News @ M-Media

Blog

  • နေ့လည်စာနောက်ကျမှုကြောင့် ကစားသမား ၁၀ ဦးအား ဗန်ဂါးလ် ဒဏ်ငွေရိုက်

    နေ့လည်စာနောက်ကျမှုကြောင့် ကစားသမား ၁၀ ဦးအား ဗန်ဂါးလ် ဒဏ်ငွေရိုက်

    မေ ၉၊ ၂၀၁၅
    M-Media

    mu

    – စည်းကမ်းကြီးသည့် နည်းပြဗန်ဂါးလ်းမှာ မိမိနှင့် ကစားသမား ၁၀ ဦးကို နေ့လည်စာအချိန် ၁ မိနစ်ခန့် နောက်ကျသည့်အတွက် ဒဏ်ငွေရိုက်ခဲ့သည်ဟု မန်ယူကွင်းလယ်လူ ဖယ်လိုင်နီက ဖွင့်ဟ ပြောကြားလိုက်သည်။

    ဗန်းဂါးလ်မှာ ၎င်း၏ နည်းပြသက်တမ်းတစ်လျှောက် စည်းကမ်းတင်းကျပ်သည့်နေရာတွင် နာမည်ကျော်ပြီး အိုးထရက်ဖို့ဒ်သို့ ရောက်ရှိလာသည့်အချိန်တွင်လည်း ထိုကဲ့သို့ပင် ကျင့်သုံးခဲ့သည်။

    ဖယ်လိုင်နီကမူ မိမိအနေဖြင့် ဗန်ဂါလ်းလက်အောက်တွင် နေရာပြန်ရလာသည့်အတွက် ပျော်ရွှင်မိသော်လည်း နေ့လည်စာစားချိန် နောက်ကျသည့်အတွက် ဗန်ဂါလ်း၏ အမြတ်ထွက်ခြင်းကို ခံခဲ့ရကြောင်း ၀န်ခံခဲ့သည်။

    “တစ်နေ့မှာ လေ့ကျင့်ခန်းအပြီး နံနက်စာစားဖို့ ကျွန်တော်နဲ့ ကစားသမား ၁၀ ယောက် ၁ မိနစ်လောက် နောက်ကျသွားပြီး သူက ဆူတော့တာပါပဲ။ ခင်ဗျားတို့ကတော့ တစ်မိနစ်ဆိုတာ ဘာမှမဟုတ်ဘူးလို့ ထင်မှာပေါ့။ လေ့ကျင့်ခန်းအတွက်မှမဟုတ်တာ။ စားဖို့အတွက်ပဲလေ။ ဒါပေမယ့် သူ့အတွက်တော့ အရေးကြီးပါတယ်။ ပြီးတော့ ဒဏ်ငွေလည်း ရိုက်ပါတယ်။ နောက်ကျတဲ့သူတွေကို ဒီလိုဒဏ်ရိုက်သလို၊ အနီကဒ်အတွက်လည်း ဒဏ်ငွေရိုက်ပါတယ်။ ဆိုးရွားတဲ့ ပြစ်ဒဏ်ကျူးလွန်မှုအတွက်လည်း
    ဒဏ်ငွေပေးရပါတယ်” ဟု ဖယ်လိုင်နီက Daily Mirror သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဖယ်လိုင်နီက နည်းပြဟောင်းမိုယက်စ်အား ၂၀၁၄ ခုနှစ် ဧပြီလ၌ မန်ယူက ထုတ်ပယ်ခဲ့သည့် အချိန်တွင် မိမိမှာ မျက်ရည်ကျခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “သူထွက်သွားတော့ ကျွန်တော် ၀မ်းနည်းခဲ့ပါတယ်။ ကျွန်တော် ကန်တင်းထဲဝင်လာတဲ့အခါ သူ့ကို အားကစားဝတ်စုံအစား ရိုးရိုးဝတ်စုံနဲ့တွေ့ပါတယ်။ ကျွန်တော့်ကို သူ့ရုံးခန်းထဲခေါ်ပြီး စကားပြောပါတယ်။ ကျွန်တော် မျက်ရည်ကျခဲ့ပြီး လူသားတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အတွက် ဒါဟာ သာမန်ပါပဲ။ ကျွန်တော် သူနဲ့ ၄ နှစ် အလုပ်လုပ်ခဲ့တယ်။ သူဟာ ကျွန်တော့်ရဲ့ ဒုတိယဖခင် မဟုတ်ပေမယ့် အဲလောက်နီးနီးပါပဲ။ သူ ကျွန်တော့်ကို အများကြီး အကူအညီပေးခဲ့ပါတယ်”

