News @ M-Media

Blog

  • ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ချယ်ဆီးလူငယ်ကြယ်ပွင့် ရရှိ

    ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ချယ်ဆီးလူငယ်ကြယ်ပွင့် ရရှိ

    ဧပြီ ၂၀၊ ၂၀၁၅
    M-Media

    championship

    – ချန်ပီယရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းသို့ အငှားဖြင့် သွားရောက်ကစားနေသည့် ချယ်ဆီးလူငယ်ကြယ်ပွင့် ပက်ထရစ် ဘမ်းဖို့ဒ်မှာ ထိပ်တန်းခြေစွမ်းများကို ပြသနိုင်ခဲ့ပြီးနောက် ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    အသက် ၂၁ နှစ်အရွယ်ရှိပြီး ချယ်ဆီးအသင်းကြီးအတွက် မကစားရသေးသော ဘမ်းဖို့ဒ်မှာ ပရီးမီးယားလိဂ်သို့ တက်ရောက်ရန် ကြိုးစားနေကာ တတိယနေရာတွင် ရှိနေသည့် မစ်ဒယ်ဘရော့အသင်းအတွက် ၃၆ ပွဲကစားထား ၁၇ ဂိုး သွင်းယူပေးထားသည်။

    ဘမ်းဖို့ဒ်မှာ အပ်စ်ဝစ်ခ်ျတောင်းမှ ဒါရိုင်လ် မာဖီနှင့် ၀ဒ်ဖို့ဒ်အသင်းမှ ထရွိုင် ဒီနေတို့ကို ကျော်ဖြတ်ကာ ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အနာဂတ် ချယ်ဆီးအသင်းတွင် ပါဝင်ခွင့်ရရေး မသေချာသေးပေ။

    စပါးမှ လိဂ်ဝမ်းကလပ် MK Dons သို့ အငှားချထားသော ဒီလီအဲလီမှာလည်း လိဂ်ပြိုင်ပွဲများ၏ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပြီး ၎င်းမှာ ဘမ်းဖို့ဒ်နှင့် နသန် ရက်မွန်းတို့ကို ကျော်ဖြတ်၍ ရရှိခဲ့ခြင်းဖြစ်သည်။

    အသက် ၁၉ နှစ်အရွယ် အဲလီမှာ ဇန်န၀ါရီလကမှ စပါးအသင်သို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သော်လည်း MK Dons သို့ ပြန်လည် အငှားချခြင်း ခံခဲ့ရပြီး အသင်းအတွက် ၁၅ ဂိုးသွင်းပေးခဲ့ကာ ၅ ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး လိဂ်ဝမ်းအမှတ်ပေးဇယား၏ တတိယနေရာ ရရှိရေးတွင် ကူညီပေးနိုင်ခဲ့သည်။

    Ref: Goal.com

  • မက္ကဆီကိုရဲများ လက်နက်မဲ့ လူ ၁၆ ဦးကို ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်လာ

    မက္ကဆီကိုရဲများ လက်နက်မဲ့ လူ ၁၆ ဦးကို ပစ်သတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်လာ

    ဧပြီ ၂၀၊ ၂၀၁၅
    M-Media

    columbia

    – ဇန်န၀ါရီလက နေရာနှစ်ခုတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် လက်နက်မဲ့ လူ ၁၆ ဦးသေဆုံးမှုတွင် မက္ကဆီကိုရဲများက ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု မက္ကဆီကိုမီဒီယာများက ယမန်နေ့တွင် ဖော်ပြလိုက်ပြီး သေဆုံးမှုမှာ အချင်းချင်း မှားယွင်ပစ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည်ဟူသော ဖက်ဒရယ်အစိုးရ၏ ပြောကြားမှုများနှင့် ဆန့်ကျင်ကွဲလွဲနေသည်။

