News @ M-Media

Blog

  • အမေရိကန်လေဆိပ်မှ စောရများကို လျှို့ဝှက်ကင်မရာဖြင့်ဖော်ထုတ်နိုင်

    အမေရိကန်လေဆိပ်မှ စောရများကို လျှို့ဝှက်ကင်မရာဖြင့်ဖော်ထုတ်နိုင်

    ဧပြီ ၁၄၊ ၂၀၁၅
    M-Media

    150406164624--mg-4018-exlarge-169

    – အမေရိကန်ပြည်ထောင်စု မိုင်ယာမီနိုင်ငံတကာ လေဆိပ်က ခရီးဆောင်အိတ်တွေ သယ်ပိုးပေးတဲ့ ၀န်ထမ်းအချို့ဟာခရီးသည်တွေရဲ့ ပစ္စည်းတွေ ခိုးယူကြတယ်ဆိုတာကို လျှို့ဝှက်ကင်မရာကနေတစ်ဆင့် ရိုက်ကူးဖော်ထုတ်နိုင်ခဲ့ပါတယ်။

    လေယာဉ်စီးသူတွေရဲ့ ပစ္စည်းတွေ ပျောက်လွန်းလှတာကြောင့် မိုင်ယာမီရဲတပ်ဖွဲ့က စုံးစမ်းစစ်ဆေးမှုတွေအတွင်းမှာ လေယာဉ်ဝမ်းဗိုက်နဲ့ ခရီးဆောင်အိတ်တွေထားတဲ့ လေဆိပ်က အလုံခန်းမှာ လျှို့ဝှက်ကင်မရာတွေတပ်ပီး ၀န်ထမ်းတွေကို စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။

    “ဒါဟာ ကျွန်တော်တို့အားလုံး ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုပါ။ ခရီးဆောင်အိတ်တွေကနေ အနည်းငယ်စီခိုးနေတာတွေ အမှန်တကယ် လျော့ကျသွားတဲ့အထိ အရေးယူဆောင်ရွက်မှုတွေ လုပ်သွားပါမယ်” လို့ ရဲအရာရှိ ပီတီ အက်စ်တစ်က ဆိုပါတယ်။

    မိုင်ယာမီလေဆိပ်မှာ ယခုနှစ်အတွင်း ဖမ်းဆီးရမိသူက ၆ ယောက်ရှိနေပြီး ၂၀၁၂ ခုနှစ်ကနေတွက်လိုက်ရင် ခရီးသည်တွေအိတ်ထဲက ပစ္စည်းခိုးသူ စုစုပေါင်း ၃၁ ဦးကို ဖမ်းဆီးရမိထားပါတယ်။ အဲဒီသူတွေက ခရီးဆောင်အိတ်တွေ သယ်ပိုးပေးသူနဲ့ လေယာဉ် အတက်အဆင်း လှေကားရှင် တပ်ဆင်ပေးတဲ့ ၀န်းထမ်းတွေပါပဲ။

    ဒီလို ပစ္စည်းခိုးယူမှုတွေဟာ မိုင်ယာမီလေဆိပ်တစ်ခုတည်းမှာ ဖြစ်ပွားခဲ့တာတော့ မဟုတ်ပါဘူး။ ခရီးသည်တွေရဲ့ အဖိုးတန်ပစ္စည်းတွေ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး တိုင်ကြားမှုဟာ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်းမှာ ၃၀၆၂၁ ခုရှိပြီး များသောအားဖြင့် check in ၀င်ပြီးတဲ့ အိတ်တွေက ပျောက်တာဖြစ်ပါတယ်။ ကျန်တာကတော့ စစ်ဆေးရေးဂိတ်တွေမှာ ပျောက်တာဖြစ်ပြီး စုစုပေါင်း တန်ဖိုးက ကန်ဒေါ်လာ ၂.၅ သန်းလောက် ရှိပါတယ်။

    နယူးယောက်မြို့က ဂျွန် အက်ဖ် ကနေဒီ လေဆိပ်ကတော့ ခရီးဆောင်အိတ်အတွင်းက ပစ္စည်းအပျောက်အဆုံးများတဲ့ ထိပ်တန်းလေဆိပ်တစ်ခုဖြစ်နေပြီး သူ့နောက်မှာတော့ လော့စ်အိန်ဂျလိစ် နိုင်ငံတကာလေဆိပ်၊ အော်လန်ဒို နိုင်ငံတကာလေဆိပ်နဲ့ မိုင်ယာမီ နိုင်ငံတကာလေဆိပ်တို့က အစဉ်လိုက်ရှိနေကြပါတယ်။

