News @ M-Media

Blog

  • လူမြင်ကွင်းမှပျောက်နေသည့် တရုတ်တင်းနစ်မယ်၏ ပုံရိပ်များ ထွက်ပေါ်လာ

    လူမြင်ကွင်းမှပျောက်နေသည့် တရုတ်တင်းနစ်မယ်၏ ပုံရိပ်များ ထွက်ပေါ်လာ

    နိုဝင်ဘာ ၂၁၊ ၂၀၂၁
    M-Media

    -ထိပ်တန်း ကွန်မြူနစ်ပါတီဝင် ဒုဝန်ကြီးချုပ်ဟောင်းက အဓမ္မကျင့်တာကို ထုတ်ပြောပြီးတဲ့နောက် ပျောက်ဆုံးနေတဲ့ နာမည်ကြီး တရုတ်တင်းမယ် ဖန်ရွှေရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ထွက်ပေါ်လာပါတယ်။

    တရုတ်အိုးပင်း တင်းနစ်ပြိုင်ပွဲက ဦးစီးကျင်းပတဲ့ တင်းနစ်ပြိုင်ပွဲ Fila Kids Junior Tennis Challenger Finals ကို ဧည့်သည်တော်အဖြစ် တနင်္ဂနွေနေ့မနက်ပိုင်းက တက်ရောက်ခဲ့တဲ့ ဖန်ရွှေရဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။

    ပြိုင်ပွဲကျင်းပတဲ့ အဖွဲ့အစည်းက အဖြူရောင်အင်္ကျီအပေါ်မှာ အပြာရောင်ကုတ် ထပ်ဝတ်ထားတဲ့ ဖန်ရွှေရဲ့ပုံကို သူတို့ရဲ့ WeChat ပေ့ချ်မှာ တင်ခဲ့သလို၊ တရုတ်ကွန်မြူနစ်အာဘော်သတင်းစာ Global Times ရဲ့ အယ်ဒီတာက အာဏာပိုင်တွေနဲ့ အတူတွဲရပ်ပြီး ဖန်ရွှေပြုံးနေတဲ့ ဗီဒီယိုတစ်ခုကို Twitter စာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။

    ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းပုဂ္ဂိုလ်ဖြစ်တဲ့ ကျန်းဂေါင်လီဟာ ၂၀၁၄ ခုနှစ် ဒုတိယဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေစဉ် သူရဲ့အိမ်ကို ဖိတ်ကြားတဲ့အချိန်၊ အိပ်ခန်းထဲခေါ်ကာ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဖန်ရွှေက တရုတ်ဆိုရှယ်မီဒီယာ (Weibo) မှာ နိုဝင်ဘာ ၂ ရက်နေ့က ရေးသား လွှင့်တင်ခဲ့ပါတယ်။ ဒီပို့စ်ကို တရုတ်အစိုးရက ဖြုတ်ချခဲ့ပါတယ်။

    ဒီပို့စ်တင်ပြီးနောက်ပိုင်း ဖန်ရွှေဟာ လူမြင်ကွင်းကနေ ပျောက်ဆုံးသွားခဲ့တာပါ။ ကမ္ဘာ့တင်းနစ်အဖွဲ့ချုပ် WTA၊ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ဖန်ရွှေ လွတ်လွတ်လပ်လပ်ရှိကြောင်း ထုတ်ပြန်ပေးဖို့၊ သူမပြောကြားတဲ့ ကိစ္စအတွက် ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးပေးဖို့ တရုတ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။

    WTA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့မှာ ထွက်ပေါ်လာတဲ့ ဖန်ရွှေရဲ့ ဒီပုံရိပ်တွေဟာ သူမ အန္တရာယ်ကင်းစွာ ရှိနေကြောင်း လုံလောက်တဲ့ အထောက်အထား မဟုတ်သလို၊ သူမနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကိုလည်း မဖြေရှင်းပေးနိုင်ဘူးလို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref : BBC