    Ref: Goal

  • ဗြိတိန်ရွေးကောက်ပွဲတွင် မွတ်စလင်အမတ် ၁၃ ဦး ရွေးချယ်ခံရ

    ဗြိတိန်ရွေးကောက်ပွဲတွင် မွတ်စလင်အမတ် ၁၃ ဦး ရွေးချယ်ခံရ

    မေ ၉၊ ၂၀၁၅
    M-Media

    uk

    – ကွန်ဆာဗေးတစ်ပါတီက အနိုင်ရရှိခဲ့သည့် ဗြိတိန်၏ မခန့်မှန်းနိုင်ဆုံးသော အထွေထွေ ရွေးကောက်ပွဲတွင် မွတ်စလင်အမတ် ၁၃ ဦး ရွေးချယ်ခြင်းခံခဲ့ရပြီး ၎င်းတို့ထဲမှ ၈ ဦးမှာ အမျိုးသမီးများ ဖြစ်ကြသည်။

    ၂၀၁၀ ခုနှစ်က စုစုပေါင်း မွတ်စလင်အမတ် ၁၀ ဦးရှိခဲ့ရာမှ ယခုတစ်ကြိမ်ရွေးကောက်ပွဲတွင် အရေအတွက် မြင့်တက်လာခြင်းဖြစ်သည်။

    “အရင်ကထက် မွတ်စလင်အမတ်တွေ ပိုလာတယ်ဆိုတဲ့သတင်းက သတင်းကောင်းပါပဲ။ ဒါပေမယ့်လည်း ဒီအရေအတွက်ဟာ လွှတ်တော်မှာ ပြည်သူတွေရဲ့ မတူကွဲပြားမှုကို ရောင်ပြန်မဟပ်သေးပါဘူး” ဟု The Muslim News မှ အယ်ဒီတာဖြစ်သူ အဟ်မဒ် ဂျေ ဗာဆီက ပြောကြားခဲ့သည်။

    ရွေးကောက်ခံရသည့် မွတ်စလင်အမတ်များမှာ လေဘာပါတီမှ ၉ ဦး၊ ကွန်ဆာဗေးတစ်ပါတီမှ ၃ ဦးနှင့် SNP ပါတီ (စကော့တစ်ရှ် အမျိုးသားပါတီ) မှ တစ်ဦးတို့ ဖြစ်ကြသည်။ လေဘာပါတီမှ အမတ် ၃ ဦးနှင့် ကွန်ဆာဗးတစ်မှ အမတ် ၂ ဦးမှလွဲ၍ ကျန်သည့် မွတ်စလင်အမတ်များမှာ အမျိုးသမီးများဖြစ်ကြပြီး ဗာဆီက မွတ်စလင်အမျိုးသမီးများ ပိုမိုပါဝင်လာခြင်းအား ကြိုဆိုသည်ဟု
    ထည့်သွင်းပြောကြားခဲ့သည်။

