News @ M-Media
Blog
  • နီပေါငလျင်သေဆုံးမှုတွင် ဂူးဂဲလ်အကြီးအကဲတစ်ဦး ပါဝင်
    နီပေါငလျင်သေဆုံးမှုတွင် ဂူးဂဲလ်အကြီးအကဲတစ်ဦး ပါဝင်
    ဧပြီ ၂၆၊ ၂၀၁၅
    M-Media
    google head
    – နီပေါလ်ငလျင်ကြောင့် ဧ၀ရတ်တောင်၌ ရေခဲထုများပြိုကျပြီး သေဆုံးသူ ၁၈ ဦးတွင် Google X မှ အကြီးအကဲဖြစ်သူ ဒန် ဖရက်ဒင်ဘာ့ဂ်လည်း ပါဝင်ခဲ့ပြီး နိုင်ငံခြားသား ရာနှင့်ချီ၍ ပျောက်ဆုံးနေသည်ဟု သိရသည်။
    အသက် ၃၃ နှစ်အရွယ် ဖရက်ဒင်ဘာ့ဂ်မှာ Jagged Globe စူးစမ်းလေ့လာရေးအသင်းနှင့်အတူ ဧ၀ရတ်တောင်သို့ ရောက်ရှိနေခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့နှင့် ဖရက်ဒင်ဘာ့ဂ်၏ မိသားစုများက ပြောကြားခဲ့သည်။ ဖရက်ဒင်ဘာ့ဂ်မှာ ဦးခေါင်းတွင် ပြင်းထန်သည့် ဒဏ်ရာရ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။
    ဖရက်ဒင်ဘာ့ဂ်မှာ မောင်းသူမဲ့ကား၊ ဒရုန်းဖြင့် ပစ္စည်းပို့ဆောင်မှု၊ Google မျက်မှန်နှင့် မျက်ကပ်မှန်တို့ကဲ့သို့သော ပစ္စည်းများကို တီထွင်ထုတ်လုပ်သည့် Google X သုတေသနအဖွဲ့ကို ဦးဆောင်သူဖြစ်သည်။ ၎င်း၏ ညီမဖြစ်သူက ဖရက်ဒင်ဘာ့ဂ်သေဆုံးကြောင်းကို ဆိုရှယ်မီဒီယာတွင် လွှင့်တင်ခဲ့ခြင်းဖြစ်သည်။
    အိန္ဒိယစစ်တပ် တောင်တက်အဖွဲ့မှာ ဧ၀ရတ်တောင်ပေါ်တွင် အလောင်း ၁၈ လောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ယမန်နေ့တွင် အတည်ပြုပြောဆိုခဲ့သည်။ နီပေါ ခရီးသွားလာရေး ၀န်ကြီးဌာနကမူ တောင်အောက်ခြေ စခန်းများရှိ တဲ ၂ လုံးမှာ ဒဏ်ရာရနေသော တောင်တက်သမားများဖြင့် ပြည့်နှက်နေသည်ဟုဆိုပြီး ငလျင်လှုပ်ခတ်သည့်အချိန်တွင် နိုင်ငံခြားသာ ၄၀၀ ခန့်အပါအ၀င် တောင်တက်သူ ၁၀၀၀ခန့်မှာ တောင်ခြေစခန်း၊ သို့မဟုတ် တောင်ပေါ်တွင် ရှိနေသည်ဟုဆိုသည်။
    တောင်ပေါ်မှ ရေခဲများ ပြိုဆင်းခဲ့ပြီးနောက် ပျောက်ဆုံးနေသူများမှာ ရာနှင့်ချီ၍ ရှိနေသည်။ နီပေါရှိ ရှေးဟောင်းမြို့ ခတ္တာမန်ဒူမြို့အား ဗဟိုပြု၍ ယမန်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ လက်ရှိအချိန်တွင် ၂၂၀၀ ကျော်သွားခဲ့ပြီး ဆက်လက် မြင့်မားမည့် အလားအလာရှိနေသည်။
    Ref: RT
  • ဘာကာ၏ နောက်ပိုင်းပွဲတိုင်းမှာ အရေးကြီးသည်ဟု အင်နီယေစတာ ပြော
    ဘာကာ၏ နောက်ပိုင်းပွဲတိုင်းမှာ အရေးကြီးသည်ဟု အင်နီယေစတာ ပြော
    ဧပြီ ၂၆၊ ၂၀၁၅
    M-Media
    baca
    – ယခုအချိန်မှစ၍ ဘာစီလိုနာအသင်း၏ ပွဲတိုင်းမှာ ဖိုင်နယ်ပွဲကဲ့သို့ ဖြစ်နေသည်ဟု အသင်း၏ ၀ါရင့်ကွင်းလယ်လူ အင်နီယေစတာက ယမန်နေ့ အက်စပန်ညိုအား ၂ ဂိုးပြတ်ဖြင့် အနိုင်ရသည့်ပွဲပြီးနောက် ပြောကြားခဲ့သည်။
