News @ M-Media

Blog

  • မေ၀ယ်သာကို နိုင်မယ်ဆိုတဲ့အာရုံတွေ ရနေတယ်လို့ ပက်ကွီအိုဆို

    မေ၀ယ်သာကို နိုင်မယ်ဆိုတဲ့အာရုံတွေ ရနေတယ်လို့ ပက်ကွီအိုဆို

    ဧပြီ ၁၆၊ ၂၀၁၅
    M-Media

    pacquio

    – လက်ဝှေ့သမိုင်းမှာ ကြေးအကြီးဆုံးပြိုင်ပွဲအဖြစ် မေလ ၂ ရက်နေ့မှာ ထိုးသတ်မယ့် ဖလွိုက် မေ၀ယ်သာနဲ့ ပွဲအတွက် ပြင်ဆင်နေတဲ့ ပက်ကွီအိုက သူလေ့ကျင့်နေတဲ့ လော့စ်အိန်ဂျလိစ် ဂျင်မ်မှာ မနေ့က မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပြီး သူ့အနေနဲ့ အနိုင်ရမယ်ဆိုတဲ့အာရုံတွေ ရနေတယ်လို့ ပြိုင်ဘက် မေ၀ယ်သာကို သတိပေးလိုက်ပါတယ်။

    “နိုင်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုဟာ ဒီပွဲလောက် ဘယ်တုန်းကမှ မမြင့်မားခဲ့ပါဘူး။ နိုင်ကိုနိုင်မယ်ဆိုတဲ့ အာရုံတွေ ကျွန်တော် ပြန်ရနေပါတယ်” လို့ ပက်ကွီအိုက ပြောကြားခဲ့ပါတယ်။

    ဒီထိုးပွဲမှာ ကန်ဒေါ်လာ သန်း ၁၂၀ ထက်မနည်း ရမယ့် ပက်ကွီအိုဟာ ငယ်ငယ်တုန်းက တော်တော်လေးဆင်းရဲခဲ့ပြီး ၂ ဒေါ်လာလောက် ရဖို့အတွက် အသက် ၁၂ နှစ်လောက်က လက်ဝှေ့ကြိုးဝိုင်းထဲ ၀င်ခဲ့တာလို့လည်း ဒီတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

    “တစ်ယောက်က လက်ဝှေ့ပွဲတွေ မြို့ထဲမှာရှိနေတယ်လို့ ကျွန်တော်နဲ့ သူငယ်ချင်းတွေကို လာပြောပါတယ်။ လက်ဝှေ့ဆိုတာ ဘာမှန်းတောင် ကျွန်တော်မသိပါဘူး။ ဒါပေမယ့် နိုင်နိုင် ရှုံးရှုံး ဆုရမယ်လို့ ကျွန်တော်တို့ကို ပြောပါတယ်။ နိုင်ရင် ပီဆို ၂၀၀ (ကန် ၂ ဒေါ်လာနဲ့) ရှုံးရင် ပီဆို ၁၀၀ လို့ပါ။ ဒ့ါကြောင့် ကျွန်တော်တို့ သွားပြိုင်ခဲ့ပြီး ကျွန်တော် နိုင်ခဲ့ပါတယ်” လို့ သူ့ရဲ့ ငယ်ဘ၀ကို ပက်ကွီအိုက ရင်ဖွင့်ခဲ့ပါတယ်။

    ရလာတဲ့ ပီဆို ၂၀၀ ကို မိသားစုထမင်းဝိုင်းလေး စိုပြေဖို့အတွက် အမေကိုပေးခဲ့ပြီး၊ အမေက ဘယ်ကရလဲလို့ မေးတဲ့အခါမှာတော့ လက်ဝှေ့ပွဲက ရတယ်လို့ ပက်ကွီအိုတစ်ယောက် မပြောရက်ခဲ့ပါဘူး။

    “ဒီပိုက်ဆံတွေ ဘယ်ကရလဲလို့ အမေက မေးတဲ့အခါမှာတော့ ကျွန်တ်ာက လက်ဝှေ့ထိုးလို့ ရခဲ့တယ်လို့ မပြောခဲ့ပါဘူး။ တနင်္ဂနွေနေ့တိုင်း ကျွန်တော်တို့ သွားထိုးခဲ့ပြီး၊ ကျွန်တော်က ပီဆို ၂၀၀ ဆက်တိုက်ရခဲ့ပါတယ်”

    ပက်ကွီအိုကို လက်ဝှေ့ပိုး ထည့်ပေးခဲ့သူကတော့ သူ့ရဲ့ ဦးလေးဖြစ်ပြီး မိုဟာမက်အလီနဲ့ ဖိုးမန်းတို့ ထိုးတဲ့ပွဲတွေ၊ ဟိုလီဖီးရဲ့ပွဲတွေနဲ့ အခြား လက်ဝှေ့ကျော်တွေရဲ့ ထိုးပွဲဗီဒီယိုတွေကို ပက်ကွီအိုဆီ ယူလာပေးခဲ့ပါတယ်။

