News @ M-Media

Blog

  • ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်အသုံးပြုမှု သတင်းများထွက်လာပြန်

    ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်အသုံးပြုမှု သတင်းများထွက်လာပြန်

    မေ ၃၊ ၂၀၁၅
    M-Media

    syria

    – နိုင်ငံအနောက်မြောက်ပိုင်းတွင် ဆီးရီးယားအစိုးရ၏ ရဟတ်ယာဉ်များက ပြုလုပ်ခဲ့သည့် ဗုံးကြဲမှုများတွင် ဓာတုလက်နက်များ အသုံးပြုသောကြောင့် ကလေးငယ်တစ်ဦး သေဆုံးကာ လူ ၄၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဆီးရီးယား လူမှုအဖွဲ့များမှ ပြောကြားလိုက်သည်။

    ဆီးရီးယာအစိုးရအား ဆန့်ကျင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားရာ အစ်ဒ်လစ်ဘ်ပြည်နယ် ဆာရာကဘ်မြို့တွင် သောကြာနေ့ညက ကလိုရင်းဗုံးဖြင့် ကြဲချခဲ့ခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ထိုဒေသတွင်ပင် ထိုကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

    ဆီးရီးယားအစိုးရ၏ ဓာတ်တုလက်နက်ဖြင့် တိုက်ခိုက်မှုများအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု နိုင်ငံတကာ ဓာတုလက်နက် စောင့်ကြည့်ရေးအဖွဲ့က ကြာသာပတေးနေ့တွင် ကြေညာခဲ့သည်။ တက်ကြွလှုပ်ရှားသူများ အဖွဲ့ဖြစ်သည့် ဆီးရီးယား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဆိုရှယ်မီဒီယာတွင် မျှဝေသော ဗီဒီယိုများ၌ ကလေးများ ချောင်းဆိုးခြင်း၊ အသက်ရှုမြန်လာခြင်းတို့ကြောင့် ဒေသခံများမှာ အဆိုပါ ကလေးများအား ဆေးရုံသို့ အပြေးအလွှား သွားရောက်ပို့ဆောင်သည်ကို တွေ့ရှိရသည်။

    ပြည်နယ်အတွင်း အခြားမြို့တစ်မြို့ဖြစ်သော နာရက်ဘ်မြို့မှ ဗီဒီယိုတစ်ခုတွင် ဆီးရီးယားအစိုးရ၏ လေကြောင်းမှ တိုက်ခိုက်မှုအတွင်း ပြည်သူများအား ကယ်တင်ခဲ့သော ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတစ်ဦးအား အောက်ဆီဂျင် ပေးအပ်နေရသည်ကို ဖော်ပြထားသည်။ အဆိုပါမြို့မှာ ဆီးရီးယားအစိုးရကို တိုက်ခိုက်နေသော တပ်ဖွဲ့များ ထိန်းချုပ်ထားရာ ဒေသလည်းဖြစ်သည်။

    လန်ဒန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကမူ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားမှုကို ကိုးကား၍ နာရက်ဘ်မြို့တွင် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကာ သေဆုံးရသည့် အကြောင်းကို ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း ပြောကြားခဲ့သည်။

    အခြား တက်ကြွလှုပ်ရှားသူများအဖွဲ့ဖြစ်သော ပူးပေါင်းဆောင်ရွက်ရေးကော်မတီများအဖွဲ့ကလည်း ဆာရာကဘ်တွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ဆီးရီးယား နိုင်ငံပိုင်မီဒီယာများတွင် ထိုသို့ တိုက်ခိုက်မှုသတင်းကို ဖော်ပြခြင်းမရှိဘဲ ဆီးရီးယားအစိုးရကမူ ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုမှာ အတိုက်အခံတပ်ဖွဲ့များမှ ပြုလုပ်သည်ဟု အပြစ်တင်ထားသည်။

