News @ M-Media

Blog

  • စာပေဗိမာန်မှ ထုတ်ဝေခဲ့သည့် ကမန်မျိုးနွယ်စုသမိုင်း

    စာပေဗိမာန်မှ ထုတ်ဝေခဲ့သည့် ကမန်မျိုးနွယ်စုသမိုင်း

    ဧပြီ ၁၄ ။ ၂၀၁၅
    M-Media
    သီဟ
    Tar Kee Twe
    ၁၇-၄-၂၀၁၅ ရက်စွဲဖြင့် (ကြိုတင်) ထုတ်ဝေသည့် သာကီသွေးဂျာနယ် အတွဲ(၂) အမှတ်(၂၀) တွင် ဆောင်းပါးရှင် မောင်ကျော်ဇံ(မင်းပြား)ရေးသားသည့် “ကမန်လူမျိုး မရှိပါ” ခေါင်းစဉ်ဖြင့် ဆောင်းပါး တပုဒ် ထည့်သွင်းဖော်ပြခဲ့တာကို တွေ့ရှိရပါတယ်။

    ကမန်လူမျိုးမှာ ခေတ်အဆက်ဆက် တိုင်းရင်းသားစာရင်းတွင် တရားဝင် ထည့်သွင်း အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။ ကမန်လူမျိုး အများစုမှာ အစ္စလာမ်ဘာသာ သက်ဝင်ယုံကြည်သူများဖြစ်ကြပါတယ်။
    front cover
    သာကီသွေး စာစောင်မှ ယခင်ကလည်း အစ္စလာမ်သာသနာ၊ နိုင်ငံသား မွတ်စလင်များနှင့် ပတ်သက်သော ထိလွယ်ရှလွယ်သည့် သတင်း၊ဆောင်းပါးများကို ဖော်ပြခဲ့ပြီး အဆိုပါ ကိစ္စရပ်များကို အစိုးရ အသိအမှတ်ပြု အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများမှ သမ္မတ အပါအဝင် တာဝန်ရှိသူ အဆင့်ဆင့်ကို အကြိမ်ကြိမ် တိုင်ကြား အသိပေးပြီးဖြစ်ပေမယ့် ထိရောက်သည့် အရေးယူ တားဆီးမှုများ မပြုခဲ့တာကို တွေ့ရှိရပါတယ်။

    တိုင်းရင်းသား၊ နိုင်ငံသားများ အကြား အငြင်းပွား စိတ်ဝမ်း ကွဲစရာများဖြစ်ပေါ်လာစေနိုင်သည့် အဆိုပါ သာကီသွေးမှ ဆောင်းပါး နှင့် စာပေဗိမာန်  နိုင်ငံဂုဏ်ရည်စာပေတိုက်က ဒီဇင်ဘာလ ၂၀၀၅ ကထုတ်ဝေခဲ့တဲ့ မောင်ဆန္ဒ (လယ်ဝေး) ရေးသားပြုစုသော ကမန်မျိုးနွယ်စုသမိုင်း စာအုပ်ကို နှိုင်းယှဉ်ဖတ်ရှု့နိုင်ရန် ဖော်ပြလိုက်ပါတယ်။

    ကမန်မျိုးနွယ်စု သမိုင်းစာအုပ် E-Book –

  • အိန္ဒိယ၊ ဂျပန် ‘Soft Power’  နှစ်ရပ်ရဲ့ဆုံမှတ် မြန်မာပြည်

    အိန္ဒိယ၊ ဂျပန် ‘Soft Power’ နှစ်ရပ်ရဲ့ဆုံမှတ် မြန်မာပြည်

    ဧပြီ ၁၄ ၊ ၂၀၁၅
    M-Media
    MYANMAR-ASEAN-DIPLOMACY
    ချစ်ကြည်မှုတိုးမြှင့်လာနေတဲ့ နိုင်ငံနှစ်ခုက မြန်မာနိုင်ငံထဲ အတူတစ်ကွ ပူးပေါင်းလုပ်ကိုင်မှုမှာ အတိုင်းအတာတစ်ရပ်အထိ အခွင့်အလမ်းရှာမှုတွေ ရှိနေပါတယ်။

    ၂၀၁၀ ခုနှစ်ကတည်းက အစိုးသစ်နဲ့အတူ – စီးပွားရေးပုံပြောင်းလုပ်ငန်းစဉ်နဲ့အတူ မြန်မာနိုင်ငံကို ယခုချိန်မှာ အာရှရဲ့ကြားစခန်းစားကျက်သစ် သို့မဟုတ် နောက်ဆုံးစားကျက်အဖြစ် သတ်မှတ်ထားကြတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံတကာကုန်သွယ်ရေးတိုးမြှင့်မှု အလားအလာရှိနေလို့ပါပဲ။

    တရုတ်နိုင်ငံရဲ့ဦးဆောင်နေခြင်းနဲ့တစ်ကွ နိုင်ငံအများအပြားဟာ မြန်မာနိုင်ငံထဲ ခြေလှမ်းကျွံနေပြီ ဖြစ်တယ်။ တရုတ်သြဇာကတော့ ကုန်သွယ်ရေးမှာဖြစ်စေ အကူအညီမှာဖြစ်စေ ကျောထောက်နောက်ခံဖွံ့ဖြိုးရေးမှာဖြစ်စေ အသိသာဆုံး အလွှမ်းမိုးဆုံးပါပဲ။ သို့တစေ မြန်မာလူဦးရေအတော်များများက တရုတ်ပြည်ကို မြန်မာ့သဘာဝရင်းမြစ်တွေအပေါ် ဖျက်ဆီးတဲ့ လက်ဝါးကြီးအုပ်လိုသူအဖြစ်အမြင်ရှိလာကြပြီး ဘေဂျင်းကို မျက်မုန်းကျိုးလာကြပါပြီ။ တရုတ်မြန်မာနယ်စပ် တစ်လျှောက် ကိုးကန့်နယ်က လက်ရှိတိုက်ပွဲများဟာ နှစ်ပင်လိမ်ပတ်သက်မှုကို ဆင့်ကဲရှုပ်ထွေးခက်ခဲသွားစေပါတယ်။