    “လက်ဝှေ့ဆိုတာ အကောင်းဆုံး အားကစားပါ။ ဘာ့ကြောင့်လဲဆိုတော့ ဘ၀အကြောင်းသင်ပေးတယ်လေ။ ဥစ္စာရင်လိုရင် ဥစ္စာရင်ခဲရမယ်ဆိုတာကို လက်ဝှေ့ပွဲကနေ ကျွန်တော် သင်ယူခဲ့ရတယ်” လို့ ပက်ကွီအိုက ဆိုပါတယ်။

    ပရဟိတသမားဖြစ်တဲ့ သူက အသုံးအဖြုန်းကြီးတဲ့ မေ၀ယ်သာကို အလှူဒါနပြုဖို့လည်း တိုက်တွန်းခဲ့ပါသေးတယ်။

    “သူရှာထားတဲ့ငွေဖြစ်တာကြောင့် ဖလွိုက်ဟာ ဒီငွေတွေကို သုံးဖို့အတွက် ထိုက်တန်ပါတယ်။ ဒီပုံစံမျိုးနဲ့ ငွေတွေသုံးဖို့လည်း သူ့မှာ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် လိုအပ်နေတဲ့သူတွေကို ကူညီရတဲ့အခါ ဘယ်လောက်ပီတိဖြစ်ရတယ်ဆိုတာကိုလည်း သူ့ကို ကျွန်တော် အသိပေးချင်ပါတယ်။ လူတွေကို မြေလေးတွေဝယ်ပေးတာ၊ အိမ်လေးတွေဆောက်ပေးတာမျိုးပေါ့”

    ဒါတင်မကသေးဘဲ လက်ဝှေ့အားကစားကို မြတ်နိုးမိပြီး ပရိတ်သတ်တွေကိုလည်း ပြန်လည်ပေးဆပ်ချင်တယ်လို့ ဆိုပါတယ်။

    “လက်ဝှေ့ကို အခုအချိန်အထိ အရူးအမူး ဖြစ်နေတုန်းပါပဲ။ ပရိတ်သတ်တွေ ကျေနပ်စေဖို့၊ သူတို့ရဲ့အားပေးမှုအတွက် စိတ်လှုပ်ရှားမှုတွေ ပြန်ပေးဖို့ ကျွန်တော် ထိုးနေတာပါ။ ပိုက်ဆံအတွက်တော့ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ပစ္စည်းမက်သူမဟုတ်ပါဘူး”

    မေ၀ယ်သာကတော့ အင်္ဂါနေ့မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပြီး သူအနေနဲ့ လက်ဝှေ့ကို ချစ်ခင်မြတ်နိုးမိပြီး အခုအချိန်မှာတော့ စီးပွားရေးအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ဂျူအန် မန်နျူယဲလ် မားကွက်ဇ်ကို အလဲထိုးအနိုင်ယူခဲ့တာကို ထောက်ပြပြီး ပက်ကွီအိုအား မညှာမတာ ထိုးတတ်တဲ့ လက်ဝှေ့သမားဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ နောက်ပြီး ပက်ကွီအိုနဲ့ နောက်တစ်ပွဲ ထိုးချင်တယ်လို့လည်း မေ၀ယ်သာက ဖွင့်ဟသွားခဲ့ပါတယ်။

    Ref: Dailymail

  • ဖိလစ်ပိုင်၏ ပထမဆုံး ဟာလာလ် အသားထုတ်စက်ရုံ မကြာမီ လည်ပတ်တော့မည်

    ဖိလစ်ပိုင်၏ ပထမဆုံး ဟာလာလ် အသားထုတ်စက်ရုံ မကြာမီ လည်ပတ်တော့မည်

    ဧပြီ ၁၆၊ ၂၀၁၅
    M-Media

    halal

    – နိုင်ငံအတွင်းရှိ မွတ်စလင်များ ဟာလာလ်အသားများကို လွယ်ကူစွာ ၀ယ်ယူစားသုံးနိုင်ရန်နှင့် အိမ်နီးချင်းနိုင်ငံများအား ဟာလာလ်အသားများ တင်ပို့နိုင်ရန်အတွက် နိုင်ငံ၏ ပထမဆုံး ဟာလာလ်နည်းကျ အသားများ ထုတ်လုပ်ပေးသော စက်ရုံကို ဖိလစ်ပိုင်အစိုးရက တည်ဆောက်ပေးခဲ့ပြီး မကြာမီ လည်ပတ်တော့မည်ဟု သိရသည်။

    “BIMP-EAGA (ဘရူးနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်- အာဆီယံအရှေ့ပိုင်း ဖွံ့ဖြိုးရေး ဧရိယာ) ကို အသားတွေ တင်ပို့နိုင်တဲ့ အလားအလာကောင်းတွေ ရှိနေပါတယ်။ ဒါ့ကြောင့် ဒီစက်ရုံတည်ထောင်မှုမှာ ပါဝင်သူတွေအနေနဲ့ ဟာလာလ်အသား ထုတ်လုပ်ရေးနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို ဆွေးနွေးပြဌာန်းကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ဖိလစ်ပိုင် လယ်ယာစိုက်ပျိုးရေးဌာန DA မှ အတွင်းရေးမှူး ပရိုဆက်ဆို အလ်ကာလာက Philippines Information Agency သို့ ဧပြီ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