    ခိုးယူတဲ့ ပစ္စည်းတွေထဲမှာ အိုင်ဖုန်း၊ အိုင်ပက်၊ နာရီ၊ ကင်မရာ၊ ရွှေလက်စွပ်၊ ငွေသား၊ လက်ကိုင်အိတ် စသဖြင့် ပစ္စည်းအစုံပါပြီး eBay မှာ ရောင်းချတာတွေအထိ ရှိပါတယ်။ ဂျွန်အက်ဖ်ကနေဒီလေဆိပ်က ဖမ်းမိတဲ့သူ ၆ ဦးကတော့ သူတို့ ပစ္စည်းတွေ ခိုးခဲ့တဲ့အကြောင်း ၀န်ခံခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကပဲ ဂျွန်အက်ဖ်ကနေဒီလေဆိပ်မှာ ပစ္စည်းခိုးသူ ၇ ယောက်ကို တရားစွဲဆိုခဲ့ပါတယ်။ သူတို့တွေဟာ ဟာဝိုင်ယီ၊ ဂျပန်၊ ဂျိုဟန်နစ္စဘတ် လန်ဒန်၊ ဘန်ကောက်၊ ဒူဘိုင်း၊ မီလန်နဲ့ အခြားသော အမေရိကန်က မြို့ကြီးတွေကို သွားမယ့် ခရီသည်တွေရဲ့ အိတ်တွေထဲကနေ အဖိုးတန်ပစ္စည်းတွေကို ခိုးယူခဲ့တာဖြစ်ပါတယ်။

    အခုနှစ်အစောပိုင်း CNN က ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေအရ မိုင်ယာမီနဲ့ အော်လန်ဒိုလေဆိပ်တွေက ၀န်ထမ်းတွေကို ခြေရာခံကိရိယာနဲ့ စောင့်ကြည့်ဖို့ လိုအပ်တဲ့နေရာအဖြစ် တွေ့မြင်ခဲ့ရပါတယ်။

    Ref: CNN

  • နောက်တစ်နှစ်ထပ်ကစားချင်သေးသည်ဟု ဒရော့ဘာပြော

    နောက်တစ်နှစ်ထပ်ကစားချင်သေးသည်ဟု ဒရော့ဘာပြော

    ဧပြီ ၁၄၊ ၂၀၁၅
    M-Media

    drogba

    – ယခုနှစ်ရာသီကုန်လျှင် ချယ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သော်လည်း အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်သည့် တိုက်စစ်မှူး ဒရော့ဘာက ဘောလုံးလောကမှ အနားယူသွားမည်မဟုတ်ဟု ပြောကြားလိုက်သည်။

    ကစားသမားဘ၀ အဆုံးသတ်ပိုင်းသို့ ရောက်ရှိနေသည့် ဒရော့ဘာမှာ အင်္ဂလန်နှင့် တူရကီတို့မှ အမှတ်ပေးဖလားများ၊ ချန်ပီယံလိဂ်တစ်ကြိမ်၊ FA ဖလား လေးကြိမ်နှင့် လိဂ်ဖလား ၃ ကြိမ် ရယူထားနိုင်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လက ချယ်ဆီးသို့ တစ်နှစ်စာချုပ်ဖြင့် ပြောင်းလာခဲ့ပြီး လူစားထိုးကစားသမားအဖြစ်သာ ၀င်ရောက်ကစားခဲ့ရသည့် ဒရော့ဘာမှ ယခုနှစ်တွင်လည်း ပရီးမီးယားလိဂ်ဖလားအား ကိုင်မြှောက်နိုင်ရန် နီးစပ်နေသည်။

    Daily Telegraph သတင်းစာက ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းရာ ဒရော့ဘာက “ကျွန်တော် ဆုံးဖြတ်ချက် ချထားပြီးပြီဆိုတာ ဟုတ်ပါတယ်။ ဒီရာသီက ကျွန်တော့်ရဲ့ နောက်ဆုံးရာသီဖြစ်မယ်ဆိုတာတော့ မဟုတ်ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့ပြီး ၎င်းအနေဖြင့် နောက်ထပ်တစ်ရာသီ ကစားချင်သေးသည်ဟု ဆိုသည်။

