News @ M-Media
Blog
  • ၀န်ထမ်း ၆ ထောင်ကျော်ကို ပြင်သစ်အလည်ခေါ်တဲ့ တရုတ်သူဌေး
    မေ ၁၀၊ ၂၀၁၅
    M-Media
    china
    – တရုတ်နိုင်ငံက ဘီလျံနာတစ်ယောက်ဟာ သူ့ရဲ့ ၀န်ထမ်း ၆၄၀၀ ကို ပြင်သစ်နိုင်ငံ လေးရက်ကြာ အပန်းဖြေခရီး ခေါ်သွားခဲ့ပြီး ဂင်းနစ်မှတ်တမ်းမှာလည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
    အဲဒီဘီလျံနာကတော့ Tiens အုပ်စု ကုမ္ပဏီဥက္ကဌ လီ ဂျင်ယွမ်ဖြစ်ပြီး သူတို့လူအုပ်စုတည်းဖို့ ပဲရစ်က ဟိုတယ် ၁၄၀ ကျော်ကို ဘိုကင် လုပ်ခဲ့ရပါတယ်။ နောက်ပြီး ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးနဲ့ အလေးအမြတ် အထားခံရဆုံး ပဲရစ်မြို့က Louvre နဲ့ အခြားသော ယဉ်ကျေးမှု ဆိုင်ရာ နေရာတွေကိုလည်း သွားရောက် လည်ပတ်ခဲ့ပါတယ်။
    အဲဒီနောက်မှာတော့ စွဲမက်စရာကောင်းတဲ့ Cote D’Azur မြို့ကိုလည်း သွားခဲ့ပြီး ကန်နက်စ်နဲ့ မိုနာကိုတို့က ကြယ်လေးပွင့်နဲ့ ကြယ်ငါးပွင့် ဟိုတယ်တွေက အခန်းပေါင်း ၄၇၆၀ ကို ငှားရမ်းခဲ့ကြပါတယ်။
    သူတို့တည်းတဲ့ ဟိုတယ်ကနေ နိုက်စ်မြို့က Promenade des Anglais သွားတဲ့အခါ ဘတ်စ်ကားပေါင်း ၁၄၇ စီးကို အသုံးပြုခဲ့ပြီး ဂင်းနစ်ကမ္ဘာ့မှတ်တမ်း တာဝန်ရှိသူတွေက ကမ္ဘာ့အကြီးဆုံး လူတန်းရှည်ကြီးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
    လီဂျင်ယွမ်ဟာ သူ့ကုမ္ပဏီနဲ့ ပြင်သစ်တို့ ချိတ်ဆက်ဆောင်ရွက်မှုနဲ့ ကုမ္ပဏီတည်ထောင်တဲ့ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် သူ့ရဲ့ဝန်ထမ်းတွေကို ဒီလို အလည်အပတ်ခေါ်သွားတာ ဖြစ်ပါတယ်။ ဒီခရီးစဉ်ကနေ ပြင်သစ်က ယူရို ၃၃ သန်းလောက် အမြတ်ထွက်မယ်လို့ ခန့်မှန်းထားပါတယ်။
    သူတို့အုပ်စုဟာ ပဲရစ်မှာ ၁၃ သန်းလောက်သုံးမယ်လို့ မှန်းထားပြီး နိုက်စ်မြို့မှာတော့ သန်း ၂၀ လောက် သုံးကြမှာပါ။
    အသက် ၅၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ လီဂျန်ယွမ်ဟာ Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့အချမ်းသားဆုံး ဘီလျံနာစာရင်းမှာ ပါဝင်သူတစ်ယောက်ဖြစ်ကာ သူရဲ့ လုပ်ငန်းတစ်ခုလုံးမှာ ၀န်ထမ်းပေါင်း ၁၂၀၀၀ လောက် ရှိပါတယ်။
    ပြင်သစ်ဟာ ကမ္ဘာ့ပေါ်မှာ လည်ပတ်မှုအများဆုံး နိုင်ငံဖြစ်ပြီး ကုလရဲ့ မှတ်တမ်းများအရ တစ်နှစ်ကို နိုင်ငံခြားသား ၈၅ သန်းလောက် လာရောက်လည်ပတ်ကြကာ ခရီးသွားလုပ်ငန်းကနေ ယူရို ၁၅၀ ဘီလီယံလောက် ၀င်နေပါတယ်။
    Ref: Dailymail
  • ရိုးမားအား အနိုင်ရရှိမှု အနာဂတ်အတွက် သက်သေဟု အင်ဇာဂီပြော
    ရိုးမားအား အနိုင်ရရှိမှု အနာဂတ်အတွက် သက်သေဟု အင်ဇာဂီပြော
