News @ M-Media
Blog
  • အစ္စလာမ့်နည်းကျ အတိုးမဲ့အပေါင်ထားခြင်းစနစ် နယူးဇီလန်ကုမ္ပဏီတစ်ခု စတင်
    အစ္စလာမ့်နည်းကျ အတိုးမဲ့အပေါင်ထားခြင်းစနစ် နယူးဇီလန်ကုမ္ပဏီတစ်ခု စတင်
    မေ ၁၊ ၂၀၁၅
    M-Media
    nz
    – နယူးဇီလန်ရှိ ငွေကြေးကုမ္ပဏီတစ်ခုမှာ အစ္စလာမ့် ရှရီအာနှင့် လိုက်လျောညီထွေဖြစ်သည့် အတိုးမဲ့အပေါင်ထားခြင်း ၀န်ဆောင်မှုကို စတင်ရန် စီစဉ်ခဲ့ပြီး နယူးဇီလန်ရှိ အိမ်ယာဝယ်လိုသူ မွတ်စလင်များအတွက် ၀မ်းသာစရာသတင်းတစ်ခု ဖြစ်ခဲ့သည်။
    “သူတို့ဟာ ကိုယ်ပိုင်အိမ်တွေကို ပိုင်ဆိုင်ချင်ကြတယ်။ သူတို့ဟာ နယူးဇီလန်သားတွေဖြစ်ချင်တယ်။ သူတို့ဟာ သူတို့ရဲ့ ရိပ်မြုံလေးတွေကို လိုချင်ကြပြီး သူတို့ကလေးတွေကို ပြုစုပျိုးထောင်ချင်ကြပါတယ်” ဟု အဆိုပါဝန်ဆောင်မှုကို စတင်ခဲ့သည့် Amanah ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ ဘရိုင်ယန် ဟင်နရီက ပြောကြားခဲ့သည်။
    ရှရီအာနည်းကျ ပထမဆုံး အပေါင်လုပ်ငန်း KiwiSaver ကို ယခုနှစ် နှစ်ဆန်းပိုင်းတွင် Amanah Ethical ကုမ္ပဏီမှ စတင်ခဲ့ခြင်းဖြစ်သည်။ ဟင်နရီကမူ ၎င်း၏ ကုမ္ပဏီမှာ အစ္စလာမ်၏ သွန်သင်မှုနှင့် ညီညွတ်သည့် ဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှုများကို ပေးအပ်ရန် ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့ပြီး၊ ချေးငွေများအတွက် အတိုးယူခြင်းကို အစ္စလာမ်တွင် တားမြစ်ထားသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    အစ္စလာမ့်နည်းကျ ငွေချေးမှုစနစ်တွင် ငွေထုတ်ချေးသူနှင့် ချေးငွေယူသူတို့အကြား အတိုးရယူခြင်းမရှိဘဲ အရစ်ကျပြန်ဆပ်ရသည့် စနစ်မျိုးဖြစ်ပြီး နည်းလမ်းများစွာ ရှိသည်။ ထိုစနစ်တွင် အရက်၊ ဆေးရွက်ကြီး၊ လောင်းကစား၊ လက်နက်ရောင်းဝယ်မှု၊ အပြာလုပ်ငန်းနှင့် နိုက်ကလပ်များကဲ့သို့ အစ္စလာမ်က တားမြစ်ထားသည့် လုပ်ငန်းများအတွက် ချေးငွေထုတ်ပေးခြင်း၊ ချေးငွေရယူခြင်းတို့ကိုလည်း ဆောင်ရွက်ခြင်းမရှိပေ။
    ဟင်နရီကမူ နောက်ဆုံး သန်းခေါင်စာရင်း ကောက်ယူမှုအရ နယူးဇီလန်ရှိ အစ္စလာမ်ဘာသာဝင်အရေအတွက်မှာ ၄၃၀၀၀ ရှိပြီး ဈေးကွက်လည်း ရှိနေကြောင်း၊ နယူးဇီလန်ရှိ မွတ်စလင်လူ့အဖွဲ့အစည်းတွင် ပညာတတ်လူတန်းစားနှင့် အလုပ်အကိုင်ကောင်းသူ အရေအတွက်မှာလည်း ကြီးထွားလာနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    နယူးဇီလန်မွတ်စလင်များမှာ ကိုယ်ပိုင်အိမ်များကို ပိုင်ဆိုင်လိုကြသော်လည်း အစ္စလာမ့်နှင့် ဆန့်ကျင်သော အတိုးဖြင့် ငွေချေးကာ အိမ်ယာဝယ်ယူမှုကိုမူ နှစ်သက်ခြင်း မရှိကြချေ။