    ခုဆိုရင် မြန်မာပြည်က စီးပွားရေးတံခါးဖွင့်လို့ ကမ္ဘာ့နိုင်ငံများစွာကို အခိုင်အမာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ခေါ်ယူနေ တယ်။ နိုင်ငံများစွာအနက် စင်္ကာပူ၊ ဂျပန်နဲ့ အိန္ဒိယတို့က အရှေ့တောင်အာရှဒေသတွင်း စီးပွားရေး နယ်ပယ်မှာ ခြေလှမ်းကျဲပြီး ခိုင်မာလျက်ရှိပါတယ်။ မြန်မာနိုင်ငံအပေါ် အလားတူကိစ္စနဲ့အလေးထားနေသူကတော့ အာရှဘီလူးများဖြစ်တဲ့ ဂျပန်နဲ့ အိန္ဒိယတို့ ဖြစ်ကြတယ်။

    ဂျပန်ခြေလှမ်း
    ————-
    အမေရိကန်ဖိအားအောက်က ဂျပန်ဟာ မြန်မာစစ်အာဏာရှင် အုပ်ချုပ်ရေး ကာလများအတွင်း ပိတ်ဆို့မှုတွေ၊ အထောက်အပံ့ဖြတ်တောက်မှုတွေ ပြုလုပ်ခဲ့သော်လည်း တိုကျိုအနေနဲ့ လုံးလုံးလျားလျား အဆက်ဖြတ်ခြင်း မပြုခဲ့ပါဘူး။ သီးခြားသံတမန်နည်းလမ်းတွေ၊ ပုဂ္ဂလအဆက်အသွယ်တွေအားဖြင့် ရန်ကုန်က အာဏာပိုင်များ၊ စီးပွားရေးကွန်ရက်များကို ထိန်းသိမ်းထားခဲ့တယ်။ မြို့တော်သစ်နေပြည်တော်နဲ့လည်း ထိုနည်းလည်းကောင်း ၂၀၀၅ ခုနှစ်ကတည်းကပါပဲ။ စစ်အာဏာရှင်စနစ်ကနေ အရပ်သားအုပ်ချုပ်ရေးနဲ့ အစားထိုးလိုက်တဲ့အခါ ဂျပန်က မြန်မာပြည်ကို ပြန်လည်ထောက်ပံ့ခဲ့တယ်။ တကယ်တမ်းဆိုရယင် ဂျပန်က မြန်မာပြည်ရဲ့ ကာလရှည် အလှူရှင် ဖြစ်နေပြီးသားပါ။ မြန်မာနိုင်ငံဟာ  ၁၉၅၄ ခုနှစ်ကစပြီး ဂျပန်ဆီက စစ်လျော်ကြေး ပထမဆုံးရရှိတဲ့ အရှေ့တောင်အာရှ တိုင်းပြည်တစ်ခုဖြစ်ပါတယ်။ အထောက်အပံ့ အဆက်အသွယ် အခိုင်အမာရှိခဲ့တယ်။ အရပ်သားအစိုးရတက်လာတဲ့အခါ တိုကျိုမှ အကြွေး ဒေါ်လာ ၃ ဘီလီယံနီးပါးထိ လျှော်ခဲ့ပြီးတဲ့အပြင် နိုင်ငံ့ကျောထောက်နောက်ခံ စီမံကိန်းများအတွက် အတိုင်းအတာတစ်ရပ် ထုတ်ချေးမယ်လို့လည်း ကတိပြုခဲ့တယ်။ ဂျပန်ရဲ့အကြီးစားကူညီမှု ပမာဏကို ပြည်တွင်း ရထားလမ်းစနစ်၊ ကျန်းမာရေး လိုအပ်ချက်နဲ့ အခြား လူမှုဖူလုံးရေး ကဏ္ဍတွေမှာ ကူညီဖို့လျာထားတာဖြစ်တယ်။

    တစ်ချိန်တည်းမှာပဲ လက်ရှိနှစ်များ အတွင်း ဂျပန်နိုင်ငံရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလည်း ဖြည်းဖြည်းနဲ့မှန်မှန် မြင့်မားလာတာဟာ တရုတ်ကို မှီလုမှီခင် ဖြစ်နေပါတယ်။ ဥပမာအားဖြင့် ၂၀၁၃ ခုနှစ်မှာ ဂျပန့်ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၅၅.၇ သန်းဖြစ်ခဲ့လို့ တရုတ်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၆.၉ သန်းနဲ့ သိပ်မကွာလှတာ တွေ့ရတယ်။ မကြာသေးမီက မြန်မာနိုင်ငံထဲ လုပ်ကိုင်ခွင့်လုပ်ငန်းလိုင်စင်ချပေးတဲ့ နိုင်ငံခြားဘဏ် ၉ ခုမှာ Bank of Tokyo-Mitsubishi UFJ (BTMU)၊ Sumitomo Mitsui Banking Corp၊ Mizuho Bank – ဂျပန်ဘဏ်သုံးခု ပါဝင်နေပါတယ်။ ဒီဘဏ်သုံးခုဟာ ဂျပန်ထောက်ကူရေးအေဂျင်စီဖြစ်တဲ့ Japan International Cooperation Agency (JICA)နဲ့ အတူလက်တွဲပြီး ရန်ကုန်မြို့ပြင် သီလ၀ါ အထူး စီးပွားရေးဇုံမြှင့်တင်ရေးမှာ ဆောင်ရွက်ကြမှာဖြစ်တယ်။ JICA က ၀န်ထမ်း ၃၅ ဦးနဲ့အတူ မြန်မာနိုင်ငံထဲ အထင်ကရ ရောက်ရှိနေပြီး သူ့ရဲ့ထောက်ပံ့မှုသာ မြင့်မားနေတာကိုတွေ့ရတယ်။ ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ပါဝင်တဲ့ ဂျပန်ကော်ပိုရေးရှင်းတွေအဖို့ အမြတ်ထွက်ရေးကို ဦးတည်ဖွယ်ရှိပါတယ်။