    မေ ၁၀၊ ၂၀၁၅
    M-Media
    milan
    – ရိုးမားအသင်းအား အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့သည့် အေစီမီလန်အသင်းသားများအား နည်ပြ အင်ဇာဂီက ချီးကျူးလိုက်ပြီး မိမိတို့၏ တောက်ပသော အနာဂတ်အတွက် သက်သေပြခဲ့ခြင်းဖြစ်သည်ဟု ယူဆနေသည်။
    အေစီမီလန်မှာ ပြီးခဲ့သည့် သီတင်းပတ်များတွင် စွမ်ဆောင်ရည် အလွန်ကျဆင်းခဲ့ပြီး စီးရီးအေ ဒုတိယနေရာမှ ရိုးမားနှင့် မကစားမီ နောက်ဆုံး ၅ ပွဲတွင် တစ်ပွဲမှ အနိုင်ရရှိခြင်း မရှိပေ။ သို့သော်လည်း ယမန်နေ့က ကစားခဲ့သည့်ပွဲတွင် မာကို ဗန် ဂင်ကဲလ်နှင့် မတ်တီယာ ဒက်စထရို၏ ဂိုးများကြောင့် ရိုးမားအား ၂ ဂိုး ၁ ဂိုးဖြင့် အံ့ဖွယ် အနိုင်ရခဲ့သည်။
    ယခုပွဲနိုင်ခဲ့သော်လည်း ယခင်ရလဒ်ဆိုးများကြောင့် လာမည့်နှစ် ဥရောပ၀င်ခွင့် မျှော်လင့်ချက်မှာ ဆုံးရှုံးခဲ့ရပြီး အင်ဇာဂီကမူ ကစားသမားများ စိတ်နှစ်၍ကစားပါက အောင်မြင်မှု ရယူနိုင်မည်ကို အဆိုပါ ၃ မှတ်က ပြသခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော့်ရဲ့ကစားသမားတွေက ကြီးကျယ်တဲ့ ဂုဏ်သိက္ခာကို ပြသခဲ့ပြီး ပွဲကိုလည်း လက်ဖျားခါလောက်အောင် ကစားခဲ့ပါတယ်။ အဲဒီနိုင်ပွဲအတွက် ပျော်လိုက်ကြရအောင်။ ပြီးတော့ ထိပ်တန်း ရိုးမားအသင်းကို အနိုင်ရခဲ့တဲ့အတွက် ဂုဏ်ယူလိုက်ကြရအောင်။ ကျွန်တ်ာတို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ” ဟု အင်ဇာဂီက Sky Sport သို့ ပြောကြားခဲ့သည်။
    အေစီမီလန်အသင်းအား မျှော်လင့်ထားသကဲ့သို့ စွမ်းဆောင်မပေးနိုင်သောကြောင့် အင်ဇာဂီမှာ အသင်းမှ ထွက်ရတော့မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ၎င်းကမူ မိမိ၏ နေရာအတွက် တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။
    “ပရိတ်သတ်တွေက ကျွန်တော့်အပေါ်မှာ တော်တော်ကောင်းပါတယ်။ ကျွန်တော်ဟာ အားလုံးပေးဆပ်နေတယ် ဆိုတာနဲ့ ကြိုးစားမှုဆိုတဲ့ ဓလေ့ အသင်းကို ပြန်ရောက်လာအောင် ကျွန်တော် ဆောင်ကျဉ်းပေးချင်တယ် ဆိုတာကိုလည်း သူတို့ မြင်ကောင်းမြင်ကြပါလိမ့်မယ်။
    လွယ်တော့မလွယ်ပါဘူး။ သိပ်မကြာခင်နှစ်တွေမှာ နည်းပြတွေ တစ်ပြုံတစ်ခေါင်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အရာရာတိုင်းကို ဖြေရှင်းပေးဖို့ ကျွန်တော့်ဆီမှာ မှော်တုတ်ချောင်းရှိမယ်လို့ မတွေးထားပါဘူး။ ကျွန်တော့်ရဲ့နောက်ဆုံးနေ့အထိ ဒီနေရာအတွက် တိုက်ပွဲဝင်သွားမှာပါ”
    Ref: Goal
  • ထိုင်းလူကုန်ကူးစခန်း ဖမ်းဆီးမှု အဆင့်မြင့် ဖုန်းနည်းပညာကို အသုံးပြုခဲ့
    ထိုင်းလူကုန်ကူးစခန်း ဖမ်းဆီးမှု အဆင့်မြင့် ဖုန်းနည်းပညာကို အသုံးပြုခဲ့