    ဒရော့ဘာမှာ ပွဲထွက်ကစားသမားအဖြစ် ၃ ပွဲအပါအ၀င် ချယ်ဆီးအသင်းအတွက် ယခုနှစ်တွင် ၂၃ ပွဲ ပါဝင်ကစားပေးထားပြီး ၃ ဂိုး သွင်းယူပေးထားသည်။ ပြီးခဲ့သည့် ဇန်န၀ါရီကလည်း ဒရော့ဘာက မိမိအနေဖြင့် ကစားသမားအသစ်များနှင့် အနာဂတ်ချယ်ဆီးအသင်း၏ အစိတ်အပိုင်းဖြစ်ရသည်ကို မြတ်နိုးမိသည်ဟု ဆိုသည်။

    Ref: Goal.com

  • ပြန်ပေးဆွဲခံရသည့် မိန်းကလေးငယ်များ လွတ်မြောက်ရေး အစွမ်းကုန်လုပ်ဆောင်မည်ဟု ဘူဟာရီပြော

    ပြန်ပေးဆွဲခံရသည့် မိန်းကလေးငယ်များ လွတ်မြောက်ရေး အစွမ်းကုန်လုပ်ဆောင်မည်ဟု ဘူဟာရီပြော

    ဧပြီ ၁၄၊ ၂၀၁၅
    M-Media

    buhari
    – မကြာသေးမီက ရွေးကောက်တင်မြှောင်းခြင်း ခံခဲ့ရသည့် နိုက်ဂျီးရီးယားသမ္မတသစ် မိုဟာမာဒူ ဘူဟာရီက ပြီးခဲ့သည့်နှစ်အတွင်း ဘိုကိုဟရမ်အဖွဲ့မှ ဖမ်းဆီးသွားသော ကျောင်းသူ မိန်းကလေး ၂၀၀ ကျော် လွတ်မြောက်ရေး ဆောင်ရွက်သွားမည်ဟု ယနေ့တွင် သန္ဓိဌာန်ပြုခဲ့သည်။

    နိုင်ငံအရှေ့မြောက်ပိုင်း ချီဘွတ်ဒေသရှိ အလယ်တန်းကျောင်းမှ အဆိုပါကျောင်းသူများကို ပြန်ပေးဆွဲခဲ့ခြင်းမှာ ဘိုကိုဟရမ်ကြောင့် ဖြစ်ပွားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာအဖြစ် နိုင်ငံတကာ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။

    အဆိုပါ ပြန်ပေးဆွဲခံရမှု ၁ နှစ်ပြည့်အဖြစ် နိုက်ဂျီးရီးယားပြည်သူများက ယနေ့တွင် ဆန္ဒပြမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လွန်ခဲ့သည့် ၂ ပတ်က နိုင်ငံ၏သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရေစီနည်းကျ အာဏာလွှဲပြောင်းယူနိုင်ခဲ့သည့် ဘူဟာရီက မိမိအစိုးရအနေဖြင့် စစ်သွေးကြွဘိုကိုဟရမ်အဖွဲ့အား တိုက်ဖျက်ရေး လုပ်နိုင်သည်များအားလုံးကို လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

    “ချီဘွတ်က ဒီကောင်မလေးတွေကို ကယ်တင်နိုင်မလားဆိုတာကိုတော့ ကျွန်တော်တို့ မသိပါဘူး။ သူတို့ဘယ်မှာရှိလဲဆိုတာလည်း မသိရသေးပါဘူး။ ကယ်ဖို့ဆန္ဒရှိပေမယ့် သူတို့ကို ရှာတွေ့မယ်လို့တော့ ကတိမပေးနိုင်ပါဘူး။ သူတို့လေးတွေ အိမ်ပြန်ရောက်ဖို့အတွက် ကျွန်တော်တို့အစိုးရဟာ လုပ်ပိုင်ခွင့်ထဲက အားလုံးကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ယနေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ဘူဟာရီက ပြောကြားခဲ့သည်။

    ထိုသို့ဆောင်ရွက်မှုများတွင် သမ္မတဟောင်း ဂွဒ်လက် ဂျိုနသန်၏ လုပ်ပုံကိုင်ပုံနှင့် တူညီမည်မဟုတ်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ ဂျိုနသန်မှာ ထိုပြဿနာအတွက် တုံ့ပြန်မှု နှေးကွေးခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