    အိန္ဒိယ၀င်ရောက်မှု
    —————–
    လွန်ခဲ့တဲ့ ဆယ်စုနှစ်ကစပြီး အိန္ဒိယဟာ မြန်မာနိုင်ငံထဲ တစိမ့်စိမ့်နဲ့ လမ်းဖောက်နေခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၁ ဘီလီယံကနေ ၂၀၁၃-၂၀၁၄ မှာ ဒေါ်လာ ၂ ဘီလီယံနီးပါးအထိ တန်ဖိုးမြင့်တက်သွားတယ်။ ဒီကိန်းဂဏန်းအရ ၂၀၁၅ ခုနှစ်မှာ ဒေါ်လာ ၃ ဘီလံယံအထိ မြင့်တက်ပြီး ၂၀၂၀ ခုနှစ်မတိုင်မီ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၁၀ ဘီလီယံအထိ ရောက်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

    ONGC Videsh and GAIL ကဲ့သို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းရှင်များ အပါအ၀င် အိန္ဒိယကုမ္ပဏီ တစ်ချို့ကလည်း မြန်မာနိုင်ငံထဲမှာ လုပ်ကိုင် လည်ပတ်ဖို့ ပြင်ဆင်ပြီးပါပြီ။ State Bank of India, Bank of India နဲ့ Exim Bank of India လို့ဘဏ်များကလည်း သူတို့ရဲ့ ကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ထားပြီဖြစ်တယ်။

    အိန္ဒိယကတော့ ကုန်သွယ်မှုဆက်ဆံရေးမှာ ဂျပန်လို ကန့်သတ်တာမျိုး မလုပ်ထားပါဘူး။ မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက်နည်းပညာ၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အဦကဏ္ဍများမှာ ဒေလီဖက်က တိုးဝင်နေပါတယ်။ မကြာသေးမီက အိန္ဒိယဟာ မြန်မာကုန်သွယ်ရေးကဏ္ဍမြှင့်တင်ဖို့၊ မြန်မာ့ကုန်သွယ်ရေးအရာရှိများကိုလည်း WTO အချက်အလက်များဆိုင်ရာ လေ့ကျင့်သင်ကြားပေးဖို့  ကူညီပေးခဲ့တယ်။

    မြန်မာနိုင်ငံရဲ့ မဟာဗျူဟာတည်နေရာကြောင့် ဂျပန်နဲ့အိန္ဒိယ နှစ်နိုင်ငံစလုံးက စီးပွားရေးအရ စိတ်ဝင်စားမှုရှိနေကြတယ်။  “အရှေ့မျှော်ဝါဒ”ကနေ အိန္ဒိယလက်ရှိအစိုးရသဘောထားဖြစ်တဲ့ “အရှေ့တိုင်းဆန်ဝါဒ” မူဟန်အရ မြန်မာနိုင်ငံနဲ့ ရင်းနှီးမှုနဲ့ အဆက်အသွယ် ခိုင်မာအောင် မတည်ဆောက်ဘဲ ခြေလှမ်းစသူ ပြုလုပ်မှာ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်မှာ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့တယ်။ ၁၉၈၇ မှ ၂၀၁၁ ခုနှစ်အတွင်း သူဟာ မြန်မာပြည်ကို ပထမဆုံးတရားဝင်လာရောက်ခဲ့တဲ့ အိန္ဒိယ၀န်ကြီးချုပ်ဖြစ်ပါတယ်။ သူဟာ ဆက်တိုက်ဆိုသလို ၂၀၁၄ ခုနှစ်မှာ BIMSTEC ဘင်းစတက်ထိပ်သီးညီလာခံအကြောင်းနဲ့ လာရောက်ခဲ့ပြန်တယ်။ ၂၀၁၄ ခုနှစ်မှာ အရှေ့အာရှထိပ်သီးညီလာခံတက်ရောက်ဖို့ ၀န်ကြီးချုပ် နာရင်ဒရာမိုဒီက မြန်မာပြည်ကိုလာရောက်ပြီး အပြန်အလှန်လည်ပတ်မှုခရီးစဉ်လည်း ထပ်မံ ဖြစ်လာဖွယ်ရှိပါတယ်။

    ပါဝါအပျော့နှစ်ရပ်ပူးပေါင်းမှု
    —————————-
    တခါ အိန္ဒိယ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးက လွန်ခဲ့တဲ့ဆယ်စုနှစ်များကတည်းက ခိုင်မာနေခဲ့ပြီး ဖြစ်တယ်။ သူတို့ရဲ့အမြင်မှာ လုံခြုံရေးနဲ့ကာကွယ်ရေးကိစ္စတွေလည်း ပါဝင်ကြတယ်။ ၂၀၁၄ စက်တင်ဘာလက ၀န်ကြီးချုပ် နာရင်ဒရာမိုဒီ ဂျပန်သွားလည်တဲ့အခါ အိမ်ရှင်ဂျပန်ရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုကိုရရှိခဲ့တာဟာ သူတို့ရဲ့ချစ်ကြည်ရေး နက်ရှိုင်းခိုင်မာမှုကို ထပ်မံဖော်ကျူးလိုက်ခြင်း ဖြစ်ပါတယ်။

    နှစ်နိုင်ငံစလုံးက မြန်မာနိုင်ငံအပေါ် ဗျူဟာပိုင်းအရ စိတ်ဝင်စားမှုတွေ ရှိနေကြတယ်။ ဒါကြောင့် ဘယ်လိုစစ်ရေးပူးပေါင်းမှုမျိုးမဆို တရုတ်ပြည်နဲ့တင်းမာအောင် လုပ်သလိုမျိုး ဖြစ်သွားနိုင်တဲ့အတွက် မြန်မာနိုင်ငံထဲ အခြားကဏ္ဍများအကြောင်းပြုပြီး ဂျပန်နဲ့အိန္ဒိယတို့ ပါဝါပေါင်းစပ်တာလည်း ဖြစ်နိုင်ချေရှိပါတယ်။

    JICA က အိန္ဒိယအရှေ့မြောက်ပိုင်းနယ်ရဲ့ အခြေခံအဆောက်အဦဖွံ့ဖြိုးရေးမှာ ဒေါ်လာ ၁၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံလျက်ရှိတယ်။ အဲ့ဒီဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေယုံသာ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံနဲ့ဆက်စပ်မှုမှာလည်း ကောင်းကွက်ရသွားစေနိုင်ပါတယ်။

