News @ M-Media
Blog
  • ရှုံးထွက်ဖလားအတွက် အားလုံးလုပ်သွားမည်ဟု ၀ုလ်ဖ်ဘာ့ဂ်နည်းပြဆို
    ရှုံးထွက်ဖလားအတွက် အားလုံးလုပ်သွားမည်ဟု ၀ုလ်ဖ်ဘာ့ဂ်နည်းပြဆို
    ဧပြီ ၃၀၊ ၂၀၁၅
    M-Media
    1310762_heroa
    – DFB-Pokal ဖလား နောက်ဆုံးဗိုလ်လုပွဲတွင် ဒေါ့မွန်အသင်းအား အနိုင်ရရေးအတွက် အရာအားလုံးကို လုပ်ဆောင်သွားမည်ဟု ၀ုလ်ဖ်ဘာ့ဂ်အသင်းနည်းပြ ဒီယက်တာ ဟက်ကင်းက ပြောကြားခဲ့သည်။
    ဘွန်ဒစ်လီဂါ ဒုတိယနေရာတွင်ရှိနေသည့် ၀ုလ်ဖ်ဘာ့ဂ်အသင်းမှာ ယမန်နေ့က ကစားခဲ့သည့် ဆီးမီးဖိုင်နယ်တွင် အာမီနီယာ ဘီလီဖဲလ်ဒ်အသင်းအား ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကာ ဘိုင်ယန်အား အနိုင်ကစားခဲ့သည့် ဒေါ့မွန်အသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။
    ဟက်ကင်းကမူ ယုံကြည်မှုရှိနေပြီး မိမိတို့မှာ ဒေါ့မွန်အသင်းအား ရင်ဆိုင်ရန် အသင့်ဖြစ်နေသည်ဟု ဆိုသည်။
    “ကျွန်တော်တို့ အထူး အာရုံစိုက်ထားပါတယ်။ ဒီနေ့ ကျွန်တော်တို့အသင်း ကောင်းခဲ့ပြီး ကျွန်တော်တို့ လိုချင်သလို ဖြစ်ခဲ့ပါတယ်။ ဖိုင်နယ်မှာ ဘာအသင်းနဲ့ ကစားရမယ်ဆိုတာကို ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။ ဒါပေမယ့် စိတ်လှုပ်ရှားစရာကောင်းမယ်ဆိုတာကတော့ သေချာပါတယ်။ ဖလားကို အိမ်ပြန်သယ်သွားဖို့ ကျွန်တော်တို့ အားလုံးလုပ်သွားမှာပါ။ ဒါပေမယ့် ပထမဆုံးကတော့ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့် သေချာအောင် လုပ်ရမှာပါ” ဟု ဟက်ကင်း Sky သို့ပြောကြားခဲ့သည်။
    “ဒါဟာ အသင်းအတွက်၊ ကလပ်အတွက်၊ ၀ုလ်ဖ်ဘာ့ဂ်မြို့အတွက် ကြီးမားတဲ့ အချိန်အခါပါ။ ဒီလိုအောင်မြင်တာ (ဖိုင်နယ်ရောက်တာ) ဟာလည်း သိပ်ကိုကောင်းပါတယ်။ ဘာလင်မှာ ကစားမယ့်ပွဲမှာ ပရိတ်သတ် ၂၅၀၀၀၊ ၃၀၀၀၀ လောက် ရှိမယ်လို့ မှန်းထားပါတယ်။ ဒေါ့မွန်နဲ့ပွဲဟာ ပွဲကောင်းတစ်ပွဲ ဖြစ်မှာပါ”
    Ref: Goal
  • အေစီမီလန်မှ မထွက်ခွာချင်ဟု နည်းပြ အင်ဇာဂီဆို
    အေစီမီလန်မှ မထွက်ခွာချင်ဟု နည်းပြ အင်ဇာဂီဆို
    ဧပြီ ၃၀၊ ၂၀၁၅
    M-Media
    milan
    – အသင်းအား ရလဒ်ကောင်းအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိသော်လည်း မိမိအနေဖြင့် အသင်းမှ မထွက်ခွာချင်ဟု အေစီမီလန်သင်းအနည်းပြ ဖိလစ်ပိုအင်ဇာဂီက ပြောကြားလိုက်သည်။
