News @ M-Media

Blog

  • ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မသေချာသေးဟု မာတာပြော

    ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မသေချာသေးဟု မာတာပြော

    ဧပြီ ၁၃၊ ၂၀၁၅
    M-Media

    mata

    – ဒါဘီပွဲအနိုင်ရရှိပြီး အဆင့် ၅ နေရာနှင့် ၉ မှတ် ကွာဟနေသော်လည်း ချန်ပီယံလိဂ် ၀င်ခွင့်အတွက် မသေချာသေးဟု မန်ယူကွင်းလယ်လူ ဂျူအန်မာတာက ပြောကြားလိုက်သည်။

    အိုထရက်ဖို့ဒ်တွင် ကစားခဲ့သည့် ယမန်နေ့ပွဲတွင် မန်ယူမှာ မန်စီးတီးအား ၄ ဂိုး ၂ ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် ၆ ပွဲဆက်အနိုင်လည်း ဖြစ်သည်။ လက်ရှိအချိန်တွင် မန်ယူမှာ အဆင့် ၅ မှ ဆောက်သက်တမ်အား ၉ မှတ်ဖြတ်ထားပြီး တတိယနေရာတွင် ရှိနေသည်။

    လက်ကျန် ၆ ပွဲတွင် မန်ယူမှာ ချယ်ဆီး၊ အာဆင်နယ်တို့နှင့် ကစားရန် ကျန်ရှိနေပြီး မာတာကမူ မိမိတို့၏ ချန်ပီယံလိဂ်ဝင်ခွင့်နေရာရရှိရေး ကြိုးပမ်းမှုမှာ မပြီးဆုံသေးဟု ပြောကြားခဲ့သည်။

    “ချန်ပီယံလိဂ်နေရာအတွက် ခြေတစ်လှမ်း လိုနေပါသေးတယ်။ အဲဒါဟာ(မန်းစီးတီးအနိုင်ဟာ) ကြီးမားတဲ့နိုင်ပွဲပါ။ ပြီးတော့ ယုံကြည်မှုကိုလည်း မြင့်မားစေပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး မန်စီးတီးနဲ့ လီဗာပူးလ်တို့ကလည်း နောက်ဆုံးအထိ တိုက်ပွဲဝင်သွားမယ့် အသင်းတွေပါ” ဟု မာတာက Sky Sports သို့ ပြောကြားခဲ့သည်။

    မန်ယူနည်းပြ ဗန်ဂါးလ်ကမူ ယမန်နေ့နိုင်ပွဲမှာ မိမိတို့အသင်းက လက်ရှိချန်ပီယံ မန်စီးတီးထက် ပိုကောင်းသည်ကို သက်သေပြနိုင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အသင်းပရိတ်သတ်များကိုလည်း ချီးကျူးခဲ့သည်။

