News @ M-Media

Blog

  • မက္ကဆီကို နှင့် အစ္စလာမ်သာသနာ

    မက္ကဆီကို နှင့် အစ္စလာမ်သာသနာ

    ဧပြီ ၁၄ ၊ ၂၀၁၅
    M-Media
    လေးမောင် ရှာဖွေတင်ဆက်သည်။
    MexicoWorldMap
    ၁၅ ရာစုမှာ စပိန်လူမျိုးတွေက အမေရိကတိုက်ကို ရှာဖွေတွေ့ရှိပြီး တဲ့နောက်ပိုင်းမှာ မြောက် အာဖရိကနဲ့ အနောက်အာဖရိကက ကျွန်ရောင်း ကျွန်ဝယ်စနစ်နဲ့ အတူ အစ္စလာမ် သာသနာဟာလည်း အမေရိကတိုက်ကို စတင်ရောက်ရှိ လာခဲ့ပါတယ်။ ဒါပေမယ့် စပိန်ကိုလိုနီလက်ထက် တင်းကျပ်လှတဲ့ ခရစ်ယာန် ဘာသာရေး ဥပဒေအောက်မှာ အခြားဘာသာဝင်တွေကို နည်းမျိုးစုံနဲ့ ညှင်းပန်းသတ်ဖြတ်တာကို အစ္စလာမ် ဘာသာဝင်တွေလည်း ခံစားခဲ့ရပြီး နေရပ် စွန့်ခွာခဲ့ရတာကြောင့် အမေရိကတိုက် နိုင်ငံတွေမှာ အစ္စလာမ် သာသနာဟာ မှေးမှိန်ခဲ့ရပါတယ်။

    ၁၈၅၀ ခုနှစ်နဲ့ ၁၈၆၀ ခုနှစ်တွေမှာ အာရပ် လူမျိုးတွေ အမေရိကတိုက်ဖက်ကို အုံနဲ့ကျင်းနဲ့ ပြောင်းရွှေ့ အခြေချလာတာ၊ ၁၆ ရာစုအဆုံးမှာ ကျွန်စနစ်ပျက်သုဉ်းခဲ့ပြီး အိန္ဒိယနဲ့ ပါကစ္စတန်က လူတွေ ပြောင်းရွှေ့ အခြေချလာခဲ့တာကြောင့် အစ္စလာမ် သာသနာဟာလည်း သူတို့နဲ့အတူ ပြန်လည်ရောက်ရှိလာခဲ့ပြန်ပါတယ်။ အဲဒီအချိန်ကစလို့ အစ္စလာမ်သာသနာဟာ အမေရိကတိုက်မှာ တစ်စတစ်စတိုးပွားလာခဲ့ပြီး အခုအချိန်မှာ အာရဗ်နဲ့ ဌာနေ လူမျိုးတွေအပါအ၀င် အစ္စလာမ် ဘာသာကို သက်ဝင် ယုံကြည်သူတွေဟာ အမေရိကတိုက်မှာ ၄ သန်းရှိလာခဲ့ပြီလို့ စစ်တမ်းများကဆိုပါတယ်။

    မက္ကဆီကိုမှ အစ္စလာမ်သာသနာ

    အစ္စလာမ်သာသနာ မက္ကဆီကို ရောက်ရှိလာတဲ့ မူလဘူတနဲ့ပတ်သက်ပြီး သိပ်မသိရပေမယ့် ခရစ်ယာန်သာသနာနည်းတူ စပိန်ကိုလိုနီလက်ထက်မှာ စတင်ရောက်ရှိလာခဲ့တယ်ဆိုတာကိုတော့ သမိုင်းပညာရှင်တွေအားလုံးက လက်ခံထားကြပါတယ်။

    နောက်ပိုင်းမှာ ဆီးရီးယား၊ လက်ဘနွန်၊ အီဂျစ်၊ အီရန် လို အရှေ့အလယ်ပိုင်းက ပြောင်းရွှေ့ အခြေချနေထိုင်သူတွေကြောင့် အစ္စလာမ်ဘာသာဝင် ဦးရေ တိုးလာခဲ့ရပြီး ၂၀၁၀ ခုနှစ် အစိုးရက ကောက်ခဲ့တဲ့ စစ်တမ်းအရ မက္ကဆီကိုမှာ အစ္စလာမ်ဘာသာဝင် တစ်သောင်း နီးပါးလောက် ရှိတယ်လို့ ဆိုပေမယ့် ကမ္ဘာ့နိုင်ငံ အသီးသီးက ဘာသာ အယူဝါရေးရာတွေကို လေ့လာနေတဲ့ ၀ါရှင်တန်အခြေစိုက် Pew Forum အဖွဲ့ကတော့ မက္ကဆီကိုမှာ အစ္စလာမ်ဘာသာဝင် ဦးရေ ၁၁၀၀၀၀ လောက်ရှိတယ်လို့ ခန့်မှန်း တွက်ချက်ထားပါတယ်။ အများစုကတော့ စွန်နီတွေဖြစ်ကြပြီး ရှီယာနဲ့ စလဖီအုပ်စု အနည်းငယ်လည်း ရှိပါတယ်။

    မက္ကဆီကိုစီးတီး

    မြို့တော်ဖြစ်တဲ့ မက္ကဆီကို စီးတီးမှာ အစ္စလာမ် ဘာသာဝင်ဦးရေ အများဆုံးဖြစ်ပြီး အစိုးရရဲ့ ထုတ်ပြန်ချက်အရ ခန့်မှန်းချေ  ၄ ထောင် နီးပါလောက်ရှိပါတယ်။ ၁၉၉၀ ပြည့်နှစ်ပိုင်းတွေက အစ္စလာမ် ဘာသာရေးဆိုင်ရာ ၀တ်ပြုမှုတွေကို အီရန်သံရုံး၊ ပါကစ္စတန် သံရုံးတို့မှာ သွားရောက်ပြုလုပ်ခဲ့ရပေမယ့် ၁၉၉၅ ခုနှစ်မှာ CCIM အဖွဲ့ ပေါ်ပေါက်လာမှုနဲ့ အတူ မက္ကဆီကိုစီးတီမှာ ဗလီဝတ်ကျောင်းတော်များ ပေါ်ပေါက်လာခဲ့ပြီး ဟာလာလ် စားသောက်ဆိုင်တွေလည်း အတော် များများ ဖွင့်လှစ်ခဲ့ကြပါတယ်။