  • ဆူဒန်အာဏာသိမ်းစစ်တပ်က ဝန်ကြီးချုပ်ကို ရာထူးပြန်ပေးမည်

    ဆူဒန်အာဏာသိမ်းစစ်တပ်က ဝန်ကြီးချုပ်ကို ရာထူးပြန်ပေးမည်

    နိုဝင်ဘာ ၂၁၊ ၂၀၂၁
    M-Media

    အာဏာသိမ်းစစ်ခေါင်းဆောင် အဘ်ဒဲလ် ဖာတာ အလ်-ဘူရ်ဟန်

    -ဖြုတ်ချခံလိုက်ရတဲ့ ဝန်ကြီးချုပ် အဘ်ဒူလာ ဟမ်ဒေါ့ကို ရာထူးပြန်ပေးပြီး ဖမ်းဆီးထားသူအားလုံးကို လွှတ်ပေးဖို့အတွက် ဆူဒန်အာဏာသိမ်းစစ်ခေါင်းဆောင်က သဘောတူခဲ့တယ်လို့ ညှိနှိုင်းဆွေး​နွေးသူတွေက ပြောပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ် ဘူရ်ဟန်၊ ဝန်ကြီးချုပ် ဟမ်ဒေါ့၊ နိုင်ငံရေးပါတီတွေ၊ သူပုန်ခေါင်းဆောင်ဟောင်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ စနေနေ့မှာ ဆွေးနွေးညှိနှိုင်းပြီး ဒီသဘောတူညီချက်ကို ရရှိခဲ့တာပါ။ နိုင်ငံတော်ကောင်စီက ဒီကိစ္စကို တနင်္ဂနွေနေ့မှာ ထုတ်ပြန်ဖို့ ရှိတယ်လို့ ဒီကိစ္စကို သိရှိသူတွေက ပြောပါတယ်။

    ဟမ်ဒေါ့ဦးဆောင်ကာ အစိုးရဖွဲ့စည်းမှာဖြစ်ပြီး စစ်တပ်က ဖမ်းထားတဲ့ နိုင်ငံရေးသမားအားလုံးကို လွှတ်ပေးရမှာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ် အဘ်ဒဲလ် ဖာတာ အလ်-ဘူရ်ဟန် ခေါင်းဆောင်တဲ့ စစ်တပ်ဟာ အောက်တိုဘာ ၂၅ ရက်နေ့က ဝန်ကြီးချုပ် ဟမ်ဒေါ့နဲ့ အစိုးရအကြီးအကဲတွေကို ဖမ်းဆီး အာဏာသိမ်းခဲ့ပြီး အဲ့ဒီနောက်ပိုင်း ဆူဒန်မှာ မတည်ငြိမ်မှုတွေ ဖြစ်လာပါတယ်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ပြည်သူတွေက ဆက်တိုက် ပြုလုပ်လာပြီး အာဏာသိမ်းစစ်တပ်ကလည်း အကြမ်ဖက် ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့တာကြောင့် အနည်းဆုံး လူ ၄၀ သေဆုံးကာ ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

    ဗိုလ်ချုပ် ဘူရ်ဟန်ဟာ တိုင်းပြည်ကို အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး အသွင်ကူးပြောင်းရေးအစိုးရ အကြီးအကဲအဖြစ် သူ့ကိုယ်သူ ခန့်အပ်ခဲ့ပါတယ်။

    စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအဖွဲ့ Forces for the Declaration of Freedom and Change က စစ်တပ်နဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်ကို ကန့်ကွက်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပြီး၊ စစ်တပ်နဲ့ နိုင်ငံရေးမိတ်ဖွဲ့တာမျိုး မလုပ်ဖို့၊ စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးဖို့ နိုင်ငံရေးပါတီတွေကို တောင်းဆိုခဲ့ပါတယ်။

    Ref : Aljazeera

  • မန်ယူအသင်းက နည်းပြဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်

    မန်ယူအသင်းက နည်းပြဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်

    နိုဝင်ဘာ ၂၁၊ ၂၀၂၁
    M-Media

    -နည်းပြဆိုလ်းရှားကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ မန်ချက်စတာယူနိုက်တက်အသင်းက ကြေငြာလိုက်ပါတယ်။

    အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဒီဆုံးဖြတ်ချက်ဟာ ဝမ်းနည်းစွာချမှတ်ခဲ့ရတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ လက်ထောက်နည်းပြ မိုက်ကယ်ကာရစ်က အသင်းကို ယာယီ ကိုင်တွယ်သွားမှာပါ။

    “အိုလေးရဲ့ မနနေမနား ကြိုးပမ်းအားထုတ်မှုတွေအတွက် အသင်းက ကျေးဇူးတင်ပြီး အနာဂတ်မှာ အကောင်းဆုံးဖြစ်လာဖို့လည်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ကစားသမားတစ်ယောက်အဖြစ်သာမဘဲ ကျွန်တော်တို့ကို ကြီးကျယ်တဲ့အခိုက်အတန့်တွေ ဆောင်ကျဉ်းပေးနိုင်ခဲ့သူ နည်းပြတစ်ယောက်အဖြစ် အသင်းရဲ့သမိုင်းမှာ သူ့အတွက် အမြဲတမ်း နေရာတစ်နေရာ ရှိနေမှာ ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်ကို ဘယ်အချိန်ပဲ ပြန်လာပြန်လာ မန်ချက်စတာ ယူနိုက်တက် မိသားစုဝင်တစ်ဦးအဖြစ် အမြဲတမ်း ကြိုဆိုနေမှာပါ”