    လိုအပ်ချက်
    အဆိုပါ အပေါင်ထားခြင်း ၀န်ဆောင်မှုအသစ်က နယူးဇီလန် မွတ်စလင်များအတွက် ထိရောက်သည့် အကူအညီကို ဖြစ်စေမည်ဖြစ်သည်။ အော့က်လန်တွင်နေထိုင်သူ အမျိုးသမီး ဆာရာ ဂျာဝါဒီမှာ နယူးဇီလန်ရှိ ဘဏ်များအနေဖြင့် မိမိကဲ့သို့ မွတ်စလင်ဖောက်သည်များ အိမ်ယာဝယ်ယူနိုင်ရေး အတိုးမဲ့ငွေချေးရန် တိုက်တွန်းလှုံ့ဆော်နေသည့် အဖွဲ့များထဲမှ တစ်ဦးဖြစ်သည်။
    အသက် ၂၈ နှစ်အရွယ်ရှိပြီး နယူးဇီလန်သို့ လွန်ခဲ့သည့် ၁၁ နှစ်က ပြောင်းရွှေ့လာသည့် ဆာရာက နယူးဇီလန် မွတ်စလင်များမှာ ၎င်းတို့၏ ဘာသာတရားနှင့် ဘဏ္ဍာရေး တည်ငြိမ်မှုအကြား ရွေးချယ်မှုများ ပြုလုပ်နေရသည်ဟု ဆိုသည်။
    “ကျွန်မရဲ့မိသားစုအတွက် အတည်တကျနေရာလေး ဖန်တီးချင်ပါတယ်။ အငှားဆိုတာက အဲဒီနေရာမှာ အချိန်အာကြာကြီး နေနိုင်မယ်လို့ အာမခံထားတာ မဟုတ်ပါဘူး။ အခြားရွေးချယ်စရာတစ်ခုရှာဖို့အတွက် ကျွန်မတို့ အကောင်းဆုံး ကြိုးစားနေပါတယ်” ဟု သူမက ပြောကြားခဲ့သည်။
    Ref: Onislam
  • အမုန်းတရားက ဖြေရှင်းပေးနိုင်တဲ့ ပြသနာတစ်ခုမှ မရှိ (Quote)
    အမုန်းတရားက ဖြေရှင်းပေးနိုင်တဲ့ ပြသနာတစ်ခုမှ မရှိ (Quote)
    မေ ၁ ၊ ၂၀၁၅
    ရှာဖွေတင်ပြသူ- ဆွေမွန်
    Maya Angelou
    အမုန်းတရားကြောင့် ကမ္ဘာကြီးထဲမှာ ပြသနာပေါင်းစုံ ဖြစ်နေရပေမယ့်
    အမုန်းတရားက ဖြေရှင်းပေးနိုင်တဲ့ ပြသနာတစ်ခုမှ မရှိသေးပါဘူး။
    မိုင်ယာအိန်ဂျလို
    အမေရိကန်လူမျိုး စာရေးဆရာမ၊ ကဗျာဆရာမ၊ သရုပ်ဆောင်နှင့် အဆိုတော်
  • မြန်မာ စီးပွားရေးသမားများကို နာမည်ပျက်စာရင်းမှ အမေရိကန် ဖယ်ရှားပေးသင့်ဟု ဦးဝင်းအောင်ပြော
    မြန်မာ စီးပွားရေးသမားများကို နာမည်ပျက်စာရင်းမှ အမေရိကန် ဖယ်ရှားပေးသင့်ဟု ဦးဝင်းအောင်ပြော
    မေ ၁၊ ၂၀၁၅
    M-Media
    20150327_yangonconstruction_st
    – နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပြီးနောက်ပိုင်း အမေရိကန်က စီးပွားရေးပိတ်ဆို့မှုကို ပထမဆုံး ဖယ်ရှားပေးခြင်း ခံခဲ့ရသည့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ဦးဝင်းအောင်က အမေရိကန်အနေဖြင့် အခြားသောသူများကိုလည်း ဖယ်ရှားပေးသင့်ပြီး သို့မှသာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ၎င်းတို့မှာ အမေရိကန်ကုမ္ပဏီများနှင့် မိတ်ဖက်အဖြစ် အလုပ်လုပ်နိုင်မည်ဟု ယမန်နေ့တွင် ပြောကြားလိုက်သည်။