    အဆိုပါ စက်ရုံမှာ နိုင်ငံတောင်ပိုင်း မင်ဒါနာအိုပြည်နယ်ရှိ ကိုတာဘာတိုမြို့တွင် တည်ရှိပြီး တစ်နာရီတွင် ကျွဲနွား ၁၅ ကောင်၊ ရေကျွဲ ၁၀ ကောင်၊ ဆိတ် အကောင် ၄၀ တို့ကို လှီးဖြတ်ကာ အသားများ ထုတ်ပေးနိုင်မည် ဖြစ်သည်။ အဆိုပါ စက်ရုံကို DA ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှ ရန်ပုံငွေမတည်ကာ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး ကိုတာဘာအို၊ မင်ဒါနာအို အလယ်ပိုင်းနှင့် အခြားသော ဒေသများရှိ မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများအတွက်ပါ အသားများ ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

    အလ်ကာလာ က DA ၏ ၂၀၁၆ ခုနှစ် ဘက်ဂျက်အတွင်း စီမံကိန်းသစ်အဖြစ် ပါဝင်သော အသားထုတ်လုပ်ရေးဆိုင်ရာ လမ်းပြမြေပုံနှင့်အညီ အကောင်အထည်ဖော်ခြင်းအား စစ်ဆေးရန်အတွက်လည်း အထူးအဖွဲ့တစ်ခု ထားရှိသွားမည်ဟု တည်ပြုခဲ့သည်။ မွတ်စလင်လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းအားဖြင့် အလ်ကာလာမှာ ကိုတာဘာတိုမြို့ရှိ တိရိစ္ဆာန်ကုဆရာဝန်များ တောင်းဆိုသော ဟာလာလ် ကြက်၊ ဘဲ မွေးမြူရေးစီမံကိန်း ဖော်ဆောင်ပေးရေးကိုလည်း ထောက်ခံသည်ဟု ပြောဆိုခဲ့သည်။

    “ဒီလိုဆောင်ရွက်မှုတွေကတစ်ဆင့် အစိုးရဟာ မင်ဒါနာအိုပြည်နယ်မှာ ကြာရှည်ခံမယ့် ငြိမ်းချမ်းရေး မြှင့်တင်ပေးမှုအတွက် စိတ်စေတနာရှိတယ်ဆိုတာကို ကျွန်တော်တို့ ပြသချင်ပါတယ်။ ဒီက ကျွန်တော်တို့ရဲ့ ညီနောင်တွေကို သေနတ်တွေအစား၊ စိုက်ပျိုးမွေးမြူရေးပစ္စည်းတွေ ကိုင်တာကိုပဲ မြင်ချင်ပါတယ်” ဟု အလ်ကာလာက ထည့်သွင်းပြောကြားခဲ့သည်။

    “ဟာလာလ်” ဆိုသည်မှာ အာရဘီစကားလုံးဖြစ်ပြီး “ခွင့်ပြုထားသောအရာ”ဟု အဓိပ္ပါယ်ရကာ များသောအားဖြင့် အစားအသောက်များတွင် သတ်မှတ်သည်။ မွတ်စလင်များမှာ အစ္စလာမ်က စားသုံးရန် ခွင့်ပြုထားသော တရိစ္ဆာန်များအား ဟာလာလ်နည်းကျ လှီးဖြတ်ကာ ထုတ်ယူထားသော အသားများကိုသာ စားသုံးရသည်။ အခြားသော အစားသောက်များတွင်လည်း သန့်ပြန်ပြီး၊ ရောဂါပိုးကင်းရှင်းစေရန် ဆောင်ရွက်ရပြီး ထိုသို့ ဆောင်ရွက်ခြင်းကိုလည်း ဟာလာလ်နည်းကျ စီမံထားသည်ဟု ခေါ်ဆိုသည်။

    ထို့ပြင် စီးပွားရေး၊ လူမှုရေးနှင့် အခြားသောလုပ်ငန်းဆောင်တာများတွင်လည်း ရုပ်ပိုင်းဆိုင်ရာနှင့် နာမ်ပိုင်းဆိုင်ရာ ညစ်ညမ်းစွန်းထင်းမှုမှ ကင်းစင်သော နည်းလမ်းများဖြင့် လုပ်ကိုင်ဆောင်ရွက်ကာ မိမိတို့၏ အသက်တာကို မွေးမြူကြရန် အစ္စလာမ်က တိုက်တွန်းထားသည်။ ထို နည်းလမ်းများကိုလည်း ဟာလာလ်နည်းလမ်းများဟု ခေါ်ပြီး အစ္စလာမ့်ရေးရာ ကျမ်းစာများတွင် အသေးစိတ် သတ်မှတ်ပြဌာန်းထားသည်။

    Ref: Onislam

  • ကမ္ဘာ့ပထမဆုံးလေယာဉ်မှူး အဘ္ဘာ့စ် အိဗ်နု ဖိရ်နာ့စ်

    ကမ္ဘာ့ပထမဆုံးလေယာဉ်မှူး အဘ္ဘာ့စ် အိဗ်နု ဖိရ်နာ့စ်

    ဧပြီ ၁၆ ၊ ၂၀၁၅
    M-Media
    photo_42_big
    သွားလာလမ်းလျှောက်တတ်တဲ့ လူသားမှန်သမျှ ပျံသန်းမှုကို အိပ်မက်မက်ဖူးကြပါတယ်။

