News @ M-Media
Blog
  • ယူရိုပါဖလား မိမိတို့ ရရှိမည်ဟု ဖီအိုရင်တီးနားတိုက်စစ်မှူး ပြော
    ယူရိုပါဖလား မိမိတို့ ရရှိမည်ဟု ဖီအိုရင်တီးနားတိုက်စစ်မှူး ပြော
    ဧပြီ ၁၇၊ ၂၀၁၅
    M-Medai
    fiorentina
    – လက်ရှိတွင် ကွာတားဖိုင်နယ် ရောက်ရှိနေသည့် မိမိတို့အသင်းမှာ ယူရိုပါလိဂ်အား ရရှိမည်ဟု ယုံကြည်ကြောင်း ဖီအိုရင်တီးနားအသင်း၏ တိုက်စစ်မှူး ခူမာ ဘာဘာကာရ်က ပြောကြားလိုက်သည်။
    ယူကရိန်းတွင် ကစားခဲ့သည့် ကွာတားဖိုင်နယ် ပထမကျော့တွင် ဖီအိုရင်တီးနားမှာ ဒိုနမိုကိဗ်အသင်းအား ပွဲချိန်ပြည်သည်အထိ ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့ပြီး လူစားဝင်လာသည့် ဘာဘာကရ်က နာကျင်အချိန်ပိုတွင် အဖိုတန်ချေပဂိုးကို သွင်းယူပေးခဲ့သည်။
    ဘာဘာကာရ်ကမူ ထိုကဲ့သို့ အသင်းအား ကူညီနိုင်ခဲ့မှုအတွက် ပျော်ရွှင်နေသည်။
    “ကျွန်တော်တို့အတွက် သိပ်ကိုအရေးကြီးတဲ့ပွဲပါ။ ကျွန်တော်တို့ အားလုံးကို ပေးဆပ်ခဲ့တာပါ။ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ သူ (အသင်းနည်းပြ) က မှန်မှန်ကန်ကန်ကစားဖို့နဲ့ အကောင်းဆုံး ပေးဆပ်ဖို့လိုတယ်လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ ကျွန်တော် အသင်းအတွက် ကစားခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံးကို ဖြတ်သန်းချင်ပြီး ယူရိုပါဖလားကို ရယူချင်ပါတယ်။ အောင်မြင်မှု မကြာခင်လာမယ်ဆိုတာ ကျွန်တော်တို့ သေချာသိနေပါတယ်” ဟု ဘာဘာကာရ်က Mediaset သို့ ပြောကြားခဲ့သည်။
    ဖီအိုရင်တီးနားမှာ လာမည့်သီတင်းပတ်တွင် အိမ်ကွင်း၌ ဒုတိယအကျော့အဖြစ် ဒိုနမိုကိဗ်အား ဧည့်ခံကစားရမည် ဖြစ်ပြီး ဘာဘာကာရ်ကမူ မိမိတို့အနေဖြင့် ကောင်းမွန်အောင် ဆက်လက်ကြိုးစားရမည်ဖြစ်ကြောင်း၊ ကစားပုံကောင်းပြီး ကိဗ်အား ရှုံးနိမ့်ရန်မှာ မဖြစ်နိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal.com
  • သက်ကြီး ဂျာနယ်လစ် အမျိုးသမီးတစ်ဦးကို တရုတ်အစိုးရ ထောင်ချ
    သက်ကြီး ဂျာနယ်လစ် အမျိုးသမီးတစ်ဦးကို တရုတ်အစိုးရ ထောင်ချ
    ဧပြီ ၁၇၊ ၂၀၁၅
    M-Media
    china journalist
    – အသက် ၇၁ နှစ်အရွယ်ရှိ အမျိုးသမီး ဂျာနယ်လစ်တစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် တရုတ်တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပြီး လူ့အခွင့်အရေး အဖွဲ့များကမူ အစိုးရအား ဝေဖန်သူများအပေါ် နှိမ်နင်းခြင်းအဖြစ် ရှုမြင်ကြသည်။
    ထောင်ဒဏ်ချမှတ်ခံရသူမှာ ဂေါင်ယူဟု အမည်ရသည့် ဂျာနယ်လစ်ဖြစ်ပြီး နိုင်ငံတကာ စာနယ်ဇင်းအဖွဲ့က ၂၀၀၀ ခုနှစ် ကမ္ဘာ့စာနယ်ဇင်းသူရဲကောင်း ၅၀ ရွေးချယ်ခဲ့ရာတွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။ ပြည်သူ့တရားရုံးကမူ သူမမှာ နိုင်ငံတော်၏ လျှို့ဝှက်ချက်များကို နိုင်ငံခြားသားများသို့ တရားမ၀င်ပေးအပ်ခဲ့သည်ဟုဆိုကာ ယခုကဲ့သို့ ထောင်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုရှယ်မီဒီယာတွင် ယနေ့နံနက်ပိုင်းက ဖော်ပြခဲ့သည်။
    သူမအား တရားစွဲဆိုခြင်းမှာ အတိုက်အခံများကို ပြင်းပြင်းထန်ထန် နှိမ်နင်းရန် တိုက်တွန်းထားခြင်း၊ အနောက်တိုင်းပုံစံ ဒီမိုကရေစီနှင့်ပတ်သက်၍ သတိပေးထားခြင်းနှင့် ပါတီ၏ သမိုင်းဝင်မှတ်တမ်းကို ဝေဖန်ထားသည့် ကွန်မြူနစ်ပါတီ၏ လျှို့ဝှက် အမိန့်ပြန်တမ်းကို ၂၀၁၃ ခုနှစ်က ပေါက်ကြားမှုဖြင့် ဆက်စပ်နေသည်။