    Ref: Aljazeera

  • ဘာစီလိုနာမှာ လက်ဖျားခါလောက်သည်ဟု အန်ဆယ်လော့တီပြော

    ဘာစီလိုနာမှာ လက်ဖျားခါလောက်သည်ဟု အန်ဆယ်လော့တီပြော

    မေ ၃၊ ၂၀၁၅
    M-Media

    real

    – စနေနေ့က ကော်ဒိုဘာအသင်းအား ၈ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် ဘာစီလိုနာအသင်းမှာ လက်ဖျားခါလောက်သည်ဟု ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    ဘာစီလိုနာမှာ ဆွာရက်ဇ်၊ မက်ဆီနှင့် နေးမာတို့၏ ဂိုးများဖြင့် အနိုင်ရရှိချိန်တွင် ရီးယဲလ်မှာ ဆီးဗီးလားအသင်းအား ခက်ခက်ခဲခဲကစားခဲ့ရပြီး ရော်နယ်ဒို၏ ဟက်ထရစ်ကြောင့် ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

    “ဘာစီလိုနာဟာ လက်ဖျားခါလောက်တဲ့အသင်းပါ။ သူတို့ရဲ့ တိုက်စစ်မှူးတွေက သိပ်ပြီး ထိရောက်ပါတယ်။ သူတို့အားလုံး ကောင်းကြတယ်။ သူတို့ ဒီလို ဂိုးအများကြီးသွင်းနိုင်တာ မထူးဆန်းပါဘူး” ဟု အန်ဆယ်လော့တီက ဆီးဗီးလားနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဘာစီလိုနာ၏ ထိုနိုင်ပွဲကြောင့် ကော်ဒိုဘာမှာ တန်းဆင်းသွားပြီဖြစ်ပြီး၊ ဇယားထိပ်တွင်မူ ဘာစီလိုနာက ရီးယဲလ်အား ၂ မှတ်ဖြတ်ကာ ဦးဆောင်နေသည်။ အန်ဆယ်လော့တီကမူ ဆီးဗီးလားအသင်းအား အနိုင်ရရှိသည့်အတွက် ကျေနပ်မိသည်ဟုဆိုကာ ချန်ပီယံလိဂ်နှင့်ပတ်သက်၍လည်း ပြောကြားခဲ့သည်။

    “သိပ်အရေးပါတဲ့နိုင်ပွဲပါ။ ဒီနိုင်ပွဲဟာ လာလီဂါကို ဆွတ်ခူးနိုင်နေတုန်းပဲဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ပြီးတော့ အင်္ဂါနေ့ တူရင်မှာကစားမယ့် ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်အတွက်လည်း ယုံကြည်မှုရှိစေပါတယ်။ အခုအချိန်က ကျွန်တော်တို့ အမှတ်ဆုံးရှုံးသွားတဲ့အချိန်ကို ပြန်ကြည့်တဲ့အချိန် မဟုတ်ပါဘူး။ ရာသီကုန်သွားရင် ကျွန်တော်တို့ ဆန်းစစ်သွားမှာပါ”

    Ref: Goal

  • အာဖဂန် အမျိုးသမီးတစ်ဦးအား ရိုက်နှက် သတ်ဖြတ်မှုအတွက် ကြားနာမှုများ ပြုလုပ်

    အာဖဂန် အမျိုးသမီးတစ်ဦးအား ရိုက်နှက် သတ်ဖြတ်မှုအတွက် ကြားနာမှုများ ပြုလုပ်

    မေ ၃၊ ၂၀၁၅
    M-Media

    afghan

    – မတ်လ ၁၉ ရက်နေ့တွင် အာဖဂန် အမျိုးသမီးတစ်ဦးအား လမ်းမပေါ်၌ လူအုပ်စုကြီးက ရိုက်နှက်သတ်ဖြတ်မှုအတွက် ဖမ်းဆီးထားသော လူ ၄၉ ဦးကို မြို့တော်ကဘူးလ်တွင် ကြားနာမှုများ စတင်ပြုလုပ်နေသည်ဟု သိရသည်။

    အသက် ၂၇ နှစ်အရွယ် ဖာ့ခ်ဟန်ဒါမှာ ကုရ်အာန်ကျမ်းအား မီးရှို့သည်ဟု စွပ်စွဲခံခဲ့ရကာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသူများထဲတွင် ရဲတပ်ဖွဲ့ဝင် ၁၉ ဦးလည်း ပါဝင်သည်။ ရပ်ကြည့်နေသူတစ်ဦးက မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားသော ဗီဒီယိုတွင် မြင်ရသည့် ဖာ့ခ်ဟန်ဒါအား ဆံပင်ဆွဲ၍ တရွတ်တိုက် ဆွဲခေါ်သွားမှုအတွက် ၎င်းတို့ထဲမှ တစ်ဦးက ၀န်ခံထားသည်။