    မိုရီလို့စ်ပြည်နယ်က တီကွီစ်ကွီတန်ဂိုမြို့၊ ချီယာပက်စ်ပြည်နယ်က  ဆန်ခရစ္စတိုဘဲလ် ဒီ လက်စ် ကာဆက်မြို့၊ ကိုအာဟီလာပြည်နယ်က တိုရီယွန်မြို့တွေမှာလည်း မွတ်စလင် လူအဖွဲ့အစည်းတွေ သတ်သတ်မှတ်မှတ် ရှိကြပြီး နိုင်ငံရဲ့ အခြားဒေသတွေမှာလည်း အစ္စလာမ်ဘာသာဝင်တွေဟာ ပြန့်ကျဲနေထိုင်ကြပါတယ်။

    Mezquita_soraya

    ချီယာပက်စ်ပြည်နယ်မှ တိုင်းရင်းမွတ်စလင်များ

    နိုင်ငံတောင်ဘက်စွန်းစွန်းက ဒီပြည်နယ်ဟာ တိုင်းရင်းသား ဌာနေလူမျိုးတွေ အစ္စလာမ်ကို အများဆုံး ပြောင်းလဲ သက်ဝင် ယုံကြည်လာကြတဲ့ ပြည်နယ် တစ်ခု ဖြစ်ပါတယ်။ ဒီပြည်နယ်မှာ စပိန်လူမျိုး မွတ်စလင် အသိုင်းအ၀ိုင်းဖြစ်တဲ့ `မူရာဘီတန်´ အသိုင်းအ၀ိုင်း တစ်ခု ရှိပါတယ်။  ဒီအသိုင်းအ၀ိုင်းဟာ စပိန်နိုင်ငံ ဂရာနာဒါ ဒေသအခြေစိုက် အစ္စလာမ့်ရေးရာ အဖွဲ့ဖြစ်တဲ့ Comunidad Islámica en España နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိပြီး အစ္စလာမ်ကိုပြောင်းလဲ သက်ဝင်လာတဲ့ စပိန်လူမျိုး မိုဟာမက်နာဖီယာက အဲဒီဒေသက အစ္စလာမ့်ရေးရာအဖွဲ့ဖြစ်တဲ့ Comunidad Islámica en México အဖွဲ့ကို ဦးဆောင်ပါတယ်။

    နာဖီယာဦးဆောင်တဲ့ ဒီအဖွဲ့ရဲ့ စွမ်းစွမ်းတမံ သာသနာပြုမှုကြောင့် အဲဒီဒေသက ဌာနေတိုင်းရင်းသား မာယန်လူမျိုးတွေနဲ့ တီဇွတ်ဇီလ်လူမျိုးတွေဟာလည်း အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လာကြပါတယ်။ မာယန်တွေဟာ အစ္စလာမ့်ရေးရာ ၀တ်ပြုဆောက်တည်မှုတွေကို အလွယ်တကူလုပ်နိုင်ဖို့အတွက် ဆန်ခရစ္စတိုဘဲလ် ဒီလက်စ် ကာဆက်မြို့မှာ အလ်-ကောက်စရ်အမည်နဲ့ ဗလီဝတ်ကျောင်းတော် တစ်လုံးကို ဆောက်လုပ်ခဲ့ပါတယ်။ ဒီဗလီမှာ ငါးကြိမ်ဆွလာသ်နဲ့ ဂျူမုအဟ် ဆွလာသ်တို့ကို ၀တ်ပြုနိုင်ပြီး အမျိုးသမီးတွေ ၀တ်ပြုဖို့ သီးသန့်အဆောင်တစ်ခုကိုလည်း လုပ်ပေးထားပါတယ်။ မက္ကဆီကို တစ်နိုင်ငံလုံးနည်းတူ ချီယာပက်စ်ဒေသမှာလည်း အစ္စလာမ်ဘာသာကို ပြောင်းလဲ သက်ဝင်ယုံကြည်သူ အရေအတွက်ဟာ တိုးတက်လျက် ရှိနေပါတယ်။

    Dar_as_salam

    အဖွဲ့အစည်းများ

    မက္ကဆီကိုမှာ အစ္စလာမ့်ရေးရာအဖွဲ့တွေ အများအပြားရှိကြပြီး ယနေ့ခေတ် မက္ကဆီကိုမှာ အစ္စလာမ် သာသနာကို ပြောင်းလဲ သက်ဝင် ယုံကြည်သူ အရေအတွက် အလျင်အမြန် မြင့်တက် လာတာဟာ ဒီအဖွဲ့အစည်းတွေရဲ့  စွမ်းစွမ်းတမံ ဆောင်ရွက် မှုကြောင့်ပဲဖြစ်ပါတယ်။
    Tequesquitengo2010 046
    ဗြိတိန်မှာမွေးဖွားတဲ့ မက္ကဆီ ကို နွယ်ဖွားဖြစ်ပြီး ၁၉၈၈ ခုနှစ်က အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လာခဲ့တဲ့ အိုမာ ၀က်စ်တန် တည်ထောင်ထားတဲ့ Cultural Islámico de México (CCIM) (မက္ကဆီကိုအစ္စလာမ့်ယဉ်ကျေးမှုစင်တာ) အဖွဲ့ဟာ မက္ကဆီကိုက အတက်ကြွဆုံး အစ္စလာမ်အဖွဲ့တစ်ခုဖြစ်ပြီး နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ သာသနာပြုလုပ်ငန်းကစလို့ လူမှုရေးလုပ်ငန်း အဆုံး ဆောင်ရွက်နေတဲ့ အဖွဲ့ တစ်ခုလည်းဖြစ်ပါတယ်။ ၀က်စ်တန်ဟာ မဒီနာမြို့က အစ္စလာမ့်တက္ကသိုလ်တစ်ခုမှာ အစ္စလာမ့်ရေးရာနဲ့ ပတ်သက်ပြီး ဘွဲ့ရထားသူလည်း ဖြစ်ပါတယ်။

