News @ M-Media

Blog

  • ကမ္ဘာပေါ်တွင် ပညာသင်ခွင့်မရရှိသည့် ကလေးအရေအတွက် ၅၈ သန်းရှိနေ

    ကမ္ဘာပေါ်တွင် ပညာသင်ခွင့်မရရှိသည့် ကလေးအရေအတွက် ၅၈ သန်းရှိနေ

    ဧပြီ ၉၊ ၂၀၁၅
    M-Media

    mdg-02-haiti

    – နိုင်ငံအတွင်းရှိ ကလေးငယ်များအားလုံး ၂၀၁၅ ခုနှစ်တွင် ခြေခံပညာရေး ရရှိရမည်ဆိုသော ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို ပြည့်မီသည့်နိုင်ငံများမှာ ထက်ဝက်ခန့်သာရှိပြီး ကမ္ဘာတစ်ဝှမ်း ကလေးငယ်ပေါင်း ၅၈ သန်းမှာ ပညာသင်ခွင့်မရဟု ကုသမဂ္ဂမှ ယနေ့တွင်ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    အဆိုပါ အစီရင်ခံစာကို ယူနက်စကိုက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ၂၀၀၀ ခုနှစ် နိုင်ငံတကာမှ အစိုးရများ သဘောတူခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော်ပြီးဖြစ်ရသည့် ပညာရေးဆိုင်ရာ ရည်မှန်းချက် ၆ ခုကို ဖော်ဆောင်နိုင်သည့် နိုင်ငံမှာ သုံးပုံ ၁ ပုံသာရှိသည်ဟု ဆိုသည်။ ထိုရည်မှန်းချက်များကို ပြည့်မီအောင် မဖော်ဆောင်နိုင်သည့် နိုင်ငံများတွင် နိုင်ဂျာ၊ ချဒ်၊ ပါကစ္စတန်၊ နိုက်ဂျီးရီးယားနှင့် အီသီယိုးပီးယားနိုင်ငံတို့ ပါဝင်သည်။

    သုံးပုံနှစ်ပုံသော နိုင်ငံများမှာမူ စာတတ်မှု ထက်ဝက်လျော့ချရေး ရည်မှန်းချက်ကို ပြည့်မီအောင် မဆောင်ရွက်နိုင်ခဲ့ပေ။

    “၂၀၀၀-၂၀၁၅ အားလုံးအတွက်ပညာရေး အစီအစဉ်” ကာလ ပြီးဆုံးသွားပြီးနောက် ယနေ့တွင် ကျောင်းတက်နိုင်သူအရေအတွက်မှာ ၁၉၉၉ ခုနှစ်ကထက်စာလျှင် သန်း ၅၀ ပိုလာခဲ့သည်။ လာမည့် ၁၅ နှစ်အတွင်း ပညာရေး ရည်မှန်းချက်အသစ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် တစ်နှစ်လျှင် ကန်ဒေါ်လာ ၂၂ ဘီလီယံ သုံးစွဲရမည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

    ပညာရေးဆောင်ရွက်မှုများနှင့် ပတ်သက်၍ အာဖဂန်နစ္စတန်၊ နီပေါလ်၊ စီရာလီယွန်နီ၊ ရ၀မ်ဒါ၊ တန်ဇန်းနီးယားနှင့် အိန္ဒိယနိုင်ငံတို့၏ ဆောင်ရွက်မှုများကို အဆိုပါအစီရင်ခံစာတွင် ချီးကျူးထားသည်။

    မကြာသေးမီက စာသင်ကျောင်းများ တိုက်ခိုက်ခံရမှု ပြဿနာ ပေါ်ပေါ်ခဲ့သော်လည်း နီပေါနိုင်ငံမှာ မူကြိုနှင့် မူလတန်းပညာရေးတွင် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို ပြည့်မီအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထို့ပြင် အမျိုးသမီးငယ်များ စာသင်ကျောင်းရောက်ရှိရေးကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့သည်။

    အာဖဂန်မှာ ပြည်တွင်းစစ်ဖြစ်ပွားခြင်းနှင့် တာလီဘန်တို့ အာဏာရစဉ်အတွင်း အမျိုးသမီးများ ပညာသင်ခွင့်ကို ပိတ်ပင်ခဲ့သောကြောင့် ၂၀၀၀ ခုနှစ်တွင် ပညာရေးနှင့်ပတ်သက်၍ အဆိုးဆုံးတိုင်းပြည်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

