News @ M-Media

Blog

  • အာဖဂန် အမျိုးသမီးတစ်ဦးအား ရိုက်နှက် သတ်ဖြတ်မှုအတွက် ကြားနာမှုများ ပြုလုပ်

    အာဖဂန် အမျိုးသမီးတစ်ဦးအား ရိုက်နှက် သတ်ဖြတ်မှုအတွက် ကြားနာမှုများ ပြုလုပ်

    မေ ၃၊ ၂၀၁၅
    M-Media

    afghan

    – မတ်လ ၁၉ ရက်နေ့တွင် အာဖဂန် အမျိုးသမီးတစ်ဦးအား လမ်းမပေါ်၌ လူအုပ်စုကြီးက ရိုက်နှက်သတ်ဖြတ်မှုအတွက် ဖမ်းဆီးထားသော လူ ၄၉ ဦးကို မြို့တော်ကဘူးလ်တွင် ကြားနာမှုများ စတင်ပြုလုပ်နေသည်ဟု သိရသည်။

    အသက် ၂၇ နှစ်အရွယ် ဖာ့ခ်ဟန်ဒါမှာ ကုရ်အာန်ကျမ်းအား မီးရှို့သည်ဟု စွပ်စွဲခံခဲ့ရကာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသူများထဲတွင် ရဲတပ်ဖွဲ့ဝင် ၁၉ ဦးလည်း ပါဝင်သည်။ ရပ်ကြည့်နေသူတစ်ဦးက မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားသော ဗီဒီယိုတွင် မြင်ရသည့် ဖာ့ခ်ဟန်ဒါအား ဆံပင်ဆွဲ၍ တရွတ်တိုက် ဆွဲခေါ်သွားမှုအတွက် ၎င်းတို့ထဲမှ တစ်ဦးက ၀န်ခံထားသည်။

    ဖမ်းဆီးထားသူများမှ ၁၀ ဦးကို ကိုယ်ထိလက်ရောက်စော်ကားမှု၊ လူသတ်မှုနှင့် အခြားသူများအား ပါဝင်ရန် လှုံ့ဆော်တိုက်တွန်းမှုတို့ဖြင့် တရားစွဲဆိုထားပြီး ရဲတပ်ဖွဲ့ဝင်များကိုမူ တာဝန်အား လစ်လျူရှုမှုနှင့် ထိုတိုက်ခိုက်မှုအား တားဆီးရန် ပျက်ကွက်မှုတို့ဖြင့် တရားစွဲထားသည်။

    ဖာခ်ဟန်ဒါမှာ အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦး ဖြစ်ပြီး အဆောင်လက်ဖွဲ့များ ရောင်းသူများထံမှ အဆောင်လက်ဖွဲ့များကို မ၀ယ်ယူရန် သူငယ်ချင်းမျာအား တိုက်တွန်းရာ လက်ဖွဲ့ရောင်းသူများက မကျေနပ်သောကြောင့် လီဆည်သတင်းလွှင့်ကာ လူအုပ်စုကြီး၏ ရိုက်နှက်သတ်ဖြတ်ခြင်း ခံခဲ့ရသည်ဟု ၎င်း၏ မိသားစုနှင့် သူငယ်ချင်းများ၏ ပြောကြားမှုများအရ သိရသည်။

    အဆိုပါ သတ်ဖြတ်မှုအတွက် အာဖဂန်ပြည်သူများက တုန်လှုပ်ခဲ့ရပြီး၊ ထိုအဖြစ်အပျက်အား ဖုန်းဖြင့် ရိုက်ကူးထားသော ဗီဒီယိုမှာလည်း ဆိုရှယ်မီဒီယာတွင် ပြန့်နှံ့ခဲ့ကာ အာဖဂန်နစ္စတန်တစ်ဝှမ်း ဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့သည်။

    တရားရုံးချုပ် အကြီးအကဲ ဆိုက်ဖွလ္လာဟ် မိုဂျာဒက်ဒီက ယနေ့တွင်ပြုလုပ်မည့် ကြားနာမှုသို့ ကဘူးလ် ရဲတပ်ဖွဲ့အကြီးအကဲနှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေး အကြီးအကဲတို့အား တက်ရောက်ရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် မိုဂျာဒက်ဒီမှာ သံသယရှိသူတစ်ဦးကို လွှတ်ပေးခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကိုလည်း ဖမ်းဆီးရန် အမိန့်ထုတ်ခဲ့သည်။

