News @ M-Media

Blog

  • ဖလော်ရီဒါမွတ်စလင်များ ချို့တဲ့သူများအား ကူညီ

    ဖလော်ရီဒါမွတ်စလင်များ ချို့တဲ့သူများအား ကူညီ

    ဧပြီ ၂၈၊ ၂၀၁၅
    M-Media

    florida muslim

    – လူ့အဖွဲ့အစည်းအား ပြန်လည်ပေးဆပ်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါရှိ မွတ်စလင်များက ၁၈ ကြိမ်မြောက် အစ္စလာမ့်အလူပွဲတော်တစ်ခုကို ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပပြုလုပ်ခဲ့ပြီး တမ်ပါမြို့မှ ချို့တဲ့သောကလေးငယ်များအား လှူဒါန်းထောက်ပံ့ခဲ့ကြသည်ဟု သိရသည်။

    အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသူများကို Tampa Bay Muslim Alliance အဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူ တာလစ်ဘ်အလီက မိန့်ခွန်းပြောကြားခဲ့သည်။

    “အလ္လာဟ်အရှင်မြတ်ရဲ့ နာမတော်နဲ့ကျွန်တော်တို့ အလှူဒါနပြုကြတဲ့အခါ ကျွန်တော်တို့ရဲ့ ပြောစကားကို အကောင်အထည်ဖော်တာပါပဲ။ ဒါဟာ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ ရှိနေတဲ့ ရည်ရွယ်ချက် စိတ်သဘောထားတွေကို သက်သေပြတဲ့ နည်းလမ်းလည်းဖြစ်ပါတယ်။ မတူညီတဲ့ ကိုးကွယ်မှုပုံစံတွေကို ကျွန်တော်တို့ ကျင့်သုံးကြပေမယ့် ဖြောင့်မတ်မှန်ကန်မှု အစစ်အမှန်ဟာ အလ္လာဟ်အရှင်မြတ်အပေါ်
    ယုံကြည်ခြင်းပါပဲ။ ပြီးတော့ ဒါဟာ ကျွန်တော်တို့ ရှုမြင်တာထက် ပိုပြီး ကောင်းမွန်တဲ့ စစ်မှန်မှုပါပဲ” ဟု အလီက ဆိုသည်။

    အဆိုပါ အခမ်းအနားကို Tampa Bay Muslim Alliance အဖွဲ့က စီစဉ်ကျင်းပခြင်ဖြစ်ပြီး တမ်ပါဒေသတစ်ဝိုက်ရှိ ချို့တဲ့သော ကလေးငယ်များအား အ၀တ်အစားများ၊ အရုပ်များနှင့် အစားအသောက်များ ဝေငှပေးခဲ့ကြသည်။ထို့ပြင် Muslim Alliance အဖွဲ့က ကြိုတင်စာရင်းကောက်ထားသည့် ကလေးငယ်များအတွက်လည်း စက်ဘီးအစီးရေ ၉၀ ခန့် လှူဒါန်းခဲ့သည်။

    ၆ နာရီတာကြာမြင့်သည့် အဆိုပါအခမ်းနားတွင် ဒေသတွင်း အီမာမ်များက မိန့်ခွန်းပြောကြားမှုလည်း ပါဝင်ခဲ့ပြီး လူပေါင်း ၂၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ ထို့ပြင် ကလေးများ၏ မျက်နှာတွင် ရောင်စုံများ ချယ်သပေးခြင်း၊ ကာတွန်းရုပ်ဘောလုံးများ ဝေငှပေးခြင်းတို့ကဲ့သို့ ပျော်စရာအစီအစဉ်များလည်း ပါဝင်ခဲ့ကာ အမျိုးသားနှင့် အမျိုးသမီးအ၀တ်အထည်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချသည့် ဈေးတန်းတစ်ခုကိုလည်း ဖန်တီးပေးခဲ့သည်။

    ချီးကျူးကြ

    မွတ်စလင်အဖွဲ့အစည်းက ဦးဆောင်ပြုလုပ်သည့် အဆိုပါအခမ်းအနားကို တမ်ပါမြို့ရှိ မြို့သူမြို့သားများနှင့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် တာဝန်ရှိသူများက ချီးကျူးခဲ့သည်။