    အဆိုပါအဖြစ်အပျက်များမှာ နိုင်ငံအနောက်ပိုင်း မတည်မငြိမ်ဖြစ်နေသည့် မီချိုအာကန်ပြည်နယ်မှ အပတ်ဇင်ဂန်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြသူများအား ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည်ဟု Aristegui၊ Noticias၊ Univision နှင့် Proceso စသည့် မီဒီယာများက ယမန်နေ့တွင် အသေးစိတ်ဖော်ပြခဲ့သည်။

    ဖက်ဒရယ်ရဲတပ်ဖွဲ့ကမူ ထိုသို့ဖော်ပြမှုအတွက် မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။ ဖက်ဒရယ်ရဲတပ်ဖွဲ့ကို ကြီးကြပ်ပေးနေသည့် အမျိုးသားလုံခြုံရေးကော်မရှင်က စနေနေ့တွင် ၎င်းတို့မှာ ထိုအဖြစ်အပျက်နှင့် ဆက်စပ်သည့် လျှို့ဝှက်ဗီဒီယိုတစ်ခုကို ရရှိထားပြီး ထိုဗီဒီယိုကိုကြည့်၍ အပတ်ဇင်ဂန်၌ ဖက်ဒရယ်ရဲတပ်ဖွဲ့က အင်အားအလွန်ကျွံသုံးခြင်း သို့မဟုတ် အာဏာအား လွဲသုံးစားလုပ်ခြင်းတို့ ရှိခဲ့သည်ကို တစ်ဦးတစ်ယောက်က တွေတောသုံးသပ်နိုင်သည်ဟု ပြောကြားခဲ့သည်။

    ထိုပစ်ခတ်မှုတွင် သေဆုံးသွားသူ အများစုမှာ ဒေသတွင်း သြဇာကြီးသော လူဆိုးဂိုဏ်းများကို တွန်းလှန်ရန် ဖွဲ့ထားသည့် ရပ်ရွာအဖွဲ့များမှ အဖွဲ့ဝင်များဖြစ်သည်ဟု ဆိုသည်။ ထိုအဖွဲ့များအား ယမန်နှစ်ကစ၍ ကျေးလက် ရဲတပ်ဖွဲ့သစ်အဖြစ် သတ်မှတ်ပေးခဲ့ပြီးနောက် ရရှိသည့်လစာ နည်းပါးမှုကြောင့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ ရဲတပ်ဖွဲ့က ဆန္ဒပြသူများအား ပစ်ခတ်ခဲ့သည်ဟု လွတ်မြောက်လာသူများနှင့် သေဆုံးသွားသူများ၏ မိသားစုဝင်များမှ ပြောကြားမှုကို ကိုးကား၍ မီဒီယာများက ထည့်သွင်းဖော်ပြခဲ့ကြသည်။

    မျက်မြင်သက်သေများကလည်း သေနတ်ဖြင့် အပစ်ခံရသူများမှာ ဆေးဘက်ဆိုင်ရာ ကုသမှုကို မရရှိကြဘဲ လမ်းမပေါ်တွင် သွေးထွက်လွန်၍ သေဆုံးခဲ့ကြသည်ဟု ပြောကြားခဲ့ကြသည်။

    မီချိုအာကန်ဆိုင်ရာ ဖက်ဒရယ်အစိုးရ၏ လုံခြုံရေးကော်မရှင်နာမင်းကြီး အလ်ဖရက်ဒို ကတ်စ်တီလိုက ဇန်န၀ါရီ ၁၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်မှာ ရပ်ရွာအဖွဲ့ဝင်များ အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည်ဟု စောစောပိုင်းတွင် ပြောကြားထားသည်။ ကတ်စ်တီလိုမှာ ပြည်နယ်တွင်း အကြမ်းဖက်မှုများကို တားဆီးရန် ပျက်ကွက်ခဲ့သည်ဟူသော ဖိအားကြောင့် ဇန်န၀ါရီလက ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။