    ပျံသန်းနိုင်ဖို့ကြိုးစားခဲ့ကြသူများရဲ့ ဒဏ္ဍာရီတွေ၊ ဇာတ်လမ်းလေးတွေ ရာဇ၀င်ထဲမှာ အပြည့်ပါ။ သူရိယနေမင်းနဲ့အနီးဆုံးရောက်အောင် ပျံသန်းရင်း ဖယောင်းတောင်ပံတွေ အရည်ပျော်ပြီး ပင်လယ်ထဲ ထိုးချနစ်မြုပ်ခဲ့တဲ့ Icarus အကြောင်းကတော့ အကျော်ကြားဆုံးပါပဲ။ လေပေါ်ပျံဝဲနိုင်တဲ့အရာ စွန်/လေတံခွန်ကို ဘီစီ ၅ ရာစုနှစ်ဝန်းကျင်မှာ ပထမဦးဆုံးအောင်မြင်စွာ ပြုနိုင်ခဲ့တာ ကတော့ တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။ သို့ပေမယ့် လူလိုက်ပါစီးနင်းနိုင်တဲ့ ပျံသန်းမှုကို ပထမဆုံးအောင်မြင်စွာ အုတ်မြစ်ချနိုင်ခဲ့တာက အဘ္ဘာ့စ် အိဗ်နု ဖိရ်နာ့စ် အမည်ရှိ မွတ်စ်လင်မ်တစ်ဦးဖြစ်ပါတယ်။ အေဒီ ၈၇၅ ခုနှစ် စပိန်နိုင်ငံ၊ ကော်ဒိုဗာမြို့မှာ ဖြစ်ပါတယ်။

    အဘ္ဘာ့စ် အိဗ်နု ဖိရ်နာ့စ်ကို Izn-Rand Onda Al-Andalus ယခု Ronda Spain မှာ မွေးဖွားခဲ့ပြီး၊ မွတ်စ်လင်မ်ကမ္ဘာက အဓိက ပညာစင်တာတစ်ခုဖြစ်တဲ့ ကော်ဒိုဗာမှာ နေထိုင်ခဲ့တယ်။ သူဟာ တီထွင်သူ၊ အင်ဂျင်နီယာ၊ လေယာဉ်မှူး၊ ရူပဗေဒပညာရှင်၊ အရဗီစာဆို၊ အန်ဒလူစီယာဂီတပညာရှင် ဆိုတဲ့ စွယ်စုံရပညာရှင်တစ်ဦးပါ။
    e75b343c9fb7f746848c921865611379
    အိဗ်နု ဖိရ်နာ့စ်အပေါ် လွှမ်းမိုးခဲ့သူဟာ အေဒီ ၈၅၂ ခုနှစ်က အာမီးန် ဖိရ်မာန်း အမည်ရှိသူ ဖြစ်တယ်လို့ အဆိုရှိပါတယ်။ အဲ့ဒီလူဟာ စွန့်စားခန်းပြုလုပ်ချက်များနဲ့ ရပ်တည်နေထိုင်သူ ဖြစ်တယ်။ သူက သိပ္ပံပညာရှင် မဟုတ်ပေမဲ့ သူ့ဝန်းကျင်က သဘာဝတွေကို စူးစမ်းလေ့လာသူနေသူတစ်ဦး ဖြစ်တယ်။ ပျံသန်းမှုနည်းပညာအခြေခံသဘောကိုမူတည်လို့ သစ်ထည်ကိုင်းတပ် ပိုးစ၀တ်စုံကြီးတစ်ခုကို တည်ဆောက်တယ်။ အာမီးန် ဖိရ်မန်းဟာ အဲ့ဒါကို သယ်ဆောင်ဆင်ယင်လို့ ကော်ဒိုဗာဂျာမေ့ဗလီကြီးရဲ့ ၀တ်ပြုဖိတ်ခေါ်မျှော်စင်ထိပ်ပေါ်တက်ပြီး ခုန်ချလိုက်ပါတယ်။ ပျံသန်းမှု မဖြစ်ခဲ့ပါဘူး။ အရှိန်အဟုန်နဲ့ ရုပ်ပျက်ဆင်းပျက် ကျသွားပါတယ်။ သို့သော်လည်း ကံကောင်းထောက်မစွာနဲ့ သူ့ရဲ့ပုံကြမ်းယာဉ်လေးက ဆင်းသက်မှုကို နှေးကွေးသွားစေခဲ့တဲ့အတွက် တဟုန်ထိုးအရှိန်ပြည့် မပြုတ်ကျတာကြောင့် မြေပြင်ကိုရောက်တဲ့အခါ သေလုမျောပါးဒဏ်ရာရာတာတို့၊ သေဆုံးတာတို့ မဖြစ်ခဲ့ပါဘူး။ မဆိုစလောက်မျှသာ ထိခိုက်သွားခဲ့ပါတယ်။ ဒါကို ကမ္ဘာ့ပထမဆုံး လေထီးခုန်ခြင်းလို့ ပြောမယ်ဆိုရင်ပြောလို့ရပါလိမ့်မယ်။