    Ref: Goal.com

  • ယူကရိန်းအရှေ့ပိုင်းတွင် ဂျာနယ်လစ် ၂ ဦး ထပ်မံသေဆုံးပြန်

    ယူကရိန်းအရှေ့ပိုင်းတွင် ဂျာနယ်လစ် ၂ ဦး ထပ်မံသေဆုံးပြန်

    ဧပြီ ၁၃၊ ၂၀၁၅
    M-Media

    ukarine

    – ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသော ယူကရိန်းအရှေ့ပိုင်း ဒွန်ညက်မြို့ လေဆိပ်အနီးတွင် ကားတစ်စီးအား ဗုံးထိမှန်မှုကြောင့် ဒေသတွင်းဂျာနယ်လစ် ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    “ဒေသတွင်းဂျာနယ်လစ် ၂ ဦးကိုတင်ဆောင်လာတဲ့ ကားတစ်စီးဟာ တင့်ဖျက် ဒုံးကျည်နဲ့ ပစ်ခတ်ဖျက်ဆီးခံလိုက်ရပါတယ်။ ယူကရိန်းဘက်က ကြီးမားတဲ့ပစ်ခတ်မှုတွေကြောင့် အလောင်းတွေကို သွားယူဖို့ မဖြစ်နိုင်သေးပါဘူး။ အခုလောလောဆယ်မှာတော့ ဒီသေဆုံးသွားတဲ့ ဂျာနယ်လစ်တွေဟာ ဘယ်သတင်းဌာနက ဖြစ်တယ်ဆိုတာကို အတည်ပြုဖို့ ကြိုးစားနေပါတယ်” ဟု ဒွန်ညက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟု ကြေညာထားသည့် ခွဲထွက်ရေးသမားများအဖွဲ့က Sputnik သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဘီလာရုဇ်တွင် ပြင်သစ်၊ ဂျာမနီ၊ ရုရှားနှင့် ယူကရိန်းခေါင်းဆောင်များက Minsk-2 အပြစ်ရပ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသော်လည်း တိုက်ခိုက်မှုများမှာ ဆက်လက်ဖြစ်ပွားနေသည်။ ထိုသဘောတူညီချက်အရ နှစ်ဘက်တပ်များ၏ လက်နက်ကြီးများမှာ ရှေ့တန်းစစ်မျက်နှာမှ ဆုတ်ပေးရန်နှင့် ၎င်းတို့နှစ်ဘက်ကို ခွဲခြားထားသော လုံခြုံရေးဇုန်တစ်ခု တည်ဆောက်ရန်တို့ ပါဝင်သည်။

    Interfax သတင်းဌာနကမူ ထိုအဖြစ်အပျက်အတွင်း ဂျာနယ်လစ်တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ လွတ်မြောက်အောင် ကြိုးစားနိုင်ခဲ့သည်ဟု အပစ်ရပ်ရေးကို စောင့်ကြည့်နေသည့် Joint Center of Control and Coordination အဖွဲ့၏ ပြောကြားမှုကို ကိုးကား၍ ဖော်ပြခဲ့သည်။ ခွဲထွက်ရေးသမားများကမူ ထိုကိစ္စအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

    နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများက အပစ်ရပ်ရေးမှာ ယေဘုယျအားဖြင့် အသက်ဝင်နေသေးသော်လည်း တိုက်ခိုက်မှုများမှာ အဆက်မပြတ်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကမူ ယူကရိန်းအရှေ့ပိုင်း အပစ်ရပ်ရေး ဖော်ဆောင်မှုကို စောင့်ကြည့်နေပြီး ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ရှေ့တန်းစစ်မျက်နှာနှင့်နီးသည့် ရှီရိုကီနိုဒေသ၌ တိုက်ခိုက်မှုအသစ်များ ဆက်လက်ဖြစ်ပွားနေသည်ဟု ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် မာရီယူပိုးလ်မြို့တွင်လည်း မော်တာကျည်များဖြင့် တိုက်ခိုက်သံကြားနေရပြီး ထိုတိုက်ခိုက်မှုကြောင့် ဖြစ်ပွားသော မီးလောင်မှုများကိုလည်း မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။

    ယူကရိန်းအရှေ့ပိုင်း ပဋိပက္ခအတွင်း သေဆုံးသူဦးရေမှာ ၅၆၀၀၀ ခန့်ရှိသည်ဟု ကုလသမဂ္ဂက ဆိုသော်လည်း တကယ့်လက်တွေ့တွင် ပိုမိုများပြားနိုင်သည်။ သေဆုံးခဲ့သည့် ဂျာနလစ်အရေအတွက်မှာ ၅ ဦးရှိပြီး ၄ ဦးမှာ ရုရှားနိုင်ငံသားဖြစ်ကာ တစ်ဦးမှာ အီတလီနိုင်ငံသားဖြစ်သည်။

    လူ့အခွင့်အရေးအဖွဲ့အစည်းများကမူ ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ဂျာနယ်လစ်များအပေါ် ဖိနှိပ်ချုပ်ချယ်မှုများကို ရပ်တန့်ရန် အဆက်မပြတ် ဆော်သြနေသည်။