    ဖမ်းဆီးထားသူများမှ ၁၀ ဦးကို ကိုယ်ထိလက်ရောက်စော်ကားမှု၊ လူသတ်မှုနှင့် အခြားသူများအား ပါဝင်ရန် လှုံ့ဆော်တိုက်တွန်းမှုတို့ဖြင့် တရားစွဲဆိုထားပြီး ရဲတပ်ဖွဲ့ဝင်များကိုမူ တာဝန်အား လစ်လျူရှုမှုနှင့် ထိုတိုက်ခိုက်မှုအား တားဆီးရန် ပျက်ကွက်မှုတို့ဖြင့် တရားစွဲထားသည်။

    ဖာခ်ဟန်ဒါမှာ အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦး ဖြစ်ပြီး အဆောင်လက်ဖွဲ့များ ရောင်းသူများထံမှ အဆောင်လက်ဖွဲ့များကို မ၀ယ်ယူရန် သူငယ်ချင်းမျာအား တိုက်တွန်းရာ လက်ဖွဲ့ရောင်းသူများက မကျေနပ်သောကြောင့် လီဆည်သတင်းလွှင့်ကာ လူအုပ်စုကြီး၏ ရိုက်နှက်သတ်ဖြတ်ခြင်း ခံခဲ့ရသည်ဟု ၎င်း၏ မိသားစုနှင့် သူငယ်ချင်းများ၏ ပြောကြားမှုများအရ သိရသည်။

    အဆိုပါ သတ်ဖြတ်မှုအတွက် အာဖဂန်ပြည်သူများက တုန်လှုပ်ခဲ့ရပြီး၊ ထိုအဖြစ်အပျက်အား ဖုန်းဖြင့် ရိုက်ကူးထားသော ဗီဒီယိုမှာလည်း ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့ခဲ့ကာ အာဖဂန်နစ္စတန်တစ်ဝှမ်း ဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့သည်။

    တရားရုံးချုပ် အကြီးအကဲ ဆိုက်ဖွလ္လာဟ် မိုဂျာဒက်ဒီက ယနေ့တွင်ပြုလုပ်မည့် ကြားနာမှုသို့ ကဘူးလ် ရဲတပ်ဖွဲ့အကြီးအကဲနှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေး အကြီးအကဲတို့အား တက်ရောက်ရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် မိုဂျာဒက်ဒီမှာ သံသယရှိသူတစ်ဦးကို လွှတ်ပေးခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကိုလည်း ဖမ်းဆီးရန် အမိန့်ထုတ်ခဲ့သည်။

    Ref: Aljazeera

  • အသင်းအခြေအနေကို ပြောင်းရန် မိမိမှာ ဘုရားသခင်မဟုတ်ဟု ဗန်ဂါလ်းပြော

    အသင်းအခြေအနေကို ပြောင်းရန် မိမိမှာ ဘုရားသခင်မဟုတ်ဟု ဗန်ဂါလ်းပြော

    မေ ၃၊ ၂၀၁၅
    M-Media

    vangal

    – မိမိမှာ ဘုရားသခင်မဟုတ်သောကြောင့် အသင်း၏ ဆိုးရွားသော အချိန်ကာလကို မရပ်တန့်နိုင်ဟု မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြဖြစ်သူ ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    မန်ယူမှာ ယမန်နေ့က ၀က်စ်ဘရွန်းအသင်းနှင့် အိုးထရက်ဖို့ဒ်တွင် ကစားခဲ့သည်ပွဲ၌ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပြီး ပင်နယ်တီတစ်လုံးလည်း ရခဲ့သော်လည်း ဂိုးရယူနိုင်ခြင်း မရှိခဲ့ဘဲ ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကာ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ် အဲဗာတန်အား ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင်လည်း မန်ယူမှာ ထိုကဲ့သို့ အသားစီးကစားနိုင်ခဲ့ပြီး ဗန်ဂါးလ်ကမူ မိမိတို့၏ ဘောလုံးပိုင်ဆိုင်မှုအခြေပြု ကစားပုံကို ခံစစ်ဖြင့် ရင်ဆိုင်ရန် ဆောင်ရွက်ထားသည့် အသင်းများအား ဖြတ်ကျော်ရန်အတွက် နည်းလမ်းတစ်ခု မဖြစ်မနေရှာရမည်ဟု ပြောကြားခဲ့သည်။