    ရှေ့နေဖြစ်သူ မိုရှောင်ပင်းက ဂေါင်ယူမှာ Document No 9 ဟုခေါ်သည့် မဟာဗျူဟာစာတမ်းကို နိုင်ငံခြား မီဒီယာများကို ပေးခြင်းဖြင့် နိုင်ငံ၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေမှုဖြင့် ပြစ်ဒဏ်ချမှတ် ခံရခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ စာတမ်းတွင် ကွန်မြူနစ်ပါတီမှာ အနောက်တိုင်းဒီမိုကရေစီ ပြန့်နှံ့ခြင်း၊ ကမ္ဘာလုံးဆိုင်ရာတန်ဖိုး၊ လူ့အဖွဲ့အစည်းနှင့် စာနယ်ဇင်းလွတ်လပ်မှု စသည်တို့နှင့်ပတ်သက်၍ ပြင်းပြင်ထန်ထန် ဟန့်တားရန် ဆွေးနွေးထားပြီး ထိုအရာများကို ပါတီ၏ အုပ်ချုပ်မှုအား ခြိမ်းခြောက်မှုများအဖြစ် ဖော်ပြထားသည်။
    ဂေါင်ယူ၏ အခြားရှေ့နေတစ်ဦးဖြစ်သူ ရှန် ဘောင်ဂျန်က ဂေါင်ယူမှာ စီရင်ချက်ချသည့်အချိန်တွင် မည်သည်မှ မပြောခဲ့သော်လည်း ၎င်း၏ မောင်ဖြစ်သူ ဂေါင်ဝေအား ထိုရလဒ်ကို လက်မခံဟု ပြောဆိုခဲ့သည်ဟု ဆိုသည်။
    “ကျွန်တော်တို့ လုံးဝ အယူခံဝင်သွားမှာ ဖြစ်ပါတယ်။ ဒီစီရင်ချက်အတွက် တော်တော်လေး စိတ်ပျက်မိပါတယ်” ဟု ရှန်ကဆိုသည်။ ရှန်မှာ ဂေါင်ယူ အပြစ်ရှိကြောင်း ၀န်ခံရခြင်းမှာ ၎င်း၏ သားဖြစ်သူနှင့်ပတ်သက်၍ ခြိမ်းခြောက်မှုကြောင့်ဖြစ်သည်ဟု တရားရုံးတွင် လျှောက်ထားခဲ့သည်။
    ဂေါင်ယူအား ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Amnesty International မှ သုတေသနပညာရှင် ၀ီလီယံနီးက ရှုတ်ချခဲ့ပြီး အာဏာပိုင်များမှာ လွတ်လပ်စွာ ဖော်ထုတ်မှုကို တိုက်ခိုက်သည့် အစိတ်အပိုင်းအဖြစ် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကို တက်ကြွလှုပ်ရှားသူများအား နှိမ်နင်းရန် အသုံးပြုသည်ဟု ပြောကြားခဲ့သည်။
    ဂေါင်ယူမှာ ပြီးခဲ့သည့်နှစ် ဧပြီလက ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ၁ လကြာပြီးနောက် နိုင်ငံပိုင်တီဗီတွင် ပြန်ပေါ်လာကာ ၎င်းမှာ အမှားလုပ်ခဲ့သည်ဟု ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်အား တရားသူကြီးများက သက်သေခံအထောက်အထားအဖြစ် အသုံးပြုခဲ့သည်။
    Ref: Aljazeera
  • ချန်ပီယံလိဂ် ပြဿနာကြောင့် ဘိုင်ယန်ဆေးအဖွဲ့အကြီးအကဲ ရာထူးမှ နှုတ်ထွက်
    ချန်ပီယံလိဂ် ပြဿနာကြောင့် ဘိုင်ယန်ဆေးအဖွဲ့အကြီးအကဲ ရာထူးမှ နှုတ်ထွက်
    ဧပြီ ၁၇၊ ၂၀၁၅
    M-Media
    byern
    – ချန်ပီယံလိဂ်တွင် ပေါ်တိုအား ရှုံးနိမ့်ခဲ့မှုအတွက် အပြစ်တင်ခံရမှုကြောင့် ဘိုင်ယန်မြူးနစ်ဆေးအဖွဲ့၏ အကြီးအကဲဖြစ်သူ ဟန်စ်-၀ီလ်ဟမ် မူလာ-၀ူလ်ဖာ့ဟ်မှာ ရာထူးမှ နှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။
    ဘိုင်ယန်မြူးနစ်အသင်းမှာ မကြာသေးမီ သီတင်းပတ်များအတွင်း ဒဏ်ရာပြဿနာကို ဆိုးရွားစွာ ရင်ဆိုင်ခဲ့ရပြီး ယမန်နေ့ မနက်က ပေါ်တိုအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့တွင် အသင်း၏ အဓိက ကစားသမားများဖြစ်သော အာဂျန်ရော်ဘင်၊ ရီဘာရီ၊ ဒေးဗစ်အလ်ဘာ၊ မာတီနက်စ်ဇ်နှင့် မဲဟ်ဒီ ဘီနက်တီယာတို့ ဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။
    ဟိုလ်ဂါ ဘက်ဒ်စတူဘာနှင့် ဘက်စတီယန် ရှဝိုင်းစတိုင်ဂါတို့မှာလည်း ပြီးခဲ့သည့်လများအတွင်း ကာလရှည်ဒဏ်ရာများနှင့် ရုန်းကန်နေရပြီး စနေနေ့က ဖရန့်ဖတ်အသင်းနှင့် ဘွန်ဒစ်လီဂါပွဲတွင် အရန်စာရင်း၌ ကစားသမားသုံးဦးသာ ထားရှိနိုင်ခဲ့သည်။
    အသက် ၇၂ နှစ်အရွယ် ရှိပြီဖြစ်သည့် ၀ူလ်ဖာ့ဟ်က ပေါ်တိုအား ရှုံးနိမ့်ခဲ့သည့်ပွဲအတွက် မိမိတို့ဆေးအဖွဲ့ကို အပြစ်တင်ခဲ့သောကြောင့် ရာထူးမှ နှုတ်ထွက်ခြင်းဖြစ်သည်ဟု အတည်ပြုပြောဆိုခဲ့သည်။
    “ဘိုင်ယန်မြူးနစ်နဲ့ ပေါ်တိုတို့ရဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ ဆေးအဖွဲ့ဟာ အရှုံးအတွက် မရှင်းမလင်းတဲ့ အကြောင်းကိစ္စတွေနဲ့ အပြစ်တင်ခံခဲ့ရပါတယ်။ ယုံကြည်မှုအတိုင်းအတာဟာ ပျက်ဆီးခဲ့ပါပြီ” ဟု ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