    အေစီမီလန်မှာ ယမန်နေ့က အိမ်ကွင်းတွင် ဂျီနိုအာအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး စီးရီးအေ လေးပွဲမြောက် နိုင်ပွဲပျောက်ခြင်း လည်းဖြစ်ကာ အဆင့် ၁၀ သို့ ရောက်ရှိနေသည်။ အသင်း၏ ထိုရလဒ်ဆိုးများကြောင့် အင်ဇာဂီမှာ ရာသီကုန်လျှင် ထွက်ခွာရတော့မည်ဟု ကောလဟာလများလည်း ထွက်ပေါ်နေသည်။
    သို့သော်လည်း အင်ဇာဂီကမူ လက်မခံဘဲ အသင်း၏ ဂုဏ်သိက္ခာကို ပြန်ဆယ်ကာ ရာသီကိုအဆုံးသတ်ရန် အသင်းသားများအား တိုက်တွန်းခဲ့သည်။
    “ကျွန်တော် ဒီမှာရှိနေတာဟာ ကစားပုံမကောင်းခဲ့တဲ့ ပွဲအကြောင်း ပြောဖို့ပါ။ ဂျီနိုအာဟာ အနိုင်နဲ့ ထိုက်တန်ပါတယ်။ အသင်းက ဘာဆုံးဖြတ်မလဲဆိုတာ ကျွန်တော်တို့ ကြည့်ရမှာပါ။ ကျွန်တော်ကတော့ လုံးဝ အရှုံးမပေးချင်သေးပါဘူး” ဟု အင်ဇာဂီက Radio 1 သို့ ပြောကြားခဲ့သည်။
    ထို့ပြင် အင်ဇာဂီက မိမိမှာ အရာတိုင်းအတွက် တောင်းပန်ပါကြောင်း၊ မိမိတို့အနေဖြင့် လက်ခံရမည်ဖြစ်ပြီး အသင်း ပုံမှန်နေရာရောက်ရေးအတွက် ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ မိမိသိရှိသည့် တစ်ခုတည်းသောအရာမှာ အလုပ်လုပ်ခြင်းသာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    “ဂုဏ်သိက္ခာရှိရှိနဲ့ အဆုံးသတ်ဖို့ ကြိုးစားနေတဲ့ မီလန်ကို ကျွန်တော်တို့ ကြည့်ဖို့လိုပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ မီလန်အသင်းရဲ့ အင်္ကျီဟာ အမြဲတမ်း ဂုဏ်သိက္ခာရှိနေလို့ပါ”
    Ref: Goal.com
  • အသင်းတိုင်းက ချယ်ဆီးကဲ့သို့ ဖြစ်ချင်နေသည်ဟု မော်ရင်ဟိုဆို
    အသင်းတိုင်းက ချယ်ဆီးကဲ့သို့ ဖြစ်ချင်နေသည်ဟု မော်ရင်ဟိုဆို
    ဧပြီ ၃၀၊ ၂၀၁၅
    M-Media
    morihho
    – ပရီးမီးယားလိဂ် ဖလားရရန် ၃ မှတ်သာလိုတော့သည့် အသင်းအား ချယ်ဆီးနည်းပြ မော်ရင်ဟိုက ချီးကျူးလိုက်ပြီး အသင်းတိုင်းက မိမိတို့ကဲ့သို့ ဖြစ်ချင်နေကြသည်ဟု ပြောကြားလိုက်သည်။
    ယနေ့နံနက်ပိုင်းက ကစားခဲ့သော လက်စတာနှင့်ပွဲတွင် ချယ်ဆီးမှာ ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေရာမှာ ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိအောင် ကစားသွားနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး သေချာသလောက် ဖြစ်သွားပြီဖြစ်သည်။