    Ref: RT

  • အသင်းသားများ အောင်ပွဲခံရန် အဆင်သင့်ဖြစ်နေသည်ဟု ဟာဇာ့ဒ်ပြော

    အသင်းသားများ အောင်ပွဲခံရန် အဆင်သင့်ဖြစ်နေသည်ဟု ဟာဇာ့ဒ်ပြော

    ဧပြီ ၁၃၊ ၂၀၁၅
    M-Media

    hazard

    – ကျူပီအာရ်အား နိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားကို ၇ မှတ်အသာဖြင့် ဦးဆောင်ထားနိုင်သည့် မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်ဖလားအတွက် အောင်ပွဲခံရန် အဆင်သင့်ဖြစ်နေသည်ဟု ချယ်ဆီးကွင်းလယ်လူ ဟဇာ့ဒ်က ပြောကြားလိုက်သည်။

    ယမန်နေ့ပွဲတွင် ဂိုးသွင်းစက်များဖြစ်ကြသည့် ဒီယေဂိုကော်စတာနှင့် လိုအစ် ရီမီတို့ မပါဝင်နိုင်ခဲ့သော်လည်း ဖာဘရီဂတ်စ်၏ နောက်ကျဂိုးဖြင့် အနိုင် ၃ မှတ်ရခဲ့ပြီး ရာသီပြီးဆုံးရန် ၆ ပွဲသာလိုတော့ချိန်တွင် ချယ်ဆီးမှာ ဒုတိယနေရာမှ အာဆင်နယ်ထက် တစ်ပွဲလျော့ကာ ၇ မှတ် ဖြတ်ထားနိုင်သည်။

    ဟာဇာ့ဒ်ကမူ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးချန်ပီယံဘွဲ့ကို ဆွတ်ခူးနိုင်ရေးအတွက် ရှေ့တွင် ခက်ခဲသောပွဲများ ရှိနေသေးသည်ဟု ဆိုသည်။

    “အောင်ပွဲခံဖို့ အဆင်သင့်နီးပါး ဖြစ်နေပါပြီ။ ဒါပေမယ့် ပြီးတော့ မပြီးဆုံးသေးပါဘူး။ အမှတ်တွေဖြတ်ထားပေမယ့် ပရီးမီးယားလိဂ်ဟာ အမြဲတမ်းခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အရေးပါတဲ့ပွဲတွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ယူတို့နဲ့ ကန်ရအုံးမယ်။ အဲဒီ ၂ ပွဲထဲက ၁ ပွဲ နိုင်ပြီဆိုရင်တော့ ကျွန်တော်တို့ အိုကေပါပြီ။ ချယ်ပီယံလို့ ကြွေးကျော်ဖို့ ကျွန်တော်တို့ နီးစပ်နေပါပြီ။ ဒါပေမယ့် ပြီးတော့ မပြီးဆုံးသေးပါဘူး။ လုပ်စရာတွေအများကြီး ရှိပါသေးတယ်” ဟု ဟာဇာ့ဒ်က Canal Plus သို့ ပြောကြားခဲ့သည်။

    Ref: Goal.com

  • ရိုးရာတွေထဲမှာ အနာဂတ်ကို မထားခဲ့နဲ့

    ရိုးရာတွေထဲမှာ အနာဂတ်ကို မထားခဲ့နဲ့

    ဧပြီ ၁၃ ၊ ၂၀၁၅
    M-Media
    ညီသွေးရေးသည်။

    water
    လောကမှာ သဲထဲရေသွန်တာလောက်
    ဘယ်အရာမှ မကောင်းဘူး
    ကြည့်လေ သွန်လိုက်တဲ့ရေ ပြန်မတွေ့တော့ဘူး
    ဒါပေမယ့် ကိုယ်သွန်လိုက်တဲ့ရေက
    ပိုလျှံနေတဲ့ရေတော့ ဖြစ်ရမယ်
            (မောင်ချောနွယ်)

