်ကွင်းနောက်ဆုံးပွဲတွင် အသင်းအတွက် ၃၅ ကိုက်အကွာမှ ဖရီးကစ်တစ်ဂိုးကို လှလှပပ သွင်းယူပေးခဲ့သည်။

    မိမိမှာ မန်ယူသို့ ပြောင်းရွှေ့လာရသည့်အတွက် ဂုဏ်ယူမိပြီး မန်ယူတွင် ကျောကြားသည့် ကစားသမားတစ်ယောက် ဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ မိမိတွင် ရှိသမျှအားလုံးကို ပရိတ်သတ်များအတွက် ပေးဆပ်သွားမည်ဖြစ်ကြောင်း ဒီပေးက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ပုဇွန်တောင် မွတ်စလင် လူငယ်များ သာရေးနာရေး ကူညီမှုအသင်းမှ လူမျိုး/ဘာသာ မခွဲဘဲ ကျောင်းသား/သူများအား ကူညီထောက်ပံ့မည်။

    ပုဇွန်တောင် မွတ်စလင် လူငယ်များ သာရေးနာရေး ကူညီမှုအသင်းမှ လူမျိုး/ဘာသာ မခွဲဘဲ ကျောင်းသား/သူများအား ကူညီထောက်ပံ့မည်။

    မေ ၁၁၊ ၂၀၁၅
    M-Media
    မိုးစက်

    10659154_781175071965545_5722987799733403680_n

    ရန်ကုန်။    ။ ရန်ကုန်မြို့ရှိ ပုဇွန်တောင် မွတ်စလင် လူငယ်များ သာရေး နာရေးကူညီမှုအသင်းမှ ၂၀၁၅/ ၂၀၁၆ ပညာသင်နှစ် အတွက် လူမျိုးမရွေး၊ ဘာသာမရွေး ကျောင်းသား ကျောင်းသူ များအား ထောက်ပံ့ငွေနှင့် ကျောင်းသုံး ပစ္စည်းများ အကူအညီပေး အပ်မည်ဖြစ်ကြောင်း သိရသည်။

    ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သော ကျောင်းသား ကျောင်းသူများနှင့် ပုဇွန်တောင်မြို့နယ် အတွင်းရှိ ကျောင်းများတွင် ပညာသင်ကြားလျှက် ရှိသော ကျောင်းသူ/ကျောင်းသား များအား ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

    “ကျွန်တော်တို့ အဖွဲ့ကနေ ပညာသင်ကြားဖို့ လိုအပ်တဲ့ ကလေးတွေကို နှစ်စဉ် ကူညီပေးနေတာပါ။ လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးကို ကူညီထောက်ပံ့ပေးနေ တာပါ။ အဖွဲ့ဝင်တွေထဲက တတ်နိုင်သလောက် အလှူငွေများ ထည့်ဝင်ကြပြီး ကလေးများအတွက် လိုအပ်တာများကို ကူညီနေပါတယ်” ဟု ပုဇွန်တောင်မွတ်စလင် လူငယ်များ သာရေး နာရေး ကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

    အကူအညီ လိုအပ်သော ကျောင်းသား ကျောင်းသူများအနေနှင့် ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်ရှိ အမှတ် ၁၄(ဘီ)၊ မြေညီထပ် ၅၃ လမ်း၊ ၂ ရပ်ကွက်ရှိ သာရေး နာရေး အသင်းရုံးခန်းတွင် ပညာရေး ထောက်ပံ့မှု လျှောက်လွှာများကို မေ ၁၅ ရက်နေ့ မှ စတင်ထုတ်ယူနိုင်ပြီး လျှောက်လွှာပိတ်မည့်ရက်မှာ မေလ ၂၅ ရက်နေ့ဖြစ်ကြောင်း သိရှိရပါသည်။

  • ဒုက္ခသည်များအား တတိယနိုင်ငံများတွင် နေရာချထားပေးရေး ပိုခက်လာပြီဟု မလေးရှား ပြော