    “(ကစားသမားတွေ) လုပ်ဆောင်ခဲ့တာက အံ့သြလောက်စရာပါပဲ။ ပွဲစဉ် ၁ ထဲက ထိပ်ဆုံးမှာရပ်တည်ရတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ၁၂ မှတ်မှာ ၁၂ မှတ်စလုံး ရအောင်ယူနိုင်ခဲ့ပြီး စိတ်အားထက်သန်မှု၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေနဲ့အတူ လက်ဖျားခါလောက်တဲ့ ပုံစံမျိုးရနေတဲ့ အသင်းနဲ့ သူ့ရဲ့ အိမ်ကွင်းမှာ ကစားရတာက ပထမပိုင်းမှာ ရှုံးနိမ့်ရတာပါပဲ။ ဒုတိယပိုင်းမှာ ပြန်လာနိုင်တာ၊ ကျွန်တော့်ကစားသမားတွေ လုပ်ဆောင်ခဲ့တာတွေက တကယ့်ကို လက်ဇျားခါလောက်စရာပါ။ ကျွန်တော်တို့ဟာ ဘာလဲဆိုတာ ကျွန်တော် အသေအချာသိပါတယ်။ ပြီးတော့ ကျွန်တော်တို့ဟာ အသင်းတိုင်းက ဖြစ်ချင်တဲ့ ပုံစံမျိုးမှာ ရှိနေတယ်လို့လည်း
    ကျွန်တော်ထင်ပါတယ်” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ချယ်ဆီးမှာ သြဂုတ်လ နှောင်းပိုင်းမှစ၍ ပရီးမီးယားလိဂ်ဇယားအား ဆက်တိုက် ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး မော်ရင်ဟိုကမူ လာမည့် တနင်္ဂနွေနေ့တွင် အိမ်ကွင်းပွဲ၌ ဖလားရရေး ကြိုးပမ်းမှုတွင် အသင်းအား တွန်းအားပေးကြရန် ပရိတ်သတ်များကို တိုက်တွန်းခဲ့သည်။
    “စတမ်းဖို့ဒ်ဘရစ်ခ်ျကို နိုင်ဖို့လိုအပ်တာပါ။ အောင်ပွဲခံဖို့မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဖလားမှ မရသေးတာ။ ကျွန်တော်တို့လိုအပ်နေတဲ့ ၃ မှတ်ရဖို့အတွက် စတမ်းဖို့ဘရစ်ခ်ျက တွန်းအားပေးတာမျိုးကိုပဲ ကျွန်တော်တို့ လိုပါတယ်”
    Ref: Goal
  • အစ္စလာမ့်မစ် ဘာသာရပ်အား သင်ယူရန် ဥပဒေ ပြဌာန်းလာသော ဂျာမဏီမှ အခြေခံပညာရေးကျောင်းများ
    အစ္စလာမ့်မစ် ဘာသာရပ်အား သင်ယူရန် ဥပဒေ ပြဌာန်းလာသော ဂျာမဏီမှ အခြေခံပညာရေးကျောင်းများ
    ဧပြီ ၃၀၊ ၂၀၁၅
    M-Media
    မင်းသိန်း
    0,,3191976_4,00
    စာရေးသူ နေထိုင်ရာ ဂျာမဏီနိုင်ငံ Nordrhein-Westfalen ပြည်နယ်သည် လူဦးရေ (၁၇သန်း)ခန့် နေထိုင်သော ပြည်နယ် တစ်ခုဖြစ်ပြီး ဂျာမဏီ နိုင်ငံ၏ ပြည်နယ်(၁၆-ခု)တွင် အကြီးဆုံးပြည်နယ်ဖြစ်သည်။