    မေ ၁၀၊ ၂၀၁၅
    M-Media
    thai
    – ထိုင်နိုင်ငံ ဆွန်ခ်လာပြည်နယ်တွင် ရိုဟင်ဂျာများအား အစုလိုက်အပြုံလိုက် မြှုပ်ထားသော နေရာများကို မကြာသေးမီက တွေ့ရှိခဲ့ရခြင်းမှာ မကြုံစဖူး ပူးပေါင်းဆောင်ရွက်မှုနှင့် နောက်ဆုံးပေါ် နည်းပညာကို အသုံးပြုခြင်းတို့ကြောင့်ဖြစ်ကြောင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ Freeland ဖောင်ဒေးရှင်းက ပြောကြားလိုက်သည်။
    ရဲတပ်ဖွဲ့နှင် အန်ဂျီအို အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဖုန်းဖြင့် စစ်ဆေးနိုင်သည့် မူခင်းဆိုင်ရာ နည်းပညာတို့က ရိုဟင်ဂျာများအား ပြန်ပေးဆွဲခြင်းနှင့် သတ်ဖြတ်မြှုပ်နှံသူများကို ရှာဖွေဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်သည်။
    လူကုန်ကူးသူဟု သံသယရှိသူများထံမှ သိမ်းဆည်းရမိသော ဖုန်းများကို ဆန်းစစ်ဖော်ထုတ်ရာတွင် နည်းပြပညာပိုင်းဆိုင်ရာ ကူညီရန် ဇန်န၀ါရီလတွင် အဆိုပါ ဖောင်းဒေးရှင်းက ထိုင်းရဲတပ်ဖွဲ့အား ဆွဲဆောင်ခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့ကလည်း မြန်မာနိုင်ငံမှ ရိုဟင်ဂျာများအား ပစ်မှတ်ထားသည့် စနစ်တကျ လူကုန်ကူးမှုလုပ်ရပ်ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ထိုကဲ့သို့ ကူညီရန် မေတ္တာရပ်ခံခဲ့သည်။
    “ဒီအမှုနဲ့ပတ်သက်ပြီး ချီးကျူးစရာတစ်ခုက ဒေသခံရဲတွေနဲ့ စလုပ်ခဲ့တာပါပဲ။ ဖက်ဒရယ် အထူးတပ်ဖွဲ့တွေနဲ့ မဟုတ်ပါဘူး။ အဲဒီဒေသခံရဲတွေကို နည်းပညာဆိုင်ရာ ကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ချက်ချင်းလုပ်ပေးခဲ့ပြီး မြန်မြန်ဆန်ဆန်ပဲ တိုးတက်မှု ရှိလာခဲ့ပါတယ်” ဟု Freeland ဖောင်းဒေးရှင်းမှ ဒါရိုက်တာဖြစ်သူ စတီဗင် ဂလက်စ်တာက ကြာသာပတေးနေ့တွင်
    ထုတ်ပြန်ခဲ့သော ကြေညာချက်၌ ပြောကြားခဲ့သည်။
    င်္Freeland အဖွဲ့မှာ လူကုန်ကူးသူများ၏ ဖုန်းမှ ရရှိသော နံပါတ်များကို ဆန်းစစ်ဖော်ထုတ်ရာတွင် ၃ လတိုင်တိုင် ကူညီပေးခဲ့သည်။ ဖုန်းများမှ ရရှိသော အချက်အလက်များကို အသုံးပြု၍ ရဲတပ်ဖွဲ့က ဖုန်းနံပါတ် ဇယားတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး ထိုဇယားက စုံထောက်များ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာတွင် လွယ်ကူသွားစေခဲ့သည်။
    ထို့နောက် ထိုအချက်အလက်များကြောင့်ပင် မြန်မာနိုင်ငံသား စိုးနိုင်အန်ဝါရ်နှင့် ၎င်း၏ ထိုင်းဘက်မှ အဆက်အသွယ်များကို ရှာဖွေဖမ်းဆီးနိုင်ခဲ့သည်။