    မန်ယူဟာ မနေ့က ပရီးမီးယားလိဂ်မှာ ဝက်ဖို့ဒ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ တစ်ပွဲသာ အနိုင်ရထားတာ​ ဖြစ်ပါတယ်။ အသင်းကလည်း အဆင့် ၇ နေရာရောက်နေပြီး ထိပ်ဆုံးက ချယ်ဆီးနဲ့ ၁၂ မှတ်အထိ ကွာဟနေပါတယ်။

    ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ ဆိုလ်းရှားကို မော်ရင်ဟိုနေရာမှာ အစားထိုးခဲ့ပြီး ၂၀၁၉ ခုနှစ်မတ်လမှာ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ခုကို ထပ်မံ ချုပ်ဆိုခဲ့ပါတယ်။

    Ref: BBC

  • ဒုတိယဝန်ကြီးချုပ်ဟောင်း၏ လိင်စော်ကားမှုကို ထုတ်ပြောသူ တရုတ်တင်းနစ်မယ် ပျောက်ဆုံးနေ

    ဒုတိယဝန်ကြီးချုပ်ဟောင်း၏ လိင်စော်ကားမှုကို ထုတ်ပြောသူ တရုတ်တင်းနစ်မယ် ပျောက်ဆုံးနေ

    နိုဝင်ဘာ ၂၀၊ ၂၀၂၁
    M-Media

    -ဒုတိယဝန်ကြီးချုပ်ဟောင်း ကျန်းဂေါင်လီရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို ထုတ်ပြောတဲ့ တရုတ် နာမည်ကြီးတင်းနစ်မယ် ဖန်ရွှေ ပျောက်ဆုံးနေပြီး သူဘယ်မှာရှိလဲဆိုတာ လူသိရှင်ကြား ထုန်ပြန်ပေးဖို့ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ​တရုတ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

    ကမ္ဘာ့အဆင့် တင်းနစ်ကစားသမားဟောင်း ဖန်ရွှေ လူမြင်ကွင်းကနေ ပျောက်နေတဲ့အတွက် စိုးရိမ်မိပြီး သူမ လွတ်လွတ်လပ်လပ်ရှိနေကြောင်း ခိုင်မာတဲ့ အထောက်အထား ထုတ်ပြန်ပေးဖို့ အမေရိကန်အစိုးရက လိုလားကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီက​ သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာတော့ ကျန်းဂေါင်လီနဲ့ပတ်သက်တဲ့ ဖန်ရွှေရဲ့ ပြောဆိုချက်တွေကို ပွင့်လင်းမြင်သာမှုရှိအောင် စုံစမ်းဖော်ထုတ်ပေးဖို့ တရုတ်ကွန်မြူနစ်ပါတီကို တောင်းဆိုထားပါတယ်။

    ကျန်းဂေါင်လီက ဖန်ရွှေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကိစ္စကို စုံစမ်းစစ်ဆေး ဖော်ထုတ်မပေးရင် တရုတ်နိုင်ငံနဲ့ စီးပွားရေးဆက်သွယ်မှုအားလုံး ဖျက်သိမ်းသွားမယ်လို့ ကမ္ဘာ့တင်းနစ်အဖွဲ့ချုပ်က ကြေငြာထားပါတယ်။

    ၂၀၁၄ ခုနှစ် သူရဲ့အိမ်ကို ဖိတ်ကြားတဲ့အချိန်မှာ ကျန်းဂေါင်လီက သူ့ကို အိပ်ခန်းထဲခေါ်ကာ အဓမ္မပြုကျင့်ခဲ့ပြီး အဲဒီအချိန်မှာ အစောင့်တွေက အိပ်ခန်းအ၀ကို စောင့်ပေးထားတယ်လို့ ဖန်ရွှေက တရုတ်ဆိုရှယ်မီဒီယာ (Weibo) မှာ နိုဝင်ဘာ ၂ ရက်နေ့က ရေးသား လွှင့်တင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီပို့စ်ကို တရုတ်အစိုးရက ဖြုတ်ချခဲ့ပါတယ်။

    တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦး ဒီလိုစွပ်စွဲခံရတာဟာ ဒါ ပထမဆုံးပါ။