    စီးပွားရေးအပြင် ပညာရေး၊ ယဉ်ကျေးမှု စတဲ့ တခြားကဏ္ဍများမှာ မြန်မာပြည်ကိုကူညီမှုက ဂျပန်နဲ့ အိန္ဒိယအတွက် ရေရှည်အကျိုးအမြတ် ရနိုင်ပြီး၊ စီးပွားရေးအပါအ၀င် အခြားပူးပေါင်းမှုပုံဟန် အစပျိုးမှုအတွက် အသုံးဝင်တဲ့ ပလက်ဖောင်းတစ်ခု ရစေမှာလည်း ဖြစ်ပါတယ်။ လေ့ကျင့်သင်တန်းပေး အစီအစဉ်များအားဖြင့် အိန္ဒိယနဲ့ဂျပန်က မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက် နည်းပညာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အကူအညီပေးလာပါလိမ့်မယ်။ အခြားဖြစ်နိုင်ချေ ကဏ္ဍများကတော့ အရှေ့အိန္ဒိယကနေ မြန်မာအထိ ဗုဒ္ဓဘာသာဝင် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဖြစ်ပါမယ်။ ဒီသုံးနိုင်ငံအကြား အခရာကျတဲ့ အချိတ်အဆက်က ဗုဒ္ဓ၀ါဒ ဖြစ်နေလို့ပါပဲ။ ဘိဟာရ်နယ်က နာလန္ဒတက္ကသိုလ် ပြန်လည်ထူထောင်ရေးအတွက် ဂျပန်က ဗုံးပေါလအော ကူညီပေးထားခဲ့တယ်။ ဒီနှစ်နိုင်ငံဟာ မြန်မာနိုင်ငံထဲ ဗုဒ္ဓ၀ါဒအထူးပြု ကမ္ဘာ့အဆင့်မီသုတေသနစင်တာတွေ ထူထောင်ဖို့ ပူးပေါင်းလာနိုင်ပါတယ်။

    တတိယနိုင်ငံ တစ်ခုအတွင်း ဂျပန်-အိန္ဒိယပူးပေါင်း လက်တွဲမှုက အကောင်အထည်တော့ မပေါ်လွင်လှသေးပါဘူး။ အဲ့ဒီအရေး စတင်နိုင်ဖို့အတွက် မြန်မာနိုင်ငံက နေရာကောင်းတစ်ခု ဖြစ်ပုံရပါတယ်။ တကယ်တော့ အိန္ဒိယနဲ့ဂျပန်အကြား ထပ်တူကျ မဟာဗျူဟာ တိုးချဲ့ရေး ဆိုတဲ့ မြင်ကွင်းအနှစ်သာရ ပေါ်လွင်နေပါတယ်။ သူတို့တစ်တွေရဲ့ကူညီမှုများဟာ ပမာဏ ကွာခြားနေသည့်တိုင် သဘောသဘာဝနဲ့ အနေအထားက ဆင်တူနေကြောင်း တွေ့မြင်နိုင်ပါလိမ့်မယ်။

    xxxxxxxxxxxxxxxxxxxxxxxx

    ဆောင်းပါးရှင်များဖြစ်တဲ့ Purnendra Jain ဟာ Adelaide တက္ကသိုလ်က အာရှရေးရာပါမောက္ခတစ်ဦးဖြစ်ပြီး၊ Tridivesh Singh Maini ကတော့ The Jindal School of International Affairs, Sonepat နဲ့အတူပူးပေါင်းဆောင်ရွက်နေတဲ့ အကြီးတန်းသုတေသီအဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။

    ——————–

    Ref : India-Japan ‘Soft Power’ Cooperation in Myanmar ; The Diplomat
    မြန်မာပြန် – မြင့်မိုရ်မောင်မောင်

    ဓါတ်ပုံ ရှင်းလင်းလင်းချက်-  November 13, 2014 တွင်နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အာဆီယံနှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွင် ဂျပန်ဝန်ကြီးချူပ် အာဘေးနှင့် အိန္ဒိယဝန်ကြီးချူပ် မိုဒီတို့အား တွေ့ရစဉ်
    Photo Credit- gettyimages

  • မွတ်စလင်တို့၏မဲပေးခွင့်ကို ရုပ်သိမ်းရမည်ဟု အိန္ဒိယရှိ ဟိန္ဒူခေါင်းဆောင်များ ပြောပြန်

    မွတ်စလင်တို့၏မဲပေးခွင့်ကို ရုပ်သိမ်းရမည်ဟု အိန္ဒိယရှိ ဟိန္ဒူခေါင်းဆောင်များ ပြောပြန်

    ဧပြီ ၁၄၊ ၂၀၁၅
    M-Media

    hidu far right

    – အိန္ဒိယ ဟိန္ဒူလက်ယာစွန်းရောက်အဖွဲ့တစ်ခု၏ ခေါင်းဆောင်ဖြစ်သူက နိုင်ငံအတွင်းရှိ မွတ်စလင်များ၏ မဲပေးခွင့်ကို ရုပ်သိမ်းရန် အစိုးရအား တိုက်တွန်းခဲ့ပြီး ထိုသို့ပြောဆိုမှု အတွက် မွတ်စလင်အဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီများက ဝေဖန်ပြစ်တင်ခဲ့ကြသည်။

    “မွတ်စလင်တွေကို မဲဘဏ်တွေအဖြစ် အသုံးချနေတုန်းပဲဆိုရင် သူတို့မှာ အနာဂတ်မရှိပါဘူး။ ဒါ့ကြောင့် ဘာလ်သက်ကာရေးက မွတ်စလင်တွေရဲ့ မဲပေးခွင့် အခွင့်အရေးကို ဖယ်ရှားဖို့ တောင်းဆိုခဲ့တာပါ။ ဒါဟာမှန်ပါတယ်။ မွတ်စလင်တွေရဲ့ မဲပေးခွင့်တွေကို ဖယ်ရှားလိုက်တဲ့နေ့ဟာ လောကီအသားပေးနိုင်ငံအဖြစ် ကြွေးကြော် သူတွေရဲ့ မျက်နှာစာဟာ ရှေ့တန်းရောက်လာမှာပါပဲ” ဟု ဟိန္ဒူလက်ယာစွန်းရောက် Shiv Sena အဖွဲ့မှ ခေါင်းဆောင် ဆန်ဂျေးရောက်က ၎င်းတို့အဖွဲ့မှ ထုတ်ဝေသော Saamna စာစောင်တွင် ရေးသားဖော်ပြခဲ့သည်။