    “ခင်ဗျားတို့ကတော့ ကျွန်တော့်ကို ဘုရားသခင်လို့ ထင်မှာပေါ့။ ဒါပေမယ့် အဲဒီလိုမျိုးမဟူတ်ဘူးလေ။ ဒါမျိုးက အမြဲတမ်းဖြစ်နေတာပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ခင်ဗျားအသင်းက အမြဲတမ်းပိုကောင်းရင် ပြိုင်ဘက်တွေက ခံစစ်ကို ပိုကစားမယ်။ ဒါကို ခင်ဗျားတွေ့နိုင်ပါတယ်” ဟု ဗန်ဂါးလ်က ၀က်စ်ဘရွန်းနှင့် ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့ပြီး ချယ်ဆီး၊ အဲဗာတန်တို့နှင့်ပွဲအား ဥပမာပေးခဲ့သည်။

    လီဗာပူးလ်အသင်းမှာ ယမန်နေ့တွင် ကျူပီအာရ်အား အနိုင်ရခဲ့ပြီး မန်ယူနှင့် ၄ မှတ်သာ ကွာဟတော့ကာ မန်ယူမှာ ထိပ်ဆုံးလေးသင်းမှ ခြေချော်သွားနိုင်သည်ဆိုသော စိုးရိမ်မှုများကိုလည်း ဗန်ဂါးလ်က ပယ်ချယ်ခဲ့သည်။

    Ref: Goal

  • ကာ့ဒ် ဘာသာစကားဖြင့် ကုရ်အာန် ကျမ်းတော်မြတ်ဘာသာပြန်ကို တူရကီ ဖြန့်ချီ

    ကာ့ဒ် ဘာသာစကားဖြင့် ကုရ်အာန် ကျမ်းတော်မြတ်ဘာသာပြန်ကို တူရကီ ဖြန့်ချီ

    မေ ၃၊ ၂၀၁၅
    M-Media

    quran

    – ကုရ်အာန်ကျမ်းတော်မြတ်အား ဥရောပရှိ ဘာစကားများဆို့ ပြန်ဆိုကာ ရိုက်နှိပ်ဖြန့်ချီခဲ့သည့် တူရကီ သာသနာရေးရာအဖွဲ့က ယခုနောက်ဆုံး ကာ့ဒ်ဘာသာစကားဖြင့် ကုရ်အာန်ကျမ်းတော်မြတ်အား ပြန်ဆိုကာ ထုတ်ဝေဖြန့်ချီလိုက်သည်ဟု သိရသည်။

    “ကျွန်တော်တို့အဖွဲ့ဟာ အစ္စလာမ်ရဲ့သတင်းစကားကို ကမ္ဘာပေါ်မှာ ပြောနေတဲ့ ဘာသာစကားအားလုံးနဲ့ ဖြန့်ဝေဖို့ ဆောင်ရွက်ပေးတဲ့ စကြ၀ဠာလုံးဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်” ဟု အဆိုပါအဖွဲ့မှ ဘာသာရေးဆိုင်ရာ ပုံနှိပ်ထုတ်ဝေမှု အထွေထွေဒါရိုက်တာဖြစ်သူ ဒေါက်တာ ယုက်ဆဲလ် ဆလ်မန်က The Anadolu Agency သို့ မေလ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် ဆလ်မန်က “အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်တစ်ခုသည်ကား (လူသားများ၏) ဘာသာစကားများ၊ အသားအရောင်များ မတူကွဲပြားစွာ ရှိနေခြင်းပင်ဖြစ်၏၊။ အမှန်စင်စစ် ထိုအရာများထဲတွင် အသိပညာရှိသူတို့အတွက် သက်သေလက္ခဏာများလည်း ရှိနေပေသည်” ဟူသော ကုရ်အာန်ကျမ်းတော်မြတ်၏ ပါဒတော်ကို ကိုးကား၍ အစ္စလာမ်၏ ကမ္ဘာလုံးဆိုင်ရာ အခြေခံကို မီးမောင်းထိုးပြခဲ့သည်။