    ဒုတိယပိုင်း ပွဲချိန်တော်တော်များများကို ၁၀ ယောက်ဖြင့် ကစားခဲ့ရသော်လည်း ဘာစီလိုနာမှာ နေးမာနှင့် မက်ဆီတို့၏ ဂိုးများဖြင့် ၂ ဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်ထက် တစ်ပွဲအသာ ၅ မှတ်ဖြင့် လာလီဂါဇယားအား ဦးဆောင်ထားသည်။
    လက်ရှိတွင် ဘာစီလိုနာမှာ ဖလားသုံးလုံး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီး အင်နီယေစတာကမူ နောက်ပိုင်းပွဲများမှာ အရေးကြီးသည်ဟု ဆိုသည်။
    “ဒီနိုင်ပွဲဟာ အမှတ်ပေးဖလားအတွက် နောက်ထပ်ခြေလှမ်းကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ အခုကျန်တဲ့ပွဲတွေအားလုံးဟာ နောက်ဆုံးဗိုလ်လုပွဲတွေလိုပါပဲ။ လာလီဂါဖလားရဖို့အတွက် ကျန်ပွဲတွေအားလုံးကို နိုင်ဖို့လိုပါတယ်” ဟု အင်နီယေစတာက Canal Plus သို့ ပြောကြားခဲ့သည်။
    ဘာစီလိုနာဥက္ကဌ ဘာတိုမြူကမူ အက်စပန်ညိုနှင့်ပွဲ ကစားပုံအတွက် ဝေဖန်ခဲ့ပြီး ဘိုင်ယန်နည်းပြဟောင်း ဂွာဒီယိုလာကိုင်တွယ်နေသည့် ဘိုင်ယန်မြူးနှစ်နှင့် မေလတွင်ကစားရမည့် ချန်ပီယံလိဂ် ဆီမီးအတွက်လည်း စိတ်လှုပ်ရှားနေသည်။
    “အက်စပန်ညိုနဲ့ပွဲက လွယ်ကူတဲ့ပွဲတော့ မဟုတ်ခဲ့ပါဘူး။ လာလီဂါထိပ်ဆုံးမှာ ဆက်ရှိနေဖို့ ကျွန်တော်တို့ဟာ တစ်ပွဲပြီးတစ်ပွဲ အမှတ်တွေ ယူသွားရပါမယ်။ ဘိုင်ယန်နဲ့ပွဲမှာလည်း အကောင်းဆုံးလုပ်ဖို့ ကြိုးစားရပါမယ်။ ပက်ပ် ဂွါဒီယိုလာက ဘာစီလိုနာရဲ့လူဖြစ်ပြီး ဘာကာပရိတ်သတ်တွေက သူ့ကို လေးစားသမှုနဲ့ တစ်ခဲနက်ကြိုဆိုကြမယ်လို့ မျှော်လင့်ပါတယ်”
    Ref: Goal.com
  • ရုရှားဟက်ကာများ အိမ်ဖြူတော်ကွန်ယက်ကိုဖောက်၍ အိုဘားမား၏ အီးမေးလ်များကိုပါ ဖတ်သွား
    ရုရှားဟက်ကာများ အိမ်ဖြူတော်ကွန်ယက်ကိုဖောက်၍ အိုဘားမား၏ အီးမေးလ်များကိုပါ ဖတ်သွား
    ဧပြီ ၂၆၊ ၂၀၁၅
    M-Media
    Illustration file picture shows a man typing on a computer keyboard in Warsaw
    – ပြီးခဲ့သည့်နှစ်က အိမ်ဖြူတော်ကွန်ပျူတာစနစ်၏ အရေးပါသော အစိတ်အပိုင်းများအတွင်းသို့ ၀င်ရောက်ခဲ့သည့် ရုရှားဟက်ကာများမှာ အိုဘားမား၏ လုံးခြုံရေးအဆင့် မမြှင့်ထားသော အီးမေလ်းများကို ဖတ်ရှုခဲ့ကြသည်ဟု နယူးယောက် တိုင်းမ်စ်က အမေရိကန် တာဝန်ရှိသူများ၏ ပြောကြားမှုများကို ကိုးကား၍ ယမန်နေ့တွင် ဖော်ပြခဲ့သည်။
    “သမ္မတရဲ့ ကိုယ်ပိုင်အီးမေးလ်အကောင့် ဟက်ခံရတယ်ဆိုတဲ့ အထောက်အထားတော့ မရှိဘူးလို့ အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် မစ္စတာအိုဘားမားရဲ့ ဆက်သွယ်မှုအချို့ဟာ ဟက်ကာတွေက ရယူသွားတဲ့ အချက်အလက်တွေထဲမှာ ပါဝင်တယ်ဆိုတာကတော့ စုံစမ်းမှုရဲ့ တွေ့ရှိချက်တွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်ပါတယ်” ဟု နယူးယောက်တိုင်မ်းစ်က ဆိုသည်။