    အဆိုပါ လူကုန်ကူးသူများ၏ လုပ်ငန်းတွင် လစဉ် မြန်မာနိုင်ငံသို့ လှေကြီးတစ်စင်းကို လွှတ်ပေး၍ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ၃၀၀ မှ ၄၀၀ အကြားကို ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟုဆိုကာ ခေါ်ဆောင်လာခြင်းလည်း ပါဝင်သည်ဟု စုံးစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။
    လှေများဖြင့် တင်ဆောင်လာသူများကို ထိုင်းနိုင်ငံ ယနောင်းမြို့တွင် ချပြီး ထိုမှတစ်ဆင့် ထရပ်ကားများဖြင့် ဆွန်ခ်လာပြည်နယ် ဆာဒါအိုခရိုင် မလေးရှားနယ်စပ်အနီး လူကုန်ကူးစခန်းများသို့ ခေါ်ဆောင်လာခြင်းဖြစ်သည်။
    တောနက်ထဲတွင်ရှိသည့် အဆိုပါ စခန်းများတွင် အကန့်များခွဲထားပြီး အကန့် ၁ တွင် ထိုင်းနိုင်ငံ၌ ဆွေမျိုးရှီသူများကို ထားရှိကာ အကန့် ၂ တွင်း မည်သည့်အဆက်အသွယ်မှ မရှိသောသူများကို ထားရှိသည်။
    “အကန့် ၁ က သူတွေက သူတို့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေရဲ့ ဖုန်းနံပါတ်တွေပြောရပြီး ကန်ဒေါ်လာ ၃၀၀၀ ခန့်ရှိတဲ့ ငွေပမာဏ ဒါမှမဟုတ် အဲဒီထက်များတဲ့ပမာဏနဲ့ ရွေးခိုင်းပါတယ်။ အကန့် ၂ က သူတွေကိုတော့ မလေးရှားနယ်စပ်ကို ရွှေ့လိုက်ပြီး မလေးရှားက လယ်သမားတွေဆီကို ကန်ဒေါ်လာ ၁၀၀၀ လောက်နဲ့ ရောင်းစားပါတယ်” ဟု Freeland က ပြောကြားခဲ့သည်။
    စုံးစမ်းစစ်ဆေးသူများက ရရှိသည့် ဘဏ်မှတ်တမ်းများအရ အဆိုပါ လူကုန်ကူးဂိုဏ်မှာ ဒေါ်လာသန်းနှင့်ချီ၍ ၀င်ငွေရှိသည်ဟု ဆိုသည်။
    “လူတွေဟာ အချိန်အတော်ကြာ ဖမ်းဆီးခံထားရတယ်။ နေမကောင်းဖြစ်တာတွေ၊ ရိုက်နှက်ခံရတာတွေရှိပြီး တစ်ချို့ဆို သေဆုံးကုန်ပါတယ်။ အဲဒီသူတွေကို ဆေးရုံ ဒါမှမဟုတ် အာဏာပိုင်တွေကို သတင်းပေးရမယ့်အစား မြှုပ်လိုက်ကြပါတယ်” ဟု ဖောင်ဒေးရှင်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။
    ပြီးခဲ့သည့် သီတင်းပတ်က အဆိုပါ စခန်းများရှိ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ကျင်းများကို ဖော်ရာတွင် အလောင်းပေါင်း ၃၀ ကျော် တွေ့ရှိခဲ့ရပြီး ဆိုးဆိုးဝါးဝါး ပျက်ဆီးနေသည်။
    Ref: The Star
  • ချယ်ဆီးချန်ပီယံဖြစ်ခြင်းမှာ ကြောက်ရွံ့မှု မရှိခြင်းကြောင့်ဟု ၀င်းဂါးပြော
    ချယ်ဆီးချန်ပီယံဖြစ်ခြင်းမှာ ကြောက်ရွံ့မှု မရှိခြင်းကြောင့်ဟု ၀င်းဂါးပြော
    မေ ၁၀၊ ၂၀၁၅
    M-Media
    winger