    ဒုက္ခသည်များအား တတိယနိုင်ငံများတွင် နေရာချထားပေးရေး ပိုခက်လာပြီဟု မလေးရှား ပြော

    မေ ၁၁၊ ၂၁၀၅
    M-Media

    img_UNHCRInMalaysia1

    – မိမိတို့နိုင်ငံသို့ ရောက်လာသည့် ဒုက္ခသည်များကို ယခင်ကကဲ့သို့ တတိယနိုင်ငံများသို့ နေရာချထားပေးရန် ဆက်လက်မျှော်လင့်နိုင်တော့မည်မဟုတ်ဘဲ ထိုသို့ မမျှော်လင့်နိုင်ခြင်းမှာ နေရာချထားပေးနိုင်မည့် နေရာများ နိုင်ငံတကာတွင် နည်းပါးလာခြင်းကြောင့် ဖြစ်သည်ဟု မလေးရှားက ပြောကြားလိုက်သည်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မလေးရှားကိုယ်စားလှယ် ရစ်ချက် တိုလီက အဓိက ဦးစားပေးနေရာများမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာများကို ပိုမိုကြုံတွေ့နေရသော အရှေ့အလယ်ပိုင်း၊ ဆဟာရဒေသနိုင်ငံများနှင့် အာဖရိကတို့မှ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ဟာ ပြန်လည်နေရာချထားရေးအတွက် လျှောက်ထားမှု ၁၅၀၀၀ နီးပါးကို လက်ခံခဲ့ပါတယ်။ ဒီနှစ်မှာတော့ အဲဒီတစ်ဝက်လောက်ပဲ ရှိမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ပြန်လည်နေရာချထားပေးမယ့် နိုင်ငံတွေကနေ အရင်ကလောက် စိတ်ဝင်စားမှု မရှိတော့ပါဘူး” ဟု အင်တာဗျူးတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    မလေးရှားရှိ UNHCR တွင် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူမှာ ၁၅၂၅၇၀ ဦးရှိသည်။ ၁၉၇၀ ပြည့်နှစ်နှင့် ၁၉၈၀ ပြည့်နှစ်များတွင် အင်ဒို-တရုတ် လှေစီးဒုက္ခသည်များမှာ မလေးရှားသို့ ထွက်ပြေးလာကြပြီး ထိုစဉ်က ဒုက္ခသည်များအား ပြန်လည်နေရာချထားပေးရေးမှတစ်ဆင့် ထိုပြဿနာအား ဖြေရှင်းပေးရန် နိုင်ငံတကာအသိုင်းအ၀ိုင်းက လိုလိုလားလားရှိခဲ့သော်လည်း ထိုအချိန်များမှာ သိသိသာသာ ကုန်ဆုံးသွားခဲ့ပြီဟု တိုလီက ပြောကြားခဲ့သည်။

    ၂၀၁၄ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း၌ ဒုက္ခသည်အရေအတွက်မှာ ၁၄.၂ သန်းအထိ ရောက်ရှိလာခဲ့သည်။ ထိုအခြေအနေအရ UNHCR ၏ အခန်းကဏ္ဍမှာလည်း ပြောင်းလဲသွားပြီး အဓိကဦးစားပေးနေရာများသို့ ပြောင်း၍ အလုပ်လုပ်နေရသည်ဟု တိုလီက ပြောကြားခဲ့သည်။

    “မလေးရှားမှာ အရင်ကလိုပုံစံနဲ့ ကျွန်တော်တို့ရဲ့ ကူညီပေးနိုင်စွမ်းဟာ နည်းနည်းလာပါပြီ။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ရတဲ့ ရင်းမြစ်တွေကလည်း နည်းလာလို့ပါ” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    လက်တွေ့ကျမှုများကို အခြေခံ၍ ဒုက္ခသည်များ၏ အခြေအနေကို ဖြေရှင်းရာတွင် အခြားနည်းလမ်းများကို ရှာရန် မလေးရှားကဲ့သို့ ဒုက္ခသည်များအား လက်ခံထားသည့် နိုင်ငံများအပေါ် မူတည်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

    မလေးရှားတွင် မှတ်ပုံတင်ထားသော ဒုက္ခသည်များတွင် ၉၄ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှ ဖြစ်ကြသည်။

    တိုလီကမူ ၎င်းတို့မှာ ဖိနှိပ်ချုပ်ချယ်ခံရခြင်း၊ ငြှင်းပန်းနှိပ်စက်ခံရခြင်းနှင့် လူ့အခွင့်အရေးကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံရခြင်းတို့ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာခြင်းဖြစ်သည်ဟု ဆိုသည်။

    မလေးရှားအတွက် ရွေးချယ်မှုမှာ ၎င်းတို့အား အမှောင်ဈေးကွက်တွက် ဥပေက္ခာပြုထားမလား ဆိုသည်နှင့် စာရင်းသွင်းမှု အစီအစဉ်မှတစ်ဆင့် ကိုင်တွယ်မလားဆိုသည်ပင် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

    “တကယ်လို့ ဒီမှာ ဘယ်သူရှိနေလဲဆိုတာကို ဖော်ထုတ်ဖို့ မလုပ်ဆောင်ဘူးဆိုရင် သူတို့တွေဟာ ခေါင်းပုံဖြတ်မှု၊ ရာဇတ်မှုတွေရှိတဲ့ အမှောင်နယ်မြေထဲမှာပဲ ဆက်ရှိနေပါလိမ့်မယ်”

    ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းအစိုးရမှာ ဆွန်ခ်လာနှင့် ပါဒန်ဘဆာရ် ဒေသတို့တွင် လူကုန်ကူးစခန်းများနှင့် လူများအား အစုလိုက်အပြုံလိုက် မြှုပ်ထားသည့်နေရာများကို ဖော်ထုတ်ခဲ့ပြီး ထိုနေရာများတွင် နိုင်ငံအတွင်းသို့ လူကုန်ကူးခံရသော ရိုဟင်ဂျာများ၏ ရုပ်အလောင်းများကိုလည်း တွေ့ရှိခဲ့သည်။