    Ref: Aljazeera

  • အသင်းအခြေအနေကို ပြောင်းရန် မိမိမှာ ဘုရားသခင်မဟုတ်ဟု ဗန်ဂါလ်းပြော

    အသင်းအခြေအနေကို ပြောင်းရန် မိမိမှာ ဘုရားသခင်မဟုတ်ဟု ဗန်ဂါလ်းပြော

    မေ ၃၊ ၂၀၁၅
    M-Media

    vangal

    – မိမိမှာ ဘုရားသခင်မဟုတ်သောကြောင့် အသင်း၏ ဆိုးရွားသော အချိန်ကာလကို မရပ်တန့်နိုင်ဟု မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြဖြစ်သူ ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    မန်ယူမှာ ယမန်နေ့က ၀က်စ်ဘရွန်းအသင်းနှင့် အိုးထရက်ဖို့ဒ်တွင် ကစားခဲ့သည်ပွဲ၌ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပြီး ပင်နယ်တီတစ်လုံးလည်း ရခဲ့သော်လည်း ဂိုးရယူနိုင်ခြင်း မရှိခဲ့ဘဲ ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကာ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ် အဲဗာတန်အား ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင်လည်း မန်ယူမှာ ထိုကဲ့သို့ အသားစီးကစားနိုင်ခဲ့ပြီး ဗန်ဂါးလ်ကမူ မိမိတို့၏ ဘောလုံးပိုင်ဆိုင်မှုအခြေပြု ကစားပုံကို ခံစစ်ဖြင့် ရင်ဆိုင်ရန် ဆောင်ရွက်ထားသည့် အသင်းများအား ဖြတ်ကျော်ရန်အတွက် နည်းလမ်းတစ်ခု မဖြစ်မနေရှာရမည်ဟု ပြောကြားခဲ့သည်။

    “ခင်ဗျားတို့ကတော့ ကျွန်တော့်ကို ဘုရားသခင်လို့ ထင်မှာပေါ့။ ဒါပေမယ့် အဲဒီလိုမျိုးမဟူတ်ဘူးလေ။ ဒါမျိုးက အမြဲတမ်းဖြစ်နေတာပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ခင်ဗျားအသင်းက အမြဲတမ်းပိုကောင်းရင် ပြိုင်ဘက်တွေက ခံစစ်ကို ပိုကစားမယ်။ ဒါကို ခင်ဗျားတွေ့နိုင်ပါတယ်” ဟု ဗန်ဂါးလ်က ၀က်စ်ဘရွန်းနှင့် ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့ပြီး ချယ်ဆီး၊ အဲဗာတန်တို့နှင့်ပွဲအား ဥပမာပေးခဲ့သည်။

    လီဗာပူးလ်အသင်းမှာ ယမန်နေ့တွင် ကျူပီအာရ်အား အနိုင်ရခဲ့ပြီး မန်ယူနှင့် ၄ မှတ်သာ ကွာဟတော့ကာ မန်ယူမှာ ထိပ်ဆုံးလေးသင်းမှ ခြေချော်သွားနိုင်သည်ဆိုသော စိုးရိမ်မှုများကိုလည်း ဗန်ဂါးလ်က ပယ်ချယ်ခဲ့သည်။

    Ref: Goal

  • ကာ့ဒ် ဘာသာစကားဖြင့် ကုရ်အာန် ကျမ်းတော်မြတ်ဘာသာပြန်ကို တူရကီ ဖြန့်ချီ

    ကာ့ဒ် ဘာသာစကားဖြင့် ကုရ်အာန် ကျမ်းတော်မြတ်ဘာသာပြန်ကို တူရကီ ဖြန့်ချီ

    မေ ၃၊ ၂၀၁၅
    M-Media

    quran

    – ကုရ်အာန်ကျမ်းတော်မြတ်အား ဥရောပရှိ ဘာစကားများဆို့ ပြန်ဆိုကာ ရိုက်နှိပ်ဖြန့်ချီခဲ့သည့် တူရကီ သာသနာရေးရာအဖွဲ့က ယခုနောက်ဆုံး ကာ့ဒ်ဘာသာစကားဖြင့် ကုရ်အာန်ကျမ်းတော်မြတ်အား ပြန်ဆိုကာ ထုတ်ဝေဖြန့်ချီလိုက်သည်ဟု သိရသည်။