    အိဗ်နုဖိရ်နာ့စ်က စောင့်ကြည့်နေတဲ့ပရိသတ်အကြား ရှိနေခဲ့တယ်။ အဲ့ဒီရလဒ်တွေကို အလွန် နှစ်ထောင်းအားရသွားခဲ့တယ်။ အဲ့ဒီကြိုးပမ်းချက်က သိပ္ပံနည်းမကျလှတဲ့ ပုံကြမ်းသဘောသာ ဖြစ်သော်လည်း ဆင့်ပွားလေ့လာတိုးချဲ့လိုတဲ့ “ပိုး” သူ့ဆီမှာ ကပ်သွားပါတော့တယ်။

    1EKSa

    အာမီးန်ဖိရ်မန်းအလွန် နောက်ထပ် ၂၃ နှစ်အကြာ ၈၇၅ ခုနှစ်မှာ အသက် ၇၀ အရွယ်ရှိနေပြီဖြစ်တဲ့ အိဗ်နု ဖိရ်နာ့စ်ဟာ သူ့ရဲ့ပျံသန်းယာဉ်ကို တည်ဆောက်ခဲ့ပါတယ်။ အခြားသောလေ့လာမှုတွေထဲ နှစ်ပေါင်းများစွာမြှုပ်နှံခဲ့ရတာဖြစ်ပါတယ်။ ပိုးသားသက်သက် တောင်ပံတစ်စုံနဲ့အတူ သစ်သားသုံး တည်ဆောက်ခဲ့တယ်။ တကယ့်တောင်ပံခတ်နေတဲ့အတိုင်း သူ ပျံသန်းနိုင်ခဲ့ပါတယ်။ အလ် အရုစ် ဆိုတဲ့ တောင်ကမ်းပါးယံထိပ်ကနေ ခုန်ချလိုက်တယ်။ အချိန်အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်ပျံဝဲနိုင်ခဲ့ပါတယ်။ အဲ့ဒီပျံသန်းမှု ၁၀ မိနစ်လောက် ကြာမြင့်တယ်လို့ မျက်မြင်သက်သေများက ဆိုခဲ့ကြပါတယ်။

    အဆုံးသတ်ဆင်းသက်တဲ့အခါမှာ သူ့ဒီဇိုင်းမှာ ပြဿနာတစ်ခုရှိနေကြောင်း သိရှိသွားခဲ့တယ်။ ကိရိယာများကို လေ့လာဆင်ယင်ခြင်းမှာ အစွမ်းကုန်စူးစိုက်အားထုတ်ခဲ့ပေမယ့် ဆင်းသက်မှုနည်းစနစ်ကို လျစ်လျူရှုခဲ့မိတာပါ။ ပြန်လည်ဆင်းသက်ချိန်မှာကျတော့ လျင်မြန်နှုန်းကို မထိန်းနိုင်တော့ဘဲ အရှိန်ပြင်းပြင်းနဲ့ မြေပြင်ကိုဆောင့်မိလို့ အကြီးအကျယ်ဒဏ်ရာရသွားခဲ့ပါတယ်။

    ဒီဖြစ်စဉ်ရဲ့နောက် အိဗ်နု ဖိရ်နာ့စ်ဟာ နောက်ထပ် ၁၂ နှစ် နေထိုင်သွားခဲ့ပါတယ်။ သူ့ရဲ့နောက်ဆုံးနှစ်များမှာ သူ့အမှားပေါ်သင်ခန်းစာယူပြီး ဆင်းသက်မှုနှေးကွေးအောင်မထည့်နုင်ခဲ့တဲ့ ယာဉ်ပုံစံရဲ့အဖြေကို ရရှိသွားပါတယ်။ ငှက်များဟာ သူတို့ရဲ့ တောင်ပံနဲ့အမြီးကို အချိုးတကျဟန်ချက်ညီညီအသုံးပြုပြီး အရှိန်ကိုလျှော့ချတယ်၊ မြေပြင်နဲ့မထိမီ ဆင်းသက်နေရာအတွက် ပြင်ဆင်ထားတတ်တယ်။ ဒီအပေါ်မှာ မိမိရဲ့ယာဉ်ပုံစံထဲ အမြီး မတပ်မိကြောင်း အီဗ်နု ဖိရ်နာ့စ် နားလည်သွားခဲ့တယ်။