    မကြာခင် လုံးဝခန်းခြောက်သွားတော့မယ့် ရေကန်ကြီးတစ်ကန်ရဲ့ အလယ်ခေါင် ရေစပ်ကလေးမှာ ရေခွက်ကလေးတွေ ကိုယ်စီနဲ့ တစ်ယောက်တစ်လှည့် ခတ်ပြီး ရေချိုတစ်ပုံးရဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေတဲ့ အညာဒေသရဲ့ လက်ရှိ အခြေအနေကို ထင်ဟပ်တဲ့ ပုံလေးတစ်ပုံ အွန်လိုင်းမှာ မြင်တွေ့လိုက်ရတာဟာ ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံရဲ့အစပါ။ ငြိမ်းချမ်းရေးသတင်းတွေ (၆) ပွင့်ဆိုင် အရေးတွေ၊ ကျောင်းသားသပိတ်တွေ မြန်မာပြည်ရဲ့ အနာဂတ်အရေးမှာ ပိုလို့အရေးပေး စဉ်းစားရမယ့် အရာတွေထဲ Renewable Resources (ပြန်လည်ဖြိုးမြဲ စွမ်းအင်သံယံဇာတ အရင်းမြစ် စာရင်းဝင်) ဖြစ်တဲ့ ရေဟာ ရုတ်ခြည်းထိပ်ဆုံး စာရင်းဝင်ဖြစ်လာပါလိမ့်မယ်လို့ ဘယ်သူမှ မထင်မှတ်ထားကြမှာ မဟုတ်ပါဘူး။

    ကျွန်တော်တို့ ဒီမှာရေကိုဗွမ်းကနဲ ဗွမ်းကနဲ ရေစည် တစ်ရစ်လောက်ကျန်အောင် ရေချိုးနေချိန်မှာ အညာဒေသရေနည်း မိုးခေါင်ရပ်ရှားဒေသနေသူတွေခမျာ (၁)မိုင် (၂)မိုင် အကွာအဝေးကို ရေစည်လှည်းတွန်းပြီး ပင်ပန်းကြီးစွာလာရ၊ ရေတစ်ခွက် တစ်ပုံးချင်းစီ အချိန်ပေးစောင့်ဆိုင်းပြီး ဖြည်းဖြည်းချင်း ဖြည့်ရ၊ ရေတစ်လှည်းတစ်စည်ရဖို့ နေ့ဝက်ခန့် အချိန်ပေးအလုပ်ကြီး တစ်လုပ်ဖြစ်နေရရှာပါတယ်။ နံနက်မိုးလင်းတာနဲ့ အိမ်သာထဲမှာ ရေပြည့်နေဖို့၊ ထမင်းဟင်းချက်ဖို့၊ အိုးခွက်ပန်းကန်တွေဆေးဖို့ အဝတ်လျှော်ဖို့ ရေဟာနေ့စဉ်မဖြစ်မနေ လိုအပ်နေတဲ့အရာပါ။ လွယ်လွယ်ရနေတဲ့ လွယ်လွယ်ရနေဆဲ နောင်လည်း အေးအေးဆေးဆေး ရနေလိမ့်ဦးမယ် ထင်နေတဲ့သူတွေအဖို့ ဒီအကြောင်းတရားဟာ ဘာမှစဉ်းစားစရာ မလိုဘူးလို့ ထင်ကောင်းထင်နေလိမ့်မယ်။

    ရေချိုအရမ်းရှားတဲ့ ဒလမြေမှာပေါ်မှာ NGO အဖွဲ့အစည်းတစ်ခုကဦးဆောင်ပြီး နေရာ (၁၀) နေရာမှာ ရေကြည်ထွက်လာတဲ့ အဆင့်ရောက်တုံကင်တွင်း (၁၀) တွင်းတူးပေးပါတယ်။ အရင်ဆုံးတစ်နေရာက တုံကင် ကိရိယာတစ်ခု စပျက်ပါတယ်။ ဘယ်သူမှ ဂရုစိုက်ပြီး အိပ်စိုက်ပြီး စုပေါင်းပြီး မပြင်ပါဘူး။ ပျက်တဲ့နေရာကလူတွေက ဒုတိယအနီးဆုံးတုံကင်တွင်းနေရာမှာ သွားစုပြုံတိုးကြပါတယ်။ နှစ်လလောက်ကြာတော့ ဒေသနှစ်ခုစာရှိတဲ့ လူတွေရဲ့ဒဏ်ကို တုံကင်တွင်းတစ်ခုက မခံနိုင်ရှာတော့ပါဘူး။ ဒီတော့ ဒုတိယတွင်းလည်း ပျက်ပါတယ်။ ထုံစံအတိုင်းဒေသခံနှင့် တာဝန်ရှိသူများက မပြင်ပါ။ တတိယတွင်းမှာ ဒေသသုံးခုစာက လူတွေသွားဝိုင်းကြတယ်။ တတိယတွင်းလည်း တစ်လမခံပါ။ ပျက်သွားပါတယ်။ တစ်နှစ်တာအတွင်းမှာ တွင်း ၁၀ တွင်းစလုံးပျက် NGO ရဲ့စေတနာ၊ ငွေ၊ အချိန်၊ လူအင်အား အားလုံးအဟောသိကံ ဖြစ်ပါတယ်။ ရှိနေဆဲ ရနေဆဲ အခွင့်အရေးများကို မထိန်းသိမ်းနိုင်လျှင် မကာကွယ်နိုင်လျှင် ရေရှည်၌ဒုက္ခရောက်ရမည်ကို သင်ခန်းစာယူနိုင်ရန် နမူနာတင်ပြရခြင်း ဖြစ်ပါသည်။