    “ကျွန်တော်တို့အဖွဲ့ဟာ အစ္စလာမ်ရဲ့သတင်းစကားကို ကမ္ဘာပေါ်မှာ ပြောနေတဲ့ ဘာသာစကားအားလုံးနဲ့ ဖြန့်ဝေဖို့ ဆောင်ရွက်ပေးတဲ့ စကြ၀ဠာလုံးဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်” ဟု အဆိုပါအဖွဲ့မှ ဘာသာရေးဆိုင်ရာ ပုံနှိပ်ထုတ်ဝေမှု အထွေထွေဒါရိုက်တာဖြစ်သူ ဒေါက်တာ ယုက်ဆဲလ် ဆလ်မန်က The Anadolu Agency သို့ မေလ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် ဆလ်မန်က “အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်တစ်ခုသည်ကား (လူသားများ၏) ဘာသာစကားများ၊ အသားအရောင်များ မတူကွဲပြားစွာ ရှိနေခြင်းပင်ဖြစ်၏၊။ အမှန်စင်စစ် ထိုအရာများထဲတွင် အသိပညာရှိသူတို့အတွက် သက်သေလက္ခဏာများလည်း ရှိနေပေသည်” ဟူသော ကုရ်အာန်ကျမ်းတော်မြတ်၏ ပါဒတော်ကို ကိုးကား၍ အစ္စလာမ်၏ ကမ္ဘာလုံးဆိုင်ရာ အခြေခံကို မီးမောင်းထိုးပြခဲ့သည်။

    တူရကီရှိ တိုင်းရင်းသားလူနည်းစုဖြစ်သည့် ကာ့ဒ်လူမျိုးများအတွက် ကုရ်အာန်ကျမ်းတော်မြတ်အား ကာ့ဒ်ဘာသာစကားဖြင့် ပြန်ဆိုခြင်းကို လွန်ခဲ့သည့် ၅ နှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပြီဖြစ်သည်။

    “နောက်ဆုံး ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်က ကာ့ဒ်ဘာသာကို ပြန်ဆိုတာဖြစ်ပြီး အုပ် ၁၀၀၀၀ ရိုက်နှိပ်ထုတ်ဝေပြီးပါပြီ” ဟု ဆလ်မန်က ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ သာသနာရေးရာအဖွဲ့မှာ ၁၉၂၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး စာအုပ်များ ရိုက်နှိပ်ထုတ်ဝေခဲ့ရာတွင် ယခု ဘာသာပြန်မှာ ၁၁၅၀ အုပ်မြောက် စာအုပ်လည်းဖြစ်သည်။ ထိုအဖွဲ့၏ ကြိုးပမ်းမှုများမှာ ၁၉၉၀ ပြည့်နှစ်များကတည်းက အရှိန်မြှင့်လာခဲ့ပြီး ကုရ်အာန်ကျမ်းတော်မြတ်အား ဂျာမန်၊ အင်္ဂလိပ်၊ ပြင်သစ်နှင့် ရုရှားဘာသာစကားများသို့ ပြန်ဆိုမှုများ ပြုလုပ်ခဲ့သည်။

    ကာ့ဒ်လူမျိုးများမှာ အင်ဒို-ဥရောပ မိသားစုဝင်၏ အနောက်မြောက်ပိုင်း အီရန်မျိုးခွဲဖြစ်သည်။ ထို့ပြင် ကာ့ဒ်ဘာသာစကားမှာ အာရဘီ၊ ပါရှန်းနှင့် တာ့က်ကစ်ရှ် ဘာသာစကားများပြီးလျှင် အရှေ့အလယ်ပိုင်း၌ တတိယ လူပြောအများဆုံး ဘာသာစကားဖြစ်သည်။