    “လူအဖွဲ့အစည်းအတွက် ခင်ဗျားတို့က စိတ်နှစ်မြှုပ်မှု မရှိဘူဆိုရင် ဘာသာစုံ၊ အသားအရောင်စုံတဲ့ ကျွန်တော်တို့တွေလည်း ဒီမှာရှိမှာ မဟုတ်ပါဘူး” ဟု ဟီလ်စ်ဘိုရက်ဖ် ကောင်တီ၏ ကော်မရှင်နာမင်းကြီးဖြစ်သူ ကီဗင် ဘက်နာက ပြောကြားခဲ့သည်။

    ထို့ပြင် တရားမျှတသော၊ ငြိမ်းချမ်းသော၊ သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးသည့် အဆိုပါ လှုပ်ရှားမှုမျိုးကို စီစဉ်ကျင်းပသည့်အတွက် Tampa Bay Muslim Alliance အဖွဲ့ကိုလည်း ချီးကျူးခဲ့သည်။

    အလီက မိမိတို့၏ ဘ၀သက်တမ်းတွင် ဆောင်ရွက်မှုတိုင်းအတွက် ဂုဏ်ပြုခံရမည်ဟု ဆိုသည်။

    “ကျွန်တော်တို့ လုပ်ခဲ့တာတွေအတွက် ကျွန်တော်တို့ တာဝန်ယူရမှာဖြစ်ပါတယ်” ဟု ကုရ်အာန်ကျမ်းတော်မြတ်မှ ပါဒတော်ကို ကိုးကား၍ ၎င်းက ပြောကြားခဲ့သည်။

    တမ်ပါမြို့တွင် နေထိုင်သူဖြစ်ပြီး အဆိုပါအခမ်းအနားတွင် စေတနာ့ဝန်ထမ်းအဖြစ် အချိန်ကြာမြင့်စွာ ဆောင်ရွက်ခဲ့သည့် မာလစ်အဗ္ဗဒူလာကမူ အမေရိကန်တွင် အစ္စလာမ်နှင့် မွတ်စလင်တို့အပေါ် အဖျက်သဘောဆောင်သည့် ပုံသေကားကျ အမြင်များဖြင့် ရှုမြင်နေမှုအကြောင်းကို ပြောကြားခဲ့သည်။ ထို့ပြင် အစ္စလာမ်မှာ လူသားများအတွက် ချစ်ခြင်းမေတ္တာ၊ အလ္လာဟ်အရှင်မြတ်အတွက် အမိန့်နာခံခြင်းနှင့် လူ့အဖွဲ့အစည်းအား ဖြည့်ဆည်းပေးရန်အတွက် သွန်သင်ထားခြင်းသာဖြစ်သည်ဟု ၎င်းက ဆိုသည်။

    “ကျွန်တော်တို့ ကောင်းတာတွေလုပ်တယ်၊ အမှန်တရားကိုပြောတယ်၊ ဘုရားသခင်ရဲ့အမိန့်ကို နာခံတယ်။ ကျွန်တော်တို့ သာသနာဟာ ငြိမ်းချမ်းရေး သာသနာပါ။ ကျွန်တော်တို့ဟာ ဘုရားအများကြီးကို ကိုးကွယ်နေတယ်လို့ ယူဆချက်အမှားတွေ ရှိနေပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကို ဂုဏ်ပေးလေးစားဖို့ ကျွန်တော်တို့အားလုံးကို ဖန်ဆင်းထားတဲ့ တစ်ဆူတည်းသော ဘုရားသခင်ကိုသာလျှင် ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။
    ကုရ်အာန်ကျမ်းတော်မြတ်ဟာ အကြမ်းဖက်ဝါဒ၊ လောဘ၊ ဒေါသတွေကို မဖြန့်ဖြူးပါဘူး” ဟု အဗ္ဗဒူလာက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Onislam