    ပြီးခဲ့သည့်နှစ် စက်ဘာလက ပြည်နယ်တစ်ခုတွင် မူးယစ်ဂိုဏ်းတစ်ခု၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရပြီး အသတ်ခံလိုက်ရသည့် ကျောင်းသား ၄၃ ဦး ကိစ္စတွင်လည်း မက္ကဆီကိုရဲများမှာ အဆိုပါ ကျောင်းသားများကို ဖမ်းဆီး၍ မူးယစ်ဂိုဏ်း၏လက်ထဲသို့ အပ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    Ref: Reuters

  • ဗီလာမှာ နိုင်ပွဲနှင့် ထိုက်တန်သည်ဟု ရော်ဂျာပြော

    ဗီလာမှာ နိုင်ပွဲနှင့် ထိုက်တန်သည်ဟု ရော်ဂျာပြော

    ဧပြီ ၂၀၊ ၂၀၁၅
    M-Media

    liverpool

    – ယမန်နေ့ FA ဖလားပွဲတွင် မိမိတို့အသင်းမှာ အလွန်အမင်း အနိုင်ရချင်ခဲ့သည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားခဲ့ပြီး ပြိုင်ဘက်ဗီလာအသင်း၏ အနိုင်ရမှုမှာ ထိုက်တန်သည်ဟု ၀န်ခံခဲ့သည်။

    ဆီမီးဖိုင်နယ်ဖြစ်သည့် ထိုပွဲတွင် လီဗာပူးလ်မှာ ကော်တင်ဟို၏ ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ဗီလာအသင်းမှ ခရစ္စတီယန် ဘန်တီကီနှင့် ဖာဘီယန် ဒဲလ်ဖ်တို့၏ ချေပဂိုးများကို ခွင့်ပြုခဲ့ရကာ ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်၍ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

    ထိုကဲ့သို့ ရှုံးနိမ့်ခြင်းက လီဗာပူးလ်အသင်းအား ဖလားလက်မဲ့ရာသီဖြစ်ရန် ကျိန်းသေခဲ့ပြီး ရော်ဂျာမှာလည်း ၁၉၅၀ ခုနှစ် နောက်ပိုင်း ၃ နှစ်ဆက်တိုက် ဖလားလက်မဲ့ဖြစ်ခဲ့သည့် ပထမဆုံး လီဗာပူးလ်နည်းပြအဖြစ် စာရင်းဝင်သွားခဲ့သည်။ ရော်ဂျာကမူ အသင်းနေဖြင့် ထိုခံစားမှုကို အသင်းပိုကောင်းလာရေးအတွက် အသုံးချသွားမည်ဟု ဆိုသည်။

    “ရေကုန်ရေခန်းတိုက်ပွဲဝင်သွားမယ်လို့ ကျွန်တော်တို့ သန္ဓိဌာန်ချထားခဲ့တာပါ။ ပြိုင်ပွဲနှစ်ခုမှာ (ဗိုလ်စွဲဖို့) နီးစပ်ခဲ့ပေမယ့် အဆင့်တစ်ခုရောက်အောင် ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ အနာဂတ်အတွက် ဒီကနေ သင်ယူနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ တစ်ခါတစ်လေ အနိုင်ရလိုစိတ် သိပ်များနေနိုင်ပြီး အနိုင်ရစေမယ့် အာရုံစူးစိုက်မှုကနေ အဝေးရောက်သွားနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ စွမ်းအင်တွေ ဒီနေ့မှာ ကျခဲ့တယ်လို့ ထင်ပါတယ်” ဟု ရော်ဂျာက ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ရော်ဂျာက ဗီလာမှာ အစကောင်းခဲ့ပြီး ၎င်းတို့ ပြုသမျှကို မိမိတို့က နုခဲ့ရကြောင်း၊ ဗီလာမှာ အနိုင်နှင့် ထိုက်တေန်ပါကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ လီဗာပူလ်းမှာ ယမန်နှစ်က ခြေစွမ်းကောင်းများ ပြသခဲ့ပြီး ပရီးမီးယားလိဂ်တွင် ဒုတိယနေရာကို ရရှိခဲ့သည်။ ရော်ဂျာကမူ ယခုနှစ်တွင် အသင်းသားများ၌ ထိုကဲ့သို့ စူးစိုက်မှု လျော့ကျသွားခဲ့သည်ဟု ၀န်ခံခဲ့သည်။