    ၁၉၉၅ ခုနှစ် မြို့တော် မက္ကဆီကိုစီးတီးမှာ ဖွဲ့စည်းခဲ့ပြီးနောက် CCIM ဟာ အစ္စလာမ့်ရေးရာ ကိစ္စရပ်တွေကို ဘက်စုံထောင့်စုံအောင် အားကြိုး မာန်တက်ဆောင်ရွက်ခဲ့ပါတယ်။ ၀တ်ပြုမှုတွေကို ဦးဆောင်ပြုလုပ်တာ၊ အစ္စလာမ့်စာပေတွေကို ဘာသာပြန်ပြီး ပုံနှိပ်ထုတ်ဝေတာ၊ မြို့တကာ နယ်တကာလှည့်ပြီး အစ္စလာမ့်အကြောင်း ဟောပြောတင်ပြတာ၊ မက္ကဆီကို တီဗီအစီအစဉ်တွေကနေ တစ်ဆင့် အစ္စလာမ့်ရေးရာအကြောင်းအရာတွေကို ထုတ်လွှင့် တင်ဆက်ပေးတာ စတဲ့လုပ်ငန်းတွေကို ဆောင်ရွက်ပေးပြီး ဒီအဖွဲ့ရဲ့ စွမ်းစွမ်တမံ ကြိုးပမ်းမှုတွေကြောင့် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူ အရေအတွက်ဟာလည်း တိုးလာခဲ့ပါတယ်။ ပြီးတော့ မက္ကဆီကိုစီးတီးမှာ အချိန်ပြည့် အစ္စလာမ့်ရေးရာ သင်တန်းကျောင်း တစ်ခုကိုလည်း MCM က ဦးဆောင်ဖွင့်လှစ်ခဲ့ပြီး မွတ်စလင်လူငယ်တွေကို အစ္စလာမ့်ရေးရာနဲ့ပတ်သက်တဲ့ အဆင့်မြင့်ပညာရပ်တွေကို သင်ကြားပေးနေကာ မက္ကာ၊ မဒီနာတို့မှာ ရှိတဲ့ အစ္စလာမ့်တက္ကသိုလ်တွေဆီကိုလည်း ပို့ဆောင် သင်ကြားပေးလျက်ရှိပါတယ်။

    မိုရီလို့စ်ပြည်နယ်မှာဆိုရင် CCIM အဖွဲ့ဟာ `ဒါရွတ်စလာမ်´လို့ခေါ်တဲ့ အစ္စလာမ့်စင်တာ တစ်ခုကို ဖွင့်လှစ်ထားပြီး အဲဒီအစ္စလာမ့်စင်တာမှာ ၀တ်ပြုဆောင်တစ်ခု၊ သင်ကြားရေးနဲ့ အစည်းအဝေးကျင်းပရာနေရာ တစ်ခုတို့ ပါဝင်ပါတယ်။ ဒီစင်တာရဲ့အနီးအနားမှာ `ဟိုတယ်အိုအေစစ်´ ဆိုတဲ့အမည်နဲ့ ဟိုတယ်တစ်ခုကိုလည်း ၀က်စ်တန်က ဖွင့်လှစ်ထားပြီး ဟာလာလ် စားသောက်ဆိုင် မပေါလှတဲ့ အဲဒီဒေသမှာ ဟာလာလ် အစားအသောက်တွေ စီစဉ်ပေးတာ၊ မွတ်စလင်ခရီးသွားတွေအတွက် အဆင်ပြေ လွယ်ကူအောင် စီစဉ်ပေးတာမျိုး စတဲ့ ၀န်ဆောင်မှုတွေကိုလည်း ပေးနေပါတယ်။

    နောက်ပိုင်းမှာတော့ အိုမာ ၀က်စ်တန်ဟာ CCIM ရဲ့ ကျောင်းခွဲအဖြစ် မက္ကဆီကို တနံတလျားမှာ အစ္စလာမ့်စင်တာတွေကို ဖွင့်လှစ်ပြီး သာသနာပြု လုပ်ငန်းတွေကို အောင်မြင်စွာ လုပ်ဆောင်နေပါတယ်။

    မက္ကဆီကိုစီးတီးမှာ ဆူဖီအဖွဲ့တစ်ခုဖြစ်တဲ့ Nur Ashki Jerrahi Sufi Order အဖွဲ့တစ်ခုလည်းရှိပြီး ဒီအဖွဲ့ကိုတော့ ရှေခါ ဖာတီမာ ဖာရီဟာနဲ့ ရှေခါ အာမေနာ တက်စ်လီမာဆိုတဲ့ အမျိုးသမီးနှစ်ဦးက တည်ထောင်ထားတာ ဖြစ်ပါတယ်။

    နောက်ထပ် အဖွဲ့တစ်ခုကတော့ Centro Salafi de México လို့ခေါ်တဲ့ ဆာလာဖီအဖွဲ့ငယ်တစ်ခုဖြစ်ပြီး အစ္စလာမ်ကိုသက်ဝင်ယုံကြည်လာပြီးတဲ့နောက် မဒီနာမြို့မှာ အစ္စလာ့မ်ရေးရာတွေကို သွားရောက်သင်ယူခဲ့တဲ့ မက္ကဆီကိုမွတ်စလင် အီဆာ ရိုဂျာက တည်ထောင်ထားပြီး အရှေ့အလယ်ပိုင်းက မွတ်စလင်အချို့ စီမံခန့်ခွဲနေတဲ့ အစ္စလာမ့်သင်ကြားရေးစင်တာတစ်ခုလည်း မြို့တော် မက္ကဆီကိုစီးတီးမှာ ရှိနေပါတယ်။

    ဗလီဝတ်ကျောင်းတော်များ

    မက္ကဆီကိုနိုင်ငံတစ်ဝှမ်းမှာ ဗလီဝတ်ကျောင်းတော်ကြီးပေါင်း ၁၄ ခုရှိပြီး ၀တ်ပြုဆောင်တွေလည်း နိုင်ငံ တစ်ဝှမ်း မြောက်များစွာ ရှိနေပါတယ်။

    သစ်လွင်မွတ်စလင်များ

    အမေရိကတိုက်မှ အခြားသောနိုင်ငံများနည်းတူ မက္ကဆီကိုမှာလည်း အစ္စလာမ် သာသနာကို ပြောင်းလဲသက်ဝင်လာတဲ့ အရေအတွက်ဟာ ၉/၁၁ တိုက်ခိုက်မှု နောက်ပိုင်းမှာ တရှိန်ထိုး မြင့်တက်လာခဲ့ပါတယ်။

    အစ္စလာမ်ဘာသာဟာ တကယ်ပဲအကြမ်းဖက်ဝါဒကို အားပေးသလား ဆိုတာနဲ့ပတ်သက်ပြီး လေ့လာကြရာကနေ စစ်မှန်တဲ့ အစ္စလာမ်အကြောင်း နားလည်ပြီး သက်ဝင်လာကြတယ်ဖြစ်တယ်လို့ မက္ကဆီကိုမှာ အစ္စလာမ်သာသနာ ထွန်းကားမှုကို လေ့လာဆန်းစစ်ခဲ့တဲ့ Fox News Latino သတင်းဌာနက  ၂၀၀၁၃ ခုနှစ်မှာ ရေးသားခဲ့တဲ့ Muslim Converts In Mexico Make Up A Diverse, Fast-Growing Community ဆောင်းပါးမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ယုံကြည်မှု တိုးပွားလာတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ အစ္စလာမ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို စိတ်ကြိုက် မေးမြန်းလေ့လာနိုင်တဲ့ အင်တာနက်ကြောင့်ဖြစ်ပြီး မက္ကဆီကိုက သစ်လွင်မွတ်စလင်အချို့ဟာ အစ္စလာမ့်သင်ခန်းစာတွေကို အင်တာနက်ကနေတစ်ဆင့် သင်ယူ တတ်မြောက်ကြပါတယ်။

