News @ M-Media

အမုန်းကို ဟာသဖြင့်တုံ့ပြန်တဲ့ အမေရိကန်မွတ်စလင်လူငယ်များ

မေ ၉၊ ၂၀၁၅
M-Media

us 1

– အွန်လိုင်းရှိ အစ္စလာမ်ကြောက်ရောဂါနှင့် ခွဲခြားမှုများကို ဟာသနည်းလမ်းဖြင့် တုံ့ပြန်ရည် ရွယ်၍ အမေရိကန်မွတ်စလင် လူငယ်အဖွဲ့တစ်ခုမှာ Facbook ရှိ မွတ်စလင်ဆန့်ကျင်ရေး မှတ်ချက်များအတွက် ဗီဒီယိုတစ်ခုကို ဖန်တီးခဲ့ကြသည်ဟု သိရသည်။

“ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း အဟ်မဒ်တို့က အဲဒီ မှတ်ချက်တွေကိုဖတ် ဟာသမြောက်ပါလားဆိုပြီး ထိုင်ရယ်ကြပါတယ်။ ဒီမှတ်ချက်တွေဟာ စိုးရိမ်စရာကောင်းသလောက် ရယ်စရာမျိုးလည်း ဖြစ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီလူတွေဟာ တကယ့်လက်တွေ့ကနေ သွေဖယ်နေလို့ပါ” ဟု ထိုဗီဒီကို ထုတ်လုပ်သူများထဲမှ တစ်ဦးဖြစ်သူ နီကိုလက်စ် အာမာရိုက ABC Action News သို့ မေလ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

အာမာရိုမှာ မတရားမှုနှင့် ခွဲခြားမှုတို့အား ငြိမ်းချမ်းသော သတင်းစကားဖြင့် တွန်းလှန်ရန် ဆုံးဖြတ်ထားသည့် မွတ်စလင်လူငယ်အဖွဲ့မှ တစ်ဦးလည်းဖြစ်သည်။

၎င်းတို့၏ ဗီဒီယိုကို Muslims Read Hate Comment ဟု အမည်ပေးထားပြီး ဖလော်ရီဒါပြည်နယ် တမ်ပါမြို့ရှိ အစ္စလာမ့်စင်တာတစ်ခု မီးရှို့ခံရပြီးနောက် အွန်လိုင်းစာမျက်နှာတွင် တက်လာသော အစ္စလာမ်ကြောက်မှတ်ချက်များကို မွတ်စလင်လူငယ်များက တုံ့ပြန်မှုများကို ရိုက်ကူးထားည်။

အဆိုပါ မီးလောင်မှုအတွင်း စာသင်ခန်း ၄ ခန်း ပျက်ဆီးခဲ့ရပြီး စာသင်ကြားနေသော ကလေးငယ်များကိုလည်း အရေးပေါ် ကယ်ထုတ်ခဲ့ရသည်။

ထိုဗီဒီယိုကို YouTube ၌ လွှင့်တင်ထားပြီး အမုန်းတရားကို အခြေခံသော မှတ်ချက်များကို ဟာသနှော၍ တုန့်ပြန်ထားသည်။

“သူတို့အားလုံးကို မီးရှို့ပစ်။ အားလုံးကို မောင်းထုတ်ပစ်” ဟု စင်သီယာ ဂေါ်လဂါရ်ဆိုသူက ရေးသားမှုကို ဗီဒီယိုတွင် ပါဝင်သူတစ်ဦးက “ကျွန်တော်ဒီမှာမွေးတာလေ။ ကျွန်တော့်ကို ဘယ်ကို မောင်းထုတ်မလို့တုန်း” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

ထို့ပြင် အခြားသော အမုန်းတရား မှတ်ချက်များအတွက် တုံ့ပြန်မှုအများအပြားလည်း အဆိုပါ ဗီဒီယိုတွင် ပါဝင်သည်။

ငါတို့ဟာ အမေရိကန်တွေပါ

အဆိုပါ ဗီဒီယိုမှာ အမုန်းတရားအား တုံ့ပြန်ခြင်းအပါအ၀င် အစ္စလာမ်နှင့်ပတ်သက်သည့် ယူဆချက်အလွဲများကို အရွှန်းဖောက်ခြင်းဖြင့် မွတ်စလင်တို့၏ သဘာဝအစစ်အမှန်ကို ဖော်ပြရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။

“ကျွန်တော်တို့ဟာ တိရစ္ဆာန်တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ဗုံးထောင်သူတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ လူတွေပါ။ ကျွန်တော်တို့ဟာ အမေရိကန်တွေပါ။ ကျွန်တော်တို့ ကျောင်းတက်ကြတယ်။ အလုပ်လုပ်ကြပါတယ်” ဟု အဆိုပါ ဗီဒီယိုတွင် ပါဝင်ခဲ့သည်ဟု ဟာရှင် အာမက်ရှီက ပြောကြားခဲ့သည်။

အာမာရိုကမူ ထိုဗီဒီယိုမှာ ငြိမ်းချမ်းမှု ဖြစ်တည်လာရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်လများအတွင်း မြောက်ကယ်ရိုလိုင်းနားရှိ မွတ်စလင်လူငယ် ၃ ဦး အသတ်ခံရမှု၊ တက္ကဆက်ပြည်နယ် ဟူစတန်ရှိ အစ္စလာမ့်စင်တာ မီးရှို့ခံရမှု၊ ဒါးလက်စ်မြို့မှ အသက် ၃၆ နှစ်အရွယ် မွတ်စလင်တစ်ဦး နှင်းများအား ဓာတ်ပုံရိုက်နေစဉ် အသတ်ခံရမှုနှင့် မွတ်စလင်များအပေါ် အခြားသော အရှက်ရစေမှုများကြောင့် အမေရိကန် မွတ်စလင်များက ၎င်းတို့မှာ နိုင်ငံအတွင်း ပစ်မှတ်ထားခြင်း ခံနေရသည်ဟု ခံစားနေရသည်။

Ref: Onislam

Comments

Leave a Reply