    အိမ်ဖြူတော်ကလည်း ၎င်းတို့၏ ကွန်ပျူတာစနစ် ဖောက်ထွင်းခံရကြောင်းကို ယခုလ အစောပိုင်းက အတည်ပြုခဲ့ပြီး အဆိုပါဖောက်ထွင်းခံရမှုမှာ ပြီးခဲ့သည့်နှစ်ကဖြစ်ကြောင်း၊ လျှို့ဝှက်အချက်အလက်များကို ထိခိုက်မှုမရှိကြောင်း ပြောကြားခဲ့သည်။
    နယူးယောက်တိုင်းမ်စ်ကမူ အဆိုပါ ဖောက်ထွင်းခံရမှုမှာ လူသိရှင်ကြား ထုတ်ပြန်ထားသည်ထက် ပို၍ အနှောက်အယှက်ဖြစ်စရာနှင့် စိုးရိမ်စရာကောင်းနေသည်ဟု ဖော်ပြခဲ့သည်။ ထို့ပြင် လျှို့ဝှက်ကွန်ပျူတာကွန်ယက်များ မထိခိုက်သော်လည်း ဖောက်ထွင်းခံလိုက်ရသည့် ကွန်ပျူတာစနစ်တွင် သံတမန်များနှင့် အီးမေးလ်အသွားအပြန်များ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ လှုပ်ရှားမှုများနှင့် ဥပဒေများ၊ သမ္မတရုံးဆိုင်ရာ အချိန်ဇယားများနှင့် ပေါ်လစီရေးရာ ဆွေးနွေးမှုများကဲ့သို့ အရေးပါသည့် သတင်းအချက်လက်များ ပါဝင်သသည်ဟု ဆိုသည်။
    တာဝန်ရှိသူများကမူ အိုးဘားမား၏ အီးမေးလ် အစောင်မည်မျှကို ဟက်ကာများ ခိုးဖတ်သွားသည်နှင့် ထိုအီးမေလ်းများ၏ အရေးပါမှုကို ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း၊ သမ္မတ၏ ကိုယ်ပိုင်အီးမေးလ်လိပ်စာမှာ ဖောက်ထွင်းခံရပုံမရကြောင်း၊ ထိုကဲ့သို့ ဖောက်ထွင်းဝင်ရောက်ခံရမှု၏ အတိမ်အနက်ကို အိမ်ဖြူတော် အကြီးတန်းအရာရှိများက လအနည်းငယ်အရင်ကပင် သိရှိခဲ့ကြောင်း စသဖြင့် နယူးယောက်တိုင်းမ်စ်က ထည့်သွင်းရေးသားခဲ့သည်။
    အိမ်ဖြူတော် တာဝန်ရှိသူများကမူ ထိုသတင်းနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးသေးပေ။
    Ref: Reuters
  • ထိပ်ဆုံးလေးသင်းဝင်ရန် လက်ကျန်ပွဲများအားလုံး အနိုင်ကစားရတော့မည်ဟု ရော်ဂျာပြော
    ထိပ်ဆုံးလေးသင်းဝင်ရန် လက်ကျန်ပွဲများအားလုံး အနိုင်ကစားရတော့မည်ဟု ရော်ဂျာပြော
    ဧပြီ ၂၆၊ ၂၀၁၅
    M-Media
    liverpool
    – ယမန်နေ့က ၀က်စ်ဘရွန်းအား သရေကျခဲ့ခြင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မိမိတို့၏မျှော်လင့်ချက်ကို ပျက်ဆီးစေပြီး ထိပ်ဆုံးလေးသင်း စာရင်းဝင်ရန်အတွက် ကျန်ရှိသည့်ပွဲများအားလုံးကို အနိုင်ရကစားရမည်ဟု လီဗာပူးလ်နည်းပြ ဘန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။
    ထိုပွဲတွင် လီဗာပူးလ်မှာ ဂိုးသွင့်အချို့ ရခဲ့သော်လည်း ဂိုးကံခေခြင်းနှင့် ၀က်စ်ဘရွန်းအသင်း၏ ဂိုးသမား လက်စွမ်းပြ ကာကွယ်သွားနိုင်ခြင်းတို့ကြောင့် ဂိုးမရှိသရေဖြင့် ကျေနပ်ခဲ့ရသည်။ ထို့ကြောင့် လီဗာပူလ်းမှာ အဆင့် ၅ နေရာတွင်ရှိနေပြီး အဆင့် ၄ မှ မန်ယူနှင့် ၇ မှတ် ကွာဟနေသည်။
    ရော်ဂျာကမူ မိမိတို့မှာ အဆင့်လေးနေရာအတွက် အခွင့်အရေးရရန် ကျန်ရှိသည့်ပွဲများတွင် အမှတ်အပြည့် ရယူရမည်ဟုဆိုသည်။