    အဘ္ဘာ့စ် အိဗ်နု ဖိရ်နာ့စ်ဟာ သူ့ဘ၀မှာ နောက်ထပ်တစ်ကြိမ် ပျံသန်းဖို့ မကြိုးစားခဲ့ပါဘူး။ သူလွန်ပြီး ရာစုနှစ်များစွာကြာတဲ့နောက် သက္ကရာဇ် ၁၆၃၀-၁၆၃၂ ခုနှစ်လောက်မှာ အော်တိုမန်တူရကီလူမျိုး အဟ်မဒ် စလဘီ Ahmed Celebi က Bosporus ဖြတ်ပျံဖို့ ကြိုးပမ်းချက်တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ၁၇၈၃ ခုနှစ်၊ ပဲရစ်မှာ မောင့်ဂိုလ်ဖီယာညီနောင်က လေပူဖြည့်ပူဖောင်းနဲ့ လူလိုက်ပါပျံသန်းတယ်။ ၁၈၅၃ ခုနှစ်ရောက်တဲ့အခါမှာတော့ ပထမဆုံးလူစီးပျံသန်းယာဉ်ကို လေကြောင်းပျံသန်းမှုနည်းပညာပေါ်အခြေခံပြီး တည်ဆောက်နိုင်ခဲ့ပါတယ်။ အင်္ဂလန်က ယော့ခ်ရှိုင်းယားမြို့ထဲ လှည့်ပတ်ပျံသန်းပြခဲ့ပါတယ်။ ဒါက ၈၇၅ ခုနှစ် အဘ္ဘာ့စ် အိဗ်နု ဖိရ်နာ့စ်ရဲ့ ချဉ်းကပ်ကြိုးပမ်းမှုရဲ့နောက် နှစ်ပေါင်း ၁၀၀၀ နီးပါးကြာမှ ပေါ်ထွက်လာခဲ့တာပါ။

    အဘ္ဘာ့စ် အိဗ်နု ဖိရ်နာ့စ်ဟာ လူစီးပျံသန်းယာဉ်ကြိုးစားမှုအတွက် ကျော်ကြားလှပါတယ်။ ဒါပေမယ့် သူ့ကို ကျော်စောစေတဲ့ အခြားသော လုပ်ဆောင်ချက်များလည်း ရှိပါသေးတယ်။ သူဟာ လည်ပတ်နေတဲ့ဂြိုလ်တာရာတွေကိုကြည့်ရှုလေ့လာဖို့ စက်ကိရိယာတပ် အာကာသမျှော်စင် တည်ဆောက်ခဲ့သူ နက္ခတ္တဗေဒ(အာကာသလေ့လာရေး)ပညာရှင်လည်းဖြစ်ပါတယ်။ ပြီးတော့ စက်မှုဆိုင်ရာကိရိယာ၊ အချိန်(နာရီ)တိုင်းထွာရေးကိရိယာများစွာကိုလည်း လေ့လာခဲ့တယ်။ သူဟာ ပုံဆောင်ခဲ၊ စိန်ဖြူ၊ သဲများအကြောင်းကို စိတ်ဝင်စားရာက သဲကိုအရည်ဖျော်ပြီး ဖန်သားအဖြစ် အသွင်ပြောင်းတီထွင်နိုင်ခဲ့ပါတယ်။ အန်ဒလူစီယာ ရေသောက်ဖန်ခွက်များဟာ သူ့တီထွင်မှုရဲ့အကျိုးဆက်ပါ။ အဲ့ဒီအပြင် မှန်ဘီလူး၊ မှန်ဘီလူးချဲ့အား၊ ဖန်/မှန်ကထွက်လာတဲ့ အရာမှန်သမျှကိုလည်း သုတေသနပြုစမ်းသပ်ခဲ့ပါသေးတယ်။

    အဘ္ဘာ့စ် အိဗ်နု ဖိရ်နာ့စ်ရဲ့ စွမ်းဆောင်ချက်များကို အသိအမှတ်ပြုတဲ့အနေနဲ့ နက္ခတ်တာရာ အာကာသသိပ္ပံအသင်း(IAU/WGPSN)က လပတ်လမ်းတစ်ခုကို ၁၉၇၆ ခုနှစ်မှာ အိဗ်နုဖိရ်နာ့စ် လို့ ဂုဏ်ပြုကင်ပွန်းတပ်ခဲ့ကြပါတယ်။

    xxxxxxxxxxxxx

    Ref : Forgotten Islamic History
    ပြန်ဆိုသူ – မင်းထွဋ်ခေါင်

  • မထင်မှတ်တဲ့ ရလဒ်အချို့ ထွက်ပေါ်ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်  ပထမအကျော့ ပွဲများ

    မထင်မှတ်တဲ့ ရလဒ်အချို့ ထွက်ပေါ်ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲများ

    ဧပြီ ၁၆၊ ၂၀၁၅
    M-Media

    cham 1

    – ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ၄ ပွဲကို မနေ့ကနဲ့ ဒီနေ့မနက်တွေမှာ ကစားခဲ့ပြီး ဂျူဗင်တပ်စ်၊ ဘာစီလိုနာနဲ့ ပေါ်တို တို့ အနိုင်ရခဲ့ကြကာ မက်ဒရစ်မြို့ခံနှစ်သင်းရဲ့ပွဲကတော့ သရေနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။