    သို့သော်လည်း ၂၀၁၂ ခုနှစ်တွင် အာဖဂန်မှာ မူလတန်းအဆင့်တွင် မိန်ကလေးများ ပညာသင်ကြားမှုနှုန်းကို ၄ ရာခိုင်နှုန်းမှ ၈၄ ရာခိုင်နှုန်းအထိ မြင့်တက်လာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် အလယ်တန်း ကျောင်းတက်ရောက်မှု နှုန်းမှာလည်း အမြင့်ဆုံး ဖြစ်ခဲ့သည်။

    အမျိုးသမီးဆရာများ ခန့်ထားခြင်းနှင့် ဝေးလံခေါင်ဖျားသည့် ဒေသများတွင် အာဖဂန်အစိုးရက စာသင်ကျောင်းများ ဆောက်လုပ်မှုမှာ ထိုအောင်မြင်မှုအတွက် အထောက်အကူ ဖြစ်စေခဲ့သည်ဟု ယူနက်စကိုက ဖော်ပြထားသည်။

    နိုက်ဂျီးရီးယားနိုင်ငံကမူ ပညာမသင်ရသည့် ကလေးငယ်အရေအတွက် အမြင့်ဆုံးဖြစ်ပြီး ချစားခြင်း၊ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်းနှင့် ပဋိပက္ခများကြောင့် ကမ္ဘာ့ပညာရေးစနစ် အဆိုးဝါးဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ခဲ့သည်။

    Ref: Reuters

  • လီဗာပူးလ်၏ အဆုံးအဖြတ်ဂိုးအတွက် ကော်တင်ဟိုအား ဟန်ဒါဆန်ချီးကျူး

    လီဗာပူးလ်၏ အဆုံးအဖြတ်ဂိုးအတွက် ကော်တင်ဟိုအား ဟန်ဒါဆန်ချီးကျူး

    ဧပြီ ၉၊ ၂၀၁၅
    M-Media

    handderson

    – FA ဖလား ကွာတားဖိုင်နယ်တွင် အသင်းအတွက် အရေးပါသည့် အနိုင်ဂိုး သွင်းပေးခဲ့သော လီဗာပူးလ်ကစားသမား ဖိလစ်ပီ ကော်တင်ဟိုအား အသင်းဖော် ဂျော်ဒန်ဟန်ဒါဆန်က ချီးကျူးပြောဆိုလိုက်သည်။

    ယနေ့နံနက်က ကစားခဲ့သော FA ဖလား ကွာတားဖိုင်နယ် ပြန်ကန်ပွဲစဉ်တွင် လီဗာပူးလ်းမှာ ဘလက်ဘန်းအသင်းအား ကော်တင်ဟို၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ကော်တင်ဟို၏ ထိုဂိုးမှာ ဟန်ဒါဆန်နှင့် ၀မ်းတူးရိုက်၍ သွင်းယူခဲ့ခြင်းဖြစ်သည်။

    ထိုပွဲအနိုင်ကြောင့် လီဗာပူးလ်မှာ ဆီးမီးဖိုင်နယ်တွင် အက်စတွန်ဗီလာအသင်းနှင့် တွေ့ဆုံရမည်ဖြစ်ပြီး နည်းပြ ဘရန်ဒန်ရော်ဂျာ၏ လီဗာပူးလ်အသင်းနှင့် ပထမဆုံး ဖလားကိုင်မြှောက်ရေး မျှော်လင့်ချက်မှာလည်း ရှင်သန်လာခဲ့သည်။

    “ဖိလစ်ပီ(ကော်တင်ဟို) ဟာ ဘောလုံးမှာ ဦးနှောက်ကောင်းကောင်း သုံးတတ်ပါတယ်။ သူ့ရဲ့ ဒီညင်ကလေးက ကျွန်တော်တို့ကို နိုင်စေခဲ့တာပါ” ဟု ဟန်ဒါဆန်က BT Sport သို့ ပြောကြားခဲ့သည်။

    လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်တွင် မန်ယူနှင့် အာဆင်နယ်တို့အား ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ် ၀င်ခွင့်နေရာ မှေးမှိန်ခဲ့ခြင်းက FA ဖလားအတွက် ပို၍ အရေးပါသွားခဲ့သည်ဟုလည်း ၎င်းက ၀န်ခံခဲ့သည်။