    ၂၀၁၁ ခုနှစ်က အရပ်သားတစ်ပိုင်းအစိုးရ တက်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအားလုံးနီးပါး ဖယ်ရှားရန် စတင်ခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ဦးဝင်းအောင်နှင့် ၎င်းပိုင်ဆိုင်သည့် Dagon International Ltd၊ Dagon Timber Ltd  တို့မှာ အမည်ပျက်စာရင်းမှ ပထမဆုံး ဖယ်ရှားပေးခြင်း ခံခဲ့ရသည်။
    အဆိုပါ အမည်ပျက်စာရင်းတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ဒါဇင်နှင့်ချီ၍ ကျန်ရှိနေသေးပြီး ဦးဝင်းအောင်ကမူ အမေရိကန်ဘဏ္ဍာရေးဌာန၏ စံနှုန်းများနှင့် ကိုက်ညီသောသူများကို မကြာမီ ထိုစာရင်းမှ ဖယ်ရှားပေးသင့်သည်ဟု ဆိုသည်။
    “သူတို့က စီးပွားရေး ပိုလုပ်နိုင်ရင် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း သူတို့ ပိုပြီး ဖန်တီးပေးနိုင်မှာပါ” ဟု ပိတ်ဆို့မှု ဖယ်ရှားပေးခံရပြီးနောက်ပိုင်း ပြုလုပ်ခဲ့သည့် ပထမဆုံး အင်တာဗျူးတွင် ၎င်းက ပြောကြားခဲ့သည်။
    တစ်ချိန်က ဒေသအတွင်း အဖွံ့ဖြိုးဆုံးနိုင်ငံ ဖြစ်ခဲ့သည့် မြန်မာနိုင်ငံမှာ စစ်အစိုးရ၏ ၄၉ နှစ်ကြာ အုပ်စိုးမှုအတွင်း စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် ချစားမှုများကြောင့် မြန်မာ့စီးပွားရေးမှာ ချွတ်ခြုံကျခဲ့သည်။ ထို့ပြင် အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တုန့်ပြန်သည့်အနေဖြင့် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်လည်း မြန်မာနိုင်ငံမှာ ပို၍ အထီးကျန်ခဲ့သည်။
    ၂၀၁၁ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများက ပိတ်ဆို့မှုအများစုကို ဖယ်ရှားရန် အမေရိကန်နှင့် အခြားသော အနောက်နိုင်ငံများ၏ ယုံကြည်မှုကို ရရှိခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံမှ လူအတော်များများကမူ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ရပ်တန့်သွားပြီဟု ခံစားနေရသည်။
    အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုတွင် စစ်အစိုးရတစ်ဖွဲ့လုံးနှင့် ထိုအစိုးရကို ဘဏ္ဍာရေးအထောက်အပံ့များ ပေးနေသည်ဟု စွပ်စွဲခံရသော ဦးဝင်အောင်ကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ခဲ့သည်။ ထိုကဲ့သို့ ပိတ်ဆို့မှုနှင့် ပတ်သက်သည့် အချက်အလက်ကို အမေရိကန် ဘဏ္ဍာရေးဌာနက ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း ၀ီကီလိခ်မှ ဖော်ထုတ်ခဲ့သည့် သံတမန်ရေးရာ လျှို့ဝှက်ချက်များတွင် သဲလွန်စအချို့ ပါဝင်ခဲ့သည်။
    “၀ီကီလိခ်က သတင်းအချက်အလက်တော်တော်များများဟာ အမှန်မဟုတ်ဘူးဆိုတာ ကျွန်တော် တွေ့ခဲ့ပါတယ်” ဟု ဦးဝင်းအောင်က ပြောကြားခဲ့သည်။
    ထို့ပြင် စစ်အာဏာရှင်များမှာ မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေးကုမ္ပဏီအများစုကို နေပြည်တော်တွင် အနည်းဆုံး အဆောက်အဦး ၂ ခု ဆောက်လုပ်ရန် အမိန့်ပေးခဲ့သောကြောင့် မိမိအနေဖြင့် ဆောက်လုပ်ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် တရုတ်နိုင်ငံသို့လည်း မည်သည့်အခါမှာ ကျွန်းသစ်များ တင်ပို့ခဲ့ခြင်း မရှိကြောင်း၊ ထိုကိစ္စကို သက်သေပြရန်တွက် မိမိကုမ္ပဏီ၏ မှတ်တမ်းများကို အမေရိကန် ဘဏ္ဍာရေးဌာနသို့ ပေးပိုခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
    ဦးဝင်းအောင်အား ပိတ်ဆို့မှုစာရင်းမှ မည်သည့်အတွက်ကြောင့် ဖယ်ရှားခဲ့သည်ဆိုသည့် အသေးစိတ်အချက်အလက်ကို အမေရိကန် ဘဏ္ဍာရေးဌာနမှ ထုတ်ပြန်ခဲ့ခြင်းမရှိချေ။ သို့သော်လည်း ဦးဝင်းအောင်၏ ရှေ့နေဟောင်းဖြစ်သူ ဂျွန် ဗီဗာရီတိုက ကုမ္ပဏီမှတ်တမ်းများကို ပွင့်ပွင့်လင်းလင်းချပြချင်သည့် ဦးဝင်းအောင်၏ ဆန္ဒက ပိတ်ဆို့မှုမှ ဖယ်ရှားခဲ့သည့် အဓိကအကြောင်းအရင်းဖြစ်မည်ဟု ဆိုသည်။
    Ref: Reuters
  • နိုင်ငံတကာ သတင်းတို
    နိုင်ငံတကာ သတင်းတို
    ဧပြီ ၃၀၊ ၂၀၁၅
    M-Media
    – တောင်အာဖရိကတွင် နိုင်ငံခြားသားများကို ဆန့်ကျင်တိုက်ခိုက်မှုများ ၃ ပတ်တာ ဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ခဲ့ရသည့် မာလာဝီနိုင်ငံသား ၆၀၀ ကျော်မှာ ယမန်နေ့က ၎င်းတို့နိုင်ငံသို့ ပြန်သွားခဲ့သည်။ ယခုသီတင်းပတ်များအတွင်း တောင်အာဖရိကမှ အိမ်ပြန်သွားခဲ့သည့် မာလာဝီနိုင်ငံသား အရေအတွက် ၁၅၀၀ ကျော်လာခဲ့ပြီဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    – တမန်တော်မိုဟာမက်၏ ရုပ်ပြောင်ကာတွန်းများကို ရေးဆွဲဖော်ပြသည့် ပြင်သစ်မဂ္ဂဇင်း ချာလီဟဘ်ဒိုမှ ကာတွန်းဆရာတစ်ဦးဖြစ်သူ လုဇ်က ၎င်းအနေဖြင့် တမန်တော်မိုဟာမက်၏ ကာတွန်းရေးဆွဲမှုကို ငြီးငွေ့သွားပြီး ထပ်မံ၍ မဆွဲတော့ဟု ယမန်နေ့တွင် ပြောကြားလိုက်သည်။ မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရမှုပြီးနောက် ထုတ်ဝေခဲ့သော မဂ္ဂဇင်းမျက်နှာဖုံးတွင် လုဇ်မှာ တမန်တော်မိုဟာမက်ပုံ ကာတွန်းရေးဆွဲခဲ့သူ ဖြစ်သည်။