    ၎င်း၏ပြောကြားမှုအရ မွတ်စလင်များ၏ မဲပေးခွင့်ကို ဖျက်သိမ်းလိုက်ပါက ဘာသာရေးကို အခြေခံသည့် အစိတ်အပိုင်း တစ်ခု အဆုံးသတ်သွားမည်ဟု ဆိုသည်။ ထို့ပြင် ဆန်ဂျေးက အိန္ဒိယမွတ်စလင်အဖွဲ့ AIMIM မှ ခေါင်းဆောင်များဖြစ်သော အဆာဒူဒငနှင့် ဘက္ကဘာရ်ရုဒင် အိုဝေစီ တို့ကိုလည်း ဝေဖန်ခဲ့ပြီး လူ့အဖွဲ့အစည်းအား နှစ်ခြမ်း ကွဲအောင် ပြုလုပ်နေသည်ဟု ဆိုသည်။

    “အိုဝေစီဟာ မွတ်စလင် မဲတွေအတွက် နိုင်ငံရေးတွေ လုပ်နေပါတယ်။ ဒါဟာ သူ့အတွက်၊ ဒါမှမဟုတ် လူ့အဖွဲ့အစည်းအတွက် အကျိုးရှိလားဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် နိုင်ငံကိုတော့ ပျက်စီးစေပါတယ်” ဟု ဆန်ဂျေးက ထည့်သွင်းပြောကြားခဲ့သည်။

    ၎င်း၏ မွတ်စလင် ဆန့်ကျင်ရေး မှတ်ချက်များအတွက် နိုင်ငံရေး ပါတီများက ဒေါသ ထွက်ခဲ့ကြပြီး ပါလီမန် အမတ်ဖြစ်သူ ဆန်ဂျေးအား ပြင်းထန်သည့် အရေးယူမှုပြုလုပ်ရန် တိုက်တွန်းပြောဆိုခဲ့သည်။

    “ဒီမှတ်ချက်တွေဟာ သင့်လျော်မှုမရှိဘဲ ဥပဒေနဲ့လည်း ဆန့်ကျင်နေပါတယ်” ဟု အိန္ဒိယ မွတ်စလင် ဥပဒေရေးရာဘုတ်အဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူ ကမာလ်ဖာရူကီက ပြောကြားခဲ့သည်။

    ယခင် ပါလီမန်အမတ်ဟောင်း ဆန်ဒီပ် ဒစ်က်ရှစ်ကလည်း ဆန်ဂျေး၏ ပြောကြားမှုက ဖွဲ့စည်းပုံအခြေခံဥပေနှင့် ညီညွတ်ခြင်းမရှိဘဲ၊ တိုင်းပြည်အား ကွဲသွားစေနိုင်သည်ဟု သတိပေးခဲ့သည်။ ကွန်ဂရက်စ်မှ အဘီရှက် မာနူ ဆင်းဗီက ဆန်ဂျေး၏ ပြောကြားမှုများကို တုန့်ပြန်ခဲ့ပြီး “ဒီလိုမှတ်ချက်မျိုးတွေကို ကြားရတာ ရွံစရာကောင်းပါတယ်။ ကျွန်တော်တို့ဟာ ဒီမိုကရေစီနိုင်ငံမှာ နေတာပါ။ တာလီဘန်တိုင်းပြည်မှာ နေတာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

    ခရစ်ယာန်နှင့် မွတ်စလင်များကို သားကြောဖြတ်ရမည်
    —————————————————————–
    ဆန်ဂျေး၏ ထိုမှတ်ချက်အပြင် အခြားဟိန္ဒူလက်ယာစွန်းရောက်အဖွဲ့ဖြစ်သော မဟာဆာဘာဟ်၏ ဒုတိယဥက္ကဌ ဆဒ်ဗီ ဒီဗာ သန့်ကူရ်က ခရစ်ယာန်နှင့်မွတ်စလင်တို့၏ လူဦးရေတိုးတက်မှုကို ရပ်တန့်ရန်အတွက် အိန္ဒိယရှိ ခရစ်ယာန်နှင့် မွတ်စလင်များကို အတင်းအဓမ္မ သားကြောဖြတ်ခိုင်းရမည်ဟုဆိုပြီး ဘာသာရေးလူနည်းစုအရေအတွက် တိုးပွားလာခြင်းက ဟိန္ဒူများအား ငြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    “ခရစ်ယာန်နဲ့ မွတ်စလင်တွေရဲ့ လူဦးရေဟာ တစ်ရက်ပြီးတစ်ရက် တိုးလာပါတယ်။ ဒါကိုထိန်းဖို့ အရေးပေါ် ဆောင်ရွက်ရပါလိမ့်မယ်။ ခရစ်ယာန်နဲ့ မွတ်စလင်တွေကို သားကြောဖြတ်ဖို့အတွက် အင်အားသုံးဆောင်ရွက်ဖို့လိုပြီး ဒါမှသာ သူတို့ရဲ့ အရေအတွက် တိုးမလာနိုင်မှာ ဖြစ်ပါတယ်” ဟု သန့်ကူရ်က Times of India သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဟိန္ဒူများအနေဖြင့် ကလေးများများမွေး၍ လူဦးရေတိုးပွားအောင် ဆောင်ရွက်ရမည်ဟု ၎င်းက ထည့်သွင်းတိုက်တွန်းခဲ့သည်။

    ဆေးဘက်ဆိုင်ရာလိုအပ်ချက်အရ အချိန်ကာလတစ်ခုအထိ ကိုယ်ဝန်ဆောင်မှုရပ်တန့်ခြင်းကို အစ္စလာမ်က ခွင့်ပြုထားသော်လည်း အမျိုးသား၊ အမျိုးသမီး နှစ်ဦးစလုံး၏ သဘာဝအလျောက် မျိုးပွားမှု လုပ်ငန်းစဉ်အား မလိုအပ်ဘဲ ရပ်တန့်ခြင်းကို တားမြစ်ထားသည်။