    လီဗာပူးလ်နည်းပြ ရော်ဂျာကလည်း ပြီးခဲ့သည့်တစ်ပတ် အာဆင်နယ်အား ၄ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းက ဘလက်ဘန်းအသင်းအား အနိုင်ရရှိရေးအတွက် အကူအညီဖြစ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဆီးမီးဖိုင်နယ်နှင့်ပတ်သက်၍ ဟန်ဒါဆန်က “ကျွန်တော်တို့ ၀င်ဘလေမှာ ဗီလာနဲ့ ကစားရမှာပါ။ ဒီပွဲဟာ ခက်ခဲမယ်ဆိုတာ သေချာပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ဟာ အသင်းကောင်းတစ်သင်း ဖြစ်လို့ပါ” ဟု ပြောကြားခဲ့သည်။

    Ref: Goal.com

  • တောင်တရုတ်ပင်လယ်တွင် တရုတ်၏ သိမ်းပိုက်ရေး အရှိန်မြင့်လာ

    တောင်တရုတ်ပင်လယ်တွင် တရုတ်၏ သိမ်းပိုက်ရေး အရှိန်မြင့်လာ

    ဧပြီ ၉၊ ၂၀၁၅
    M-Media

    mischief-reef-apr-9

    – အသစ်ထပ်မံထွက်ပေါ်လာသော ဂြိုဟ်တုဓာတ်ပုံများအရ တရုတ်နိုင်ငံမှာ တောင်တရုတ်ပင်လယ်၌ ဖိလစ်ပိုင်က ၎င်းတို့၏ စီးပွားရေးဇုန်အဖြစ် သတ်မှတ်ထားသောဒေသရှိ သန္တာကျောက်တန်းတစ်ဝိုက်တွင် သိမ်းပိုက်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့ရှိခဲ့ရသည်။

    Mischief သန္တာကျောက်တန်းဟု ခေါ်ဆိုသည့် အဆိုပါနေရာတွင် တရုတ်နိုင်ငံ၏ သိမ်းပိုက်ရေးလုပ်ငန်းမှာ အငြင်းပွားဖွယ် Spratly ကျွန်းစုတွင် တရုတ်၏ အသွက်ဆုံး လုပ်ငန်းလည်းဖြစ်သည်။ အဆိုပါ သိမ်းပိုက်ရေး လုပ်ငန်းစဉ်မှာ Spratly ကျွန်းစုရှိ အခြားသော သန္တာကျောက်တန်း ၆ ခုတွင်လည်း တိုးတက်လာနေပြီး ထိုလှုပ်ရှားမှုများက ထိုကျွန်းစုအား ပိုင်ဆိုင်သည်ဟု ပြောကြားထားသော အခြားနိုင်ငံများအတွက် သတိပေးချက် ဖြစ်နေကာ အမေရိကန်ကလည်း ထိုလုပ်ရပ်အတွက် ဝေဖန်ခဲ့သည်။

    မတ်လ ၁၆ ရက်နေ့က ဂြိုဟ်တုမှ ရိုက်ကူးထားပြီး ၀ါရှင်တန်အခြေစိုက် မဟာာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ CSIS က ထုတ်ပြန်ခဲ့သော ဓာတ်ပုံများတွင် Mischief သန္တာကျောက်တန်း၌ ကျွန်းတုများဖန်တီးထားခြင်း၊ အဆောက်အဦးများ ဆောက်လုပ်ထားခြင်း၊ ရေအောက်နံရံများ တည်ဆောက်ထားခြင်းတို့ကို တွေ့ရှိရပြီး၊ သန္တာကျောက်တန်းတစ်လျှောက် ဆောက်လုပ်ရေး ပစ္စည်းကိရိယာများကိုလည်း တွေ့ရသည်။

    သန္တာကျောက်တန်းသို့ ၀င်ပေါက်မှာ ကျယ်လာပြီး သောင်တူးစက်များကလည်း ရှိနေသည်ဟု CSIS ၏ အာရှ ရေကြောင်း ပွင့်လင်းမြင်သာမှုရှိရေး ရှေ့ဆောင်အဖွဲ့က ၎င်းတို့၏ ၀ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။

    ဖေဖော်ဝါရီ ၁ ရက်နေ့က ဓာတ်ပုံတွင် တရုတ်ရေတတ်မှ ပို့ဆောင်ရေး သင်္ဘောတစ်စီးကိုသန္တာကျောက်တန်း ၀င်ပေါက်မှ အနည်းငယ်ဝေးသောနေရာတွင် တွေ့ရှိရပြီး CSIS ကမူ ထိုကဲ့သို့သော သင်္ဘောများက စစ်သား ၈၀၀၊ ကုန်းနှင့် ရေတွင် အသုံးပြု၍ရသည့် လက်နက်တပ်ဆင်ထားသော ယာဉ်အစီးရေ ၂၀ ခန့်ကို တင်ဆောင်နိုင်သည်ဟု ဆိုသည်။