    အသင်းနည်းပြ ဂွာဒီယိုလာကလည်း ပေါ်တိုအသင်းအား ရှုံးနိမ့်ခဲ့ရမှုမှာ အသင်းရှိ ကစားသမားများ မလုံလောက်မှုကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အသင်း၏ မီဒီယာဒါရိုက်တာဖြစ်သူ မားကက်စ် ဟော်ဝစ်က ၀ူလ်ဖာ့ဟ် နှုတ်ထွက်သည့် သတင်းအား အတည်ပြုခဲ့ပြီး အသင်းအနေဖြင့် အံအားသင့်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။
    Ref: Dailymail
  • အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်း တရုတ်နိုင်ငံသို့ ၀င်ရောက်လုပ်ကိုင်မည်
    အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်း တရုတ်နိုင်ငံသို့ ၀င်ရောက်လုပ်ကိုင်မည်
    ဧပြီ ၁၇၊ ၂၁၀၅
    M-Media
    islamic bank
    – တရုတ်နိုင်ငံအတွင်း အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို တွန်းအားပေးရန်နှင့် ထိုစနစ်မှအကျိုးကျေးဇူးများ ပိုမိုရရှိရန် ဆောင်ရွက်မှုအဖြစ် ကာတာရှိ ထိပ်တန်း ဘဏ် ၂ ခုနှင့် တရုတ်အကျိုးဆောင်ကုမ္ပဏီဖြစ်သော Southwest Securities တို့မှာ နားလည်မှုစာချွန်လွှာတစ်ခုကို အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။
    “အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ ဒါမှမဟုတ် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မူဘောင်တစ်ခု သတ်မှတ်ဖို့ တရုတ်နိုင်ငံကို ကျွန်တော်တို့ ကူညီချင်ပါတယ်။ ပြီးတော့ တရုတ်နိုင်ငံမှာ ကာတာဘဏ်တွေ လာဖွင့်ဖို့လည်း ကျွန်တော်တို့ တိုက်တွန်းအားပေးချင်ပါတယ်။ တရုတ်နိုင်ငံမှာ အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးစနစ်အတွက် တောင်းဆိုမှုရှိနေတယ်ဆိုတာ ကျွန်တော်တို့ တွေ့နေရပါတယ်။ တရုတ်နိုင်ငံသားတွေဟာ ဒီစနစ်ကို သူတို့ရဲ့ နယ်နမိတ်တွေကိုကျော်ပြီး တင်ပို့ကျင့်သုံးဖို့ နည်းလမ်းတွေကို ရှဖွေနေကြပါတယ်။ အဲဒီလိုပဲ မွတ်စလင်အများအပြားရှိတဲ့ ဒေသတွင်း နိုင်ငံတွေကိုလည်း တင်ပို့ချင်ကြပါတယ်” ဟု ကာတာ QIIB ဘဏ်မှ အမှုဆောင်အကြီးအကဲဖြစ်သူ အဘ်ဒူလ်ဘာစစ် အဟ်မဒ် အလ် ရှိုင်ဘီက ပြောကြားခဲ့သည်။
    တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်လာခြင်းနှင့်အတူ သန်းပေါင်းများစွာသော ပြည်သူများမှာ အစ္စလာမ့်နည်းကျ ဘဏ်စနစ်၊ ဘဏ္ဍာရေးစနစ်များနှင့် ထိတွေ့အသုံးပြုရန် လိုအပ်နေသည်မှာ ထင်ရှားလာသည်။ ကံမကောင်းစွာပင် တရုတ်နိုင်ငံတွင် ထိုစိန်ခေါ်မှုကို ရင်ဆိုင်ရန်အတွက် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးစနစ်နှင့် သက်ဆိုင်သည့် လုပ်ငန်းများ လုံလုံလောက်လောက် မရှိချေ။
    ယခု နားလည်မှုစာချွန်လွှာအရ ကုမ္ပဏီသစ်တစ်ခု တည်ထောင်သွားမည်ဖြစ်ပြီး ကာတာဘဏ်နှစ်ခုဖြစ်သော Qatar National Bank နှင့် Qatar International Islamic Bank (QIIB) တို့ကို ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုက်ရိုက်၊ သို့မဟုတ် သွယ်ဝိုက်၍ ပြုလုပ်ရေးအတွက် တရုတ်ဈေးကွက်သို့ ၀င်ရောက်ခွင့်ရရန် အဆိုပါကုမ္ပဏီက ကူညီသွားမည်ဟု ကာတာဘဏ်များမှ အမှုဆောင်အဖွဲ့ဝင်များက ဆိုသည်။
    ထို့ပြင် တရုတ်နိုင်ငံတွင် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးစနစ် ဖွံ့ဖြိုးရေး၊ ကာတာနှင့် အရှေ့အလယ်ပိုင်းဒေသ ဈေးကွက်များတွင် Southwest Securities အား ၀င်ရောက်ခွင့်ရရေး ကူညီသွားရန် ရည်ရွယ်ထားသည်ဟု ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။ ကုမ္ပဏီ၏ အရွယ်အစားနှင့် မည်သည့်အချိန်တွင် လုပ်ငန်းများ စတင်လည်ပတ်မည် ဆိုသည့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။