    “ကိုင်တွယ်ပုံက တော်တော်လေးဆိုးရွားပါတယ်။ သူတို့လေးတွေ သက်ရှိထင်ရှားရှိနေမယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်” ဟု ပြန်ပေးဆွဲခံရမှုတွင် တူမ ၂ ဦး ပါဝင်သွားခဲ့သည့် လာဝန် အာဘာနာက ပြောကြားခဲ့သည်။

    နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International ကမူ ၂၀၁၄ ကတည်းက ဘိုကိုဟရမ်မှ ပြန်ပေးဆွဲသွားခဲ့သည့် အမျိုးသမီးအရေအတွက်မှာ အနည်းဆုံး ၂၀၀၀ ခန့်ရှိပြီး အများစုမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း သို့မဟုတ် တိုက်ခိုက်ရေးသမားများအဖြစ် လေ့ကျင့်ပေးခံရခြင်းတို့ကို ကြုံတွေ့နေရသည်ဟု ယနေ့တွင်ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။

    Ref: Reuters

  • ပင်နယ်တီ ပြဿနာက မိမိအား စိတ်ပျက်စေသည်ဟု မက်ဆီဖွင့်ဟ

    ပင်နယ်တီ ပြဿနာက မိမိအား စိတ်ပျက်စေသည်ဟု မက်ဆီဖွင့်ဟ

    ဧပြီ ၁၄၊ ၂၀၁၅
    M-Media

    messi

    – ပြိုင်ဘက်ဂိုးသမားများမှာ မိမိ၏ ပင်နယ်တီကန်သွင်းသည့် နည်းစနစ်များနှင့်ပတ်သက်၍ ပါးနပ်နေကြသည်ဟု ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ပြောကြားလိုက်ပြီး လောလာဆယ် ပင်နယ်တီမှတ်တမ်းအတွက် စိတ်ပျက်မိသည်ဟု ဆိုသည်။

    မက်ဆီမှာ ယခုနှစ်ဘောလုံးရာသီအတွင်း မန်စီးတီးနှင့် ချန်ပီယံလိဂ်ပွဲ၊ အက်သလက်တီကိုနှင့် စပိန်ဘုရင့်ဖလားပွဲ၊ ဘရာဇီလ်းနှင့် ခြေစမ်းပွဲတို့ အပါအ၀င် ကလပ်နှင့် နိုင်ငံအသင်းတို့အတွက် ပင်နယ်တီ ၄ လုံးအထိ လွဲချော်ထားသည်။ အသက် ၂၇ နှစ်အရွယ် မက်ဆီမှာ လက်ရှိအချိန်တွင် ကမ္ဘာ့နံပါတ် ၁ ပင်နယ်တီကန်သွင်းသူ ဖြစ်သော်လည်း ၎င်းကမူ မိမိ၏ ပင်နယ်တီကန်သွင်းမှု မှတ်တမ်း တိုးတက်ရန် လိုအပ်နေသည်ဟုဆိုပြီး ဂိုးသမားများကလည်း ၎င်း၏ နည်းစနစ်ကို ပို၍ လေ့လာနေကြသည်ဟု ပြောကြားခဲ့သည်။

    “ဟုတ်ပါတယ်။ ကလပ်အသင်းနဲ့ နိုင်ငံအသင်းတွေရဲ့ ပင်နယ်တီတွေ လွဲချော်ခဲ့တဲ့အတွက် ကျွန်တော် တော်တော်လေး စိတ်ပျက်မိပါတယ်။ ကျွန်တော်ဟာ ပုံမှန် ပင်နယ်တီကန်သွင်းသူတစ်ယောက်ပါ။ ဒါပေမယ့် ဂိုးသမားတွေဟာ ကျွန်တော့်ကန်သွင်းမှုတွေကို လေ့လာပြီဆိုရင် ကျွန်တော့်ရဲ့ အယူအဆတွေကို ပိုသိလာပါလိမ့်မယ်။ အကန်ကောင်းတဲ့ ပင်နယ်တီကို ဖမ်းဖို့ တော်တော်ခက်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အခုအချိန် ပယ်နယ်တီကန်ရတဲ့အခါမှာ ပိုပြီး ရှုပ်ထွေးလာပါပြီ” ဟု မက်ဆီက ဘာစီလိုနာ၏ မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

    ထို့ပြင် မက်ဆီက ပင်နယ်တီမ၀င်မှုအချို့တွင် မိမိ၏ဆုံးဖြတ်ချက်များ အားနည်းခဲ့သည်ဟု ၀န်ခံခဲ့သည်။