    ပြီးခဲ့သည့် အောက်တိုဘာလတွင် ဂြိုဟ်တုမှ ရိုက်ကူးထားခဲ့သော ဓာတ်ပုံများ၌ ထိုလုပ်ငန်းများကို လုပ်ဆောင်ခြင်း မရှိသေးပေ။

    ယမန်နေ့က ထုတ်ဝေခဲ့သော Yomiuri ဂျပန်သတင်းစာ၏ အင်တာဗျူးတစ်ခုတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး အရှ်ကာတာရ်က Spratlys ကျွန်းစု၌ တရုတ်နိုင်ငံက ဆောင်ရွက်နေသည့် သိမ်းပိုက်ရေးလုပ်ငန်းစဉ်များအတွက် မိမိတို့က စိုးရိမ်မိပြီး အထူးသဖြင့် ထိုဒေသတွင် တပ်များချထားသည်ဟူသော အကြောင်းအရင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    တရုတ်ကမူ အဆိုပါ သန္တာကျောက်တန်းများအတွင်း ၎င်းတို့၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ ဝေဖန်မှုများကို ပယ်ချခဲ့ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာ အတိုင်းအတာအတွင်း လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Reuters

  • မိမိတို့အသင်း ဝေဖန်မှုနှင့်ထိုက်တန်သည်ဟု မန်စီးတီးနောက်ခံလူ ပြော

    မိမိတို့အသင်း ဝေဖန်မှုနှင့်ထိုက်တန်သည်ဟု မန်စီးတီးနောက်ခံလူ ပြော

    ဧပြီ ၉၊ ၂၀၁၅

    M-Media

    gael-clichy_50xl24age48s1b5vsvknivaes

    – ယခုသီတင်းပတ်များအတွင်း အသင်း၏ ရလဒ်များ ဆိုးရွားမှုကြောင့် မိမိတို့အသင်း ဝေဖန်ခံရမှုမှာ ထိုက်တန်ပြီး၊ အသင်း၏အခြေအနေကို ပြောင်းလဲပစ်မည်ဟု မန်စီးတီးနောက်ခံလူ ကလစ်ချီက ပြောကြားလိုက်သည်။

    မန်စီးတီးအသင်းမှာ ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် ခရစ္စတယ်ပဲလေ့စ်အသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယား၏ စတုတ္ထနေရာအထိ ရောက်ရှိသွားခဲ့ကာ တစ်ပွဲကစားရန် ရှိနေသော ထိပ်ဆုံးမှ ချယ်ဆီးနှင့် ၉ မှတ် ကွာဟသွားခဲ့သည်။

    “(ဝေဖန်မှုတွေဟာ) ထိုက်တန်ပါတယ်။ ပဲလေ့စ်ဟာ နည်းပြပြောင်းပြီးကတည်းက ကစားပုံကောင်းလာတာကြောင့် တနင်္လာနေ့ပွဲဟာ ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ ပြီးတော့ ရည်မှန်းချက်တွေရှိနေတဲ့ ကျွန်တော်တို့လိုအသင်းမျိုးဟာ ဒီပွဲကို နိုင်ရမယ်ဆိုတာလည်း ကျွန်တော်တို့ သိခဲ့ပါတယ်။ ကျွန်တော်တို့ ဘာကိုမှ ပုန်းမရှောင်ပါဘူး။ ကျွန်တော်တို့ကို ဆန့်ကျင်တဲ့ ကိစ္စအချို့လည်း ရှိနေပြီး ဒါတွေကနေလည်း ရှောင်မပြေးချင်ပါဘူး။ ရလဒ်က ဒါမျိုးမဟုတ်သလို ကျွန်တော်တို့ ပိုကောင်းဖို့လိုပါတယ်” ဟု ကလစ်ချီက Sky Sports သို့ ပြောကြားခဲ့သည်။