    SNP ပါတီမှ ပထမဆုံး မွတ်စလင်အမတ် တက်စ်မီနာ အဟ်မဒ် ရှိခ်နှင့် ကွန်ဆာဗေးတစ်ပါတီမှ မွတ်စလင်အမတ် နူဆရတ် ဂါနီတို့မှာ ပြိုင်ဘက်များအား အပြတ်အသတ် နိုင်ရခဲ့ခြင်းဖြစ်သည်။

    လေဘာပါတီမှ အမတ် ၅ ဦးနှင့် ကွန်ဆာဗေးတစ်မှ အမတ် ၂ ဦးတို့မှာ ပြန်လည်ရွေးကောက်ခံရခြင်းဖြစ်ပြီး ကျန်သူများမှာ ယခုနှစ်မှ ရွေးကောင်တင်မြှောက်ခံရခြင်း ဖြစ်သည်။

    အံအားသင့်စရာတစ်ခုမှာ ဘရက်ဖို့ဒ်အနောက်ပိုင်းကို ကိုယ်စားပြု၍ လေဘာပါတီမှ ၀င်ရောက်ယှဉ်ပြိုင်သော နဇ်ရှားဟ်မှာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရှိခဲ့သည့် Respect ပါတီခေါင်းဆောင် ဂျော့ဂ်ျ ဂဲလိုဝေးကို မဲအများစုဖြင့်
    အနိုင်ရခဲ့ခြင်းဖြစ်သည်။

    Ref: The Muslim News

  • အစ္စရေး၏ ပါလက်စတိုင်းအား ကျူးကျော်မှုအသစ် ဘန်ကီမွန်ရှုတ်ချ

    အစ္စရေး၏ ပါလက်စတိုင်းအား ကျူးကျော်မှုအသစ် ဘန်ကီမွန်ရှုတ်ချ

    မေ ၉၊ ၂၀၁၅
    M-Media

    ban-ki-moon-6

    – ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်တွင် အစ္စရေးက အိမ်ယာ ၉၀၀ တည်ဆောက်ရန် စီစဉ်မှုအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ဝေဖန်လိုက်ပြီး ထိုဆောင်ရွက်မှုမှာ တရားမ၀င်ဟု ပြောကြားလိုက်သည်။

    “အစ္စရေးအာဏာပိုင်တွေက အရှေ့ဂျေရုစလင်မှာ အိမ်ယာ ၉၀၀ ဆောက်လုပ်မယ်လို့ မကြာသေးမီက ကြေညာမှုကို အထွေထွေအတွင်းရေးမှူးက အလွန်အမင်း စိုးရိမ်မိပါတယ်။ ပြီးတော့ ဒါဟာ နိုင်ငံတကာ ဥပဒေအောက်မှာ တရားမ၀င်ပါဘူး” ဟု ဘန်ကီမွန်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖိန်း ဒူဂျာရစ်က နယူးယောက်မြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    အစ္စရေး၏ ဂျေရုစလင်ခရိုင် တည်ဆောက်ရေးကော်မတီက ဂျေရုစလင်အရှေ့ပိုင်း ရာမတ် ရှော်လ်မိရပ်ကွက်တွင် အိမ်ရာ ၁၈၀၀ ဆောက်လုပ်ရန် စီစဉ်ထားရာမှ ၉၀၀ ဆောက်လုပ်ခွင့်ကို ပြီးခဲ့သည့် ရက်ပိုင်းက ခွင့်ပြုခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက လက်ယာစွန်းရောက် Jewish Home ပါတီနှင့် ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းသည့်အချိန်၊ တိုက်ဆိုင်စွာ ပေါ်ထွက်လာသည့် အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဒူဂျာရစ်က “အစ္စရေးအစိုးရ ဖွဲ့စည်းခြင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်သွားမှာပါ။ ပြီးတော့ ဘန်ကီမွန်ဟာ နှစ်နိုင်ငံအဖြေကို အခြေခံပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ဖြစ်နိုင်တဲ့ရွေးချယ်မှုနဲ့ပတ်သက်လို့ ဘင်ဂျမန် နေတန်ယာဟုနဲ့ ဆွေးနွေးသွားမှာပါ” ဟု ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေနှင့် အရှေ့ဂျေရုစလင်တို့တွင် အစ္စရေးက ဂျူးအခြေချအိမ်ယာများ ဆောက်လုပ်နေခြင်းမှာ အစ္စရေးနှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အတားအဆီးဖြစ်နေသည်။