    – ချယ်ဆီးအသင်း၏ ယခုနှစ် ပရီးမီးယားလိဂ် အောင်မြင်မှုမှာ ကြောက်ရွံ့မှု မရှိခြင်းကြောင့်ဖြစ်သည်ဟု အာဆင်နယ်နည်းပြ အဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ချယ်ဆီးမှာ ပြီးခဲ့သည့် သီတင်းပတ်က ချန်ပီယံဖြစ်ခဲ့ပြီး တစ်ရာသီလုံးတွင် ၂ ပွဲသာ ရှုံးနိမ့်ခဲ့သည်။ အာဆင်နယ်က ၂၀၁၅ ခုနှစ်တွင် အကောင်းဆုံး ပုံစံကို ရရှိခဲ့သော်လည်း ဒုတိယနေရာ ရရှိရေးအတွက် ရုန်းကန်နေရသည်။ ၀င်းဂါးကမူ မိမိတို့ နိုင်လိုစိတ်မှာ တိုးတက်လာပြီး လာမည့်ရာသီတွင်လည်း ထိုစိတ်က ကစားသမားအား ရပ်တည်နိုင်စေမည်ဟု ဆိုသည်။
    “ဒီလိုအလုပ်မျိုးမှာ တကယ့်စိတ်ချမ်းသာစရာ ရှုံးနိမ့်မှာကို ကြောက်ရွံ့မှု မရှိတာပါပဲ။ အသင်းတစ်သင်းဟာ ယုံကြည်မှုရှိမယ်၊ လုပ်နိုင်တယ်လို့ထင်တယ်၊ အဲဒီလိုကစားမယ်ဆိုရင် ကျွန်တော်တို့ နိုင်ပါလိမ့်မယ်။ ကစားသမားတွေဟာ ထူခြားတဲ့ကစားသမားတွေ ဖြစ်လာမှာပါ။ ကျွန်တော် အမွှမ်းတင်ပြောတာ မဟုတ်ပါဘူး။ ဖိအားတွေကို တုံ့ပြန်တဲ့အသင်းကို မြင်ချင်တယ်ဆိုရင် ကျွန်တော်တို့ဟာ ဇန်န၀ါရီကတည်းက ဒါမျိုး ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ ရှိခဲ့တဲ့ ပြဿနာကတော့ ချယ်ဆီးက ခြေမချော်တာပါပဲ” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့အသင်းမှာ ချန်ပီယံပြေးလမ်းပေါ်သို့ ပြန်လည်ရောက်လာရမည်ဖြစ်သော်လည်း ချယ်ဆီးအသင်းမှာ ၂ ပွဲသာ ရှုံးနိမ့်ခဲ့ကြောင်း တစ်ချို့ပွဲများတွင် အကောင်းဆုံးပုံစံ မရသော်လည်း အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့ နိုင်ပွဲများမှာ ဖလားရရှိရန် နီးကပ်နေသည်ကို ခံစားရခြင်းသာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • ၃ ရက်ကြာ ကျင်းပဖို့ စီစဉ်နေတဲ့ နိုင်ငံလုံးဆိုင်ရာ မွတ်စလင်ညီလာခံ အကြောင်း RFA မေးမြန်းချက်
    ၃ ရက်ကြာ ကျင်းပဖို့ စီစဉ်နေတဲ့ နိုင်ငံလုံးဆိုင်ရာ မွတ်စလင်ညီလာခံ အကြောင်း RFA မေးမြန်းချက်
    မေ ၁၀ ၊ ၂၀၁၅
    RFA
    ပြည်လုံးကျွတ်မွတ်စလင်ညီလာခံကို လာမယ့် မေလ (၂၃) ရက်နေ့ကစလို့ ရန်ကုန်မြို့မှာ ၃ ရက်ကြာ ကျင်းပသွားဖို့ စီစဉ်နေတာနဲ့ ပတ်သက်လို့ ညီလာခံ ကျင်းပရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
    မေးမြန်းချက်ပါ အချက်အလက်တချို့ ကို M-Media မှ  ကောက်နှုတ်ရေးသား ဖော်ပြလိုက်ပါတယ်။
    ရည်ရွယ်ချက်
    ————–
    နိုင်ငံသားတွေရဲ့ ဥပဒေပါ အခွင့်အရေးတွေ၊ တာဝန်တွေကို ပြည်ထောင်စုသားတွေနဲ့ အတူတူ တန်းတူရည်တူရရှိ ထမ်းဆောင်နိုင်ဖို့၊
    လူနည်းစု အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ရရှိဖို့၊
    အကြမ်းဖက်မှုတွေကနေကာကွယ်တားဆီးဖို့၊ ပဋိပက္ခတွေကနေ ကာကွယ်တားဆီးဖို့ ၊ လူကုန်မှုတွေကနေ ကာကွယ်တားဆီးဖို့၊