  • တောင်အာဖရိကရှိ နိုင်ငံခြားသားကြောက်ရောဂါ သံတမန်ရေးကိုပါ ထိခိုက်

    တောင်အာဖရိကရှိ နိုင်ငံခြားသားကြောက်ရောဂါ သံတမန်ရေးကိုပါ ထိခိုက်

    ဧပြီ ၂၇၊ ၂၀၁၅
    M-Media

    south africa

    – တောင်အာဖရိကနိုင်ငံအတွင်း နိုင်ငံခြားသားများအား ဆန့်ကျင်တိုက်ခိုက်မှုကြောင့် နိုက်ဂျီးရီးယားက ၎င်းတို့၏ သံအဖွဲ့အား ပြန်လည်ခေါ်ယူခဲ့ခြင်းကို ရှုတ်ချကြောင်း တောင်အာဖရိက က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တောင်အာဖရိကနိုင်ငံ မြို့တော် ဂျိုဟန်နစ္စဘတ်နှင့် ကမ်းရိုးတမ်းမြို့ ဒါဘန်တို့တွင် နိုင်ငံခြားသားများအား ပစ်မှတ်ထားသည့် ဆန့်ကျင်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုက်ဂျီးရီးယားက တောင်အာဖရိကဆိုင်ရာ ၎င်းတို့၏ သံအမတ်အပါအ၀င် သံအဖွဲ့ကို စနေနေ့က ပြန်လည်ခေါ်ယူခဲ့သည်။

    သို့သော်လည်း တောင်အာဖရိက အစိုးရက နိုက်ဂျီးရီးယား၏ ထိုလုပ်ရပ်မှာ အကြောင်းမလှသည့်၊ နောက်တရဖွယ်ရှိနိုင်သည့် ခြေလှမ်းဖြစ်သည်ဟု ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် တိုင်းပြည်အတွင်းရှိ နိုင်ငံခြားသားများကို တိုက်ခိုက်ခြင်းအား အစိုးရနှင့် ပြည်သူ့အဖွဲ့အစည်းများအားလုံးမှ ပြတ်ပြတ်သားသားနှင့် အတိအလင်း ဆန့်ကျင်ရှုတ်ချသည်ဟုလည်း အဆိုပါ ကြေညာချက်၌ ဖော်ပြခဲ့သည်။

    တောင်အာဖရိက အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာနမှ ထုတ်ပြန်သော အဆိုပါ ကြေညာချက်တွင် ၂၀၁၄ ခုနှစ်က နိုက်ဂျီးရီးယားရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ပြိုကျမှုအတွင်း တောင်အာဖရိကနိုင်ငံသား ၈၄ ဦးသေဆုံးခဲ့မှုတွင် မိမိတို့ဘက်မှ အပြစ်မတင်ခဲ့ဟုလည်း ဖော်ပြခဲ့သည်။

    Africa Report မဂ္ဂဇင်းမှ အနောက်အာဖရိကရေးရာ အယ်ဒီတာဖြစ်သူ တိုလူ အွန်လီစီကမူ ထိုကြေညာချက်၏ ရည်ရွယ်ချက်ကို ဝေဖန်ခဲ့ပြီး နိုက်ဂျီးရီးယားရှိ ခရစ်ယာန်ဘုရားကျောင်း ပြိုကျခြင်းနှင့် တောင်အာဖရိကတွင် လက်ရှိ ဖြစ်ပွားနေသည့် နိုင်ငံခြားသားများအား တိုက်ခိုက်မှုမှာ မတူညီကြောင်း၊ ထိုသို့ ရည်ညွှန်းခြင်းမှာ သံတမန်ရေးအရ ကိုင်တွယ်မှု မှားယွင်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    နိုက်ဂျီးရီးယားနှင့် တောင်အာဖရိကတို့မှာ လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း နီးကပ်သောဆက်ဆံရေးရှိခဲ့ပြီး ယခုပြဿနာကြောင့် ၎င်းတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ ဆိုးဝါးလာနိုင်သည်ဟု လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အာဆင်နယ်၏ ဖလားလက်မဲ့ဖြစ်မှုကို မော်ရင်ဟို ခနဲ့