  • အီရတ်ပြည်သူများကို သတ်ဖြတ်ခဲ့သည့် အမေရိကန်လုံခြုံရေးကုမ္ပဏီ ၀န်ထမ်း ၄ ဦး နှစ်ရှည်ထောင်ဒဏ် ကျခံရ

    အီရတ်ပြည်သူများကို သတ်ဖြတ်ခဲ့သည့် အမေရိကန်လုံခြုံရေးကုမ္ပဏီ ၀န်ထမ်း ၄ ဦး နှစ်ရှည်ထောင်ဒဏ် ကျခံရ

    ဧပြီ ၁၄၊ ၂၀၁၅
    M-Media

    iraq

    – အီရတ်စစ်ပွဲ အရှိန်မြင့်နေစဉ် ၂၀၀၇ ခုနှစ် အတွင်း ဘဂ္ဂဒတ်မြို့၌ အီရတ်ပြည်သူများကို ပစ်သတ်ခဲ့သည့် ပုဂ္ဂလိက စစ်ဘက်ဆိုင်ရာ လုံခြုံရေးကုမ္ပဏီ Blackwater မှ ၀န်ထမ်းလေးဦးကို အမေရိကန်တရားရုံးက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်ဟု သိရသည်။

    ပြစ်ဒဏ်ချမှတ်ခြင်း ခံရသူများမှာ နီကိုလက်စ် ဆလက်တန်၊ ဒက်စ်တန် ဟီယာ့ဒ်၊ အီဗန် လေဘာတီနှင့် ပေါလ် ဆလော့တို့ဖြစ်ကြပြီး ယမန်နေ့က ၀ါရှင်တန်ရှိ တရားရုံးတွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ပစ်ခတ်မှုတွင် အဓိက ပါဝင်ခဲ့သည့် ဆလက်တန်မှာ တစ်သက်တကျွန်းပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရပြီး ကျန် ၃ ဦးမှာ တစ်ဦးလျှင် ထောင်ဒဏ် နှစ် ၃၀ စီ ချမှတ်ခံခဲ့ရသည်။

    Blackwater မှာ အမေရိကန်ဦးဆောင်သည့်တပ်ဖွဲ့များ အီရတ်နိုင်ငံအတွင်း ၀င်ရောက်တိုက်ခိုက်မှု အရှိန်မြင့်နေစဉ်အတွင်း သံတမန်များအတွက် အခြားတပ်ဖွဲ့များနှင့်အတူ လုံခြုံရေး ယူပေးရသည့် ကုမ္ပဏီဖြစ်သည်။ ၂၀၀၇ ခုနှစ်က ထိုသို့ လုံခြုံရေးယူနေစဉ်အတွင်း ၎င်းတို့ ၄ ဦးမှာ ဘဂ္ဂဒတ်မြို့ရှိ နီဆူးရ်ရင်ပြင်တွင် အီရတ်ပြည်သူများကို ပစ်သတ်ခဲ့ပြီး ၁၄ ဦး သေဆုံးခဲ့သည်။ ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း Blackwater ကုမ္ပဏီမှာ ၎င်းတို့၏ အမည်ကို Academi ဟု ပြောင်းလဲခဲ့သည်။

    ၎င်းတို့၏ ရှေ့နေများကမူ အမှုအတွက် တင်သွင်းချင်သည့် အထောက်အထားတစ်ခု တွေ့ရှိခြင်းကြောင့် ယမန်နေ့ ပြစ်ဒဏ်ချမှတ်မှုအား ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့သော်လည်း တရားသကြီး ရွိုက်စ် လမ်ဘာ့သ်က ပယ်ချခဲ့သည်။

    ဖက်ဒရယ်အစိုးရမှ တရးသူကြီးများကမူ ဆလက်တန်မှလွဲ၍ ကျန်သုံးယောက်အား ကြီးလေးသော ရာဇ၀တ်မှုကျူးလွန်ခြင်းနှင့် စစ်ဘက်ဆိုင်ရာလက်နက်များ သုံးစွဲခြင်းအတွက် နှစ် ၃၀ ထက်ပိုသော ပြစ်ဒဏ်ကို ချမှတ်ရန် တရားရုံးအား တေင်းဆိုခဲ့သည်။ ၀ါရှင်တန်ပို့စ်၏ အဆိုအရ လူသတ်မှုစွဲချက် ၁၃ ခု၊ သတ်ဖြတ်ရန်ကြိုးပမ်းမှုစွဲချက် ၁၇ ခုတို့ဖြင့် တရားစွဲဆိုခံထားရသည့် ဆလော့အား ထောင်ဒဏ် ၅၇ နှစ်၊ လူသတ်မှုစွဲချက် ၈ ခု၊ လူသတ်ရန်ကြိုးပမ်းမှုစွဲချက် ၁၂ ခုတို့ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် လေဘာတီအား
    ထောင်ဒဏ် ၄၇ နှစ်နှင့် လူသတ်မှုစွဲချက် ၆ ခု၊ လူသတ်ရန်ကြိုးပမ်းမှုစွဲချက် ၁၁ ခုတို့ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဟီယာ့ဒ်အား ထောင်ဒဏ် ၄၇ နှစ် အသီးအသီးချမှတ်ရန် အစိုးရက တောင်းဆိုခဲ့သည်ဟု ဖော်ပြခဲ့သည်။ ဆလက်တန်မှာ ၎င်း၏ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို ခံဝန်ဖြင့် လွှတ်ပေးရန် ခြွင်းချက်မရဘဲ ကျခံရမည်ဖြစ်သည်။

    Ref: RT

  • မန်စီးတီး၏ခြေချော်မှုက မိမိတို့အား လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု ရော်ဂျာဆို

    မန်စီးတီး၏ခြေချော်မှုက မိမိတို့အား လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု ရော်ဂျာဆို