    – ပြီးခဲ့သည့် သီတင်းပတ်က ဘလာတီမိုးရ်ရဲစခန်းတွင် ထိန်းသိမ်းထားသည့် လူမည်းတစ်ဦး သေဆုံးခဲ့မှုကို မကျေနပ်သည့်အတွက် ပြီးခဲ့သည့်ရက်ပိုင်းက ဘလာတီမိုးရ်တွင် ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့ကလည်း အမေရိကန်နိုင်ငံ အရှေ့ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့များတွင် ဆန္ဒပြမှုများ ထပ်မံဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့ဝင်များ၏ နှိပ်စက်ငြှင်းပန်းမှုကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။
    – ရုရှားသမ္မတ ဗလာဒီမာပူတင်မှာ ဒုတိယကမ္ဘာစစ်က နာဇီများ၏ လီနင်ဂရက်ပိတ်ဆို့မှုအတွင်း ၎င်းတို့မိသားစု ကြုံတွေ့ခဲ့ရပုံများနှင့်ပတ်သက်၍ Russian Poineer ဂျာနယ်တွင် ဆောင်းပါးတစ်ခု ရေးသားခဲ့သည်။ အဆိုပါ ဆောင်းပါးတွင် ပူတင်က ၎င်း၏အကိုဖြစ်သူ စစ်အတွင်း သေဆုံးခဲ့ရသည့်အကြောင်း၊ ၎င်း၏ဖခင် ပါဝင်သော တပ်ဖွဲ့အား နာဇီတို့က တောထဲ၌ လိုက်လံဖမ်းဆီးရာတွင် ဖခင်ဖြစ်သူမှာ ရွံ့ညွန်ထဲ၌ နာရီများစွာ ပုန်းနေခဲ့ရပြီး ကျူရိုးဖြင့် အသက်ရှုခဲ့ရကြောင်းတို့ အပါအ၀င် ၎င်းတို့ မိသားစု ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများကို ထည့်သွင်း ရေးသားထားသည်။
    – ဘိုကိုဟရမ်၏ နောက်ဆုံးစခန်းဖြစ်သည့် ဆမ်ဘီဆာသစ်တောအတွင်း တိုက်ခိုက်နေသည့် နိုက်ဂျီးရီးယားတပ်ဖွဲ့များမှာ ကလေးငယ်များနှင့် အမျိုးသမီး အနည်းဆုံး ၁၆၀ ခန့်ကို ထပ်မံကယ်တင်နိုင်ခဲ့သည်ဟု နိုက်ဂျီးယားစစ်တပ်မှ ယနေ့တွင်ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြခဲ့သည်။ ကယ်တင်မှုအတွင်း စစ်သားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး အမျိုးသီး ၈ ဦးနှင့် စစ်သား ၄ ဦးမှာလည်း ဒဏ်ရရှိခဲ့သည်ဟု ဆိုသည်။ နိုက်ဂျီးရီးယားစစ်တပ်မှာ ပြီးခဲ့သည့် ရက်ပိုင်းကလည်း အမျိုးသမီးနှင့် မိန်းကလေး စုစုပေါင်း ၃၀၀ နီးပါးကို ကယ်တင်နိုင်ခဲ့သည်။
    Ref: News Agencies
  • ဗဟိုအာဖရိကတွင် ပြင်သစ်တပ်က ကလေးများအား လိင်ပိုင်းဆိုင်ရာစော်ကားမှု ပြင်သစ်စစ်ဆေးနေ