    ပါလက်စတိုင်းက အစ္စရေးအနေဖြင့် မိမိတို့ပိုင်နက်အတွင်း အိမ်ယာတည်ဆောက်မှုအားလုံးကို ရပ်တန့်ရန် တောင်းဆိုထားပြီး အစ္စရေးအစိုးရကမူ ငြင်းဆိုထားသည်။

    Ref: Middleeastmonitor

  • ကာရေး ရှီယာ (သို့) ကရင် လူမျိုးများအတွက် အကျိုးပြုနေသူ

    ကာရေး ရှီယာ (သို့) ကရင် လူမျိုးများအတွက် အကျိုးပြုနေသူ

    မေ ၉ ၊ ၂၀၁၅
    M-Media

    B9317081448Z.1_20150426132227_000_GH9AJB304.1-0
    ကာရေး ရှီယာ (ဝဲဘက် မျက်မှန်တပ်ထားသူ) နှင့် ကရင်တိုင်းရင်းသားများ

    – မြန်မာနိုင်ငံမှ ကလေးများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို မြင်တွေ့ခဲ့ရပြီးနောက် ကာရေး ရှီယာမှာ အဆိုပါကလေးများ၏ ပညာရေးအခွင့်အလမ်းများ တိုးတက်စေရန် အဓိကထား ဆောင်ရွက်နေပြီး အဆောင်တစ်ခု ဆောက်လုပ်ရေးအတွက် ရန်ပုံငွေရှာဖွေမှုကိုလည်း လုပ်ဆောင်နေသည်။

    မိခင်ဖြစ်သူက လန်ကက်စတာတွင်နေထိုင်ပြီး၊ ရှီယာမှာ လွန်ခဲ့သည့် လေးလလုံးလုံး နိုင်ငံရပ်ခြားတွင် စေတနာ့ဝန်ထမ်း လုပ်ငန်းများလုပ်ကိုင်ခဲ့ကာ မြန်မာနှင့် ထိုင်းနယ်စပ်တို့တွင် နေထိုင်၍ နောက်ပိုင်းတွင်မြန်မာနိုင်ငံသို့ ၀င်ရောက်သွားခဲ့သည်။ သို့သော်လည်း အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ရှီယာ၏ ခရီးသွားမှုက သြစတေးလျမှ စတင်ခဲ့သည်။ သြစတေးလျတွင် သူမမှာ ကြက်ခြေနီအဖွဲ့နှင့် ခိုလှုံလာကြသူများကို ထောက်ပံ့သော အစီအစဉ်တစ်ခုတွင် အလုပ်လုပ်ခဲ့သည်။

    နောက်ဆုံးတွင်ရှီယာမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်မိပြီး ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်များနှင့် တိုက်ရိုက်ချိတ်ဆက်မိသွားကာ အခြားသူများအား ကူညီမှုဆီသို့ ဦးတည်သွားသည်။ ရှီယာက သူမမှာ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် အများအပြားရှိနေကြသည့် ကရင်လူမျိုးများအတွက် အလုပ်လုပ်ပေးနေသည်ဟု ဆိုသည်။