    ဧပြီ ၁၄၊ ၂၀၁၅
    M-Media

    rodger

    – မန်စီးတီး၏ လက်ရှိခြေချော်မှုများက မိမိတို့အသင်း ချန်ပီယံလိဂ်ဝင်ခွင့်နေရာ သေချာစေရန်အတွက် လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်သည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။

    ယနေ့နံနက်က ကစားခဲ့သည့် နယူးကာဆယ်နှင့်ပွဲတွင် လီဗာပူးလ်မှာ စတာလင်နှင့် ဂျိုးအလန်တို့၏ ဂိုးများဖြင့် အနိုင်ရရှိခဲ့ကာ အဖိုးတန် ၃ မှတ်ကို ရယူနိုင်ခဲ့သည်။ ထိုပွဲအနိုင်ကြောင့် မန်ယူအား ရှုံးနိမ့်ခဲ့ပြီး အဆင့် ၄ နေရာတွင် ရှိနေသည့် မန်စီးတီးနှင့် ၄ မှတ်ကွာ အဆင့် ၅ နေရာသို့ လီဗာပူးလ်က ရောက်ရှိလာခဲ့သည်။

    ရော်ဂျာကမူ မိမိတို့အသင်းမှာ မန်စီးတီး၏ အဆင့် ၄ နေရာကို သိမ်းပိုက်နိုင်မည့် အခွင့်အရေး ရှိနေသည်ဟု ယုံကြည်နေသည်။

    “နောက်ဆုံးအထိ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ။ ဒီညမှာ နိုင်ရမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီအနိုင်ကို နောက်တစ်ပတ်အထိ ယူသွားမှာပါ။ မန်စီးတီးဟာ သူအောက်က အသင်းတွေအတွက် လမ်းဖွင့်ပေးလိုက်တာပါပဲ။ ဒ့ါကြောင့် ကျွန်တော်တို့အတွက်တော့ ကျန်တဲ့ပွဲတွေကို နိုင်ရပါမယ်။ ကျွန်တော်တို့အထက်က အသင်းတွေကတော့ အားသာတဲ့ အနေအထားမျိုးမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ပွဲတွေကိုအနိုင်ကစားပြီး ကစားပုံကောင်းမယ်ဆိုရင်တော့ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ” ဟု နယူးကာဆယ်နှင့်ပွဲအပြီးတွင် ရော်ဂျာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    နယူးကာဆယ်အားနိုင်ပွဲမှာ မန်ယူနှင့် အာဆင်နယ်တို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် ၃ ပွဲတွင် လီဗာပူးလ်၏ ပထမဆုံးအနိုင်လည်း ဖြစ်သည်။ ရော်ဂျာကမူ အသင်း၏ အပြုအမူနှင့် စွမ်းရည်တို့ကို ချီးကျူးခဲ့သည်။

    “ပြီးခဲ့တဲ့ ၁၃ ပွဲမှာ ကျွန်တော်တို့ ၁၀ ပွဲ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် စိတ်ပျက်စရာကောင်းတဲ့ ရလဒ် ၂ ခု ရခဲ့ပါတယ်။ ပွဲတွေရှုံးပြီဆိုရင် အမြဲတမ်း ပြဿနာဖြစ်တာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ နိုင်အောင်လုပ်ရမယ်၊ (FA ဖလား) ဆီးမီးဖိုင်နယ်ရောင်အောင် လုပ်ရမယ်ဆိုတာနဲ့ ဒီညအနိုင်ကစားရမယ်ဆိုတာကို ကျွန်တော်တို့ သိခဲ့ပါတယ်”

    Ref: Goal.com

  • စာပေဗိမာန်မှ ထုတ်ဝေခဲ့သည့် ကမန်မျိုးနွယ်စုသမိုင်း

    စာပေဗိမာန်မှ ထုတ်ဝေခဲ့သည့် ကမန်မျိုးနွယ်စုသမိုင်း

    ဧပြီ ၁၄ ။ ၂၀၁၅
    M-Media
    သီဟ
    Tar Kee Twe
    ၁၇-၄-၂၀၁၅ ရက်စွဲဖြင့် (ကြိုတင်) ထုတ်ဝေသည့် သာကီသွေးဂျာနယ် အတွဲ(၂) အမှတ်(၂၀) တွင် ဆောင်းပါးရှင် မောင်ကျော်ဇံ(မင်းပြား)ရေးသားသည့် “ကမန်လူမျိုး မရှိပါ” ခေါင်းစဉ်ဖြင့် ဆောင်းပါး တပုဒ် ထည့်သွင်းဖော်ပြခဲ့တာကို တွေ့ရှိရပါတယ်။

    ကမန်လူမျိုးမှာ ခေတ်အဆက်ဆက် တိုင်းရင်းသားစာရင်းတွင် တရားဝင် ထည့်သွင်း အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။ ကမန်လူမျိုး အများစုမှာ အစ္စလာမ်ဘာသာ သက်ဝင်ယုံကြည်သူများဖြစ်ကြပါတယ်။
    front cover
    သာကီသွေး စာစောင်မှ ယခင်ကလည်း အစ္စလာမ်သာသနာ၊ နိုင်ငံသား မွတ်စလင်များနှင့် ပတ်သက်သော ထိလွယ်ရှလွယ်သည့် သတင်း၊ဆောင်းပါးများကို ဖော်ပြခဲ့ပြီး အဆိုပါ ကိစ္စရပ်များကို အစိုးရ အသိအမှတ်ပြု အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများမှ သမ္မတ အပါအဝင် တာဝန်ရှိသူ အဆင့်ဆင့်ကို အကြိမ်ကြိမ် တိုင်ကြား အသိပေးပြီးဖြစ်ပေမယ့် ထိရောက်သည့် အရေးယူ တားဆီးမှုများ မပြုခဲ့တာကို တွေ့ရှိရပါတယ်။

    တိုင်းရင်းသား၊ နိုင်ငံသားများ အကြား အငြင်းပွား စိတ်ဝမ်း ကွဲစရာများဖြစ်ပေါ်လာစေနိုင်သည့် အဆိုပါ သာကီသွေးမှ ဆောင်းပါး နှင့် စာပေဗိမာန်  နိုင်ငံဂုဏ်ရည်စာပေတိုက်က ဒီဇင်ဘာလ ၂၀၀၅ ကထုတ်ဝေခဲ့တဲ့ မောင်ဆန္ဒ (လယ်ဝေး) ရေးသားပြုစုသော ကမန်မျိုးနွယ်စုသမိုင်း စာအုပ်ကို နှိုင်းယှဉ်ဖတ်ရှု့နိုင်ရန် ဖော်ပြလိုက်ပါတယ်။