    အာဆင်နယ်၏ ဖလားလက်မဲ့ဖြစ်မှုကို မော်ရင်ဟို ခနဲ့

    ဧပြီ ၂၇၊ ၂၀၁၅
    M-Media

    morinho

    – ခံစစ်အားပြုသည့် မိမိတို့အသင်းက ပျင်းစရာကောင်းသည်မဟုတ်ဘဲ ၁၀ နှစ်ခန့် ဖလားလက်မဲ့ဖြစ်ရခြင်းကသာ ပျင်းစရာကောင်းခြင်းဖြစ်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက အာဆင်နယ်ပရိတ်သတ်မျာားး ခနဲ့လိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် အာဆင်နယ်အသင်းနှင့် လန်ဒန်ဒါဘီပွဲစဉ်တွင် ချယ်ဆီးမှာ မရှုံးအောင်သာ အဓိကထား၍ ကစားသွားခဲ့ပြီး ပွဲမှာ မြိုင်ဆိုင်ခြင်း မရှိခဲ့ပ။ ထို့ကြောင့် အာဆင်နယ်ပရိတ်သတ်များက “ပျင်းစရာကောင်းတဲ့ ချယ်ဆီး” ဟု သံပြိုင်ဟစ်အော်ကာ ချယ်ဆီးအား လှောင်ပြောင်ခဲ့သည်။

    မော်ရင်ဟိုကမူ ပွဲအပြီးတွင် အာဆင်နယ်အသင်း၏ ဖလားလက်မဲ့ရာသီများကို ရည်ညွှန်း၍ ပြန်လည်ချေပခဲ့သည်။

    “၁၀ နှစ်လောက် ဖလားမရတာကသာ ပျင်းစရာကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဖလားရဖို့ ၁၀ နှစ်လောက် စောင့်ရင်း၊ စောင့်ရင်း၊ စောင့်ရင်းနဲ့ ပျင်းစရာကောင်းသွားတာပါ။ ဒီလိုအော်ကြတာ (ပျင်းစရာကောင်းတယ်လို့ အာဆင်နယ်ပရိတ်သတ်တွေပြောတာ) ကျွန်တ်ာတို့ကိုပြောတာ မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။ အိမ်ကွင်းမှာကစားတဲ့ပွဲမှာ (အာဆင်နယ်က) တိုက်စစ်မှူးကို ထုတ်ထားတယ်…. သူတို့ (ပရိတ်သတ်တွေ) က ဂျရူးနဲ့ ၀ဲလ်ဘတ်ကို အတူတွဲကစားတာ မြင်ကောင်းမြင်ချင်မှာပါ” ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ပျင်းစရာကောင်းသည့် မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်တွင် ဒုတိယဂိုးအများဆုံးသွင်းထားကြောင်း၊ ရဂိုး၊ ပေးဂိုး ကွာခြားချက်မှာလည်း အကောင်းဆုံး ဖြစ်နေကြောင်း၊ ထိပ်တန်းအသင်းများကသာ ရာသီအစကတည်းက ထိပ်ဆုံးတွင် ရှိနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ထိုပွဲအနိုင်ကြောင့် ချယ်ဆီးမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးအတွက် လက်ကျန် ၅ ပွဲတွင် ၂ ပွဲသာ အနိုင်ကစားရန်လိုတော့ပြီး အာဆင်ဝင်းဂါးကလည်း ချယ်ဆီးမှာ ခြေမချော်နိုင်တော့ဟု ပြောကြားခဲ့သည်။

    Ref: Goal.com

  • ပါကစ္စတန်တွင် ဆိုက်ကလုန်းတိုက်ခတ်၊ သေဆုံးသူများပြား

    ပါကစ္စတန်တွင် ဆိုက်ကလုန်းတိုက်ခတ်၊ သေဆုံးသူများပြား

    ဧပြီ ၂၇၊ ၂၀၁၅
    M-Media

    A child is taken to Leady Reading Hospital for treatment after torrential rains caused flooding and houses to collapse in Peshawar

    – ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ယမန်နေ့တွင် မီနီဆိုက်ကလုန်းဟု ခေါ်ဆိုသော မုန်တိုင်းတစ်ခု တိုက်ခတ်သွားပြီး ယခုအချိန်အထိ လူပေါင်း ၄၄ ဦး သေဆုံးခဲ့ပြီဟု အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်ကာ သေဆုံးသူအရေအတွက်မှာ ဆက်လက်မြင့်တက်လာဖွယ် ရှိနေသည်။

    ယမန်နေ့ညပိုင်းတွင် မုန်တိုင်းကြောင့် ပက်ရှ်ဝါရ်မြို့နှင့် အနီးအနားရှိ ခရိုင်များတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပွားခဲ့ပြီး အိမ်များ၊ အဆောက်အဦးများ၊ သစ်ပင်များ ပြိုကျ ပျက်ဆီးခဲ့ကြသည်။