    အခြားကရင်လူမျိုးများမှာ မြန်မာနိုင်ငံတွင် အထူးသဖြင့် လျှပ်စစ်မီးမရှိသော၊ လမ်းကောင်းကောင်းမရှိသော၊ ဆေးရုံ၊ ကျောင်းတို့ မရှိသော၊ အိမ်များတွင် ရေသွယ်တန်းထားခြင်းမရှိသော တောင်တန်းများဝန်းရံနေသည့် ကရင်ပြည်နယ်တွင် နေထိုင်ကြသည်ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။ ထိုအခြေအနေများကို မြင်တွေ့ခဲ့ရပြီး ထိုဒေသရှိ ကလေးငယ်များ၏ အခြေအနေကို ရှီယာတစ်ယောက် တွေ့ခဲ့ရသည်။

    “ကျွန်မဟာ သူ့တို့ရဲ့ဒေသအကြောင်း ကမ္ဘာကြီးက သိဖို့နဲ့ ကရင်ပြည်သူတွေကို ပညာခေတ်ဆီ ဆောင်ကျဉ်းပေးဖို့ အကောင်းဆုံးကြိုးစားနေတဲ့ အမျိုးသားတစ်ယောက်နဲ့ မိတ်ကောင်းဆွေကောင်း ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရွာပေါင်း ၅၅ ရွာမှာမှ အထက်တန်းကျောင်းတစ်ကျောင်းရှိပြီး ကလေးတွေက ကျောင်းတက်ဖို့ တစ်နေ့ကို ၅ နာရီလောက် လမ်းလျှောက်ရပါတယ် ကျွန်မ ဘာ့ကြောင့်သိလဲဆိုတော့ အဲဒီကလေးတွေနဲ့အတူ လမ်းလိုက်လျှောက်ပြီး သူတို့ရဲ့ ခရီးစဉ်ကို ရိုက်ကူးခဲ့လိုပါပဲ” ဟု ရှီယာက ဆိုသည်။

    ရှီယာမှာ ဘော်ဒါဆောင် ဆောက်လုပ်ရေးအတွက် ရန်ပုံငွေရရန် ကြိုးစားနေသည့် ကရင်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ KCDS ဟုခေါ်သော အကျိုးအမြတ်မယူသည့် အဆိုပါအဖွဲ့နှင့်အတူ ဆောင်ရွက်နေသည်။ ၎င်းတို့၏ GoFundMe လှုပ်ရှားမှုက မြေတစ်ကွက်ရရှိခဲ့ပြီး ထိုမြေနေရာတွင် နေထိုင်၍ ယောက်ျားလေး ၁၅ ဦးနှင့် မိန်းကလေး ၁၅ ဦးတို့မှာ ကျောင်းနိုင်သည့် အခွင့်အရေးကို ရကြမည်ဟု KCDS ၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    “ဒီမြေနေရာက ကျောင်းကနေ မိနစ်အနည်းငယ် လမ်းလျှောက်လိုက်တာနဲ့ ရောက်ပါတယ်။ ပြီးတော့ အဲဒီမှာနေမယ့် ကျောင်းသားလေးတွေကို ထောက်ပံ့ကျွေးမွေးဖို့အတွက် စိုက်ပျိုးရေးလုပ်ဖို့ မြေနေရာ လုံလုံလောက်လောက်လည်းရှိပါတယ်” ဟု သူမက ရေးသားခဲ့သည်။