    ကမန်မျိုးနွယ်စု သမိုင်းစာအုပ် E-Book –

  • အိန္ဒိယ၊ ဂျပန် ‘Soft Power’  နှစ်ရပ်ရဲ့ဆုံမှတ် မြန်မာပြည်

    အိန္ဒိယ၊ ဂျပန် ‘Soft Power’ နှစ်ရပ်ရဲ့ဆုံမှတ် မြန်မာပြည်

    ဧပြီ ၁၄ ၊ ၂၀၁၅
    M-Media
    MYANMAR-ASEAN-DIPLOMACY
    ချစ်ကြည်မှုတိုးမြှင့်လာနေတဲ့ နိုင်ငံနှစ်ခုက မြန်မာနိုင်ငံထဲ အတူတစ်ကွ ပူးပေါင်းလုပ်ကိုင်မှုမှာ အတိုင်းအတာတစ်ရပ်အထိ အခွင့်အလမ်းရှာမှုတွေ ရှိနေပါတယ်။

    ၂၀၁၀ ခုနှစ်ကတည်းက အစိုးသစ်နဲ့အတူ – စီးပွားရေးပုံပြောင်းလုပ်ငန်းစဉ်နဲ့အတူ မြန်မာနိုင်ငံကို ယခုချိန်မှာ အာရှရဲ့ကြားစခန်းစားကျက်သစ် သို့မဟုတ် နောက်ဆုံးစားကျက်အဖြစ် သတ်မှတ်ထားကြတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံတကာကုန်သွယ်ရေးတိုးမြှင့်မှု အလားအလာရှိနေလို့ပါပဲ။

    တရုတ်နိုင်ငံရဲ့ဦးဆောင်နေခြင်းနဲ့တစ်ကွ နိုင်ငံအများအပြားဟာ မြန်မာနိုင်ငံထဲ ခြေလှမ်းကျွံနေပြီ ဖြစ်တယ်။ တရုတ်သြဇာကတော့ ကုန်သွယ်ရေးမှာဖြစ်စေ အကူအညီမှာဖြစ်စေ ကျောထောက်နောက်ခံဖွံ့ဖြိုးရေးမှာဖြစ်စေ အသိသာဆုံး အလွှမ်းမိုးဆုံးပါပဲ။ သို့တစေ မြန်မာလူဦးရေအတော်များများက တရုတ်ပြည်ကို မြန်မာ့သဘာဝရင်းမြစ်တွေအပေါ် ဖျက်ဆီးတဲ့ လက်ဝါးကြီးအုပ်လိုသူအဖြစ်အမြင်ရှိလာကြပြီး ဘေဂျင်းကို မျက်မုန်းကျိုးလာကြပါပြီ။ တရုတ်မြန်မာနယ်စပ် တစ်လျှောက် ကိုးကန့်နယ်က လက်ရှိတိုက်ပွဲများဟာ နှစ်ပင်လိမ်ပတ်သက်မှုကို ဆင့်ကဲရှုပ်ထွေးခက်ခဲသွားစေပါတယ်။

    ခုဆိုရင် မြန်မာပြည်က စီးပွားရေးတံခါးဖွင့်လို့ ကမ္ဘာ့နိုင်ငံများစွာကို အခိုင်အမာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ခေါ်ယူနေ တယ်။ နိုင်ငံများစွာအနက် စင်္ကာပူ၊ ဂျပန်နဲ့ အိန္ဒိယတို့က အရှေ့တောင်အာရှဒေသတွင်း စီးပွားရေး နယ်ပယ်မှာ ခြေလှမ်းကျဲပြီး ခိုင်မာလျက်ရှိပါတယ်။ မြန်မာနိုင်ငံအပေါ် အလားတူကိစ္စနဲ့အလေးထားနေသူကတော့ အာရှဘီလူးများဖြစ်တဲ့ ဂျပန်နဲ့ အိန္ဒိယတို့ ဖြစ်ကြတယ်။

    ဂျပန်ခြေလှမ်း
    ————-
    အမေရိကန်ဖိအားအောက်က ဂျပန်ဟာ မြန်မာစစ်အာဏာရှင် အုပ်ချုပ်ရေး ကာလများအတွင်း ပိတ်ဆို့မှုတွေ၊ အထောက်အပံ့ဖြတ်တောက်မှုတွေ ပြုလုပ်ခဲ့သော်လည်း တိုကျိုအနေနဲ့ လုံးလုံးလျားလျား အဆက်ဖြတ်ခြင်း မပြုခဲ့ပါဘူး။ သီးခြားသံတမန်နည်းလမ်းတွေ၊ ပုဂ္ဂလအဆက်အသွယ်တွေအားဖြင့် ရန်ကုန်က အာဏာပိုင်များ၊ စီးပွားရေးကွန်ရက်များကို ထိန်းသိမ်းထားခဲ့တယ်။ မြို့တော်သစ်နေပြည်တော်နဲ့လည်း ထိုနည်းလည်းကောင်း ၂၀၀၅ ခုနှစ်ကတည်းကပါပဲ။ စစ်အာဏာရှင်စနစ်ကနေ အရပ်သားအုပ်ချုပ်ရေးနဲ့ အစားထိုးလိုက်တဲ့အခါ ဂျပန်က မြန်မာပြည်ကို ပြန်လည်ထောက်ပံ့ခဲ့တယ်။ တကယ်တမ်းဆိုရယင် ဂျပန်က မြန်မာပြည်ရဲ့ ကာလရှည် အလှူရှင် ဖြစ်နေပြီးသားပါ။ မြန်မာနိုင်ငံဟာ  ၁၉၅၄ ခုနှစ်ကစပြီး ဂျပန်ဆီက စစ်လျော်ကြေး ပထမဆုံးရရှိတဲ့ အရှေ့တောင်အာရှ တိုင်းပြည်တစ်ခုဖြစ်ပါတယ်။ အထောက်အပံ့ အဆက်အသွယ် အခိုင်အမာရှိခဲ့တယ်။ အရပ်သားအစိုးရတက်လာတဲ့အခါ တိုကျိုမှ အကြွေး ဒေါ်လာ ၃ ဘီလီယံနီးပါးထိ လျှော်ခဲ့ပြီးတဲ့အပြင် နိုင်ငံ့ကျောထောက်နောက်ခံ စီမံကိန်းများအတွက် အတိုင်းအတာတစ်ရပ် ထုတ်ချေးမယ်လို့လည်း ကတိပြုခဲ့တယ်။ ဂျပန်ရဲ့အကြီးစားကူညီမှု ပမာဏကို ပြည်တွင်း ရထားလမ်းစနစ်၊ ကျန်းမာရေး လိုအပ်ချက်နဲ့ အခြား လူမှုဖူလုံးရေး ကဏ္ဍတွေမှာ ကူညီဖို့လျာထားတာဖြစ်တယ်။