    အက်သလက်တီကို ၀-၀ ရီးယဲလ်မက်ဒရစ်

    ပြီးခဲ့တဲ့ မေလ ချန်ပီယံလိဂ်နောက်ဆုံး ဗိုလ်လုပွဲမှာ အနိုင်ရပြီးတဲ့နောက်ပိုင်း တွေ့ဆုံခဲ့တဲ့ ၆ ပွဲစလုံးမှာ အက်သလက်တီကို ကို အနိုင်မရခဲ့တဲ့ ရီးယဲလ် မနေ့ကပွဲမှာလည်း အကောင်းဆုံးအခွင့်အရေးတွေ တော်တော်များများရခဲ့ပေမယ့် သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံး ထင်သလိုကစားသွားနိုင်တဲ့ ရီးယဲလ်တို့ ပွဲအစ ၃ မိနစ်လောက်ကတည်းက ဂိုးသွင်းခွင့်တွေ စရခဲ့ပေမယ့် ဂါရက်ဘေးလ်၊ ရော်နယ်ဒို၊ ရော်ဒရီဂက်ဇ်တို့ရဲ့ အပိုင်ဂိုးသွင်းခွင့်တွေကို ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ အက်သလက်တီကို ဂိုးသမား အိုဘလက်က လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အက်သလက်တီကိုတို့ ဒုတိယပိုင်းမှာ ပိုကောင်းလာပေမယ့် ဂိုးသွင်းခွင့်ကတော့ ၂ ကြိမ်လောက်သာ ရခဲ့ပါတယ်။ ဒီပွဲသရေကြောင့် အက်သလက်တီကိုတို့ နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်တွေ ဆက်လက် ရှင်သန်နေပါတယ်။

    ဂျူဗင်တပ်စ် ၁-၀ မိုနာကို

    တူရင်မှာ ကစားခဲ့တဲ့ ဒီပွဲမှာတော့ ဂျူဗင်တပ်စ် အသာရခဲ့ပေမယ့် ၅၇ မိနစ်မှာ ဗီဒဲလ်သွင်းပေးခဲ့တဲ့ ပင်နယ်တီ ၁ ဂိုးတည်းနဲ့ပဲ အနိုင်ရခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ သက်ဆိုင်ရာလိဂ်တွေမှာ ခံစစ်အကောင်းဆုံးဖြစ်ပြီး ဒီပွဲမှာလည်း နောက်တန်း အမှားအယွင်းမရှိအောင်ပဲ နှစ်သင်းစလုံးက အားရုံစိုက်ကစားခဲ့ကြပါတယ်။ မိုနာကိုက ဖာရီရာ ကာရက်စ်ကိုရဲ့ အပိုင်ဂိုးသွင်းခွင့်တစ်လုံး လွဲချော်ခဲ့တာကလည်း မိုနာကိုတို့အတွက် နစ်နာခဲ့ရပါတယ်။ ဒီပွဲအနိုင်ကြောင့် ဂျူဗင်တပ်စ်ကတော့ ၂၀၀၂-၀၃ နောက်ပိုင်း ဆီမီးဖိုင်နယ်တက်ခွင့် ပိုပြီး နီးစပ်လာခဲ့ပါတယ်။

    ပီအက်စ်ဂျီ ၁-၃ ဘာစီလိုနာ

    ဘာစီလိုနာက လူမစုံတဲ့ ပီအက်စ်ဂျီကို အဝေးကွင်းမှာ အသာစီးကစားနိုင်ခဲ့ပြီး ပြတ်ပြတ်သားသားနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ အိမ်ကွင်း နောက်ဆုံး ၂၄ ပွဲဆက်တိုက် ရှုံးပွဲမရှိထားတဲ့ ပီအက်စ်ဂျီကို ၁၈ မိနစ်မှာပဲ နေးမာက ဂိုးစသွင်းခဲ့ပြီး နောက်ပိုင်းတောက်လျှောက် ဘာစီလိုနာတို့က ဖိကစားနိုင်ခဲ့ပါတယ်။ အီဗရာဟီမိုဗစ်မပါတဲ့ ပီအက်စ်ဂျီတိုက်စစ်ဟာ အသက်မ၀င်ခဲ့ဘဲ ဘာကာနောက်တန်းကို တစ်ချက်တစ်ချက်မှသာ ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၆၇ မိနစ်နဲ့ ၇၉ မိနစ်တို့မှာ ဆွာရက်ဇ်က ဘာစီလိုနာအတွက် နောက်ထပ် ၂ ဂိုး သွင်းပေးခဲ့ပြီး ချန်ပီယံလိဂ် နောက်ဆုံး ၈ ရာသီမှာ ၇ ကြိမ်မြောက် ဆီးမီးဖိုင်နယ် တက်ရောက်နိုင်ခွင့်ကို အားကောင်းစေခဲ့ပါတယ်။ အုပ်စုတွင်းတွေ့ဆုံစဉ် အိမ်ကွင်းမှာ အနိုင်ရခဲ့ဖူးတဲ့ ပီအက်စ်ဂျီအတွက် တစ်လုံးတည်းသော နှစ်သိမ့်ဂိုးကိုတော့ ၈၂ မိနစ်မှာ ရခဲ့ပြီး ဗန်ဒါဝဲလ်ရဲ့ ကန်သွင်းမှုက ဘာစီလိုနာကစာသမား မက်သယူးနဲ့ထိ လမ်းကြောင်းပြောင်းပြီး ၀င်သွားတာ ဖြစ်ပါတယ်။