    တရုတ်နိုင်ငံမှ AVIC Capital ကော်ပိုရေးရှင်းမှာ မွတ်စလင်အများအပြားရှိရာ Ningxia Hui ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အစ္စလာမ့်နည်းကျ ငွေချေးမှုလုပ်ငန်းနှင့် ကန်ဒေါ်လာ အခြေပြု ငွေချေးလုပ်ငန်းများကဲ့သို့ ကန်ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးရှိသော ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို ၅ နှစ်သက်တမ်းသတ်မှတ်၍ လုပ်ဆောင်ရေး အစိုးရအား တိုက်တွန်းရန်အတွက် ၎င်းတို့၏ လက်ခွဲတစ်ခုဖြစ်သော AVIC Securities က သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးခဲ့သည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာလက ကြေညာခဲ့ဖူးသည်။
    သို့သော်လည်း အဆိုပါ သဘောတူညီချက်မှာ အကောင်အထည် ပေါ်မလာခဲ့ဘဲ ထိုကိစ္စအတွက် ခိုင်မာသည့် ဖော်ဆောင်မှုများကိုလည်း ထပ်မံကြေညာခြင်း မပြုတော့ပေ။
    အစ္စလာမ်သာသနာမှာ တရုတ်နိုင်ငံတွင် ဒုတိယအကြီးဆုံး အယူဝါဒဖြစ်ပြီး ရှည်လျားသည့်သမိုင်းကြောင်းလည်း ရှိနေသည်။ တရားဝင်အချက်အလက်များအရ တရုတ်နိုင်ငံရှိ အစ္စလာမ်ဘာသာဝင်အရေအတွက်မှာ သန်း ၂၀ ခန့်ရှိပြီး များသောအားဖြင့် ဇင်ဂျန်း၊ နင်းရှီယာ၊ ဂန်ဆူနှင့် ကွင်းဟိုင်း ဒေသတို့တွင် နေထိုင်ကြသည်။ မွတ်စလင်အဖွဲ့များကမူ နိုင်ငံအတွင်း မွတ်စလင်အရေအတွက်မှာ ထိုထက်ပို၍ မြင့်မားပြီး ၆၅ သန်းမှ သန်း ၁၀၀ ခန့်ရှိကာ နိုင်ငံလူဦးရေ၏ ၇.၅ ရာခိုင်နှုန်းအထိ ရှိမည်ဟု ပြောကြားခဲ့သည်။
    အစ္စလာမ်သာသနာမှာ ချေးငွေများတွင် အတိုးပေးခြင်း၊ အတိုးယူခြင်းတို့ကို တားမြစ်ထားသည်။ အစ္စလာမ့်နည်းကျ ဘဏ်များနှင့် ဘဏ္ဍာရေးလုပ်ငန်းများမှာလည်း အရက်၊ လောင်းကစား၊ အပြာလုပ်ငန်း၊ ဆေးရွက်ကြီး၊ လက်နက်၊ ၀က်သား စသည်တို့နှင့် ဆက်နွယ်သည့် လုပ်ငန်းများနှင့် ပတ်သက်မှုများ မပြုလုပ်ပေ။ ထို့ပြင် ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းများကို ဖြစ်စေသော အန္တရာယ်ရှိသည့် ရင်းနှီးမြှုပ်နှံမှုများတွင် ပါဝင်ခြင်းကို တားမြစ်ထားသည့် စည်းကမ်းများကြောင့် အစ္စလာမ့်ဘဏ်လုပ်ငန်းများမှာ အောင်မြင်မှု ရရှိခဲ့သည်။
    အစ္စလာမ့်နည်းကျ ဘဏ်စနစ်ကို ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၅၀ ခန့်တွင် ကျင့်သုံးဆောင်ရွက်နေပြီး ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးလုပ်ငန်းတွင် လျင်မြန်စွာတိုးတက်နေသော ကဏ္ဍများထဲမှ တစ်ခုလည်းဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်က စတင်ခဲ့သည့် အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းမှာ ခိုင်ခိုင်မာမာ တိုးတက်လျက်ရှိနေပြီး ကမ္ဘာတစ်ဝှမ်းမှ ရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ်လုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုကိုလည်း ရရှိနေသည်။
    Ref: Onislam
  • ဒီမိုကရေစီ ခရီးရှည်ကို ဆက်လက်လျှောက်လှမ်း ရဦးမည့် မြန်မာပြည်
    ဒီမိုကရေစီ ခရီးရှည်ကို ဆက်လက်လျှောက်လှမ်း ရဦးမည့် မြန်မာပြည်
    ဧပြီ ၁၆ ၊ ၂၀၁၅
    M-Media
    Myanmar
    – မြန်မာနိုင်ငံ၏ တိုးတက်မှုများက နှစ်ဆတိုးလာသည်။ သို့သော်လည်း အားနည်းချက်များ ရှိနေဆဲဖြစ်ပြီး ပြည်တွင်း ရှိသူများ၊ ပြည်ပမှနိုင်ငံခြားသားများ အားလုံး မြင်တွေ့နိုင်လေသည်။
    မြန်မာနိုင်ငံသို့ လာရောက်လေ့လာစူးစမ်းသော ခရီးသွားတစ်ယောက်အဖြစ် နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်မှုပမာဏနှင့် ခြေလှမ်းများကို လစ်လျူရှုရန် ခက်သည်။ ကြည့်လိုက်သည့်နေရာတိုင်းတွင် အဆောက်အဦးများ ဆောက်လုပ်နေခြင်း သို့မဟုတ် ပြုပြင်နေခြင်း တစ်မျိုးမျိုးကို တွေ့နေရသည်။ ရုံးအိုရုံးဟောင်းများအား ဆေးသုတ်နေခြင်းမှ ကပ်လျက်တွင် ဇိမ်ခံဟိုတယ်များ ဆောက်နေခြင်းတို့ကိုလည်း မြင်ရသည်။