    Ref: Goal.com

  • ယူကေတွင် အစားအသောက်ဘဏ်များကို မှီခိုနေရသူ ၁ သန်းနီးပါးရှိလာ

    ယူကေတွင် အစားအသောက်ဘဏ်များကို မှီခိုနေရသူ ၁ သန်းနီးပါးရှိလာ

    ဧပြီ ၂၀၊ ၂၀၁၅
    M-Media

    food bank

    – ဘ၀ရပ်တည်ရေး ခက်ခဲသူများကို ထောက်ပံ့ကူညီပေးသည့် အစားသောက်ဘဏ်များကို မှီခို အသက်ရှင်နေရသူ အရေအတွက်မှာ ဗြိတိန်တွင် တစ်ရှိန်ထိုးမြင့်တက်လာပြီး မကြာမီ တစ်သန်းအထိ ရောက်ရှိတော့မည်ဟု စနေနေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    အဆိုပါ အစီရင်ခံစာကို ယူကေ၏ အကြီးဆုံး အစားအသောက်ဘဏ်တစ်ခုဖြစ်သော Trussell Trust က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ထိုဘဏ်များမှ အစားအသောက်များ ရယူကြသူ အရေအတွက်မှာ ၉၁၃၁၃၈ ဦးရှိကာ ပြီးခဲ့သည့်နှစ်က ၁၂၈၆၉၇ ဦးရှိရာမှ မြင့်တက်လာခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ထို့ပြင် ၂၀၀၅-၂၀၀၆ ခုနှစ်က အရေးပေါ် အစားအသောက် ၃ ရက်တာ ပေးခဲ့ရသူ အရေအတွက်မှာ ၂၈၁၄ ဦးရှိပြီး လက်ရှိစာရင်းပေးထားသည့် အရေအတွက်မှာ အလွန်များပြားနေသည်ဟု ဆိုသည်။

    တကယ့်လက်တွေ့ ပမာဏမှာ ယခုအရေအတွက်ထက် ပိုများလာနိုင်ပြီး လက်ရှိဖော်ပြထားသော အချက်အလက်များတွင် အခြားသော အရေးပေါ်အစားအသောက် ထောက်ပံ့သူများမှ ကူညီပေးနေရသူများ၊ အစားအသောက်ဘဏ် မရှိသည့် ဒေသတွင် နေထိုင်နေရသူများ၊ ထိုကဲ့သို့ အကူအညီယူရန် ရှက်ရွံ့နေသူများ သို့မဟုတ် အစားလျော့စားခြင်းနှင့် ဈေးပေါသည့်အစားအသောက်များကို ၀ယ်စားကာ ၎င်းတို့၏ အခက်အခဲကို စီမံဖြေရှင်းသူများ မပါဝင်ဟု အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားသည်။

    Trust က နိုင်ငံ၏ စီးပွားရေး နလန်ထူလာခြင်းကို ၀င်ငွေနိမ့်သော မိသားစုများ ခံစားရခြင်းမရှိဟု ဆိုပြီး အစိုးရအနေဖြင့် ထိုကဲ့သို့ နလန်ထူလာခြင်း၏ အကျိုးကျေးဇူးကို ၀င်ငွေနည်းပါးသည့် မိသားစုများထံသို့ အသေအချာရောက်ရှိအောင် ဆောင်ရွက်မပေးပါက အဆင်းရဲဆုံးသူများ၏ ဘ၀များ ပိုကောင်းလာမည်ကို မိမိတို့ တွေ့မြင်ရမည်မဟုတ်ဟု သတိပေးခဲ့သည်။

