မေ ၃၊ ၂၀၁၅
M-Media
– မတ်လ ၁၉ ရက်နေ့တွင် အာဖဂန် အမျိုးသမီးတစ်ဦးအား လမ်းမပေါ်၌ လူအုပ်စုကြီးက ရိုက်နှက်သတ်ဖြတ်မှုအတွက် ဖမ်းဆီးထားသော လူ ၄၉ ဦးကို မြို့တော်ကဘူးလ်တွင် ကြားနာမှုများ စတင်ပြုလုပ်နေသည်ဟု သိရသည်။
အသက် ၂၇ နှစ်အရွယ် ဖာ့ခ်ဟန်ဒါမှာ ကုရ်အာန်ကျမ်းအား မီးရှို့သည်ဟု စွပ်စွဲခံခဲ့ရကာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသူများထဲတွင် ရဲတပ်ဖွဲ့ဝင် ၁၉ ဦးလည်း ပါဝင်သည်။ ရပ်ကြည့်နေသူတစ်ဦးက မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားသော ဗီဒီယိုတွင် မြင်ရသည့် ဖာ့ခ်ဟန်ဒါအား ဆံပင်ဆွဲ၍ တရွတ်တိုက် ဆွဲခေါ်သွားမှုအတွက် ၎င်းတို့ထဲမှ တစ်ဦးက ၀န်ခံထားသည်။
ဖမ်းဆီးထားသူများမှ ၁၀ ဦးကို ကိုယ်ထိလက်ရောက်စော်ကားမှု၊ လူသတ်မှုနှင့် အခြားသူများအား ပါဝင်ရန် လှုံ့ဆော်တိုက်တွန်းမှုတို့ဖြင့် တရားစွဲဆိုထားပြီး ရဲတပ်ဖွဲ့ဝင်များကိုမူ တာဝန်အား လစ်လျူရှုမှုနှင့် ထိုတိုက်ခိုက်မှုအား တားဆီးရန် ပျက်ကွက်မှုတို့ဖြင့် တရားစွဲထားသည်။
ဖာခ်ဟန်ဒါမှာ အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦး ဖြစ်ပြီး အဆောင်လက်ဖွဲ့များ ရောင်းသူများထံမှ အဆောင်လက်ဖွဲ့များကို မ၀ယ်ယူရန် သူငယ်ချင်းမျာအား တိုက်တွန်းရာ လက်ဖွဲ့ရောင်းသူများက မကျေနပ်သောကြောင့် လီဆည်သတင်းလွှင့်ကာ လူအုပ်စုကြီး၏ ရိုက်နှက်သတ်ဖြတ်ခြင်း ခံခဲ့ရသည်ဟု ၎င်း၏ မိသားစုနှင့် သူငယ်ချင်းများ၏ ပြောကြားမှုများအရ သိရသည်။
အဆိုပါ သတ်ဖြတ်မှုအတွက် အာဖဂန်ပြည်သူများက တုန်လှုပ်ခဲ့ရပြီး၊ ထိုအဖြစ်အပျက်အား ဖုန်းဖြင့် ရိုက်ကူးထားသော ဗီဒီယိုမှာလည်း ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့ခဲ့ကာ အာဖဂန်နစ္စတန်တစ်ဝှမ်း ဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့သည်။
တရားရုံးချုပ် အကြီးအကဲ ဆိုက်ဖွလ္လာဟ် မိုဂျာဒက်ဒီက ယနေ့တွင်ပြုလုပ်မည့် ကြားနာမှုသို့ ကဘူးလ် ရဲတပ်ဖွဲ့အကြီးအကဲနှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေး အကြီးအကဲတို့အား တက်ရောက်ရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် မိုဂျာဒက်ဒီမှာ သံသယရှိသူတစ်ဦးကို လွှတ်ပေးခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကိုလည်း ဖမ်းဆီးရန် အမိန့်ထုတ်ခဲ့သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.