    မနေ့တစ်နေ့ကပင် အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားမှာ ရေချိုအရင်းမြစ်တွေ တစ်နေ့တစ်ခြား ရှားပါးလာတဲ့ အပေါ်မှာ နိုင်ငံနဲ့အဝှမ်း ရေသုံးစွဲခြင်းကို မဖြစ်မနေ လျော့ရမယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်တဲ့သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ ပြီးတော့လည်း မိုးခေါင်ရေရှား မဖြစ်အောင် လုပ်ပေးနိုင်တဲ့နည်းပညာတွေကိုလည်း အပူတပြင်းရှာဖွေနေရပါတယ်တဲ့။ နောက်ထပ်သတိမူစရာ၊ ရင်ထိတ်စရာ သတင်းတစ်ပုဒ်ကိုလည်း ဖတ်လိုက်ရပါသေးတယ်။ အဲဒါကတော့ ထိုင်ဝမ်နိုင်ငံမှာရှိတဲ့ မြို့ပေါင်းမြောက်များစွာကို ရေပေးဝေနေတဲ့ ဧရာမဆည်ကြီးတစ်ခုဖြစ်တဲ့ “ရှိမင်း” ဆည်ဟာ နှစ်ပေါင်း ၇၀ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် လုံးဝခန်းခြေက်သွားပြီး ရွံ့အိုင်ကြီးအဖြစ် ပြောင်းသွားပါပြီ။ အဲဒါကြောင့် သိန်းပေါင်းများစွာသော ထိုင်ဝမ်မြို့သူမြို့သားများဟာ ရေကိုခွဲတမ်းကန့်သတ်ချက်တွေနဲ့ အချိုးကျရေပေးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြောင်းပါ။

    ဒီသတင်းတွေဟာ ကျွန်တော်တို့အနာဂတ်မှာ ရေအရင်းအမြစ်ဟာ အရေးကြီး အရေးပါလာပြီး အားလုံးဝိုင်းဝန်းဆွေးနွေးအဖြေရှာကြဖို့ အချိန်ဟာကျရောက်လာပါပြီလို့ ပြောနေတဲ့ အချက်အလက်တွေပါ။ တစ်ကယ်တော့ ရေ၊ လေ၊ နေရောင်ခြည်၊ သစ်ပင်၊ တိရစ္ဆာန် စတာတွေဟာ Renewable Resources (ပြန်ပြည့်မြဲစွမ်းအင် သယံဇာစအရင်းမြစ်) စာရင်းဝင်တွေပါ။ ဒါပေမယ့် ဆည်တွေထဲမှာ သိမ်းဆည်းထားတဲ့ ရေချိုတွေဟာ မိုးမရွာရင် ပြန်လာလို့ မရပါဘူး။ သစ်တောတွေ ပျောက်ကုန်လို့ ပတ်ဝန်းကျင်အပူချိန် ပိုမြင့်တက်လာလေ မြစ်ချောင်းအင်းအိုင်မှာရှိတဲ့ ရေတွေမြန်မြန် ခန်းခြောက်လေပါပဲ။ လက်ရှိသုံးစွဲနေတဲ့ အဝိစီတွင်းရေ (မြေအောက်ရေ) ဆိုတာကလည်း မြစ်ချောင်းအင်းအိုင်တွေကို အမှီပြုပြီး ဖြစ်တည်လာရတာပါ။ ဒီမြစ်ချောင်းအင်းအိုင်တွေ ကောလာတဲ့တစ်နေ့ အားလုံး ပင်လယ်ဝေကြရပါလိမ့်မယ်။ သစ်တောကြီးတွေ တစ်နေ့တစ်ခြား ပျောက်ပျောက်ကုန်သွားလိုက်တာ၊ ကမ္ဘာကြီးပိုပူလာလို့ အိုဇုန်းလွှာအပေါက်ကြီးလာလို့ ကမ္ဘာကြီးပိုပူလာ ဒီသံသရာတွေ၊ လျှပ်စစ်စွမ်းအင် အလွန်အကျူးထုတ်လုပ်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် မြေရေလေ ညစ်ညမ်းလှုပ်ရှားမှုတွေကို အရေးပါပြီးဖြစ်တဲ့အကြောင်း ကမ္ဘာသူ ကမ္ဘာသားအားလုံး အချိန်မီသိရှိပြီး အားလုံးလက်တွဲညီညီ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရပါတော့မယ်။

    6bde3cb58b479198acb58c0563d78275_XL

    အခုမကြာခင် ရိုးရာသင်္ကြန်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘယ်တော့မှ ပြန်မလာတော့မယ့် ရေချိုသန့် ဂါလံသန်းပေါင်းများစွာကို သဲထဲရေသွန်အဟောသိကံ လုပ်ဆောင်ကြပါတော့မည်။ မီးသတ်ပိုက်နဲ့ဖွင့်ပြီး ရေထွက်နှုန်းဟာ ရေဂါလံ (၆၀၀၀) ခန့်ကို (၁၂)မိနစ်အတွင်း ဖြုန်းပေးနိုင်ပါလိမ့်မယ်။ နိုင်ငံနဲ့အဝှမ်း မီးသတ်ပိုက်မဟုတ်လျှင်တောင် ပိုက်ကြီးပိုက်ငယ် အသွယ်သွယ်နဲ့ တစ်ပြိုက်နက်တည်း လောင်းချလိုက်ရမည့် ရေထုထည်ကြီးဟာ ဘယ်လောက်တောင် ကြီးမားပါလိမ့်။ ရေဂါလံပေါင်း သိန်းနဲ့ချီ၍ မိနစ်တိုင်း ကုန်ဆုံးမှုဖြစ်နေမှာပါ။ ကာလီဖိုးနီးယားမြို့နယ်အုပ်ချုပ်ရေးမှူးက ရေချိုးခြံချွေတာဖို့ အမိန့်ထုတ်ပြန်နေတဲ့အချိန်မှာ ကျွန်တော်တို့ဆီက မြို့တော်ဝန်မဏ္ဍပ်ဆိုတာက ရေကိုအချိန်ပြည့်သွန်းလောင်းပေးနေပါလိမ့်မယ်။ ရေဘေးဒုက္ခနဲ့ ကြုံတွေ့နေရတဲ့ ထိုင်ဝမ်မြို့သူမြို့သားတွေလဲ ဒီရေဖြုန်းတီးမှုကိုကြည့်ပြီး ဘယ်လောက်တောင် ရင်ထုမနာဖြစ်လိုက်ကြမလဲ။ ကိုယ်သွန်ချလိုက်တဲ့ရေဟာ ကိုယ့်အတွက်ပိုလျှံနေပေမယ့် အခြားသူများအတွက် ရွှေလိုရှားပါးနေပြီး အချို့အရပ်ဒေသများအတွက် ငွေထက်ပိုတန်ဖိုးရှိနေတဲ့ အရာဆိုတာ လောက်ကိုတော့ သင်္ကြန်မှာရေဖြုန်းတီးခဲ့တဲ့သူတွေ၊ နောက်ဆက်လက် ဖြုန်းတီးကြဦးမယ့်လူတွေ သိထားသင့်ပါတယ်။

    အသိဥာဏ်ရှိတဲ့ လူသားတွေအနေနဲ့ ကိုယ့်တစ်ကိုယ်ရည် အတ္တကြောင့် အခြားသူတွေ ထိခိုက်နစ်နာမည်ဆိုလျှင် သို့မဟုတ် သွယ်ဝိုက်နစ်နာနိုင်မည့်လုပ်ရပ်များ ဖြစ်နေပြီဆိုလျှင် အကျိုးဆက်အနေနှင့် တန်ပြန်သက်ရောက်မှုများနှင့် တစ်နေ့ရင်ဆိုင် ရမည်မှာ လောကနိယာမပင်ဖြစ်သည်။ တချိန်က ရိုးရာသင်္ကြန်ဆိုလျှင် မြန်မာလူမျိုးတို့ ယဉ်ကျေးသိမ်မွေ့ ချစ်စရာဓလေ့ စရိုက်ကိုပြဆိုသော ပွဲတော်တစ်ခုဟု ကမ္ဘာကသိမြင်ခဲ့သည်။ ယခုခေတ်သင်္ကြန်ဟုဆိုလိုက်လျှင် အရင်ဆုံးပြေးမြင်လာရသည်က အရက်မူး၍ ယောက်ျား မိန်းမဒွေးရောယှက်တင် ကခုန်မြူးထူး အပျော်လွန်နေသည့် မြင်ကွင်းများ သာ မြင်သာထင်သာ အရှိဆုံး ဖြစ်နေပါတော့သည်။ မူးယစ်လွန်ရာမှ ဖြစ်လာသော နောက်ဆက်တွဲ များကတော့ အရှက်သိက္ခာမဲ့ရသော လူမှုရေးပြသာနာများ၊ ခြေလွန်လက်လွန် ရာဇဝတ်မှုများ၊ နောက်ဆုံးမထိန်းနိုင် မသိမ်းနိုင် အသက်စွန့်ရသည့် အထိပင်ဖြစ်လာရသည်မှာ နှစ်စဉ်နှင့်အမျှပင်။

    ကိုယ့်ရိုးရာဓလေ့၏ ကောင်းမွန်သော အစိတ်အပိုင်းကို ထိန်းသိမ်း၍ မကောင်းမွန်သော အစိတ်အပိုင်းများ ကာကွယ်ရန်မှာ လူမျိုးတိုင်း၏ တာဝန်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော လူမျိုးပေါင်းစုံတို့သည် ကိုယ်စီကိုယ်စီ မိမိဓလေ့၊ မိမိရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းကာ မိမိတို့ဘာသာ၏ အဆုံးအမများကို ကြိုးစားလိုက်နာကြ၍ တစ်ဦးနှင့်တစ်ဦး အပေးအယူ ကြည်ဖြူမျှကြလျှင် အနာဂတ်မြန်မာသည် သာယာမှုအတိ ရှိပါလိမ့်မည်။ သို့မဟုတ်ဘဲ တစ်ယောက်ယဉ်ကျေးမှုကို တစ်ယောက်အပြစ်ဆို၊ တစ်ယောက် ဓလေ့ထုံးစံကို တစ်ယောက်ကအပြစ်တင်၊ တစ်ယောက်ဘာသာတရားကို တစယောက် မကောင်းမြင်ဖြစ်နေမည်ဆိုပါက ယခုအချိန်သည် ပူပြင်းခြောက်သွေ့သော အာဏာလုရာသီသို့ ဝင်ရောက်လာပြီဖြစ်ရာ ငို့ဘသမားများ၏ အသုံးချခံ သားကောင်းများဘဝသို့ ရောက်ရှိသွားနိုင်ပါသည်။ လောကတွင် အမှောင်နှင့်အလင်းသည် ရန်သူမဟုတ်၊ မိတ်ဖက် ဖြစ်သည်။ နေ့အလင်းရောင်သည် လူသားတို့၏ စားဝတ်နေရေးရှာဖွေမှုအတွက် အရေးပါသလို ညအမှောင်သည် တစ်နေ့တာ ပင်ပန်းမှုတို့အတွက် အိပ်စက်အားဖြည့် အနားယူရန်အတွက် မရှိမဖြစ်ပင်။ ပန်းဥယျာဉ်တစ်ခု၏ အလှသည် ရောင်စုံပန်းတို့၏ အလှနှင့် မွှေးရနံ့ပေါင်းစုံဖြင့် သာတင့်တယ်နိုင်သလို လူ့လောကသည်လည်း ဆန့်ကျင်ဘက်အရာတို့ မတူကွဲပြားသော အရာခပ်သိမ်းတို့ဖြင့်သာ ရှေ့သို့ချီတက်ပေသည်မှာ ကမ္ဘာဦးကတည်း ယခုထိတိုင်အောင် ဖြစ်ပေသည်။