    ငွေကြေးများကလည်း နိုင်ငံအတွင်းသို့ ရေလိုဝင်နေသည်။ ထိုငွေများကို အကျိုးရှိသောနေရာတွင် အသုံးချရန်အတွက် နှောင့်နှေးစရာ အချိန်မရှိ။ အနည်းဆုံးတော့ ဒါတွေက လက်တွေ့အခြေအနေတွင် ဖြစ်နေသည့် ကိစ္စများဖြစ်သည်။သို့သော်လည်း စိတ်ပါဝင်စားသူ နိုင်ငံခြား ခရီးသွားများ မြင်နေရသည်ထက်ပို၍ တိုးတက်မှုများ မြန်မာနိုင်ငံတွင် ရှိနေသေးသည်။
    ၂၀၁၅ ခုနှစ်တွင် ၈.၅ ရာခိုင်နှုန်း မြင့်တက်လာရန် မျှော်လင့်ထားသည့် မြန်မာ့စီးပွားရေးကလည်း အတော်လေး ကောင်းနေသည်။ ထိန်းချုပ်ထားမှုများ ဖယ်ရှားလိုက်ခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ မက်လုံးများက ပြည်တွင်းနှင့် နိုင်ငံခြားလုပ်ငန်းရှင်များ နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ပို၍ လွယ်ကူသွားစေသည်။ တရုတ်နိုင်ငံက ထိပ်ဆုံးတွင်ရှိနေသည့် နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံအတွင်းသို့ ဒလဟော လှိမ့်ဝင်လာသည်။ ပထမဆုံးအကြိမ်အဖြစ် ဆက်သွယ်ရေးနှင့် အင်တာနက် ကုမ္ပဏီများကဲ့သို့ ၀န်ဆောင်မှုလုပ်ငန်းများက အဓိကမြို့ကြီးများ၏ အပြင်ဘက်သို့ တဖြည်းဖြည်းဖြင့် ချဲ့ထွင်လာကြပြီး ကျေးလက်ဒေသနှင့် ဝေးလံခေါင်ဖျားသောဒေသများကိုပါ ကမ္ဘာကြီးနှင့် ချိတ်ဆက်ပေးနေကြသည်။ ထိုလုပ်ငန်းက လူတိုင်းအတွက် စီးပွားရေးအခွင့်အလမ်းများကို ဖြစ်ပေါ်စေသည်။ မကြာသေးမီကာလအထိ မြို့ကြီးများ၏ အပြင်ဘက်တွင် မြင်တွေ့ရခဲသော ATM ငွေထုတ်စက်များမှာလည်း ယခုအချိန်တွင် နိုင်ငံတစ်ဝှမ်းတွင် အသုံးပြုနိုင်နေပြီဖြစ်သည်။
    နိုင်ငံရေးပိုင်းမှာလည်း ထိုကဲ့သို့ပင်ဖြစ်သည်။ တိုင်းပြည်က ရှေ့ကို အတော်လေးသွားနေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့် သိသိသာသာရလာခြင်း၊ လွှတ်တော်တွင် နိုင်ငံရေး ဆွေးနွေးငြင်းခှုံမှုများ ပြန်လည်အသက်ဝင်လာခြင်းက စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေကြသည့် ကမ္ဘာကြီးကို အထင်ကြီး အံ့အားသင့်စေခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၎င်းတို့ကိုယ်တိုင် သတ်မှတ်ထားသော ခရီးသွားလာခွင့်ကိုလည်း ဖွင့်ပေးလိုက်ပြီး ခရီးသွားများက အတောမသတ် ၀င်လာကြသည်။ သူတို့က ပြည်တွင်းမှ ပြည်သူများအား နိုင်ငံရပ်ခြား လူမှုဘ၀နှင့် နေထိုင်ပုံတို့ကို မိတ်ဆက်ပေးကြသည်။ ၎င်းတို့၏ အမြင်များက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေ သည်။ မြောက်များစွာသော လက်နက်ကိုင်များအရေး အဆုံးသတ်ရန် ငြိမ်းချမ်းရေးသဘောတူညီချက်များကို ညှိနှိုင်းဆွေးနွေးနေသည်။
    ခြုံ၍ကြည့်လျှင် တိုးတက်မှုလက္ခဏာများကိုတွေ့ရမည်။ သို့သော်လည်း နှစ်ပါင်း ၅၀ တစ်သီးတစ်ခြားဘ၀မှ ရှေ့ ထွက်လာသည့် မြန်မာနိုင်ငံမှ မျှော်လင့်စရာများ ရှိနေသည်။ သို့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ထိုမျှော်လင့်ချက်များကို ဆက်လက်ဆောင်ရွက်နိုင်ပါ့မလား? အပြုသဘောဆောင်သည့် လက္ခဏာအားလုံးကို ဘေးဖယ်လိုက်လျှင် ထိုမေးခွန်းအတွက်အဖြေက လက်တွေ့နှင့် ဝေးကွာနေသည်။
    စီးပွားရေး စိုးရိမ်ရမှု
    ———————
    အခြေခံအဆောက်အဦးများကိုကြည့်လျှင် မြန်မာနိုင်ငံက ဆောင်ရွက်ရမည့် စိန်ခေါ်မှု မြောက်မြားစွာရှိနေသည်။ အချိန်ကြာမြင့်စွာ တစ်သီးတစ်ခြားဖြစ်နေမှုကြောင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦးများက ဖွံ့ဖြိုးမှုအလွန်နိမ့်နေသည်။ လက်တွေ့တောင်းဆိုမှုများကို ပြည့်မီရန် အတွက်လည်း ပြည့်စုံသည့်အနေအထားတွင်မရှိ။ လမ်းမများ၊ ရထားလမ်းများ၊ သင်္ဘောဆိပ်များနှင့် လေဆိပ်များအားလုံး ချဲ့ထွင်ရန်နှင့် အဆင့်မြှင့်တင်ရန် လိုအပ်နေသည်။