    ဟိန္ဒူအမျာစုရှိရာ အိန္ဒိယနိုင်ငံတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများမှာ သန်း ၁၈၀ ခန့်ရှိပြီး အင်ဒိုနီးရှားနှင့် ပါကစ္စတန်တို့ပြီးလျှင် ကမ္ဘာ့တတိယ အစ္စလာမ်ဘာသာဝင် အများဆုံးရှိရာ နိုင်ငံလည်းဖြစ်သည်။

    Ref: Onislam

    ပုံ ၁ – ဆန်ဂျေးရောက်
    ပုံ ၂ – ဆဒ်ဗီ ဒီဗာ သန့်ကူရ်

  • ကိုယ့်စိတ်ဆန္ဒကို ဖွံ့ဖြိုးတိုးတက်အောင်

    ကိုယ့်စိတ်ဆန္ဒကို ဖွံ့ဖြိုးတိုးတက်အောင်

    ဧပြီ ၁၃ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    Self-motivation
    နေ့စဉ်ဘဝမှာ ကြုံတွေ့ဆက်ဆံသူတွေကို အသေအချာ အကဲခတ် ဆင်ခြင်ကြည့်မယ်ဆိုရင်ပေါ့။ သူများစိတ်နှင့် ကိုယ့်ကိုယ် လှုပ်ရှားကျင်လည်နေသူတွေ အများကြီးမှ အများကြီးပဲဆိုတာ တွေ့နိုင်မှာပါ။ ကိစ္စတစ်ခုခု ကြုံလာရင် ချီတုံချတုံနှင့် ဘာဆုံးဖြတ်ရမယ်မှန်း မသိဘဲ သူများပြောသမျှ အမှန်ပဲလို့ချည်း ယူဆတတ်ကြတယ်။ တကယ်တမ်းပြောရရင် ကိုယ့်မှာအခက်အခဲ တစ်စုံတစ်ရာကြုံလို့ နားလည်တတ်ကျွမ်းသူတွေဆီက အကြံဥာဏ်ယူပြီး ကိုင်တွယ် ဖြေရှင်းတာမျိုးကို မဆိုလိုပါဘူး။

    အရာရာတိုင်းမှာ ကိုယ်ပိုင်ဥာဏ်နှင့် ချင့်တွေးလေ့မရှိဘဲ သူများတကာကိုချည်း အားကိုးမယ်၊ သူတို့ပြောသမျှဆိုသမျှ တစ်စက်ကလေးမှ မဆင်ခြင်ဘဲ လိုက်လုပ်တာမျိုး ရှိသေးတယ်။ ကိုယ့်ရဲ့စိတ်ဆန္ဒကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားအားထုတ်မှု မရှိခြင်းဟာ ဘဝမှာ အမှားအများကြီး ကြုံရတတ်တယ်လို့ ပညာရှင်တွေက ဆိုမိန့်ကြတယ်။ တကယ်တမ်းပြောရရင် အတန်းပညာပြည့်စုံသူတွေမှသာ ကိုယ့်စိတ်ကိုနိုင်နင်းပြီး လုပ်ရည်ကိုင်ရည်ရှိတယ်လို့ ပြောမရပါဘူး။ အရာရာမှာ ဆင်ခြင်ဥာဏ်ရှိရှိနှင့် ခေါင်းအေးအေးထားပြီး လုပ်တတ်ကိုင်တတ်ဖို့က အရေးကြီးဆုံး။ သူများပြောတိုင်း ဟုတ်နိုးနိုးထင်ပြီး ဆောင်ရွက်တတ်တာဟာ ကိုယ်ပိုင် အရည်အသွေးတွေ လျော့သည်ထက်လျော့လာဖို့ ဦးတည်နေတယ်။ လူတစ်ယောက်ဟာ သူရဲ့စိတ်ထားနှင့် စရိုက်သဘာဝကို သူများပြောမှ၊ သူများဝေဖန်ထောက်ပြမှ သိရတာမျိုး မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ်သာအသိဆုံးပါ။ ဒါကြောင့် ကိုယ့်ဆန္ဒနှင့် စိတ်ရင်းအမှန်ကိုသိအောင်လုပ်ဖို့က အရေးကြီးဆုံး။ ကိုယ်ဟာ စိတ်ဓာတ်ပျော့ညံ့သူလား၊ သူများပြောတိုင်း ယုံလိုက်သူလား၊ စိတ်ဓာတ်ဖွံ့ဖြိုးသူလားဆိုတာ သိပြီးမှ ပြုပြင်ပြောင်းလဲယူနိုင်မှာပါ။ တကယ်တမ်း ပြုပြင်ပြောင်းလဲချင် စိတ် ပြင်းထန်ရင်တော့ ပြောင်းယူလို့ ရနိုင်ပါတယ်။ ကိုယ့်ဘဝရဲ့ အနာဂတ်ကို ကိုယ်တိုင်ပြုပြင် ဖန်တီးတည်ဆောက်ချင်ရင်ပေါ့။

    တချို့တွေဟာ သူများသြဇာလွှမ်းမှန်းမသိ လွှမ်းတာကို ခံနေရတယ်။ ကိုယ်မလုပ်ချင်တာ မလုပ်သင့်တာတွေကို သိသိကြီးနှင့်ပဲ လုပ်ကိုင်နေရတယ်။ ဒါပေမယ့် “ဟင့်အင်း” လို့တော့ မငြင်းဖြစ်သလို ငြင်းလဲ မငြင်းရဲဘူးလေ။ အဲဒီလို လူစားမျိုးဟာ သူငယ်ငယ်က ကြီးပြင်းခဲ့ရတဲ့ မိသားစုအခြေအနေအပေါ် အများကြီးမူတည်တယ်။ တစ်နည်းပြောရရင် ကလေးဘဝကတည်းက မိဘတွေရဲ့  ထိန်းချုပ်မှု ပြင်းပြင်းထန်ထန်အောက်မှာ ကြီးပြင်းလာခဲ့တာ။ အသက်ရလာတာနှင့်အမျှ အားနည်းချက်တွေက ပိုမိုများလာတယ်။ မိဘတွေကိုကြောက်ရွံ့စိတ် ကြီးလွန်းတာဟာ အသက်ကြီးတဲ့အထိ အရိပ်လိုလွှမ်းမိုးနေတယ်။ ဒီတော့ လူတောမတိုးရဲသလို စိတ်ဓာတ်ခွန်အား ဖွံ့ဖြိုးမှုအား နည်းပါးပြီး အထီးကျန်ဆန်တဲ့အပြင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်စွမ်းမရှိပါဘူး။ အခါခပ်သိမ်းဆိုသလို သူများတကာရဲ့ အကူအညီအထောက်အပံ့ကို မျှော်လင့်နေမိတယ်။