    ပြည်နယ်အတွင်း နေထိုင်သော မွတ်စလင်လူဦးရေမှာ (၁.၅ သန်း) ခန့်ရှိပြီး လူဦးရေ စုစုပေါင်း၏  (၁၀ %) နီးပါးခန့်ရှိသည်။ အဆိုပါလူဦးရေ (၁.၅ သန်း) ခန့် အနက် (၃၂၀၀၀၀) ကျော်မှာ မူလတန်း နှင့် အလယ်တန်း (တစ်တန်း မှ ဆယ်တန်းထိ)ကျောင်းသား များဖြစ်ကြသည်။ မွတ်စလင်လူဦးရေ၏ (၂၀%) ကျော်မှာ အခြေခံပညာ သင်ယူနေကြသော ကျောင်းသား/ကျောင်းသူ များ ဖြစ်ကြသည်။ ပြည်နယ်ပညာရေး စနစ် အရ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် မူလတန်းမှစတင်ကာ အလယ်တန်းပြီးဆုံးသည့် အထိ (Religious) ဘာသာရပ်အား သင်ယူကြရသည်။ ပြည်နယ်လူဦးရေ၏ (၄၀%) ခန့်သက်ဝင်ယုံကြည်ကြသော (Romen- catholic) ဘာသာရပ်သည် ကျောင်းများတွင်အဓိက သင်ကြားပေးသော ဘာသာရပ်ဖြစ်သည်။ (Roman-Catholic) ဘာသာဝင် မဟုတ်သော (Protestant, Muslims နှင့် ဘာသာမဲ့ ခံယူထားသူများ အနေနှင့် အဆိုပါ (Religious) ဘာသာရပ်အစား (Theology) ဘာသာရပ်အားသင်ယူကြရသည်။
    ၂၀၁၁ ခု နှစ် ဖေဖေါ်ဝါရီလအတွင်း ပြည်နယ် ပညာရေးဝန်ကြီးနှင့် မွတ်စလင့်ကောင်စီ တို့ပူပေါင်းပြီး ကျောင်းများတွင် အစ္စလာမ့်မစ် ဘာသာရပ်အား သင်ကြားနိုင်ရန် ဆွေးနွေးခဲ့ကြသည်။ ၂၀၁၁ ခု ဒီဇင်ဘာလ တွင် ပြည်နယ် ပညာရေးဥပဒေ အတွင်း အစ္စလာမ့်မစ် ဘာသာရပ် သင်ကြားခွင့် ဥပဒေအား ထည့်သွင်းရေးဆွဲနိုင်ခဲ့ကြသည်။
    (၂၀၁၂- ၂၀၁၃) ပညာသင်နှစ်မှ စတင်ကာ ကျောင်းများတွင် အစ္စလာမ့်မစ် ဘာသာရပ် သင်ကြားမှု အား စတင်ခဲ့ကြသည်။အစ္စလာမ်မစ် ဘာသာရပ်အား သင်ကြားလိုသော(မည်သည့် ဘာသာဝင်မဆို) ကျောင်းသူ/ ကျောင်းသားများ အနေဖြင့် လျှောက်လွှာတင်ကြရပြီး ကျောင်း တစ်ကျောင်းတွင် အစ္စလာမ့်မစ် ဘာသာရပ်အား သင်ကြားလိုသော အနိမ့်ဆုံးကျောင်းသားစုစုပေါင်း (၇ ဦး)ခန့်ရှိပါက ပြည်နယ်မှ ဆရာ/ဆရာမ တစ်ဦးအား ခန့်အပ်ပေးသည်။
    ထို့အပြင် ပြည်နယ်အတွင်းရှိ တက္ကသိုလ် နှစ်ခု (Westfälischen Wilhelms-Universität Münster နှင့် Universität Osnabrück) တို့တွင် ဆရာ/ဆရာမ များအတွက် အစ္စလာမ့်မစ်ဘာသာရပ်အား အထူးပြုသင်ပြပေးပြီး၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အနေဖြင့်လည်း အစ္စလာမ့်မစ်ဘာသာရပ်အား အထူးပြု ဘာသာရပ်အဖြစ် သင်ကြားနိုင်သော အခွင့်အရေးများလည်း ပြည်နယ်အစိုးရမှ တာဝန်ယူ ဖန်တီးပေးထားသည်။