    ထိုပြသနာကိုဖြေရှင်ရန်အတွက် ဘ၀ရပ်တည်မှု လုံလောက်စေသည့် လုပ်အားခကို စတင်ဆောင်ရွက်ပေးခြင်းနှင့် အနိမ့်ဆုံးလုပ်အားခ သတ်မှတ်ချက်ကို တိုးမြှင့်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ရန်လည်း အဆိုပါအစီရင်ခံစာတွင် တိုက်တွန်းထားသည်။

    ယူကေ၏ ပင်စင်ရေးရာ အကြီးအကဲ ရေချယ် ရီဗက်စ်က မကြာသေးမီကပင် ၀န်ကြီးချုပ်ကင်မရွန်းထံသို့ စာတစ်စောင်ရေးသားခဲ့ပြီး ထိုစာတွင် အစားအသောက်ဘဏ်များကို မှီခိုနေရသည့် ပြည်သူအရေအတွက်ကို လျော့ချရေး ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

    ရေချယ်က ကင်မရွန်း၏ ခေါင်းဆောင်မှုအောက်တွင် အလုပ်သမားအများစုမှာ လုပ်အားခနည်းနည်းသာ ရရှိပြီး ၎င်းတို့၏ မိသားစုများကို မကျွေးမွေးနိုင်ကြကြောင်း၊ အစိုးရ၏ ချွေတာရေးအစီအစဉ်များက ပြည်သူများအား အစားအသောက်ဘဏ်များသို့ ခြေဦးလှည့်ရသည့်အဖြစ်ကို ရောက်ရှိစေကြောင်း ပြောကြားခဲ့သည်။

    ၂၀၁၀ ခုနှစ်က ကင်မရွန်းဦးဆောင်သည့် အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံ၏ အကြွေးထူမှုကို လျော့ချရန်နှင့် စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းကို ဖြေရှင်းရန်အတွက် ချွေတာရေးအစီအစဉ်များကို ဆောင်ရွက်ခဲ့ပြီး ပြီးခဲ့သည့်နှစ်များအတွင်း ပြည်သူများက ထိုအစီအစဉ်များကို ဆန္ဒပြလာကြသည်။

    Ref: PressTV

  • နှစ်သစ်မှာ အတွေးသစ် အမြင်သစ်များအပေါ် လောင်းရိပ် မမိုးမိကြဖို့

    နှစ်သစ်မှာ အတွေးသစ် အမြင်သစ်များအပေါ် လောင်းရိပ် မမိုးမိကြဖို့

    ဧပြီ ၂၀ ၊ ၂၀၁၅
    M-Media
    သက်ဝေနှင်းရေးသည်။

    future
    .
    အခုဆိုရင် မြန်မာတို့ရဲ့ နှစ်သစ်ကိုကူးလူးရောက်ရှိခဲ့ပါပြီ။ နှစ်ဟောင်းမှ အညစ်အကြေးများကို ရေလောင်းဆေးကြောဖြစ်ခဲ့ကြပေပြီ။

    ယခုနှစ်ပြီးခဲ့လေသော သင်္ကြန်ပွဲတော်တွင် ချစ်ကြည်ရင်းနှီးခြင်း ပေါင်းစည်းခြင်းများစွာဖြင့် ဆင်နွဲကြသည်ကိုလည်း တွေ့ရှိခဲ့ကြပေပြီ။ ဟုတ်သည် သင်္ကြန်ကားများအပေါ်တွင် ကြည့်မည်လား။ သို့တည်းမဟုတ် သင်္ကြန်မဏ္ဍပ်များတွင် ကြည့်မည်လား။ ဘာသာခြားများ၊ အသွေးအရောင်မတူသူများ၊ နိုင်ငံခြားဧည့်သည်များနှင့် မြန်မာပြည်သူပြည်သားများ ဒိုးတူဘောင်ဖက် လည်ပတ်နေကြသည်။ ရေပက်ခံနေကြသည်။ ရေပက် ကစားနေကြလေသည်။