    “ဒါဟာ ဘောလုံးလောကမှာ ဖြစ်ပျက်နေတဲ့ အရာတွေပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေ အားနည်းခဲ့တယ်ဆိုတာတော့ မှန်ပါတယ် ဥပမာအားဖြင့် ဂိုးဟာ ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့ အားသာချက်ကို ဖြစ်စေမယ့် စီးတီးနဲ့ပွဲမှာပါ”

    Ref: Goal.com

  • ရေနံဈေးကျမှုနှင့် နိုင်ငံရေးအခြေအနေက မြန်မာ့စီးပွားရေးကို ၀န်ထုတ်ဝန်ပိုး ဖြစ်စေမည်

    ရေနံဈေးကျမှုနှင့် နိုင်ငံရေးအခြေအနေက မြန်မာ့စီးပွားရေးကို ၀န်ထုတ်ဝန်ပိုး ဖြစ်စေမည်

    ဧပြီ ၁၄၊ ၂၀၁၅
    M-Media

    zay-yar-aung

    – ရေနံဈေးနှုန်းကျဆင်းမှုနှင့် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပပြုလုပ်မည့် ရွေကောက်ပွဲနှင့် ပတ်သက်သည့် မသေချာမှုများက နိုင်ငံ၏ စီးပွားရေးကို ၀န်ထုတ်ဝန်ပိုးဖြစ်စေမည်ဟု မြန်မာနိုင်ငံ၏ စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင်က ပြောကြားခဲ့သည်။

    Channel NewsAsia နှင့် အင်တာဗျူးတွင် ၎င်းက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ရေနံလုပ်ကွက်များ လေလံပေးခြင်းကိုလည်း ယခုနှစ်တွင် ရပ်တန့်ထားမည်ဟု ဆိုသည်။ ထို့ပြင် ရေနံဈေးများ သိသိသာသာထိုးကျနေခြင်းက နိုင်ငံအတွင်း ဆောင်ရွက်နေသည့်
    နိုင်ငံခြားရေနံကုမ္ပဏီများအားဖိအားများဖြစ်စေသည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    “ကမ်းလွန်စီမံကိန်း ၄ ခုကို လုပ်ဆောင်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို တော်တော်လေး ရိုက်ခတ်နေပါတယ်။ နိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အခြေအနေတွေကြောင့် လေလံကို ဒီနှစ် ပေးလောက်မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟု စင်ကာပူတွင် ကျင်းပပြုလုပ်သော ဖိုရမ်သို့ တက်ရောက်လာသည့်ဟု ၎င်းက ပြောကြားခဲ့သည်။

    Reuters သတင်းဌာနကမူ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၅ ခုကို လေလံပေးရန် လျာထားသည်ဟု နိုင်ငံပိုင် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူ ဦးသန်းထွန်း၏ ပြောကြားမှုကို ကိုးကား၍ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ဖော်ပြခဲ့သည်။ ၂၀၁၄ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံမှာ လုပ်ကွက် ၂၀ အား နိုင်ငံခြား ရေနံကုမ္ပဏီများသို့ လုပ်ပိုင်ခွင့် ပေးခဲ့သည်။

    ယခုနှစ်မတ်လက ကုန်ဆုံးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓတ်ငွေ့ကဏ္ဍ၌ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ကန်ဒေါ်လာ ၃.၆ ဘီလီယံရှိခဲ့ပြီး နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု FDI ပမာဏ စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်း ရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံ၌ နိုင်ငံခြားကုမ္ပဏီများ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၆ ဘီလီယံရှိခဲ့ကာ အစိုးရ၏ မျှော်မှန်းချက်ထက် ၂ ဆနီးပါး ရှိခဲ့သည်။

    မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ဥက္ကဌတစ်ဦးလည်းဖြစ်သူ ဦးဇေယျာအောင်က ရေနံကဏ္ဍတွင် နှေးကွေးမှုကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် FDI ပမာဏကို အစိုးရက ကန်ဒေါ်လာ ၆ ဘီလီယံရှိမည်ဟု မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။

    “ဒီနှစ်မှာ ကျွန်တော်တို့ဟာ ရေနံဈေးကျတဲ့အခြေအနေတွေရှိနေတယ်။ ပြီးတော့ နိုင်ငံရေး မတိုးသာမဆုတ်သာ အခြေအနေလည်း ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။ သို့သော်လည်း နိုင်ငံ၏ ထိုးထွက်စ ကုန်ထုတ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်လာမည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia