ဧပြီ ၉၊ ၂၀၁၅
M-Media
– တီကရစ်မြို့ကို IS လက်မှ လွတ်မြောက်စေခဲ့ပြီးနောက် မိမိတို့၏ နောက်ထပ်ပစ်မှတ်မှာ အန်ဘာရ်ဒေသအား ပြန်လည်သိမ်းပိုက်ရေး ဖြစ်သည်ဟု အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အဘာဘာဒီက ယမန်နေ့တွင် ပြောကြားလိုက်သည်။
“ကျွန်တော်တို့ရဲ့ နောက်ထပ် ရပ်တည်မှုနဲ့ တိုက်ခိုက်မှုကတော့ ဒီအန်ဘာရ်ဒေသပဲဖြစ်ပါတယ်” ဟု ဘဂ္ဂဒတ်အနောက်ပိုင်း ထိုဒေသရှိ စစ်စခန်းတစ်ခုတွင် ပြောကြားခဲ့သည်ဟု သမ္မရုံးမှထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
အီရတ်ကာကွယ်ရေးဝန်ကြီး ခါလစ် အလ်-အိုဘိုက်ဒီက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တီကရစ်မြို့အား ပြန်လည်သိမ်းယူရေးတိုက်ပွဲတွင် အီရတ်တပ်ဖွဲ့ဝင်များ ပါဝင်ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်များကလည်း လေကြောင်းမှ ကူညီတိုက်ခိုက်ပေးခဲ့သည်ဟု ပြောကြားခဲ့ပြီးနောက် အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
အိုဘိုက်ဒီကလည်း ၎င်းတို့၏ နောက်ထပ်တိုက်ပွဲမှာ အန်ဘာရ်ဒေသ သိမ်းယူရေးဖြစ်သည်ဟု ကြေညာခဲ့ပြီး တီကရစ်တွင် တိုက်ခိုက်ခဲ့ပုံမျိုးနှင့် တူညီလိမ့်မည်မဟုတ်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
တီကရစ်မြို့ သိမ်းယူရေးတိုက်ပွဲ သို့မဟုတ် မြေပြင်တိုက်ပွဲများတွင် အီရန်မှ အကြံပေးများ ပါဝင်ခဲ့သည်ဆိုသော သတင်းကိုမူ အိုဘိုက်ဒီက ငြင်းဆိုခဲ့သည်။ အဆိုပါ မှတ်ချက်များကို ဂျော်ဒန်တွင်ကျင်းပခဲ့သော IS အားဆန့်ကျင်သည့် နိုင်ငံများ၏ အစည်းအဝေးတွင် အိုဘိုက်ဒီက ပြောကြားခဲ့ခြင်းဖြစ်သည်။
တီရစ်မြို့အား သိမ်းယူရေးမှာ ရက်သတ္တပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ပြီးခဲ့သည့် တစ်ပတ်ကမှ မြို့တစ်ခုလုံးအား အီရတ်စစ်တပ်က အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
Ref: Alarabiya


Leave a Reply
You must be logged in to post a comment.