    ထို့ပြင် ရှေ့ဆက်လုပ်စရာများ ရှိနေသေးသည်ဟု ၎င်းကဆိုပြိး အမြဲတမ်းနေထိုင်နိုင်မည့် အဆောင်ကို ဆောက်လုပ်ရန်အတွက် ကန်ဒေါ်လာ ၅၀၀၀ ခန့် ထပ်လိုအပ်မည်ဟု KCDS က ယုံကြည်နေကြောင်း ထည့်သွင်းရေးသားခဲ့သည်။ ပြီးခဲ့သည့်လအတွင်း လူပေါင်း ၆၂ ဦးထံမှ လှူဒါန်းငွေများ ရရှိထားပြီး ယခုအချိန်တွင် ကန်ဒေါ်လာ ၄၁၄၁ ဒေါ်လာခန့် ရှိနေပြီဖြစ်သည်။ ရှီယာကမူ ထိုကိစ္စအတွက် နောက်ထပ် လှူဒါန်းမှုများ ရရှိမည်ဟု မျှော်လင့်နေသည်။
    B9317081448Z.1_20150426132227_000_GH9AJB30V.1-0
    “KCDS က ဒီကိစ္စဟာ နောက်ထပ် ၂ လောက်မှာ အမှန်တကယ်ဖြစ်လာနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ တစ်ချိန်တည်းမှာပဲ မိဘတွေ၊ ဆရာတွေ၊ ကျောင်းသားတွေနဲ့ လူ့အဖွဲ့အစည်းက အခြားသူတွေဟာလည်း ဒီမြေကို ခုတ်ထွင်ရှင်းလင်းနေကြပြီး အဆောင်တစ်ခု ဖြစ်လာတော့မယ်လို့ မျှော်လင့်နေကြပါတယ်” ဟု ရှီယာက ဆိုသည်။

    မြန်မာနိုင်ငံရှိ KCDS ရုံးခန်းတွင် ကလေးငယ် ၁၇ ဦးမှာ လာရောက်နေထိုင်ကာ ကျောင်းတက်နေကြရသည်ဟု ရှီယာက ဆိုသည်။

    “သူတို့ ဒီလို ဒုက္ခသုက္ခနဲ့ ရင်ဆိုင်နေရပါတယ်”

    အသက် ၂၁ နှစ်အရွယ်တွင် သြစတေးလျသို့ ရောက်ရှိလာပြီး ခရီးသွားဗီဇာ ရရှိခဲ့သည့် ရှီယာတစ်ယောက် သြစေတေးလျတွင် နေထိုင်ရန် ရည်ရွယ်ချက်မရှိခဲ့။ သို့သော်လည်း အစီအစဉ်များကို ပြောင်းလဲပစ်လိုက်ပြီး လက်ရှိတွင်တော့ သူမမှာ အမေရိကန်နှင့် သြစေတးလျ နှစ်နိုင်ငံ၏ နိုင်ငံသား ဖြစ်နေပြီဖြစ်သည်။ ဘော်စတွန်တွင် ၂ လခန့် နေထိုင် ခဲ့ပြီးနောက် နောက်ဆုံးတွင် မြန်မာနိုင်ငံရှိ ဘော်ဒါဆောင် အကြောင်း မှတ်တမ်းရုပ်ရှင် အပြည့်အစုံ ရိုက်ကူးရေးအတွက် ပြန်လာရန် စီစဉ်ခဲ့သည်။

    လူငယ်လေးများနှင့် တိုက်ရိုက် အလုပ်လုပ်ရသည့် အတွေ့အကြုံက သူမအပေါ် ရိုက်ခတ်မှုရှိပြီး ထိုအတွေ့အကြုံက မျက်စိပွင့်စေသည်ဟု ရှီယာက ဆိုသည်။

    “ကျွန်မ သူတို့နဲ့စကားပြောတယ်။ သူတို့ကို အင်တာဗျူးလုပ်တယ်။ တစ်ချို့ကို ဗီဒီယိုရိုက်တယ်။ ထူးထူးခြားခြားတစ်ခု ကျွန်မလုပ်ချင်ပါတယ်။ ဒါဟာ သိပ်အရေးကြီးတာကြောင့် ထူးထူးခြားခြား တစ်ခုလုပ်ပြီး ကျွန်မရဲ့ မိတ်ဆွေတွေကို ကူညီချင်ပါတယ်။ ကျွန်မ တွယ်တာမိသွားပြီလို့ ခံစားရပါတယ်။ ကျွန်မ မခွဲနိုင်တော့ပါဘူး။ ဆက်လက် နှောင်ဖွဲ့သွားမှာပါ” ဟု ရှီယာက ပြောကြားခဲ့သည်။