    စိတ်ဓာတ်ဖွံ့ဖြိုးမှု မရှိတာနှင့်အမျှ မိဘနှင့်အသိုင်းအဝိုင်းရဲ့ ပုံသွင်းခဲ့တဲ့အတိုင်း ဘဝမှာ ကျင်လည်နေတဲ့အခါ တစ်ခုခုဆောင်ရွက် မယ်ကြံတိုင်း အများကဘယ်လိုထင်သွားမလဲ။ ကိုယ်လုပ်တာ မှန်မှမှန်ပါမလားဆိုတဲ့ အတွေးက ရှေ့ကဆီးကာနေတယ်။ ဘဝအတွက် အောင်မြင်ရာအောင်မြင်ကြောင်း နည်းလမ်းတွေနှင့် ဝေးနေတဲ့သဘောပါပဲ။ ဘာပဲလုပ်လုပ် အောင်မြင်ပါ့မလားဆိုတဲ့ အတွေးက ဦးဆုံးရောက်လာတာမို့ မလုပ်ရဲမကိုင်ရဲ ဖြစ်တာလည်း မဆန်းပါဘူး။ အထူးသဖြင့် အသက်မွေးမှုအတွက် စိုးရိမ်စိတ်လွန်ကဲတာဟာ အဓိကအားနည်းချက်တစ်ခု ဖြစ်နေတယ်။ တကယ်ဆို မအောင်မြင်တဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုခုကို  (မှန်မယ်ထင်လို့) လုပ်မိပြီပဲထား မှားသွားရင်ပြန်ပြင်ဖို့ ထပ်ပြီးနောက်တစ်ကြိမ် ကြိုးစားဖို့ဆိုတာ လူတိုင်းမှာ အခွင့်အရေးရှိနေတာပဲ။ ဒါကိုမေ့ထားလို့မှမဖြစ်တာ။ စိုးရိမ်စိတ်တွေ မရေရာတဲ့အတွေးတွေဟာ စိတ်ဓာတ်ဖွံ့ဖြိုးမှုအားနည်းနေသူကို ဝန်ပိနေတာတော့အမှန်ပါပဲ။ လူငယ်ဖြစ်သည့်တိုင် သဘာဝအလျောက် လွတ်လပ်ပေါ့ပါးတဲ့ ဟန်ပန်အမူအရာမျိုးတွေပျောက်ဆုံးနေခြင်းဟာ ဆုံးရှုံးမှုတစ်ခုပဲပေါ့။ အထူးသဖြင့်တော့ သွက်လက်ဖျက်လက်တဲ့ လူငယ်စရိုက်နှင့် အပြုအမူလှုပ်ရှားမှုတွေဟာ လောကကြီးကို စိန်ခေါ်ဝံ့အောင် ရှေ့ရှုနေတဲ့ တွန်းအားတွေပဲလေ။

    အမှားလုပ်မိတယ် အမှားမကင်းဘူးဆိုတာ လူ့သဘာဝမို့ အထူးပြောဖို့မလိပါဘူး။ တစ်စုံတစ်ခုဆောင်ရွက်ရာမှာ လုပ်မှားကိုင်မှားဖြစ်ခဲ့လို့ ဆုံးရှုံးခဲ့တယ်ဆိုရင် ၊ ဒါမှမဟုတ် စိတ်ဒုက္ခခံစားရမယ်ဆိုရင် အဲဒီအခက်အခဲကနေ ရှောင်ပြေးတာ နည်းလမ်းမကျလှပါဘူး။ နောက်ပြီး စိတ်ပျက်အားငယ်ရင်း အဖိုးတန်အချိန်တွေကို ကုန်ဆုံးဖို့လည်း မလိုအပ်လှပါဘူး။ အမှားဆိုတာ ကိုယ့်ဘဝအတွက် သင်ခန်းစာတွေအများကြီး ပေးနေတာလို့ လက်ခံထားဖို့လိုပါတယ်။ လူတစ်ယောက်ဟာ လူမှုရေးတာဝန်ဝတ္တရားတွေကို ဆောင်ရွက်ဖို့ ဝန်လေးချင်လေးနိုင်တယ်။ တာဝန်ကြောက်ပြီး ရှောင်တဲ့သဘောမျိုးပေါ့။ လူအများနှင့်ပြောဖို့ဆိုဖို့ ကြောက်စိတ်ကလွှမ်းမိုးနေတာလည်း တစ်ကြောင်းလို့ဆိုနိုင်တယ်။ အဲဒီလိုအပြုအမှုမျိုး စိတ်ထားမျိုး ကိုယ့်မှာရှိနေတာသေချာရင် လုပ်နိုင်တဲ့တစ်နည်းက စိတ်ဓာတ်ဖွံဖြိုးအောင် လေ့ကျင့်ယူဖို့ပါပဲ။ ဒါဆိုရင် ကိုယ့်ရဲ့အတွေးဟောင်းတွေ အမြင်တွေ ကိုတော့ပြောင်းမှ ဖြစ် လိမ့်မယ်။ လောကကြီးက မတရားဘူး။ မျက်နှာသာမပေးဘူး၊ ကံကြမ္မာက ဆိုးလွန်းတယ်လို့ ကိုယ့်ကိုကိုယ် သနားစိတ်ဝင်နေတာထက် ဘဝဆိုတာရှိရင် မျှော်လင့်ချက်အမှန်ရှိနေတယ်ဆိုတဲ့ အသိစိတ်ကိုမွေးသင့်တယ်။