    ပြည်နယ်ပညာရေးဌာန ၏စစ်တမ်းများအရ အစ္စလာမ့်မစ် ဘာသာရပ်အား မွတ်စလင် ကျောင်းသား/ ကျောင်းသူများသာမက တခြားဘာသာဝင် ကျောင်းသူ/ကျောင်းသားများလည်း စိတ်ဝင်တစား သင်ယူလာကြသည်ကို တွေ့မြင်လာရသည်။
    ဘာသာတရားများ၏ ဓမ္မစစ်ကို သိရှိလာကြသည့်အလျှောက် သက်ဆိုင်ရာဘာသာဝင်များအကြား ဘာသာရေးအား တလွှဲအသုံးချနေသော လူများ၏ အစွန်းရောက်မှု့ အန္တရာယ်မှ ကာကွယ်နိုင်သည့်အပြင် မတူညီသောဘာသာဝင်များအကြား သဘောထားကြီးမှု့နှင့် နားလည်အသိအမှတ်ပြုမှုများ တိုးပွားလာကြရသည်။
    အသိဥာဏ်ရင့်ကျက်သော လူ့အဖွဲ့စည်းအတွင်း မတူကွဲပြားခြင်းအား နိုင်ငံနှင့် လူထုအတွက် အင်အားသစ် တစ်ရပ်အဖြစ်ဖန်တီးနိုင်ရန် ကြိုးစားကြပြီး အသိညာဏ်အားနည်းသော လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားခြင်းအား ပြသနာတစ်ရပ်အဖြစ် ဖန်တီးကာ လူသားဂုဏ်သိက္ခာအား မျက်ကွယ်ပြုလာကြသည်။ ဤသို့ဖြင့် ကမ္ဘာပေါ်တွင် လူ့အရောင်အသွေးကင်းမဲ့သော လူသားအများစုနေထိုင်ရာ ပျက်သုန်းနိုင်ငံများပေါ်ပေါက်လာရသည်။
    မင်းသိန်း(၂၉.၀၄.၂၀၁၅)
    ** M-Media သို့ စာရေးသူ “မင်းသိန်း” ပေးပို့လာသည့် သတင်းဆောင်းပါးဖြစ်ပါသည်။ M-Media သို့ စာမူများ ပေးပို့လိုလျှင် M-Media FB Fan Page သို့ မက်ဆစ်ပို့၍ လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပို့၍ လည်းကောင်း ဆက်သွယ်ပေးပို့နိုင်ပါတယ်။ ဖတ်ရှုစိစစ်၍ ဖော်ပြပေးသွားပါမည်။
  • ဒုတိယကမ္ဘာစစ်အတွင်း လုပ်ရပ်များအတွက် ဂျပန်တောင်းပန်
    ဒုတိယကမ္ဘာစစ်အတွင်း လုပ်ရပ်များအတွက် ဂျပန်တောင်းပန်
    ဧပြီ ၃၀၊ ၂၀၁၅
    M-Media
    shinzo abe
    – အမေရိကန် ကွန်ဂရက်တွင် ပြောကြားသည့်မိန့်ခွန်း၌ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ တောင်းပန်လိုက်ပြီး အလွန်အမင်း နောင်တရမိသည်ဟု ပြောကြားခဲ့သည်။
    အရေးပါသည့် ပစိဖိတ်ကုန်သွယ်ရေး သဘောတူညီချက်အတွက် အိုဘားမားနှင့် ဆောင်ရွက်နေသည့် ရှင်ဇိုအာဘေးမှာ ယမန်နေ့က မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပြီး စစ်အတွင်း ဂျပန်နိုင်ငံ၏ ကျူးလွန်မှုများကိုလည်း ၀န်ခံခဲ့သည်။