    “သိပ်ခက်သွားပါပြီ။ ၆ ပွဲမှာ အနည်းဆုံး ၅ ပွဲတော့ ကျွန်တော်တို့ နိုင်ဖို့လိုတယ်လို့ ခံစားရပါတယ်။ နောက်ထပ် ၅ ပွဲရှိသေးတယ်။ ပြီးတော့ ကျွန်တော်တို့ အခွင့်အရေးရဖို့အတွက် အဲဒီပွဲတွေအားလုံး နိုင်ဖို့ လိုအပ်ပါတယ်။ အပေါ်ကအသင်းတွေ ဘာဖြစ်မလဲဆိုတာလည်း မသိနိုင်ပါဘူး။ ဒါပေမယ့် လုပ်ဖို့လိုတာက ဆက်လက်တွန်းအားပေးသွားဖို့ပါပဲ” ဟု ရော်ဂျာက ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    “ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ တစ်မှတ်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ အားထုတ်မှု၊ စိတ်နှစ်မြှုပ်မှုတို့အတွက် ထိုက်တန်တဲ့အမှတ်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားဖို့လိုတယ်။ ၄ ပွဲကစားဖို့လိုသေးပြီး အမှတ်တွေယူဖို့လည်း လိုပါတယ်” ဟု ပူးလစ်က ပြောကြားခဲ့သည်။
    Ref: Goal.com
  • ရိုဟင်ဂျာ အရေး အာဆီယံမှာ ဆွေးနွေးမယ်
    ရိုဟင်ဂျာ အရေး အာဆီယံမှာ ဆွေးနွေးမယ်
    ဧပြီ ၂၅၊ ၂၀၁၅
    RFA မှ ကူးယူဖော်ပြသည်။
    တနင်္လာနေ့မှာ စတင်ကျင်းပမယ့် အာဆီယံ – အရှေ့တောင်အာရှနိုင်ငံများအသင်း ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ကနေ အိမ်နီးချင်းနိုင်ငံတွေကို အလုံးအရင်း နဲ့ သွားနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကိစ္စလည်း ဆွေးနွေးမယ်လို့ ပြော ပါတယ်။
    .
    လွန်ခဲ့တဲ့နှစ်နှစ်အတွင်း မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ဒီ ဒုက္ခသည်တွေ ထွက်ပြေးတဲ့ကိစ္စ စိုးရိမ်မကင်းဖြစ် ရတဲ့အကြောင်း အာဆီယံက မြန်မာနိုင်ငံကို ပြောကြားထားတယ်လို့လည်း ပြောပါတယ်။
    .
    ဒါဟာ မြန်မာ့ပြည်တွင်းရေးဖြစ်ပေမယ့် မလေးရှားနဲ့ အင်ဒိုနီးရှားထိ ပျံ့နှံ့သွားတာမို့ မြန်မာတနိုင်ငံတည်းရဲ့အရေးကိစ္စ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။
    .
    ဒါကြောင့်လည်း နိုင်ငံတကာပြဿနာဖြစ်မလာအောင် အကောင်းဆုံးအဖြေရှာဖို့ မြန်မာနိုင်ငံကို မေတ္တာရပ်ခံထားတယ် လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
    .
    မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းတာနဲ့ အချုပ်အချာအာဏာကို လေးစားလိုက်နာ တာကို အာဆီယံက ကြိုဆိုပါတယ်လို့လည်း ပြောကြား ပါတယ်။
    .
    နှစ်ရက်ကြာကျင်းပမယ့် ညီလာခံမှာ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ် အရေးကိစ္စမှာ တရုတ်နိုင်ငံက ကျင့်ဝတ်နဲ့ အညီကျင့်သုံးဖို့ ပြောကြားထားတဲ့ အစီအစဉ်ကို အရှိန်မြှင့်နိုင်အောင်ကြိုးပမ်းမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Anifah Aman က မနေ့က ပြောကြားလိုက်ပါတယ်။
    http://www.rfa.org/burmese/news/rohingya-issue-discussed-04252015010851.html