News @ M-Media

အစ္စရေးတွင် အီသီယိုးပီးယားနွယ်ဖွားများနှင့် ရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ်ဖြစ်

မေ ၄၊ ၂၀၁၅
M-Media

israle

– အစ္စရေးရှိ တဲလ်အဗီးမြို့တွင် ယမန်နေ့က အီသီယိုးပီးယား နွယ်ဖွားများ ရဲတပ်ဖွဲ့အား ဆန့်ကျင်ဆန္ဒပြမှုအတွင်း အစ္စရေးရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နှင်းခဲ့သည်ဟု သိရသည်။

အီသီယိုးပီးယား စစ်သားတစ်ဦးအား အစ္စရေးရဲတပ်ဖွဲ့ဝင်များက ရိုက်နှက် ကန်ကျောက်မှုများ ပြုလုပ်သည့် ဗီဒီယိုတစ်ခု ပြီးခဲ့သည့် သီတင်းပတ်က ထွက်ပေါ်လာခဲ့ပြီးနောက် ရဲတပ်ဖွဲ့၏ လူမျိုးရေးခွဲခြားမှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ကို မကျေနပ်ခြင်းကြောင့် ဆန္ဒခဲ့ကြခြင်းဖြစ်သည်။

မြို့၏ အဝေးပြေးလမ်းမတစ်ခုကို ပိတ်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပြီးနောက် မြို့လယ်ကောင်ရှိ ရာဘင်ရင်ပြင်သို့ အရောက်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူများမှာ ရဲကားတစ်စီးကို ဖျက်ဆီးခဲ့ပြီး အဓိကရုဏ်းနှိမ်နှင်းရေး တပ်ဖွဲ့များကို ပုလင်းများ၊ ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင်များကလည်း မီးခိုးဗုံးများနှင့် မီးသတ်ပိုက်များကို အသုံးပြု၍ လူစုခွဲခဲ့သည်ဟု အစ္စရေး မီဒီယာများက ဖော်ပြခဲ့ပြီး ရဲတပ်ဖွဲ့ကမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

“ရဲတပ်ဖွဲ့ရဲ့ ဒီလို အပြုအမူတွေကို ကျွန်မ စိတ်ကုန်နေပါပြီ။ သူတို့ကို မယုံတော့ပါဘူး။ ရဲကိုမြင်တဲ့အခါ ကျွန်မ ရွံမိပါတယ်” ဟု ဆန္ဒပြသူ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။

အစ္စရေး ကြက်ခြေနီအဖွဲ့က ရဲတပ်ဖွဲ့ ၂၃ ဦးအပါအ၀င် အနည်းဆုံး လူ ၄၀ ဒဏ်ရာရရှိခဲ့သည်ဟုဆိုပြီး ဒဏ်ရာများမှာ ဦးခေါင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းတို့တွင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အစ္စရေးရဲတပ်ဖွဲ့ကမူ တပ်ဖွဲ့ဝင် ၄၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယမန်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည့် အီသီးယိုးပီးယားနွယ်ဖွား အစ္စရေးစစ်သားမှာ ဒမက်စ် ပါကာဒါဖြစ်ပြီး ထိုအဖြစ်အပျက်တွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကိုမူ အာဏာအလွန်အကျွံသုံးစွဲမှု သံသယဖြင့် တာဝန်မှ ရပ်ဆိုင်းထားသည်။

Ref: Aljazeera

Comments

Leave a Reply