    “ဂျပန်နိုင်ငံနဲ့ ဂျပန်ပြည်သူတွေရဲ့ ကိုယ်စား ကျွန်တော်ဟာ လေးစားသမှုနဲ့အတူ ဒုတိယကမ္ဘာစစ်အတွင်း ဆုံးရှုံးခဲ့ရတဲ့ အမေရိကန်ပြည်သူတွေရဲ့ အသက်တွေအတွက် အဆုံးအစမရှိ ၀မ်းနည်းမိကြောင်း ကျွန်တော် ပြောလိုပါတယ်။ သမိုင်းကတော့ ဆိုးပါတယ်။ ဒါပေမယ့် ဖြစ်ပြီးခဲ့တာတွေကိုတော့ ပြန်ပြင်လို့ မရတော့ပါဘူး” ဟု အာဘေးက ပြောကြားခဲ့သည်။
    ထို့ပြင် ဂျပန်၏ လုပ်ရပ်များကြောင့် အာရှဒေသတွင်းရှိ အခြားသော နိုင်ငံများ၏ ခံစားရမှုများကိုလည်း အာဘေးက အသိအမှတ်ပြုခဲ့သည်။ သို့သော်လည်း စစ်အတွင်း အာရှနိုင်ငံများမှ အမျိုးသမီး ၂ သိန်းခန့်ကို ဂျပန်စစ်သားများအတွက် လိင်ကျွန်အဖြစ် အသုံးပြုနှင့်ပတ်သက်၍ ထင်ထင်ရှားရှားပြောဆိုတောင်းပန်မှုများ ပြုလုပ်ရန် အများက မျှော်လင့်ထားကြသော်လည်း အာဘေးက ထည့်သွင်းပြောကြားခဲ့ခြင်း မရှိချေ။
    မိန့်ခွန်းမပြောကြားမီအလျင် ရှင်ဇိုအာဘေးမှာ ၀ါရှင်တန်ရှိ ဒုတိယကမ္ဘာစစ် အောက်မေ့ဖွယ် အဆောက်အဦးသို့ သွားရောက်ကာ လွမ်းသူ့ပန်းခွေချခဲ့ပြီး၊ သေဆုံးသွားသူများအတွက် နောင်တများဖြင့် ဆုတောင်းပေးခဲ့သည်ဟု ၎င်းက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ အချို့သော စစ်ပြန်များကမူ အာဘေးမှာ စစ်အတွင်း ဂျပ၏ လုပ်ရပ်များနှင့်ပတ်သက်၍ လုံလုံလောက်လောက် ၀န်ခံခဲ့ခြင်းမရှိဟု ဆိုသည်။
    စစ်အတွင်း ဂျပန်စစ်သားများ၏ လိင်ကျွန်ပြုမှုကို ခံခဲ့ရသည့် အသက် ၈၄ နှစ်အရွယ် ကိုရီးယားအမျိုးသမီး လီ ယွန် ဆူးကလည်း အဆိုပါ မိန့်ခွန်းအား တက်ရောက်နားထောင်ခဲ့သည်။
    ကွန်ဂရက်တွင် အာဘေးအား မိန်းခွန်းပြောကြားခိုင်းခြင်းမှာ အမေရိကန်နှင့် အာရှပစိဖိတ်နိုင်ငံ စုစုပေါင်း ၁၂ နိုင်ငံပါဝင်မည့် ကုန်သွယ်ရေးသဘောတူညီချက်အတွက် အိုဘားမား၏ သဘောထားက ဒီမိုကရက်တစ် အမတ်များအပေါ် လွှမ်းမိုးရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဒီမိုကရက်တစ်များကမူ အဆိုပါ သဘောတူညီချက်မှာ အမေရိကန်ရှိ အလုပ်ကိုင်အခြေအနေကို ဆိုးရွားနိုင်သည်ဟုဆိုကာ ဆန့်ကျင်နေကြသည်။
    အာဘေး၏ အမေရိကန်ခရီးစဉ်အတွင်း အိုဘားမားက တရုတ်နှင့် ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုများ ဖြစ်နေသည့် ဂျပန်နိုင်ငံ၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု ကတိပြုခဲ့သည်။
    Ref: Aljazeera, Channelnewsasia