    ၎င်းတို့ ရရှိထားသည့် ငွေများမှာ ဘော်ဒါဆောင် ဆောက်လုပ်ရန်အတွက် လုံလောက်သည်ဖြစ်စေ၊ မလုံလောက်သည်ဖြစ်စေ အဆိုပါဒေသရှိ ကျောင်းသားများကို ကူညီရန်အတွက် အသုံးပြုသွားမည်ဟု ရှီယာက ပြောကြားခဲ့သည်။ သို့သော်လည်း ပြည်သူများက လှူဒါန်းသော မည်သည့်ငွေပမာဏမဆို အကူအညီဖြစ်စေသည်ဟု အသိပေးခဲ့သည်။

    “ရိုးရိုးသားသားပြောရရင် တကယ်လို့ လူတွေဟာ ၅ ဒေါ်လာ ၁၀ ဒေါ်လာလောက် လှူတယ်ဆိုရင်လည်း ဒါဟာ အများကြီးပါပဲ။ အဲဒီမှာ (ကရင်ပြည်နယ်မှာ) ရှိတဲ့သူတွေဟာ တစ်နေ့ကို တစ်ဒေါ်လာအောက်လောက်နဲ့ အသက်ရှင်နေထိုင်နေရတာပါ။ ဒါ့ကြောင့် ပိုက်ဆံနည်းနည်းဟာလည်း တော်တော်လေး ခရီးရောက်ပါတယ်”

    ref: Eagle Gazette
    မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • အမုန်းကို ဟာသဖြင့်တုံ့ပြန်တဲ့ အမေရိကန်မွတ်စလင်လူငယ်များ

    အမုန်းကို ဟာသဖြင့်တုံ့ပြန်တဲ့ အမေရိကန်မွတ်စလင်လူငယ်များ

    မေ ၉၊ ၂၀၁၅
    M-Media

    us 1

    – အွန်လိုင်းရှိ အစ္စလာမ်ကြောက်ရောဂါနှင့် ခွဲခြားမှုများကို ဟာသနည်းလမ်းဖြင့် တုံ့ပြန်ရည် ရွယ်၍ အမေရိကန်မွတ်စလင် လူငယ်အဖွဲ့တစ်ခုမှာ Facbook ရှိ မွတ်စလင်ဆန့်ကျင်ရေး မှတ်ချက်များအတွက် ဗီဒီယိုတစ်ခုကို ဖန်တီးခဲ့ကြသည်ဟု သိရသည်။

    “ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း အဟ်မဒ်တို့က အဲဒီ မှတ်ချက်တွေကိုဖတ် ဟာသမြောက်ပါလားဆိုပြီး ထိုင်ရယ်ကြပါတယ်။ ဒီမှတ်ချက်တွေဟာ စိုးရိမ်စရာကောင်းသလောက် ရယ်စရာမျိုးလည်း ဖြစ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီလူတွေဟာ တကယ့်လက်တွေ့ကနေ သွေဖယ်နေလို့ပါ” ဟု ထိုဗီဒီကို ထုတ်လုပ်သူများထဲမှ တစ်ဦးဖြစ်သူ နီကိုလက်စ် အာမာရိုက ABC Action News သို့ မေလ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

    အာမာရိုမှာ မတရားမှုနှင့် ခွဲခြားမှုတို့အား ငြိမ်းချမ်းသော သတင်းစကားဖြင့် တွန်းလှန်ရန် ဆုံးဖြတ်ထားသည့် မွတ်စလင်လူငယ်အဖွဲ့မှ တစ်ဦးလည်းဖြစ်သည်။