    တစ်ချိန်တည်းမှာပဲ လက်ရှိနှစ်များ အတွင်း ဂျပန်နိုင်ငံရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလည်း ဖြည်းဖြည်းနဲ့မှန်မှန် မြင့်မားလာတာဟာ တရုတ်ကို မှီလုမှီခင် ဖြစ်နေပါတယ်။ ဥပမာအားဖြင့် ၂၀၁၃ ခုနှစ်မှာ ဂျပန့်ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၅၅.၇ သန်းဖြစ်ခဲ့လို့ တရုတ်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၆.၉ သန်းနဲ့ သိပ်မကွာလှတာ တွေ့ရတယ်။ မကြာသေးမီက မြန်မာနိုင်ငံထဲ လုပ်ကိုင်ခွင့်လုပ်ငန်းလိုင်စင်ချပေးတဲ့ နိုင်ငံခြားဘဏ် ၉ ခုမှာ Bank of Tokyo-Mitsubishi UFJ (BTMU)၊ Sumitomo Mitsui Banking Corp၊ Mizuho Bank – ဂျပန်ဘဏ်သုံးခု ပါဝင်နေပါတယ်။ ဒီဘဏ်သုံးခုဟာ ဂျပန်ထောက်ကူရေးအေဂျင်စီဖြစ်တဲ့ Japan International Cooperation Agency (JICA)နဲ့ အတူလက်တွဲပြီး ရန်ကုန်မြို့ပြင် သီလ၀ါ အထူး စီးပွားရေးဇုံမြှင့်တင်ရေးမှာ ဆောင်ရွက်ကြမှာဖြစ်တယ်။ JICA က ၀န်ထမ်း ၃၅ ဦးနဲ့အတူ မြန်မာနိုင်ငံထဲ အထင်ကရ ရောက်ရှိနေပြီး သူ့ရဲ့ထောက်ပံ့မှုသာ မြင့်မားနေတာကိုတွေ့ရတယ်။ ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ပါဝင်တဲ့ ဂျပန်ကော်ပိုရေးရှင်းတွေအဖို့ အမြတ်ထွက်ရေးကို ဦးတည်ဖွယ်ရှိပါတယ်။

    အိန္ဒိယ၀င်ရောက်မှု
    —————–
    လွန်ခဲ့တဲ့ ဆယ်စုနှစ်ကစပြီး အိန္ဒိယဟာ မြန်မာနိုင်ငံထဲ တစိမ့်စိမ့်နဲ့ လမ်းဖောက်နေခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၁ ဘီလီယံကနေ ၂၀၁၃-၂၀၁၄ မှာ ဒေါ်လာ ၂ ဘီလီယံနီးပါးအထိ တန်ဖိုးမြင့်တက်သွားတယ်။ ဒီကိန်းဂဏန်းအရ ၂၀၁၅ ခုနှစ်မှာ ဒေါ်လာ ၃ ဘီလံယံအထိ မြင့်တက်ပြီး ၂၀၂၀ ခုနှစ်မတိုင်မီ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၁၀ ဘီလီယံအထိ ရောက်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

    ONGC Videsh and GAIL ကဲ့သို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းရှင်များ အပါအ၀င် အိန္ဒိယကုမ္ပဏီ တစ်ချို့ကလည်း မြန်မာနိုင်ငံထဲမှာ လုပ်ကိုင် လည်ပတ်ဖို့ ပြင်ဆင်ပြီးပါပြီ။ State Bank of India, Bank of India နဲ့ Exim Bank of India လို့ဘဏ်များကလည်း သူတို့ရဲ့ ကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ထားပြီဖြစ်တယ်။

    အိန္ဒိယကတော့ ကုန်သွယ်မှုဆက်ဆံရေးမှာ ဂျပန်လို ကန့်သတ်တာမျိုး မလုပ်ထားပါဘူး။ မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက်နည်းပညာ၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အဦကဏ္ဍများမှာ ဒေလီဖက်က တိုးဝင်နေပါတယ်။ မကြာသေးမီက အိန္ဒိယဟာ မြန်မာကုန်သွယ်ရေးကဏ္ဍမြှင့်တင်ဖို့၊ မြန်မာ့ကုန်သွယ်ရေးအရာရှိများကိုလည်း WTO အချက်အလက်များဆိုင်ရာ လေ့ကျင့်သင်ကြားပေးဖို့  ကူညီပေးခဲ့တယ်။

    မြန်မာနိုင်ငံရဲ့ မဟာဗျူဟာတည်နေရာကြောင့် ဂျပန်နဲ့အိန္ဒိယ နှစ်နိုင်ငံစလုံးက စီးပွားရေးအရ စိတ်ဝင်စားမှုရှိနေကြတယ်။  “အရှေ့မျှော်ဝါဒ”ကနေ အိန္ဒိယလက်ရှိအစိုးရသဘောထားဖြစ်တဲ့ “အရှေ့တိုင်းဆန်ဝါဒ” မူဟန်အရ မြန်မာနိုင်ငံနဲ့ ရင်းနှီးမှုနဲ့ အဆက်အသွယ် ခိုင်မာအောင် မတည်ဆောက်ဘဲ ခြေလှမ်းစသူ ပြုလုပ်မှာ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်မှာ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့တယ်။ ၁၉၈၇ မှ ၂၀၁၁ ခုနှစ်အတွင်း သူဟာ မြန်မာပြည်ကို ပထမဆုံးတရားဝင်လာရောက်ခဲ့တဲ့ အိန္ဒိယ၀န်ကြီးချုပ်ဖြစ်ပါတယ်။ သူဟာ ဆက်တိုက်ဆိုသလို ၂၀၁၄ ခုနှစ်မှာ BIMSTEC ဘင်းစတက်ထိပ်သီးညီလာခံအကြောင်းနဲ့ လာရောက်ခဲ့ပြန်တယ်။ ၂၀၁၄ ခုနှစ်မှာ အရှေ့အာရှထိပ်သီးညီလာခံတက်ရောက်ဖို့ ၀န်ကြီးချုပ် နာရင်ဒရာမိုဒီက မြန်မာပြည်ကိုလာရောက်ပြီး အပြန်အလှန်လည်ပတ်မှုခရီးစဉ်လည်း ထပ်မံ ဖြစ်လာဖွယ်ရှိပါတယ်။