    မန်စီးတီးမှာ ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် တတိယနေရာမှ မန်ယူအသင်းနှင့် ကစားရမည်ဖြစ်ပြီး ကလစ်ချီကမူ ထိုနေ့ကို ပရိတ်သတ်များအတွက် ပျော်ရွှင်ဖွယ်ရာနေ့အဖြစ် မိမိတို့ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    “တနင်္ဂနွေနေ့မှာ ယူနိုက်တက်နဲ့ ကစားရမှာဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ တိုင်မင်တွေက ပြည့်စုံနေပါတယ်။ ကျွန်တော်တို့ ဒုတိယနေရာကို လက်လွှတ်ခဲ့ရပြီးပါပြီ။ ပရိတ်သတ်တွေအတွက် ပြီးပြည့်စုံအောင် ကျွန်တော်တို့ လုပ်ပေးရပါတော့မယ်” ဟု ကလစ်ချီက ဆိုသည်။

    ထို့ပြင် မိမိအနေဖြင့် ချန်ပီယံဖြစ်ရေး ပြောနေခြင်းမဟုတ်ဘဲ လက်ရှိအချိန်တွက် ထိုအောင်မြင်မှုအတွက် အလှမ်းဝေးနေကြောင်း၊ သို့သော်လည်း ရာသီကို ခိုင်ခိုင်မာမာဖြင့် အဆုံးသတ်နိုင်လျှင်၊ အမှတ်ဆုံးရှုံးမှုကို ရပ်တန့်နိုင်လျှင် ရာသီအဆုံး၌ ဘာဖြစ်နိုင်သည်ကို ဘယ်သူမှ မသိနိုင်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • အန်ဘာရ်ဒေသကို IS လက်မှ အီရတ် ပြန်လည်သိမ်းပိုက်မည်

    အန်ဘာရ်ဒေသကို IS လက်မှ အီရတ် ပြန်လည်သိမ်းပိုက်မည်

    ဧပြီ ၉၊ ၂၀၁၅
    M-Media

    Iraqi Defence Minister Khaled al-Obeidi speaks during a news conference in Amman

    – တီကရစ်မြို့ကို IS လက်မှ လွတ်မြောက်စေခဲ့ပြီးနောက် မိမိတို့၏ နောက်ထပ်ပစ်မှတ်မှာ အန်ဘာရ်ဒေသအား ပြန်လည်သိမ်းပိုက်ရေး ဖြစ်သည်ဟု အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အဘာဘာဒီက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “ကျွန်တော်တို့ရဲ့ နောက်ထပ် ရပ်တည်မှုနဲ့ တိုက်ခိုက်မှုကတော့ ဒီအန်ဘာရ်ဒေသပဲဖြစ်ပါတယ်” ဟု ဘဂ္ဂဒတ်အနောက်ပိုင်း ထိုဒေသရှိ စစ်စခန်းတစ်ခုတွင် ပြောကြားခဲ့သည်ဟု သမ္မရုံးမှထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အီရတ်ကာကွယ်ရေးဝန်ကြီး ခါလစ် အလ်-အိုဘိုက်ဒီက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တီကရစ်မြို့အား ပြန်လည်သိမ်းယူရေးတိုက်ပွဲတွင် အီရတ်တပ်ဖွဲ့ဝင်များ ပါဝင်ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်များကလည်း လေကြောင်းမှ ကူညီတိုက်ခိုက်ပေးခဲ့သည်ဟု ပြောကြားခဲ့ပြီးနောက် အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

    အိုဘိုက်ဒီကလည်း ၎င်းတို့၏ နောက်ထပ်တိုက်ပွဲမှာ အန်ဘာရ်ဒေသ သိမ်းယူရေးဖြစ်သည်ဟု ကြေညာခဲ့ပြီး တီကရစ်တွင် တိုက်ခိုက်ခဲ့ပုံမျိုးနှင့် တူညီလိမ့်မည်မဟုတ်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    တီကရစ်မြို့ သိမ်းယူရေးတိုက်ပွဲ သို့မဟုတ် မြေပြင်တိုက်ပွဲများတွင် အီရန်မှ အကြံပေးများ ပါဝင်ခဲ့သည်ဆိုသော သတင်းကိုမူ အိုဘိုက်ဒီက ငြင်းဆိုခဲ့သည်။ အဆိုပါ မှတ်ချက်များကို ဂျော်ဒန်တွင်ကျင်းပခဲ့သော IS အားဆန့်ကျင်သည့် နိုင်ငံများ၏ အစည်းအဝေးတွင် အိုဘိုက်ဒီက ပြောကြားခဲ့ခြင်းဖြစ်သည်။

    တီရစ်မြို့အား သိမ်းယူရေးမှာ ရက်သတ္တပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ပြီးခဲ့သည့် တစ်ပတ်ကမှ မြို့တစ်ခုလုံးအား အီရတ်စစ်တပ်က အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

    Ref: Alarabiya