    ဆင်းရဲမွဲတေမှု လျော့ချဖို့၊ စည်းလုံး ညီညွှတ်စွာနဲ့ ပြည်ထောင်စုသားများ ချစ်ချစ်ခင်ခင်နေထိုင်ဖို့ ၊ ပြည်ထောင်စုရဲ့ အကျိုးစီးပွားဟာ ပြည်ထောင်စုသား မွတ်စလင် များ ရဲ့ အကျိုးစီးပွားဖြစ်တယ်၊ ပြည်ထောင်စုသားမွတ်စလင်တွေဟာ ပြည်ထောင်စုရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတယ်တဲ့ ခံယူချက်ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာဖြစ်၊
    ဖိတ်ကြားမည့်သူများ
    ——————–
    နိုင်ငံတော် အကြီးအကဲတွေက စလို့ ဖိတ်ကြားသင့် ဖိတ်ကြားထိုက်သူများ အားလုံးကို အခမ်းအနားကို ဖိတ်ကြားသွားမှာဖြစ်၊
    ပြည်ပ အထောက်ပံ့ ကင်းလွတ်ရေးမူရှိကြောင်း ၊ အဲဒီအတွက် OIC လို အဖွဲ့အစည်းနဲ့ ဘာမှ ပတ်သက်ဆက်နွယ်မှု မရှိသလို ဖိတ်ကြားသွားမှာ မဟုတ်ကြောင်း၊ အဲလို အဖွဲ့အစည်းတွေရဲ့ အကူအညီ ရယူခြင်းလည်းမရှိကြောင်း၊ ပြည်တွင်းက ညီလာခံ တက်ရောက်မယ့် ကိုယ်စားလှယ် မွတ်စလင်တွေရဲ့ လှူဒါန်းထည့်ဝင်ငွေများဖြင့် ညီလာခံကို ကျင်းပသွားမှာဖြစ်ကြောင်း၊
    ဝေဖန်ကန့်ကွက်မှုများ
    ——————–
    တရားဝင်ပြောတာ ရှိသလို ၊ တရားမဝင်ပြောတာရှိနိုင်ကြောင်း လူတဦးချင်းရဲ့ လွတ်လပ်စွာ ဝေဖန်ပြောဆိုပိုင်ခွင့်ဖြစ်၍ ဘာမှ မပြောလိုကြောင်း၊ ဥပဒေဘောင်အတွင်းကနေ ကျင်းပဖို့ စီစဉ်နေတာဖြစ်ကြောင်း၊ ညီလာခံကျင်းပခြင်းမှာ  နိုင်ငံတော်နဲ့ နိုင်ငံသားတွေအကျိုးပြုမယ့် ကိစ္စ ဖြစ်ကြောင်း၊ အကျိုးယုတ်မယ့် ကိစ္စ တွေ မပါကြောင်း၊ ဒါကြောင့် ဝေဖန်မှုတွေကို တယောက်နှင့်တယောက် နားလည်အောင် ချဉ်းကပ်ပြီး ဖြေရှင်းသွားရင် ဒီကိစ္စ တွေ အဆင်ပြေသွားမှာဖြစ်ကြောင်း၊
    အစိုးရခွင့်ပြုချက်
    —————–
    ဥပဒေဘောင်ထဲက စနစ်တကျ မှန်မှန်ကန်ကန် ကျင်းပဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့ အစည်း တရပ်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီးကို ပွင့်လင်းစွာနဲ့ တင်ပြပြီးတော့ ဒိညီလာခံကို ကျင်းပမှာဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ ရက်မှာ ကျင်းပနိုင်ဖို့ အဆင့်သင့်ဖြစ်နေကြောင်း၊ တခါတလေ သက်ဆိုင်ရာက သူတို့ ရဲ့ မူအရ ကျင်းပခွင့် ခွင့်ပြုမိန့်ပေးတာ နောက်ကျတတ်ကြောင်း၊ ဒါကြောင့် ကျန်ရှိနေတဲ့ ကာလလေးကို ခွင့်ပြုမိန့်အတွက် စောင့်နေကြောင်း၊
    အစိုးရမှ ခွင့်ပြုချက် မထုတ်ပေးခဲ့ရင်
    ——————————–
    မေလ ၂၃ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားရာမှာ အစိုးရမှ ယခုထိကျင်းပဖို့ ခွင့်ပြုချက်မပေးသေးသဖြင့် ခွင့်ပြုချက်မပေးခဲ့ရင် အစီအစဉ်အတိုင်း ဆက်လုပ်မယ်/မလုပ်ဘူးဆိုတာ ကျင်းပရေး အဖွဲ့အနေဖြင့် ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း