    ပါဝါအပျော့နှစ်ရပ်ပူးပေါင်းမှု
    —————————-
    တခါ အိန္ဒိယ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးက လွန်ခဲ့တဲ့ဆယ်စုနှစ်များကတည်းက ခိုင်မာနေခဲ့ပြီး ဖြစ်တယ်။ သူတို့ရဲ့အမြင်မှာ လုံခြုံရေးနဲ့ကာကွယ်ရေးကိစ္စတွေလည်း ပါဝင်ကြတယ်။ ၂၀၁၄ စက်တင်ဘာလက ၀န်ကြီးချုပ် နာရင်ဒရာမိုဒီ ဂျပန်သွားလည်တဲ့အခါ အိမ်ရှင်ဂျပန်ရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုကိုရရှိခဲ့တာဟာ သူတို့ရဲ့ချစ်ကြည်ရေး နက်ရှိုင်းခိုင်မာမှုကို ထပ်မံဖော်ကျူးလိုက်ခြင်း ဖြစ်ပါတယ်။

    နှစ်နိုင်ငံစလုံးက မြန်မာနိုင်ငံအပေါ် ဗျူဟာပိုင်းအရ စိတ်ဝင်စားမှုတွေ ရှိနေကြတယ်။ ဒါကြောင့် ဘယ်လိုစစ်ရေးပူးပေါင်းမှုမျိုးမဆို တရုတ်ပြည်နဲ့တင်းမာအောင် လုပ်သလိုမျိုး ဖြစ်သွားနိုင်တဲ့အတွက် မြန်မာနိုင်ငံထဲ အခြားကဏ္ဍများအကြောင်းပြုပြီး ဂျပန်နဲ့အိန္ဒိယတို့ ပါဝါပေါင်းစပ်တာလည်း ဖြစ်နိုင်ချေရှိပါတယ်။

    JICA က အိန္ဒိယအရှေ့မြောက်ပိုင်းနယ်ရဲ့ အခြေခံအဆောက်အဦဖွံ့ဖြိုးရေးမှာ ဒေါ်လာ ၁၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံလျက်ရှိတယ်။ အဲ့ဒီဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေယုံသာ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံနဲ့ဆက်စပ်မှုမှာလည်း ကောင်းကွက်ရသွားစေနိုင်ပါတယ်။

    စီးပွားရေးအပြင် ပညာရေး၊ ယဉ်ကျေးမှု စတဲ့ တခြားကဏ္ဍများမှာ မြန်မာပြည်ကိုကူညီမှုက ဂျပန်နဲ့ အိန္ဒိယအတွက် ရေရှည်အကျိုးအမြတ် ရနိုင်ပြီး၊ စီးပွားရေးအပါအ၀င် အခြားပူးပေါင်းမှုပုံဟန် အစပျိုးမှုအတွက် အသုံးဝင်တဲ့ ပလက်ဖောင်းတစ်ခု ရစေမှာလည်း ဖြစ်ပါတယ်။ လေ့ကျင့်သင်တန်းပေး အစီအစဉ်များအားဖြင့် အိန္ဒိယနဲ့ဂျပန်က မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက် နည်းပညာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အကူအညီပေးလာပါလိမ့်မယ်။ အခြားဖြစ်နိုင်ချေ ကဏ္ဍများကတော့ အရှေ့အိန္ဒိယကနေ မြန်မာအထိ ဗုဒ္ဓဘာသာဝင် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဖြစ်ပါမယ်။ ဒီသုံးနိုင်ငံအကြား အခရာကျတဲ့ အချိတ်အဆက်က ဗုဒ္ဓ၀ါဒ ဖြစ်နေလို့ပါပဲ။ ဘိဟာရ်နယ်က နာလန္ဒတက္ကသိုလ် ပြန်လည်ထူထောင်ရေးအတွက် ဂျပန်က ဗုံးပေါလအော ကူညီပေးထားခဲ့တယ်။ ဒီနှစ်နိုင်ငံဟာ မြန်မာနိုင်ငံထဲ ဗုဒ္ဓ၀ါဒအထူးပြု ကမ္ဘာ့အဆင့်မီသုတေသနစင်တာတွေ ထူထောင်ဖို့ ပူးပေါင်းလာနိုင်ပါတယ်။

    တတိယနိုင်ငံ တစ်ခုအတွင်း ဂျပန်-အိန္ဒိယပူးပေါင်း လက်တွဲမှုက အကောင်အထည်တော့ မပေါ်လွင်လှသေးပါဘူး။ အဲ့ဒီအရေး စတင်နိုင်ဖို့အတွက် မြန်မာနိုင်ငံက နေရာကောင်းတစ်ခု ဖြစ်ပုံရပါတယ်။ တကယ်တော့ အိန္ဒိယနဲ့ဂျပန်အကြား ထပ်တူကျ မဟာဗျူဟာ တိုးချဲ့ရေး ဆိုတဲ့ မြင်ကွင်းအနှစ်သာရ ပေါ်လွင်နေပါတယ်။ သူတို့တစ်တွေရဲ့ကူညီမှုများဟာ ပမာဏ ကွာခြားနေသည့်တိုင် သဘောသဘာဝနဲ့ အနေအထားက ဆင်တူနေကြောင်း တွေ့မြင်နိုင်ပါလိမ့်မယ်။

    xxxxxxxxxxxxxxxxxxxxxxxx

    ဆောင်းပါးရှင်များဖြစ်တဲ့ Purnendra Jain ဟာ Adelaide တက္ကသိုလ်က အာရှရေးရာပါမောက္ခတစ်ဦးဖြစ်ပြီး၊ Tridivesh Singh Maini ကတော့ The Jindal School of International Affairs, Sonepat နဲ့အတူပူးပေါင်းဆောင်ရွက်နေတဲ့ အကြီးတန်းသုတေသီအဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။

    ——————–

    Ref : India-Japan ‘Soft Power’ Cooperation in Myanmar ; The Diplomat
    မြန်မာပြန် – မြင့်မိုရ်မောင်မောင်

    ဓါတ်ပုံ ရှင်းလင်းလင်းချက်-  November 13, 2014 တွင်နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အာဆီယံနှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွင် ဂျပန်ဝန်ကြီးချူပ် အာဘေးနှင့် အိန္ဒိယဝန်ကြီးချူပ် မိုဒီတို့အား တွေ့ရစဉ်
    Photo Credit- gettyimages