    မြန်မာနိုင်ငံတွင် သင့်တင့်လျောက်ပတ်သော ပို့ဆောင်ရေးစနစ်များ အလွန်ကိုအားနည်းသည်။ ယခင်မြို့တော်ဟောင်းဖြစ်ပြီး ယခုတွင် ကုန်သွယ်ရေးအချက်အခြာနေရာဖြစ်သည့် ရန်ကုန်မြို့ရှိ လမ်းများတွင် ကားပိတ်မှုပြဿနာ ရှိနေသည်။ ဆယ်စုနှစ်များစွာကြာ မပြောင်းမလဲရှိနေသည့် မြို့ပတ်ရထားလမ်းက ယနေ့ခေတ် ခရီးသည်များ၏ တောင်းဆိုမှုများကို မဖြည့်ဆည်းပေးနိုင်။ ခေတ်မီ ရထားလမ်းများတည်ဆောက်ရေး ပြောဆိုမှုများ ရှိနေသော်လည်း ဆောက်လုပ်ရေးလုပ်ငန်း မည်သည့်အချိန်၌ စတင်မည်ကို ရှင်းရှင်းလင်းလင်းမသိရ။
    နိုင်ငံအတွင်း ပညာတတ်များနှင့် ကျွမ်းကျင်လုပ်သားများ အလွန်အမင်း လိုအပ်နေသည့်အတွက်ကြောင့် ပညာရေးက မြန်မာနိုင်ငံ အတွက် နောက်ထပ်အခက်အခဲဖြစ်သည်။ ထိုနည်းတူစွာ ပညာတတ်များနှင့် ကျွမ်းကျင်လုပ်သားများကို လေ့ကျင့်သင်ကြားပေးရန် တက္ကသိုလ်များလည်း လိုအပ်သည်။ အခြားတစ်ဖက်ကဆိုရလျှင် မြန်မာနိုင်ငံမှာ ချစားမှု၊ တရားမ၀င်ကုန်သွယ်မှု၊ အချက်အလက်များ မလုံလောက်မှု၊ ပွင်းလင်းမြင်သာမရှိမှု၊ ခိုင်မာသည့် ဥပဒေစနစ်မရှိမှု စသည်တို့ကိုလည်း ခံစားနေရသည်။ တည်ငြိမ်ပြီး လွတ်လပ်သည့် ဈေးကွက်စီးပွားရေးကို အထောက်အကူဖြစ်စေရန် ထိုအရာများအားလုံးကို ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။
    အကောင်းဘက်ကကြည့်လျှင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကြောင့် တရုတ်နှင့် အမေရိကန်တို့ကဲ့သို့သော အင်အားကြီးနိုင်ငံများက ၎င်းတို့၏ သြဇာနယ်နမိတ်အောက်သို့ရောက်ရှိရန် ကြိုးစားလာကြသည်။ ထို့ပြင် အာဆီယံအဖွဲ့၌ မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်နေသောကြောင့် ထိုနိုင်ငံကြီးများက အာဆီယံဒေသကိုလည်း ပိုပြီး အာရုံစိုက်လာကြသည်။ အထူးသဖြင့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလက စတင်ခဲ့သော အာဆီယံစီးပွားရေးအသိုက်အ၀န်း၏ အစိတ်အပိုင်းဖြစ်လာကတည်းက ဖြစ်သည်။ ထိုသို့ နိုင်ငံကြီးများ၏ ချဉ်းကပ်လာမှုက အကျိုးကျေးဇူးများအပြင် လက်ရှိအချိန်၌ ပိုမိုကောင်မွန်လာသည့် ကမ္ဘာ့စီးပွားရေး အတက်၊ အကျတွင် တိုင်းပြည်ကို ပို၍ အားနည်းလာစေသည်။
    ဒီမိုကရေစီကျင့်သုံးခြင်း
    ———————
    မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ကျင့်သုံးမှုလုပ်ငန်းစဉ်မှာ ချီးကျူးလောက်စရာဖြစ်ပြီး လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း တိုးတက်မှုများစွာ ပြုလုပ်နိုင်ခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေးအစီအစဉ်မှာ ၁၉၉၈ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းကဲ့သို့ ရည်ရွယ်ချက်ကြီးမားမည်ဟု ယူဆရန် မသင့်သေး။ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် ၂၅ ရာခိုင်နှုန်း နေရာယူထားသည့် တပ်မတော်ဟုခေါ်သည့် စစ်တပ်က ဒါကို ညွှန်ပြနေပြီး ပြုပြင်ပြောင်းလဲရေး ကာလအစား အင်ဒိုနီးရှား၏ အာဏာရှင်ဆန်သောအုပ်ချုပ်မှု အမြင့်ဆုံးအချိန်နှင့် သွားတူနေသည်။
    မြန်မာနိုင်ငံ၏ စစ်ဘက်ခေါင်းဆောင်ပိုင်းက အသစ်တည်ဆောက်ထားသည့် မြို့တော် နေပြည်တော်တွင် ခိုင်ခိုင်မာမာ အမြစ်တွယ်နေသည်ကိုလည်း မေ့မထားရန် အရေးကြီးသည်။ ဒါက မြို့တော်အသစ်နှင့်ပတ်သက်၍ ၀ိရောဓိကို ဖြစ်စေသည်။ ၁၀ နှစ်မကြာသည့်အချိန်အတွင်း ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးစတင်ကာ ၎င်းတို့၏ အာဏာကို လျော့ချတော့မည်ဖြစ်သော်လည်း ၎င်းတို့အတွက် သစ်လွင်ပြီး လုံခြုံသည့် အုပ်ချုပ်ရေးမြို့တော်တစ်ခုကို အဘယ့်ကြောင့် စစ်တပ်က အသည်းအသန် ဆောက်ခဲ့သနည်း?