    ဗဟိုအာဖရိကတွင် ပြင်သစ်တပ်က ကလေးများအား လိင်ပိုင်းဆိုင်ရာစော်ကားမှု ပြင်သစ်စစ်ဆေးနေ
    ဧပြီ ၃၀၊ ၂၀၁၅
    M-Media
    france
    – ဗဟိုအာဖရိကနိုင်ငံတွင် ကုလ၏ ငြိမ်းချမ်းရေးတပ်အဖြစ် တပ်ဖြန့်ချထားသော ပြင်သစ်စစ်သားများမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများနှင့် ကလေးငယ်များအား ခေါင်းပုံဖြတ်မှုများ ပြုလုပ်သည်ဆိုသော ပြောကြားမှုများအတွက် စုံစမ်းစစ်ဆေးမှု ပြလုပ်နေသည်ဟု ပြင်သစ်က ကြေညာခဲ့သည်။
    ထိုကျူးလွန်မှုများမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၄ ခုနှစ် ဇွန်လအတွင်း မြို့တော် ဘန်ဂီရှိ M’Poko နိုင်ငံတကာလေဆိပ်တွင် ကလေး တစ်ဒါဇင်ခန့်ကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ပြင်သစ်ရုပ်သံ BFMTV မှ ပြောကြားသော မိန့်ခွန်းတွင် ပြင်သစ်သမ္မတ ဟော်လန်ဒေးက ထိုစွပ်စွဲမှုများ မှန်ကန်ပါက ပြင်းထန်သော အရေးယူမှုများ ပြုလုပ်သွားမည်ဟု ကတိပြုခဲ့သည်။
    “တကယ်လို့ အချို့စစ်သားတွေက ဆိုးဆိုးဝါးဝါး ပြုလုပ်ခဲ့တယ်ဆိုရင် ကျွန်တော်အနေနဲ့ ညှာမှာမဟုတ်ပါဘူး။ ဒီသတင်းအချက်အလက်က အတည်ပြုနိုင်တယ်ဆိုရင် နောင်ကျင်အောင် အပြစ်ပေးသွားမှာပါ” ဟု ဟော်လန်ဒေးက ပြောကြားခဲ့သည်။
    ထိုစွပ်စွဲချက်နှင့်ပတ်သက်သည့် ကုသမဂ္ဂ လူ့အခွင့်အရေးရုံးမှ လျှို့ဝှက်အစီရင်ခံစာတစ်ခု ပေါက်ကြားမှုကလည်း ပိုမို ဒေါသဖြစ်စရာ ဖြစ်ခဲ့သည်။ ထိုသို့ပေါက်ကြားမှုနှင့်ပတ်သက်၍ ကုလလူ့အခွင့်အရေးရုံးမှ ၀န်ထမ်းတစ်ဦးကို တာဝန်မှ ရပ်စဲထားသည်ဟု ကုလအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    အမည်ထုတ်ဖော်ခြင်းမရှိခဲ့သည့် အဆိုပါဝန်ထမ်းမှာ တည်းဖြတ်ရခြင်းမရှိသေးသော ကုလရုံးတွင်း အစီရင်ခံစာကို ကုလလူ့အခွင့်အရေး မဟာမင်းကြီးရုံးရှိ အကြီးတန်း စီမန်ခန့်ခွဲမှုဌာနသို့ မရောက်ခင် ပြင်သစ်အာဏာပိုင်များအား ပေးအပ်ခဲ့သည်ဟု စွပ်စွဲခြင်း ခံထားရသည်။
    ကုလအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်သော ကြေညာချက်တွင် ထိုစွပ်စွဲမှုများမှာ MINUSCA ဟုခေါ်သည့် ဗဟိုအာဖရိကတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်များ၏ လုပ်ငန်းများကို မစတင်မီ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
    ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ၂၀၁၄ ခုနှစ် နွေဦးပိုင်းတွင် စတင်ပြုလုပ်ခဲ့သည်။
    Ref: CNN