    ၎င်းတို့၏ ဗီဒီယိုကို Muslims Read Hate Comment ဟု အမည်ပေးထားပြီး ဖလော်ရီဒါပြည်နယ် တမ်ပါမြို့ရှိ အစ္စလာမ့်စင်တာတစ်ခု မီးရှို့ခံရပြီးနောက် အွန်လိုင်းစာမျက်နှာတွင် တက်လာသော အစ္စလာမ်ကြောက်မှတ်ချက်များကို မွတ်စလင်လူငယ်များက တုံ့ပြန်မှုများကို ရိုက်ကူးထားည်။

    အဆိုပါ မီးလောင်မှုအတွင်း စာသင်ခန်း ၄ ခန်း ပျက်ဆီးခဲ့ရပြီး စာသင်ကြားနေသော ကလေးငယ်များကိုလည်း အရေးပေါ် ကယ်ထုတ်ခဲ့ရသည်။

    ထိုဗီဒီယိုကို YouTube ၌ လွှင့်တင်ထားပြီး အမုန်းတရားကို အခြေခံသော မှတ်ချက်များကို ဟာသနှော၍ တုန့်ပြန်ထားသည်။

    “သူတို့အားလုံးကို မီးရှို့ပစ်။ အားလုံးကို မောင်းထုတ်ပစ်” ဟု စင်သီယာ ဂေါ်လဂါရ်ဆိုသူက ရေးသားမှုကို ဗီဒီယိုတွင် ပါဝင်သူတစ်ဦးက “ကျွန်တော်ဒီမှာမွေးတာလေ။ ကျွန်တော့်ကို ဘယ်ကို မောင်းထုတ်မလို့တုန်း” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

    ထို့ပြင် အခြားသော အမုန်းတရား မှတ်ချက်များအတွက် တုံ့ပြန်မှုအများအပြားလည်း အဆိုပါ ဗီဒီယိုတွင် ပါဝင်သည်။

    ငါတို့ဟာ အမေရိကန်တွေပါ

    အဆိုပါ ဗီဒီယိုမှာ အမုန်းတရားအား တုံ့ပြန်ခြင်းအပါအ၀င် အစ္စလာမ်နှင့်ပတ်သက်သည့် ယူဆချက်အလွဲများကို အရွှန်းဖောက်ခြင်းဖြင့် မွတ်စလင်တို့၏ သဘာဝအစစ်အမှန်ကို ဖော်ပြရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။

    “ကျွန်တော်တို့ဟာ တိရစ္ဆာန်တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ဗုံးထောင်သူတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ လူတွေပါ။ ကျွန်တော်တို့ဟာ အမေရိကန်တွေပါ။ ကျွန်တော်တို့ ကျောင်းတက်ကြတယ်။ အလုပ်လုပ်ကြပါတယ်” ဟု အဆိုပါ ဗီဒီယိုတွင် ပါဝင်ခဲ့သည်ဟု ဟာရှင် အာမက်ရှီက ပြောကြားခဲ့သည်။

    အာမာရိုကမူ ထိုဗီဒီယိုမှာ ငြိမ်းချမ်းမှု ဖြစ်တည်လာရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

    ပြီးခဲ့သည့်လများအတွင်း မြောက်ကယ်ရိုလိုင်းနားရှိ မွတ်စလင်လူငယ် ၃ ဦး အသတ်ခံရမှု၊ တက္ကဆက်ပြည်နယ် ဟူစတန်ရှိ အစ္စလာမ့်စင်တာ မီးရှို့ခံရမှု၊ ဒါးလက်စ်မြို့မှ အသက် ၃၆ နှစ်အရွယ် မွတ်စလင်တစ်ဦး နှင်းများအား ဓာတ်ပုံရိုက်နေစဉ် အသတ်ခံရမှုနှင့် မွတ်စလင်များအပေါ် အခြားသော အရှက်ရစေမှုများကြောင့် အမေရိကန် မွတ်စလင်များက ၎င်းတို့မှာ နိုင်ငံအတွင်း ပစ်မှတ်ထားခြင်း ခံနေရသည်ဟု ခံစားနေရသည်။

    Ref: Onislam