    ဒါက တပ်မတော်အနေဖြင့် ဒီမိုကရေစီပြောင်းလဲကျင့်သုံးသည့်ကာလကို မည်မျှလောက်အထိ ကြာစေချင်သနည်းဟူသော မေးခွန်းနှင့် မလေးရှား၊ စင်ကာပူတို့ကဲ့သို့ အမည်ခံ ဒီမိုကရေစီပုံစံမျိုး သွားမလားဆိုသည့် မေးခွန်းများလည်း ပေါ်ထွက်လာခဲ့သည်။ ဒုတိယမေးခွန်းမှန်လာခဲ့လျှင် နောက်ထပ်မေးခွန်းတစ်ခုက တပ်မတော်အနေဖြင့် အဘယ့်ကြောင့် ဒီမိုကရေစီပြောင်းလဲ ကျင့်သုံးမှုကို ရွေးချယ်ခဲ့သနည်း?
    ယနေ့ မြန်မာနိုင်ငံက ရင်ဆိုင်နေရသည့် ဖိအားပေးအခံရဆုံး ပြည်တွင်းပြဿနာများထဲမှ တစ်ခုမှာ ရိုဟင်ဂျာလူမျိုးများ၏ အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သော်လည်း ဘင်္ဂါလီဟု စာရင်းပေးသွင်းသည့် ရိုဟင်ဂျာများသာ နိုင်ငံသားဖြစ်ခွင့် ရမည့် ၂၀၁၄ ရခိုင်ပြည်နယ်စီမံကိန်း အစီအစဉ်မှာ ရိုဟင်ဂျာများ၏ အနေအထားကို ပို၍ ဆိုးဝါးသွားစေခဲ့သည်။ မြန်မာအစိုးရက ထိုအစီအစဉ်ကို ၂၀၁၅ ခုနှစ်တွင် ပြန်လည် ဆန်းစစ်သွားမည်ဟု လူ့အဖွဲ့အစည်းအား အသေအချာပြောကြားခဲ့သော်လည်း အထူးသဖြင့် ဘာသာရေးအစွန်းရောက်မှုနှင့် အစိုးရ၏ ဂရုမစိုက်မှုအကြား ရိုဟင်ဂျာများ၏ အခြေအနေ ပိုကောင်းလာရေးအတွက် အာမခံချက်တော့ မပေးခဲ့။ အထွေထွေရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လက္ခဏာများက တဖြည်းဖြည်း အကျဘက်ပြလာသည်။
    ထိုကိစ္စတွင် နိုဘယ်ဆုရ ဒေါ်အောင်ဆန်းစုကြည်ကလည်း အသံမထွက်။ သူမ လွတ်မြောက်လာပြီးကတည်းက ငြိမ်းချမ်းရေး အမှတ်အသားအဖြစ်မှ မိမိ၏ လုပ်ရပ်များကို ပိုမိုတွက်ဆလာသည့် နိုင်ငံရေးသမားတစ်ယောက်အဖြစ်သို့ ပြောင်းသွားခဲ့သည်။
    အမှတ်သညာ
    ————–
    အတိတ်ကို ပြန်ပြောင်းစဉ်းစားကြည့်လျှင် နိုင်ငံတစ်ဝှမ်း တိုင်းရင်းသား ပဋိပက္ခများ အဆုံးမသတ်သေးသော်လည်း မြန်မာနိုင်ငံကို ပဋိပက္ခအလွန် လူ့အဖွဲ့အစည်းဟု ရှုမြင်နိုင်သည်။ သို့သော်လည်း ယခုအချိန်တွင် နိုင်ငံအတွင်းရှိ လူများစုကြီးမှာ ၎င်းတို့၏ အမှတ်သညာကို ကိုယ်တိုင်သတ်မှတ်နေသော လုပ်ငန်းစဉ်တွင် ရှိနေကြသည်။
    နည်းပညာ ရုတ်ချည်းဝင်ရောက်လာခြင်းကလည်း ထိုလုပ်ငန်းစဉ်တွင် တဖြည်းဖြည်းဖြင့် အဓိကနေရာမှ ပါဝင်လာသည်။ နှစ်ပေါင်းများစွာ တစ်သီးတစ်ခြားဖြစ်နေပြီးနောက် အပြင်ကမ္ဘာရှိ ပြည်သူများနှင့် အချင်းချင်းဆက်သွယ်မှု ရုတ်ချည်းတိုးတက်လာခြင်းက မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမှတ်သညာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် သြဇာလွှမ်းမိုးလာသည်။ ကိုရီးယားဆန်လာခြင်းက ထိုအထဲမှ အကြောင်းအရင်း တစ်ခု ဖြစ်သည်။ ကိုရီးယားဇာတ်ကားများနှင့် ကေပေါ့ပ် ဂီတများ လူကြိုက်များလာမှုကြောင့် အထူးသဖြင့် လူငယ်များအကြား ထိုအခြေအနေကို တွေ့မြင်နိုင်သည်။ ဂလိုဘယ်လိုက်ဇေးရှင်းကလည်း အရှေ့သို့ရောက်လာသည်။ အထူးသဖြင့် မျက်နှာတွင် သနပ်ခါးလိမ်းချယ်မှုအတွင်း အလှပြင်ပစ္စည်းများနှင့် အနောက်တိုင်းဝတ်စုံများလည်း အတူတွဲ၍ ပါလာကြသည်။