    ဒဏ်ရာရသူများမှာ ကလေးငယ် ၁၀၀ အပါအ၀င် စုစုပေါင်း ၂၀၀ ကျော်ရှိနေပြီး လယ်သမားများ၏ ကောက်ပဲသီးနှံများမှာလည်း ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ကြကာ ကျွဲနွားတိရစ္ဆာန်များလည်း သေကျေပျက်ဆီးခဲ့ကြသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

    “အနည်းဆုံး လူ ၄၄ ဦးသေဆုံးပြီး ၂၀၂ ဦးလောက် ဒဏ်ရာရပါတယ်။ မုန်တိုင်းကြောင့် မိုးကြီးကာ မိုးသက်မုန်တိုင်းတွေ တိုက်ခက်ခဲ့ပြီး ဂျုံတွေ၊ သီးပင်စားပင်တွေ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့ပါတယ်” ဟု ပြည်နယ် ပြန်ကြားရေးဝန်ကြီး မွတ်ရှ်တက် ဂါနီက ပြောကြားခဲ့သည်။

    တာဝန်ရှိသူများမှာ မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများကို တွက်ချက်နေပြီး၊ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများတွင်လည်း လျှပ်စစ်ဓာတ်အားများ ပြတ်တောက်လျက်ရှိနေသည်။

    ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေး အကြီးတန်းတာဝန်ရှိသူ အမီရ် အာဖက်က သေဆုံးသူအရေအတွက်ကို အတည်ပြုခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။ အဆောက်အဦးများ ပြိုကျပျက်ဆီးမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက်မှာ ယခုထက်ပို၍ မြင့်မားလာနိုင်သည်။

    Ref: Alarabiya

  • ဘိုင်ယန်မြူးနစ် ၂၅ ကြိမ်မြောက် ဘွန်ဒစ်လီဂါချန်ပီယံဖြစ်ပြီ

    ဘိုင်ယန်မြူးနစ် ၂၅ ကြိမ်မြောက် ဘွန်ဒစ်လီဂါချန်ပီယံဖြစ်ပြီ

    ဧပြီ ၂၇၊ ၂၀၁၅
    M-Media

    beyar

    – ဒုတိယနေရာမှ ၀ုလ်ဖ်ဘတ်အသင်းက ယမန်နေ့တွင် မိုချန်ဂလာဘ်ကို ရှုံးနိမ့်သွားသောကြောင့် ဘိုင်ယန်မြူးနစ်အသင်းမှာ ဘွန်ဒစ်လီဂါဖလားကို ၂၅ ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    ဘိုင်ယန်မှာ ဟာသာဘာလင်အား စနေနေ့က ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ၀ုလ်ဖ်ဘတ်အသင်းက ရှုံးနိမ့်သွားကာ ကစားရန် ၄ ပွဲ ကျန်ရှိနေသော်လည်း ၁၅ မှတ် ဖြတ်ထားနိုင်သောကြောင့် ယခုကဲ့သို့ ချန်ပီယံဘွဲ့အား ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

    ထိုသို့ဆွတ်ခူးခြင်းမှာ ဂွါဒီယိုလာ ဘာစီလိုနာမှ ရောက်ရှိလာပြီးနောက် ၂ ရာသီစလုံး ဘွန်ဒစ်လီဂါကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ဘွန်ဒစ်လီဂါတွင် ဘိုင်ယန်မှာ ပွဲစဉ် ၅ ပြီးကတည်းက ဇယားအား တောက်လျှောက် ဦးဆောင်လာခဲ့ခြင်းဖြစ်ပြီး ၃ ရာသီဆက်တိုက် ဘွန်ဒစ်လီဂါ ချန်ပီယံ ဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။

    ပြီးခဲ့သည့်နှစ်ကလည်း ဘိုင်ယန်မှာ ရာသီမကုန်ခင် ၇ ပွဲအလိုတွင် ဘွန်ဒစ်လီဂါဆုဖလားကို ရရှိခဲ့သည်။ လက်ရှိအချိန်တွင် ဘိုင်ယန်မှာ ပြည်တွင်း ရှုံးထွက်ဖလားနှင့် ချန်ပီယံလိဂ်တို့တွင် ဆီးမီးဖိုင်နယ်သို့ ရောက်ရှိနေကာ ဖလားသုံးလုံး လမ်းကြောင်းပေါ်တွင် ရှိနေသည်။

    Ref: Goal.com