    ဒီတော့နေ့စဉ်ဘဝမှာ ကြုံလာသမျှအသေးအဖွဲ့အခက်အခဲလေးတွေကအစ ကြီးကြီးမားမားထိရင်ဆိုင်ဖြေရှင်းရတဲ့ စိတ်မျိုးရှိရမယ်။ အောင်မြင်မယ်လို့ တစ်ထစ်ချမပြောနိုင်ဘူးပဲထားဦး ထပ်ပြီးကြိုးစားဖို့အခွင့်အရေးတွေက ကိုယ့်လက်ထဲမှာ ရှိနှင့်ပြီးသားလေ။ အဲဒီအခါ အကြံဥာဏ်ကောင်းတွေ အခွင့်အလမ်းကောင်းတွေ ကြုံလာမှာတော့ စိတ်ချ။ ကြိုးစား အားထုတ်နေသူတိုင်းအတွက် အခွင့်အလမ်းဆိုတာပေါ်လာစမြဲပါပဲ။

    အရေးကြီးတာက ကိုယ့်ရဲ့စိတ်ဓာတ်ကို သူများတကာလို့ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားယူဖို့နှင့် ပြင်းပြတဲ့ဆန္ဒမျှော်လင့်ချက်တွေ ရှိနေရမယ်။ ဒါဆိုရင် လူတစ်ယောက်ဖြစ်ရတဲ့ဘဝမှာ မလွဲမသွေကြုံလာရမဲ့အခက်အခဲ အကြပ်အတည်းတွေကို ကြိုပြီးပူပန် စိုးရိမ်မနေတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့စိတ်ဓာတ်ကို ဖွံ့ဖြိုးတိုးတက်အောင် အသင့်ပြင်ကြိုးစားထားတာက ကိုယ်တိုင်ပဲဖြစ်နေတာကိုး။ စိတ်ဆန္ဒတစ်ခုကို ပြည့်ဝအောင်၊ အကောင်အထည်ဖော်ဖို့ကတော့ သူများမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ဆိုတာ သဘောပေါက်ထားသင့်တယ်ဆိုတာတော့။

    နှင်းဆီခင်

  • နျူဓာတ်ပေါင်းဖို အတွက် ရုရှား-မြန်မာ ဆွေးနွေးမှုများ ပြုလုပ်နေ

    နျူဓာတ်ပေါင်းဖို အတွက် ရုရှား-မြန်မာ ဆွေးနွေးမှုများ ပြုလုပ်နေ

    ဧပြီ ၁၃၊ ၂၀၁၅
    Media

    1020811149 (1)

    – မြန်မာနိုင်ငံတွင် လျှင်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏ မြင့်တက်လာစေရေး အဆင့်မြင့် နျူကလီးယား နည်းပညာများ ထောက်ပံ့ပေးရန်အတွက် ရုရှားအနုမြူအေဂျင်စီမှာ မြန်မာနိုင်ငံနှင့် ကနဦးဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သိရသည်

    “မြန်မာနိုင်ငံကို အဆင့်မြင့် နျူကလီးယားနည်းပညာတွေ ထောက်ပံ့ဖို့အတွက် သင့်လျော်တဲ့အခြေအနေမျိုးတွေ ဖန်တီးပေးဖို့နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ အဲဒီ သင့်လျော်တဲ့ အခြေအနေမျိုးဆိုတာမှာ ဥပဒေပိုင်းဆိုင်ရာ မူဘောင်တစ်ခုနဲ့ ပညာရှင်တွေကို လေ့ကျင့်သင်ကြားပေးတာတွေ ပါဝင်ပါတယ်” ဟု ရုရှားအနုမြူအေဂျင်စီမှ လက်ထောက်ဒါရိုက်တာဖြစ်သူ ကိုမာရော့ဗ်က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်ခဲ့သည် နျူကလီးယား စက်မှုပိုင်းဆိုင်ရာ ဖိုရမ်တွင် ပြောကြားခဲ့သည်။

    “ဒါဟာ ကနဦးညှိနှိုင်းဆွေးနွေးမှုတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အာရှ-ပစိဖိတ်ဒေသက အခြားသော နိုင်ငံတွေလိုပဲ မြန်မာနိုင်ငံဟာ လျှင်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ဖို့အတွက် စိတ်ဝင်စားနေပြီး နျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့လည်း ဖြစ်သွားနိုင်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    မတ်လအစောပိုင်းက ရုရှားနျူအနုမြူအေဂျင်စီ၏ အခြားသော လက်ထောက်ဒါရိုက်တာဖြစ်သူ နိကိုလေး စပတ်စ်ကီမှာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က နိုင်ငံမှာ နျူးကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် စိတ်ဝင်စားနေသည်ဟု အတည်ပြုခဲ့သည်။

    ၂၀၀၇ ခုနှစ်မေလအတွင်းက မြန်မာနှင့် ရုရှားနိုင်ငံတို့မှာ မြန်မာနိုင်ငံတွင် နျူကလီးယားလေ့လာရေးစင်တာ တည်ဆောက်ရန်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစင်တာတွင် ဓာတ်အား ၁၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် ရေဖိအားသုံး နျူကလီးယားဓာတ်ပေါင်းဖို အငယ်စားတစ်လုံးလည်း ပါဝင်မည်ဖြစ်သည်။

    ထို့ပြင် ဆေးဘက်ဆိုင်ရာ အိုင်ဆိုတုပ်ထုတ်လုပ်ရေး ဓာတ်ခွဲခန်း၊ နျူကလီးယားစွန့်ပစ်ပစ္စည်း သန့်စင်စက်ရုံနှင့် စွန့်ပစ်ပစ္စည်းများမြှုပ်နှံရန်အတွက် လိုအပ်သည်များလည်း ပါဝင်မည်ဖြစ်သည်။ ရုရှားတက္ကသိုလ်များမှာ အဆိုပါစင်တာတွင် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံမှ ပညာရှင် ၃၀၀ မှ ၃၅၀ ကို လေ့ကျင့်ပေးသွားမည်ဖြစ်သည်။

    Ref: Sputniknews