    ဆလ်မန်က အဆိုပါ ဘာသာပြန်ဆိုမှုကို ကာ့ဒ်၊ အာရဘီတို့နှင့်ပတ်သက်၍ ဗဟုသုတကြွယ်ဝသော ကျွမ်းကျင် ပညာရှင်များက ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် မိမိတို့ ဌာနအနေဖြင့် အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား၊ အဇာဘိုင်ဂျာနီ၊ ကာဇက်ခ်၊ ဒန်းနစ်ရှ်နှင့် အလ်ဘေးနီးယား ဘာသာစကားများဖြင့်လည်း ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်များကို ရိုပ်နှိပ်ထုတ်ဝေသွားမည်ဖြစ်ပြီး နိုင်ငံရပ်ခြားသို့ ပို့ဆောင်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “နိုင်ငံရပ်ခြားက တူရကီကိုလာတဲ့သူတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေ ရှိပါတယ်။ အထူးသဖြင့် ကမ်းရိုးတန်းဒေသတွေမှာပါ။ သူတို့တွေ အစ္စလာမ်နဲ့ ပတ်သက်ပြီး၊ ကုရ်အာန်နဲ့ပတ်သက်ပြီး သင်ယူလေ့လာဖို့ ဆန္ဒပြုပါတယ်”

    အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာပြီးသည့်နောက် အထူးသဖြင့် ဥရောပတွင် အစ္စလာမ်နှင့် ကုရ်အာန်ကျမ်းတော်မြတ်အပေါ် စိတ်ဝင်စားမှုများမှာ မြင့်တက်လာကြောင်း၊ ထိုအကြောင်းရာကို မိမိတို့၏ အဆက်အသွယ်များ၊ ကောင်စစ်ဝန်များနှင့် အခြားသော တာဝန်ရှိသူများမှာတစ်ဆင့် သိရှိကြောင်း ဆလ်မန်က ထည့်သွင်းပြောကြားခဲ့ပြီး ဒိန်းမတ်ဘာသာစကားဖြင့် ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်မှာ ဒိန်းမတ်နိုင်ငံတွင် အရောင်းရဆုံးဖြစ်နေသည်ကို ဥပမာတစ်ခုအဖြစ် ထောက်ပြခဲ့သည်။

    Ref: Onislam

  • ဂျာမနီမှ နာမည်ကြီး အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့ ခေါင်းဆောင်ဟောင်းက ၎င်းတို့၏လုပ်ရပ်များအတွက် မွတ်စလင်များကို ပြန်လည်တောင်းပန်

    ဂျာမနီမှ နာမည်ကြီး အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့ ခေါင်းဆောင်ဟောင်းက ၎င်းတို့၏လုပ်ရပ်များအတွက် မွတ်စလင်များကို ပြန်လည်တောင်းပန်

    မေ ၁၊ ၂၀၁၅
    M-Meida

    germany

    – ပြီးခဲ့သည့်လများအတွင်း ဂျာမနီနိုင်ငံတစ်ဝှမ်းနှင့် ဥရောပတို့တွင် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့် ဂျာမနီအရှေ့ပိုင်း ဒရက်စ်ဒန်မြို့အခြေစိုက် အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့ Pegida မှ ခေါင်းဆောင်ဟောင်းဖြစ်သူ ကက်သရင်း အော်တဲလ်က ၎င်းတို့၏ အမုန်းတရား ဖြန့်ဖြူးခဲ့မှုအတွက် မွတ်စလင်များကို တောင်းပန်လိုက်သည်။

    “Pegida လှုပ်ရှားမှုမှာ ဆက်ရှိနေတဲ့သူတွေအားလုံး သိထားဖို့လိုတာက သူတို့ဟာ မှားယွင်းတဲ့ အကြောင်းအရာ ကိစ္စတစ်ခုကို ဖြန့်ဖြူးနေတယ်ဆိုတာပါပဲ။ ဥရောပနဲ့ ဂျာမနီက ကျွန်မတို့ ပြဿနာတွေအတွက် ခိုလှုံဝင်ရောက်လာသူတွေက အပြစ်တင်ခံရတယ်။ ဒါပေမယ့် သူတို့ဟာ ပြဿနာရဲ့ အခြေခံအကြောင်းအရင်း မဟုတ်ပါဘူး။ ပြောင်းရွှေ့အခြေချလာသူတွေနဲ့ မွတ်စလင်တွေအားလုံး၊ အဲဒီအထဲက ငြိမ်းချမ်းစွာနေသူတွေ၊ ဂျာမနီလူ့အဖွဲ့အစည်းနဲ့ တစ်သားတည်းဖြစ်သူတွေ၊ ကျွန်မတို့ရဲ့ယဉ်ကျေးမှုနဲ့ ဥပဒေတွေကို လေးစားသူတွေကို
    ကျွန်မ တောင်းပန်ပါတယ်။ ဒီလိုနေသူတွေက အများစုဖြစ်ကြပြီး ဂျာမန်တွေက ဒါကို ကျော်ကြည့်ကြပါတယ်” ဟု ကက်သရင်း အော်တဲလ်က အွန်လိုင်းတွင် လွှင့်တင်ခဲ့သည့် ဗီဒီယို၌ ပြောကြားခဲ့ပြီး ၀ါရှင်တန်ပို့စ်က အဆိုပါ ဗီဒီယိုအား ကိုးကားဖော်ပြခဲ့သည်။

    Pegida ၏ ခေါင်းဆောင်ဖြစ်သူ လုဇ် ဘခ်ျမန်းမှာ ဆိုရှယ်မီဒီယာတွင် ဟစ်တလာ၏ဓာတ်ပုံ တင်သောကြောင့် ဝေဖန်မှုများ ခံရပြီး အဖွဲ့မှ နှုတ်ထွက်သွားခဲ့သည့်အချိန်တွင် ကက်သရင်းက အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့သည်။ သို့သော်လည်း ကက်သရင်းမှာ ပြီးခဲ့သည့် ဇန်န၀ါရီတွင် ရုတ်တရက်နှုတ်ထွက်ခဲ့ပြီး ၎င်းတို့အဖွဲ့၏ လှုပ်ရှားမှုမှာလည်း ထိုအချိန်မှစ၍ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။

    “ကျွန်မတို့လုပ်ခဲ့တဲ့ အမုန်းတရားလှုပ်ရှားမှုအတွက် ကျွန်မဟာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ အဲဒီအတွက် ကျွန်မ တောင်းပန်ပြီး၊ ကျွန်မလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက အဲဒီတင်းမာမှုတွေကို ဖြေရှင်းရာမှာ ကူညီဖို့အတွက်ပဲ ဖြစ်ပါတယ်” ဟု ကက်သရင်းက ထည့်သွင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက အဆိုပါ Pegida အဖွဲ့မှာ ဂျာမနီနိုင်ငံတစ်ဝှမ်း အပတ်စဉ် အစ္စလာမ်ဆန့်ကျင်ရေး ချီတက်လမ်းလျှောက်မှုများကို ပြုလုပ်ခဲ့ပြီး လူထောင်နှင့်ချီ၍ ပါဝင်ခဲ့သည်။

    ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဖရန့် ဝေါလ်တာ စတိုင်မီယာက Pegida ၏ နိုင်ငံခြားသားမုန်း ကြွေးကြော်သံများ၊ လူမျိုးရေးခွဲခြားမှု ကြွေးကြော်သံများနှင့် ဆိုင်းဘုတ်များက နိုင်ငံရပ်ခြားတွင် ဂျာမနီ၏ ပုံရိပ်ကို ပျက်ဆီးစေသည်ဟု ပြောကြားခဲ့သည်။ ထိုအဖွဲ့၏ ကျွေးကြော်မှုတွင် ၁၉၂၂ ခုနှစ်က ဟစ်တလာတို့၏ ကြွေးကြော်သံများလည်း ပါဝင်သည်။

    ဂျာမနီအဓိပတိ အိန်ဂျလာမာကဲလ်ကလည်း မွတ်စလင်များကို ထောက်ခံအားပေးသည့်အနေဖြင့် ပြီးခဲ့သည့် နှစ်ပတ်က ဘာလင်၌ ကျင်းပခဲ့သော သည်ခံမှုရှိရေး စုပေါင်း ဆုတောင်းပွဲကို တက်ရောက်ခဲ့ပြီး မြင့်တက်လာသည့် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် လက်ယာစွန်းရောက် Pegida ၏ လှုပ်ရှားမှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သည်။

    ၂၀၁၄ ဒီဇင်ဘာလက ပြောကြားခဲ့သည့် နှစ်သစ်ကူးမိန့်ခွန်းတွင်လည်း မာကဲလ်က ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများအား ကူညီရန် ဂျာမန်ပြည်သူများအား တိုက်တွန်းခဲ့ပြီး၊ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ရှုတ်ချကာ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာလည်း အမုန်းတရားများဖြင့် ပြည့်နှက်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    တွေ့ဆုံဆွေးနွေးရေး

    ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် သတင်းစကားအသစ်ကို ဖြန့်ဝေသည့်အနေဖြင့် ကက်သရင်းက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

    “ငြိမ်းချမ်းရေးရဖို့အတွက် တွေ့ဆုံဆွေးနွေးမှု အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါကသာ တင်ကူးမှန်းဆ ပြောဆိုချက်တွေကို ဖယ်ရှားဖို့ တစ်ခုတည်းသော နည်းလမ်းပါပဲ”

    ထို့ပြင် မိမိအနေဖြင့် အစ္စလာမ်အား မည်သည့်အခါမှ တိုက်ခိုက်တော့မည်မဟုတ်ဘဲ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “လူတွေနဲ့ဆက်သွယ်ဖို့ တစ်ယောက်ယောက်လိုပါတယ်” ဟုဆိုကာ မိမိမှာ ထိုသူမျိုးဖြစ်ရန် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    ယခုအချိန်အထိ ကမ္ဘာကြီး ငြိမ်းချမ်းရေး ရည်ရွယ်ချက်အတွက် ထောက်ခံမှုရရှိရန် သူမအနေဖြင့် မဆောင်ရွက်နိုင်ဟုလည်း ဆိုသည်။

    “ကျွန်မတို့ဟာ ပြိုင်ဘက်တွေကို နှုတ်နဲ့သာ တိုက်ခိုက်နေကြတာပါ”

    အဆိုပါ စကားများက ယခုနှစ်အစောပိုင်း သူမအား အင်တာဗျူးပြုလုပ်စဉ်က စကားများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဇန်န၀ါရီက CNN နှင့် အင်တာဗျူးတွင် ကက်သရင်းက အစ္စလာမ်ဆန့်ကျင်ရေး မှတ်ချက်များကို ဖြေကြားခဲ့သည်။ Pegida ၏ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် လူလတ်ပိုင်း အမျိုးသမီးတစ်ဦးကလည်း The Guardian နှင့် အင်တာဗျူးတွင် ခိုလှုံလာသူများက ဈေးကြီးသည့် မိုဘိုင်းဖုန်းများကို ကိုင်နိုင်ပြီး မိမိမှာ ထိုကဲ့သို့ မကိုင်နိုင်ဟု ပြစ်တင် ပြောကြားခဲ့သည်။

    မွတ်စလင်များနှင့်ပတ်သက်၍ ကက်သရင်း၏ ယခုကဲ့သို့ အမြင်ပြောင်းသွားခြင်းက ၎င်းအား ထောက်ခံအားပေးသူများကို အံအားသင့်စေခဲ့သည်။

    “သူများကို မဝေဖန်ခင်အရင် ခြေတစ်လှမ်းဆုတ်ပြီး ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ပြန်ကြည့်ရပါမယ်။ တစ်ဦးတစ်ယောက်ဟာ အခြားတစ်ဦးတစ်ယောက်ကို ပြောင်းလဲဖို့ ခွင့်ပေးရပါမယ်။ အခြားသူတွေကလည်း ဒီလိုပဲ သွားရပါမယ်။ ရန်သူတွေ ဖန်တီးတာမျိုးကို ရပ်တန့်ဖို့လိုပါပြီ” ဟု ကက်သရင်းက ထည့်သွင်းပြောကြားခဲ့သည်။

    ကက်သရင်းမှာ အစ္စလာမ်၊ ဂျာမနီတွင် ပြောင်းရွှေ့အခြေချသူများနှင့် ခိုလှုံလာသူများနှင့် ပတ်သက်၍ လုံလောက်စွာ ဝေဖန်မှုမရှိဟု ယခင်က မီဒီယာမျာကို ပြစ်တင်ခဲ့သော်လည်း ယခုဗီဒီယိုတွင် သူမက အဓိက မီဒီယာများက မွတ်စလင်များနှင့် အစ္စလာမ်သာသာတို့အား ဆိုးဆိုးဝါးဝါး ဝေဖန်မှုများကို ဆန့်ကျင်ရှုတ်ချခဲ့ပြီး မီဒီယာများမှာ မွတ်စလင်များကို ဓားစာခံအဖြစ် ပြုလုပ်နေကြသည်ဟု ၎င်းက ပြောကြားခဲ့သည်။