    ပေါ်တို ၃-၁ ဘိုင်ယန်မြူးနစ်

    ပေါ်တိုကတော့ အိမ်ကွင်းမှာ မထင်မှတ်ဘဲ ဘိုင်ယန်ကို ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်တက်ရေး အလားအလာ ပိုကောင်းလာပါတယ်။ ပွဲအစမှ ၁၀ မိနစ်အတွင်းမှာပဲ ပင်နယ်တီ တစ်လုံးအပါအ၀င် ကွာရက်စ်မာက ၂ ဂိုးသွင်းယူနိုင်ခဲ့တာက ပွဲကို အလှည့်အပြောင်း ဖြစ်စေခဲ့ပါတယ်။ ဘိုင်ယန်တို့ကတော့ အသင်းကြီးပီပီ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ချေပဂိုးတွေပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် ၂၈ မိနစ် အလ်ကန်တာရာရဲ့ ဂိုး ၁ ဂိုးကလွဲလို့ နောက်ထပ် ဂိုးသွင်းခွင့် မယ်မယ်ရရ မရခဲ့ပါဘူး။ ပေါ်တိုအတွက် တတိယဂိုးကိုတော့ မာတီနက်ဇ်က ၆၅ မိနစ်မှာ သွင်းပေးခဲ့ပြီး ၂၀၀၃-၀၄ နောက်ပိုင်း ပထမဆုံးအကြိမ် ဆီးမီးဖိုင်နယ်တက်ခွင့် မျှော်လင့်နိုင်ပြီ ဖြစ်ပါတယ်။ ဘိုင်ယန်ကတော့ ပေါ်တူဂီမြေမှာ ပထမဆုံး ရှုံးခဲ့တာဖြစ်ပါတယ်။

  • ကိုးကန့်ဒေသတွင် မဟာဗျူဟာကျသည့် နေရာပေါင်း ၂၀ ကျော်ကို အစိုးရစစ်တပ် သိမ်းပိုက်နိုင်

    ကိုးကန့်ဒေသတွင် မဟာဗျူဟာကျသည့် နေရာပေါင်း ၂၀ ကျော်ကို အစိုးရစစ်တပ် သိမ်းပိုက်နိုင်

    ဧပြီ ၁၅၊ ၂၀၁၅
    M-Media

    Myanmar Ethnic Rebels-News Guide

    – ကိုးကန့်ဒေသတွင် ၂ လကျော်ကြာ ဖြစ်ပွားနေသည့် ပြင်းထန်သော တိုက်ခိုက်မှုများအတွင်း ကိုးကန့်လက်နက်ကိုင်များ သိမ်းပိုက်ထားသည့် မဟာဗျူဟာကျသော နေရာ ၂၀ ကျော်ကို သိမ်းယူနိုင်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့ပြီး ကိုးကန့်လက်နက်ကိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထိုသတင်းကို ငြင်းဆိုလိုက်သည်။

    နိုင်ငံပိုင် ကြေးမုံသတင်းစာကမူ ဖေဖော်ဝါရီ ၉ ရက်နေ့က စတင်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း လက်နက်ကြီးများ တင့်ကားများ အသုံးပြုခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထိုတိုက်ခိုက်တွင် စစ်တပ်မှ ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု မြန်မာအစိုးရ၏ ထုတ်ပြန်ချက်အရ သိရပြီး ပြည်သူထောင်ပေါင်းများစွာမှာ တရုတ်နိုင်ငံတွင် သွားရောက်ခိုလှုံနေရသည်။

    ကိုးကန့်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းကမူ အစိုးရတပ်များအနေဖြင့် လက်နက်ကြီးများ၊ တင့်ကားများ အသုံးပြု၍ တိုက်ခိုက်သည်ကို အတည်ပြုခဲ့သော်လည်း ၎င်းတို့တပ်ဖွဲ့မှာ မဟာဗျူဟာကျသည့်နေရာ အများအပြား ဆုံးရှုံးခဲ့သည်ဆိုခြင်းကိုမူ ငြင်းဆိုခဲ့သည်။

    ထို့ပြင် အစိုးရတပ်မှ တပ်ဖွဲ့ဝင် ၇၀၀ ခန့် သေဆုံးခဲ့ပြီး ၁၅၀၀ ခန့် ဒဏ်ရာရခဲ့ကာ ကိုးကန့်ဘက်မှ ၃၀ ခန့်သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ သို့သော်လည်း လွတ်လပ်သော အတည်ပြုချက်များအရ ထိုအရေအတွက်မှာ မဖြစ်နိုင်ဟု သိရသည်။

    သမ္မတဦးသိန်းစိန်အစိုးရမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဒါဇင်ခန့်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရန် ကြိုးစားဆောင်ရွက်နေသည်။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အနီးတွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုမှာ ဦးသိန်းစိန်၏ သမ္မတသက်တမ်း လေးနှစ်အတွင်း အဆိုးဝါးဆုံးလည်း ဖြစ်သည်။ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် မြန်မာအစိုးရမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထိုဒေသ၌ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ကာ စစ်တပ်အား အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့ကို လွှဲပြောင်းပေးအပ်ခဲ့သည်။

    Ref: Abc news