    ဤသို့ မတူခြားနားမှုများ အတူယှဉ်တွဲကာပေါင်းစည်းပျော်ရွှင်မှုသည် မြန်မာပြည်ကြီး၏ ငြိမ်းချမ်းခြင်း ပျော်ရွှင်သာယာခြင်း နမိတ်ပုံတစ်ခုပင် ဖြစ်ပေသည်။

    ယခုတိုးတက်၍ခေတ်မှီပြီး လွတ်လပ်ပွင့်လင်းလာသော ဒီမိုကရေစီခေတ်ကြီးတွင် လူတိုင်းလူတိုင်းသည် လွတ်လပ်စွာတွေးခေါ်မှု၊ လွတ်လပ်ပွင့်လင်းစွာ ဆုံးဖြတ်စီရင်နိုင်မှု၊ လူတစ်ဦးချင်းစီ အခွင့်အရေးများကို မည်သည့်အုပ်ချုပ်သူ၊ မည်သည့်လူ့အဖွဲ့အစည်းများမှ ချုပ်ကိုင်ထားခွင့် ချုပ်ကိုင်ပိုင်ဆိုးထားခြင်းမရှိတော့ပေ။ လူသားတို့၏ ကိုယ်ပိုင်ဥာဏ်ရည်ဥာဏ်သွေး ပွင့်လင်းမြင့်မားလာခြင်း၏ အခြေခံသဘောသည်လည်း ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်နှင့် လွတ်လပ်စွာ စူးစမ်းလေ့လာနိုင်ခွင့်တို့ အပေါ်တွင်လည်း မူတည်ပေသည်။ ချုပ်ခြယ်မှုများ တားမြစ်ပိတ်ပင်မှုများ၊ ကန့်သတ်ခွဲခြားမှုများဆိုသည်မှာလည်း နည်းမှန်လမ်းမှန်ဖြစ်ရန်များစွာ အရေးကြီးလှပေသည်။

    ယနေ့ခေတ်တွင် လူငယ်များတက်သစ်စ မျိုးဆက်သစ်များ အကြားတွင် ကန့်သတ်ချုပ်ခြယ်မှုများ ခွဲခြား ပိုင်းဖြတ်မှုများ နည်းပါးလာသည်ကို တွေ့ရှိကြရမည် ဖြစ်ပေသည်။ ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် လူကြီးဖြစ်လာသောအခါတွင် ခွဲခြားမှုမရှိသော အတွေးအခေါ်အသစ်၊ အယူအဆအသစ်များ အားစွဲကိုင်လျှက် လမ်းသစ်ဖောက်မည့် အနာဂတ်ကြယ်များပင်ဖြစ်၏။

    ထို့ကြောင့် ယနေ့လူကြီးဖြစ်နေကြသည့် လူကြီးများသည် နောင်တွင်လူကြီးဖြစ်လာမည့် လူငယ်များအပေါ်တွင် နားလည်မှုများစွာထားရှိ၍ လူငယ်များ၏အတွေးအခေါ်အသစ် အယူအဆအသစ်၊ လမ်းစဉ်အသစ်များနှင့် ပတ်သတ်၍ ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်း၊ တားမြစ်ခြင်းများ ပြုလုပ်မည့်အစား ထိုက်သင့်သလောက်လက်ခံပေးနိုင်ကြမည်ဆိုပါမှ ငြိမ်းချမ်းသာယာသော ပေါင်းစည်းမှုအသင်းများ လူသားတို့အကြားတွင် ပေါက်ဖွား ရှင်သန်ပေလိမ့်မည်။ လူငယ်များ၏စိတ်၊ ဦးနှောက်၊ အတွေးအခေါ်၊ အယူအဆများအပေါ်တွင် မည်သည့်လောင်းရိပ်ကိုမျှ မအုပ်စိုးမိစေရန် သတိချပ်ဖို့သာလိုအပ်လှပေသည်။

    သက်ဝေနှင်း