    ထိုင်းနိုင်ငံမှ ရိုဟင်ဂျာအသင်း၏ ဥက္ကဌဟောင်းဖြစ်သူကမူ ထိုကဲ့သို့ လူကုန်ကူးစခန်းများမှာ မလေးရှားတွင်လည်း ရှိနေပြီး ထိုနေရာများတွင် ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ်မှ ကျွန်ပြုခံရသူများကို ခေါ်သွင်းကာ လူကုန်ကူးသူများက ထိန်းသိမ်းထားကြသည်ဟု ပြောကြားခဲ့သည်။

    Ref: The Star

  • မြန်မာမွတ်စလင် လူငယ်များ အသိပညာ ရှာဖွေလိုသော စိတ်ဓာတ်များ ထက်သန်စေရန် ပြိုင်ပွဲပြုလုပ်

    မြန်မာမွတ်စလင် လူငယ်များ အသိပညာ ရှာဖွေလိုသော စိတ်ဓာတ်များ ထက်သန်စေရန် ပြိုင်ပွဲပြုလုပ်

    ဧပြီ ၁၁၊ ၂၀၁၅
    M-Media
    မိုးစက်
    8
    ရန်ကုန်။    ။ အနာဂတ်ကိုပခုံးထမ်းပြောင်းမည့် မွတ်စလင်လူငယ်များ အသိပညာ ရှာဖွေလိုသော စိတ်ဓာတ်များထက်သန်လာရန် မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူငယ်များ (ဘာသာရေးအဖွဲ့) ဌာနချုပ်မှ သာသနာ့စာပေ ပညာရေး မှတ်ကျောက်တင်ပြိုင်ပွဲ တစ်ရပ်ကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဒေါ်စောရွှေခန်းမ၌ မေ (၁၀) ရက်နေ့က ပြုလုပ်ကျင်းပခဲ့ပါသည်။

    မွတ်စလင် လူငယ်များ မိမိ လေ့လာထားသော အစ္စလာမ့် သာသနာ့ အသိပညာများကို လက်တွေ့ အသုံးချနိုင်ရန်၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို တည်ဆောက်နိုင်ရန်၊ သာသနာ့ အဆုံးအမများကိုခံယူပြီး မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်များနှင့် အညီ မြန်မာ့လူ့ဘောင်ကို တည်ဆောက်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့်  သာသနာ့ စာပေပညာရေး မှတ်ကျောင်တင်ပြိုင်ပွဲ ကျင်းပရခြင်းဖြစ် ကြောင်း သိရပါသည်။

    အဆိုပါပြိုင်ပွဲတွင် ကေရာအသ်ပြိုင်ပွဲ (ဌာန်ကရိုဏ်းကျ ကုရ်အာန် ဖတ်ရွတ်ပြိုင်ပွဲ) ၊ မြန်မာတေးကဗျာပြိုင်ပွဲ၊ ဟောပြောမှုပြိုင်ပွဲ အစရှိသည်တို့ကို သက်ငယ်တန်း၊ သက်လတ်တန်း၊ သက်ကြီးတန်း အစရှိသည်ဖြင့် ယှဉ်ပြိုင်ကြရသည်။ ထိုပြိုင်ပွဲမှ ထူးချွန်သူများကိုလည်း မေ ၁၇ ရက်နေ့တွင် မမလ ဌာနချုပ်မှ ဆုများကို ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

    ယင်းပြိုင်ပွဲသို့ ဒလမြို့နယ်မှ လာရောက်ယှဉ်ပြိုင်သူ တစ်ဦးမှ “သမီးကနှစ်တိုင်း ဝင်ပြိုင်နေကြပါ။ ဟောပြောပွဲပြိုင်တော့ သူတို့ပေးထားတဲ့ ခေါင်းစဉ်တွေနဲ့လိုက်အောင် အချက်အလတ်တွေ ရှာရတာဆိုတော့ စာအုပ်တွေလဲဖတ်ဖြစ်ပါတယ်။ အသိဥာဏ်တွေလည်း ပိုရလာပါတယ်” ဟု ပြိုင်ပွဲနှင့်ပတ်သက်ပြီးဆိုသည်။

့မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်လူငယ်များ (ဘာသာရေး) အဖွဲ့ကြီး သည် အစ္စလာမ်သာသာရေး အဖွဲ့ကြီးများအနက် တစ်ခု အပါအဝင်ဖြစ်ပြီး မြန်မာ့လွတ်လပ်ရေး မတိုင်မီကာလ ၁၉၄၅ခု၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် သိမ်ဖြူကြွယ်ဝဆိုသည့် ပုဂ္ဂိုလ်ကြီးက မျိုးချစ်လူငယ်များ စုစည်း၍ ဗမာမွတ်စလင် လူငယ်များ အစည်းအရုံး (ဗ.မ.လ) ဟူ၍ စတင်ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်သည်။

    3 6 10

    12