    တူရကီရှိ တိုင်းရင်းသားလူနည်းစုဖြစ်သည့် ကာ့ဒ်လူမျိုးများအတွက် ကုရ်အာန်ကျမ်းတော်မြတ်အား ကာ့ဒ်ဘာသာစကားဖြင့် ပြန်ဆိုခြင်းကို လွန်ခဲ့သည့် ၅ နှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပြီဖြစ်သည်။

    “နောက်ဆုံး ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်က ကာ့ဒ်ဘာသာကို ပြန်ဆိုတာဖြစ်ပြီး အုပ် ၁၀၀၀၀ ရိုက်နှိပ်ထုတ်ဝေပြီးပါပြီ” ဟု ဆလ်မန်က ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ သာသနာရေးရာအဖွဲ့မှာ ၁၉၂၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး စာအုပ်များ ရိုက်နှိပ်ထုတ်ဝေခဲ့ရာတွင် ယခု ဘာသာပြန်မှာ ၁၁၅၀ အုပ်မြောက် စာအုပ်လည်းဖြစ်သည်။ ထိုအဖွဲ့၏ ကြိုးပမ်းမှုများမှာ ၁၉၉၀ ပြည့်နှစ်များကတည်းက အရှိန်မြှင့်လာခဲ့ပြီး ကုရ်အာန်ကျမ်းတော်မြတ်အား ဂျာမန်၊ အင်္ဂလိပ်၊ ပြင်သစ်နှင့် ရုရှားဘာသာစကားများသို့ ပြန်ဆိုမှုများ ပြုလုပ်ခဲ့သည်။

    ကာ့ဒ်လူမျိုးများမှာ အင်ဒို-ဥရောပ မိသားစုဝင်၏ အနောက်မြောက်ပိုင်း အီရန်မျိုးခွဲဖြစ်သည်။ ထို့ပြင် ကာ့ဒ်ဘာသာစကားမှာ အာရဘီ၊ ပါရှန်းနှင့် တာ့က်ကစ်ရှ် ဘာသာစကားများပြီးလျှင် အရှေ့အလယ်ပိုင်း၌ တတိယ လူပြောအများဆုံး ဘာသာစကားဖြစ်သည်။

    ဆလ်မန်က အဆိုပါ ဘာသာပြန်ဆိုမှုကို ကာ့ဒ်၊ အာရဘီတို့နှင့်ပတ်သက်၍ ဗဟုသုတကြွယ်ဝသော ကျွမ်းကျင် ပညာရှင်များက ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် မိမိတို့ ဌာနအနေဖြင့် အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား၊ အဇာဘိုင်ဂျာနီ၊ ကာဇက်ခ်၊ ဒန်းနစ်ရှ်နှင့် အလ်ဘေးနီးယား ဘာသာစကားများဖြင့်လည်း ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်များကို ရိုပ်နှိပ်ထုတ်ဝေသွားမည်ဖြစ်ပြီး နိုင်ငံရပ်ခြားသို့ ပို့ဆောင်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “နိုင်ငံရပ်ခြားက တူရကီကိုလာတဲ့သူတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေ ရှိပါတယ်။ အထူးသဖြင့် ကမ်းရိုးတန်းဒေသတွေမှာပါ။ သူတို့တွေ အစ္စလာမ်နဲ့ ပတ်သက်ပြီး၊ ကုရ်အာန်နဲ့ပတ်သက်ပြီး သင်ယူလေ့လာဖို့ ဆန္ဒပြုပါတယ်”

    အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာပြီးသည့်နောက် အထူးသဖြင့် ဥရောပတွင် အစ္စလာမ်နှင့် ကုရ်အာန်ကျမ်းတော်မြတ်အပေါ် စိတ်ဝင်စားမှုများမှာ မြင့်တက်လာကြောင်း၊ ထိုအကြောင်းရာကို မိမိတို့၏ အဆက်အသွယ်များ၊ ကောင်စစ်ဝန်များနှင့် အခြားသော တာဝန်ရှိသူများမှာတစ်ဆင့် သိရှိကြောင်း ဆလ်မန်က ထည့်သွင်းပြောကြားခဲ့ပြီး ဒိန်းမတ်ဘာသာစကားဖြင့် ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်မှာ ဒိန်းမတ်နိုင်ငံတွင် အရောင်းရဆုံးဖြစ်နေသည်ကို ဥပမာတစ်ခုအဖြစ် ထောက်ပြခဲ့သည်။

    Ref: Onislam