    ထပ်၍ဆိုရလျှင် မူးယစ်ဆေးစွဲမှုပြဿနာကလည်း အသေအချာဖြေရှင်းရန်လိုအပ်သည့် သိသာသော ပြဿနာဖြစ်သည်။ မြန်မာနိုင်ငံမှာ ဘိန်းဖြူစွဲမှုရောဂါ အဓိကဖြစ်ပွားနသည့်နေရာဖြစ်ပြီး အထူးသဖြင့် ကချင်ပြည်နယ်တွင်ဖြစ်ကာ ဆေးထိုး အပ်များက မြစ်ကမ်း တလျှောက် ပြန့်ကျဲနေပြီး အမှိုက်ပုံးများတွင်လည်း ပြည့်လျှံနေသည်။တိုင်းရင်းသားများ၏ လက်နက်ကိုင် သူပုန်ထမှု၊ နိုင်ငံ၏ အကြီးဆုံး ကျောက်စိမ်း မိုင်းတွင်းများနှင့် ထိစပ် တည်ရှိမှုတို့ကလည်း မီးလောင်ရာ လေပင့်နေသည်။ ဘိန်းဖြူနှင့် ဘိန်းစိမ်းတို့ကို သုံးစွဲမှုမှာ ကချင်ပြည်နယ်၏ ဆင်းရဲမွဲတေသော လူဦးရေ၏ ၆၅ ရာခိုင်နှုန်းတွင် ကျယ်ကျယ်ပြန့်ပြန့်ကို ဖြစ်လာနေသည်။ အများစုက တရားစွဲဆိုမှုကို ကြောက်ရွံ့ခြင်း မရှိဘဲ ပေါ်ပေါ်ထင်ထင်ပင် အသုံးပြုကြသည်။
    အစိုးရ တာဝန်ရှိသူများကတော့ ထိုသို့ သူပုန်ထမှုကာ ဒေသအတွင်း မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် အစီအစဉ်များ အကောင်အထည်ဖော်ရေးကို အတားအဆီးဖြစ်နေသည် ဟုဆိုကာ တိုင်းရင်းသားများ၏ လက်နက်ကို သူပုန်ထမှုကို အပြစ်တင်သည်။ ထိုပြဿနာကိုဖြေရှင်းရန် အတွက် ဒေသတွင်းရှိ ခရန်ယာန် ပြည်သူများကလည်း ရှေ့ထွက်လာကြသည်။ သို့သော်လည်း အလုပ်မဖြစ်။ ဆေးစွဲနေ သူများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးသော်လည်း ပြန်ကောင်း သွားသည့်နောက်ပိုင်းတွင် ဆေးပြန်စွဲသွားကြသည်။
    မြန်မာ့ လူ့အဖွဲ့အစည်း၌ လူမျိုးစုတိုင်းကို နေရာပေးခြင်းဖြင့် သာတူညီမျှမှုကို တွေ့မြင်ရအောင်ဆောင်ရွက်ရန် ပို၍ အရေးကြီးသည်။ ထိုကိစ္စနှင့်ပတ်သက်၍ လက်ရှိ အချိန်တွင် တိုင်းပြည်က ရုန်းကန်နေရဆုံးဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာများသာ ဖယ်ထုတ်ခံရခြင်းမဟုတ်။ ၀မ်းနည်းစွာပင် တိုင်းရင်းသား လက်နက်ကိုင်တပ်များမှ စစ်သားများ ပါဝင်သည့် ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေး အပါအ၀င် ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာရေး အစီအစဉ်များကလည်း တိုးတက်မှု သိပ်မရှိဘဲ၊ လက်တွေ့တွင် နောက်ပြန်သွားနေသည်။ နိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ် ကိုးကန့်ဒေသတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်တပ်တို့အကြား ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ကိုးကန့်ဒေသအတွင်း သုံးလတာ စစ်အုပ်ချူပ်ရေး အမိန့် ထုတ်ပြန်ခဲ့သည်။
    မြန်မာနိုင်ငံ၏ အစမ်းသပ်ခံရမှုများက လွယ်မည် မဟုတ်။ တိုးတက်မှုများကလည်း အားနည်းနေပြီး နောက်ပြန်သွားနေသည်။ အချိန်ယူရမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲပြီးနောက် အစိုးရသစ် တက်မလာခင်အချိန်အထိ မည်မည်ရရ ပြောင်းလဲမှုမျိုးကိုလည်း တွေ့ရဖွယ်မရှိ။
    သို့သော်လည်း နိုင်ငံက အရှိန်ရနေပြီး ပြုပြင်ပြောင်းလဲမှု ဆက်လက်လုပ်ဆောင်ရန်ကိုလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက စေ့စော် တိုက်တွန်းပေးနေသည်။ တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်နေခြင်းထက် အတူတကွ အလုပ်လုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံ အား ပြုပြင်ပြောင်းလဲစေရန် မြန်မာ့နိုင်ငံရေးတွင် ပါဝင်သောသူအားလုံးက သင့်လျော်သည့် ဆန္ဒများလည်း ရှိရမည်ဖြစ်လေသည်။
    Fair observer မှ  Lucas Ausems  ၏ “Myanmar Still Has a Long Way To Go” ဆောင်းပါးကို မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။