    Ref: Onislam

  • ဂါဇာစစ်ရာဇ၀တ်မှုအတွက် ဘက်မလိုက်ဟု နိုင်ငံတကာ ရာဇ၀တ်ခုံရုံးပြော

    ဂါဇာစစ်ရာဇ၀တ်မှုအတွက် ဘက်မလိုက်ဟု နိုင်ငံတကာ ရာဇ၀တ်ခုံရုံးပြော

    မေ ၂၊ ၂၀၁၅
    M-Media

    ICC

    – ပြီးခဲ့သည့်နှစ် နွေရာသီက ဂါဇာကမ်းမြှောင်အား အစ္စရေးတို့၏ ရက် ၅၀ ကြာ တိုက်ခိုက်မှုတွင် ကျူးလွန်ခဲ့ဖွယ်ရှိသည့် စစ်ရာဇ၀တ်မှုများအား စုံစမ်းစစ်ဆေးမှုအတွက် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ ဘက်လိုက်မှု ရှိမည်မဟုတ်ဟု နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC က အစ္စရေးအား ပြောကြားလိုက်သည်။

    ဧပြီလ ၁ ရက်နေ့က ICC ၏ အဖွဲ့ဝင် ဖြစ်လာပြီးနောက် ပါလက်စတိုင်းမှာ ဂါဇာအား တိုက်ခိုက်ခံရမှုအတွင်း အစ္စရေးနှင့် ဟားမက်စ် ၂ ဖွဲ့စလုံးမှ စစ်ရာဇ၀တ်မှုများ ကျူးလွန်နိုင်ဖွယ်ရှိမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရန် ICC သို့ တောင်းဆိုခဲ့ပြီး အစ္စရေးကမူ ICC မှာ ဘက်လိုက်မှုများ ရှိနေသည်ဟု ဆိုသည်။

    သို့သော်လည်း ICC ကမူ ၎င်းတို့အနေဖြင့် အစ္စရေးနှင့်ပတ်သက်၍ ပါလက်စတိုင်းမှ တင်ပြသော စောဒကများ၊ အထောက်အထားများကို ကြောက်ရွံ့ခြင်း သို့မဟုတ် မျက်နှာသာပေးခြင်းမရှိဘဲ လွတ်လပ်လပ်လပ်နှင့် မျက်နှာမလိုက် စဉ်းစားသုံးသပ်နေသည်ဟု ICC မှ တရားသူကြီးချုပ် အမျိုးသမီး ဖာတူ ဘန်ဆူဒါက အစ္စရေး သတင်းစာတစ်စောင်ဖြစ်သော Haaretz သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် ဂါဇာတိုက်ခိုက်မှုအတွက် နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ရည်ရွယ်ထားပြီး ထိုတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် အစ္စရေးနှင့် ဟားမက်စ် ၂ ဖက်စလုံးကို စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားရန် စီစဉ်ထားသည်ဟုဆိုကာ လက်ရှိတွင် တရားဝင်စုံစမ်းစစ်ဆေးမှုများ မပြုလုပ်ရသေးဟု ထည့်သွင်းပြောကြားခဲ့သည်။

    “တကယ်လို့ ရရှိတဲ့ ဘယ်လိုအခြေမျိုးပေါ်မှာမဆို စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ပြီဆိုရင် ရာဇ၀တ်မှု အတုံးလိုက်အတစ်လိုက်ကို ကျူးလွန်ဖို့ အမိန်ပေးတဲ့ တာဝန်အရှိဆုံးသူတွေကို စုံစမ်းစစ်ဆေးမှုနဲ့ တရားစွဲဆိုမှုတွေလုပ်ဖို့ ပေါ်လစီအတွက် ကျွန်မတို့ ရုံးက လမ်းညွှန်ပေးသွားမှာပါ” ဟု ဘန်ဆူဒါက ပြောကြားခဲ့သည်။

    အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ဂါဇာပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့ပြီး ဂါဇာသို့ ကျူးကျော်ဝင်ရောက်လာသည့် အစ္စရေးစစ်သား ၅၀ နီးပါး သေဆုံးခဲ့သည်။

    ဘန်ဆူဒါက မိမိတို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် ရာဇ၀တ်မှုအတွက် အဓိကကြိုးကိုင်သူများကို အာရုံစိုက် စုံစမ်းသွားမည်ဖြစ်သော်လည်း အောက်ခြေမှ ကြိုးကိုင်သူများကိုလည်း အလွတ်ပေးသွားမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: RT