    အဲဒီနောက်ပိုင်း ဖန်ရွှေကို လူမြင်ကွင်းမှာ မတွေ့ရတော့ပါဘူး။ ပြီးခဲ့တဲ့တစ်ပတ်က သူမ အဆင်ပြေတယ်လို့ ကမ္ဘာ့ တင်းနစ်အဖွဲ့ချုပ် (WTA) ကို ဖန်ရွှေက အီးမေးလ်ပို့ခဲ့ပေမယ့် ဒီမေးလ်ကိုပို့သူဟာ သူမ ဟုတ်ရဲ့လားဆိုတာ မသေချာပါဘူး။

    ဖန်ရွှေကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ ကမ္ဘာ့အစိုးရတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ နာမည်ကြီးကစားသမားတွေက တောင်းဆိုထားပါတယ်။

    Ref: Reuters

  • ကိုဗစ်မြင့်တက်မှုကြောင့် ဥရောပနိုင်ငံတစ်ချို့ လော့ဒေါင်းချရန် စဉ်စားနေ

    ကိုဗစ်မြင့်တက်မှုကြောင့် ဥရောပနိုင်ငံတစ်ချို့ လော့ဒေါင်းချရန် စဉ်စားနေ

    နိုဝင်ဘာ ၂၀၊ ၂၀၂၁
    M-Media

    -အိမ်နီးချင်း ဩစတြီးယားနိုင်ငံလိုပဲ မိမိတို့လည်း ကိုဗစ်ကူးစက်မှု ထပ်မံမြင့်တက်လာရင် လော့ဒေါင်းလုပ်သွားမယ်လို့ ဂျာမနီကျန်းမာရေးဝန်ကြီးက မနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

    ဂျာမနီမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်မှု ​ပြန်လည်မြင့်တက်လာတဲ့အတွက် ကာကွယ်ဆေးမထိုးရသေးသူတွေအပေါ် ကန့်သတ်မှုတွေ လုပ်ဆောင်လာပါတယ်။ ကာကွယ်ဆေးမထိုးထားသူတွေဟာ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး အသုံးပြုတာ၊ စား​သောက်ဆိုင် ထိုင်တာတွေလုပ်ရင် ကိုဗစ်မရှိကြောင်း စစ်ဆေးထားတဲ့ရလဒ် ပြမှ ဝင်ခွင့်ပေးဖို့ လွှတ်တော်က ကြာသာပတေးနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

    ဂျာမနီမှာ အရွယ်ရောက်ပြီးသားသူတွေ ကိုဗစ်ကာကွယ်ဆေးထိုးထားမှုနှုန်းဟာ ၇၉ ရာခိုင်နှုန်း ရှိပါတယ်။

    သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက ဂျာမနီကျန်းမာရေးဝန်ကြီး ဂျန်စဖန်ကို တစ်နိုင်ငံလုံး လော့ဒေါင်းချဖို့ အစီအစဉ် ရှိ၊ မရှိမေးမြန်းရာမှာ လုပ်ဖို့လိုရင် လုပ်သွားမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    “ဘယ်ဟာကိုတော့ လုပ်ဖို့မလိုသေးဘူးဆိုပြီး ထားလို့မရတဲ့ အနေအထားမျိုးကို ရောက်နေတာပါ”

    ဂျာမနီ အရှေ့တောင်ပိုင်းက အိမ်နီးချင်း ဩစတြီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်လာတာကြောင့် တနင်္လာနေ့ကစတင်ပြီး တစ်နိုင်ငံလုံးကို လော့ဒေါင်းချတော့မယ်လို့ သောကြာနေ့မှာ အစိုးရက ကြေငြာခဲ့ပါတယ်။ ဩစတြီးယားဟာ ဥရောပမှာ ကာကွယ်ဆေးထိုးထားမှုနှုန်း အနိမ့်ဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

    ​ဩစတြီးယားနဲ့ ကပ်နေတဲ့ ဂျာမန် ဘာဗာရီယာဒေသမှာ ပြည်နယ်အစိုးရက ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ခရစ္စမတ်စျေးတွေ၊ ဖျော်ဖြေရေးနေရာတွေ အကုန်ပိတ်ဖို့ မနေ့က အမိန့်ထုတ်ခဲ့ပါတယ်။ ဘာဗာရီယာဒေသဟာ ဂျာမနီမှာ ကိုဗစ်ကူးစက်မှု အများဆုံးဒေသလည်း ဖြစ်ပါတယ်။

    ဥရောပနိုင်ငံတစ်ချို့မှာ ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်လာတာကြောင့် စိုးရိမ်မှုတွေ ရှိနေပါတယ်။

    Ref: New York Times