News @ M-Media

ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ချယ်ဆီးလူငယ်ကြယ်ပွင့် ရရှိ

ဧပြီ ၂၀၊ ၂၀၁၅
M-Media

championship

– ချန်ပီယရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းသို့ အငှားဖြင့် သွားရောက်ကစားနေသည့် ချယ်ဆီးလူငယ်ကြယ်ပွင့် ပက်ထရစ် ဘမ်းဖို့ဒ်မှာ ထိပ်တန်းခြေစွမ်းများကို ပြသနိုင်ခဲ့ပြီးနောက် ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

အသက် ၂၁ နှစ်အရွယ်ရှိပြီး ချယ်ဆီးအသင်းကြီးအတွက် မကစားရသေးသော ဘမ်းဖို့ဒ်မှာ ပရီးမီးယားလိဂ်သို့ တက်ရောက်ရန် ကြိုးစားနေကာ တတိယနေရာတွင် ရှိနေသည့် မစ်ဒယ်ဘရော့အသင်းအတွက် ၃၆ ပွဲကစားထား ၁၇ ဂိုး သွင်းယူပေးထားသည်။

ဘမ်းဖို့ဒ်မှာ အပ်စ်ဝစ်ခ်ျတောင်းမှ ဒါရိုင်လ် မာဖီနှင့် ၀ဒ်ဖို့ဒ်အသင်းမှ ထရွိုင် ဒီနေတို့ကို ကျော်ဖြတ်ကာ ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အနာဂတ် ချယ်ဆီးအသင်းတွင် ပါဝင်ခွင့်ရရေး မသေချာသေးပေ။

စပါးမှ လိဂ်ဝမ်းကလပ် MK Dons သို့ အငှားချထားသော ဒီလီအဲလီမှာလည်း လိဂ်ပြိုင်ပွဲများ၏ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပြီး ၎င်းမှာ ဘမ်းဖို့ဒ်နှင့် နသန် ရက်မွန်းတို့ကို ကျော်ဖြတ်၍ ရရှိခဲ့ခြင်းဖြစ်သည်။

အသက် ၁၉ နှစ်အရွယ် အဲလီမှာ ဇန်န၀ါရီလကမှ စပါးအသင်သို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သော်လည်း MK Dons သို့ ပြန်လည် အငှားချခြင်း ခံခဲ့ရပြီး အသင်းအတွက် ၁၅ ဂိုးသွင်းပေးခဲ့ကာ ၅ ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး လိဂ်ဝမ်းအမှတ်ပေးဇယား၏ တတိယနေရာ ရရှိရေးတွင် ကူညီပေးနိုင်ခဲ့သည်။

Ref: Goal.com

Comments

Leave a Reply