    ချုပ်၍ဆိုရသော ရေတစ်ခွက် လျှော့သုံးလိုက်ခြင်း၊ ရေဘုံဘိုင်ခေါင်းကလေးကို မြန်မြန်ပိတ်ခြင်းကသည်ပင် လောကကြီးကို ကယ်တင်ရာမည်၏။

    ညီသွေး

    Photo Credit – 7DayNews,မြဝတီ

  • ဂျာမန်လေယာဉ်တစ်စီး ဗုံးခြိမ်းခြောက်မှုကြောင့် အရေးပေါ် ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရ

    ဂျာမန်လေယာဉ်တစ်စီး ဗုံးခြိမ်းခြောက်မှုကြောင့် အရေးပေါ် ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရ

    ဧပြီ ၁၃၊ ၂၀၁၅
    M-Media

    A barrier tape of German airline Lufthansa's low-cost carrier Germanwings is pictured at a closed gate of Berlin Tegel airport

    – ဗုံးခွဲမည်ဟု ခြိမ်းခြောက်ခံရခြင်းကြောင့် ဂျာမန်လေကြောင်းလိုင်း Germanwings မှ လေယာဉ်တစ်စင်းမှာ ယမန်နေ့ညပိုင်းက အရေးပေါ်ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။

    Germanwings ၏ ဘက်ဂျက်လေကြောင်းလိုင်းဖြစ်သော Lufthansa လေကြောင်းလိုင်းမှ Flight 4U 826 လေယာဉ်ဖြစ်ပြီး ကိုးလုံးလေဆိပ်မှ အီတလီနိုင်ငံ မီလန်မြို့သို့ ထွက်ခွာမည့် လေယာဉ်ဖြစ်သည်။ ထိုလေယာဉ်ကို ပြေးလမ်းသို့ ဆွဲသွားစဉ် လေယာဉ်အား ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်သောကြောင့် ခရီးစဉ် ဖျက်သိမ်းရန် လေကြောင်းထိန်းသိမ်းရေးမျှော်စင်မှ လေယာဉ်မှူးအား အကြောင်းကြားခဲ့သည်ဟု Germanwings က သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

    ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်မှုကို ဖဒရယ်ရဲတပ်ဖွဲ့လည်း ရရှိခဲ့ပြီး အဆိုပါလေယာဉ်တွင် လိုက်ပါသွားသည့် ခရီးသည်နှင့် လေယာဉ်အမှူထမ်း စုစုပေါင်း ၁၃၂ ဦးကို ကယ်ထုတ်ခဲ့ရသည်။

    ထို့နောက် လေယာဉ်ပေါ်တွင်ပါရှိသည့် ၀န်စည်စလယ်များနှင့် လေယာဉ်တစ်ခုလုံးကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း မည်သည့်အရာမှ တွေ့ရှိခဲ့ခြင်းမရှိချေ။ ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် Germanwings က အဆိုပါ ခရီးသည်များ အားလုံးကို တနင်္ဂနွေနေ့ညတွင် အခြားလေယာဉ်တစ်စင်းဖြင့် မီလန်သို့ ပို့ဆောင်ပေးခဲ့သည်။

    Germanwings မှ လေယာဉ်တစ်စင်းမှာ မတ်လ ၂၄ ရက်နေ့တွင် ပြင်သစ်နိုင်ငံ အဲလ်ပ်စ်တောင်တန်းပေါ်၌ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါသွားသူအားလုံး သေဆုံးခဲ့သည်။ ထိုပျက်ကျမှုမှာ တွဲဘက်လေယာဉ်မှူးကြောင့် ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း Germanwings ၏ လေယာဉ်မှူးများ စောင့်ကြည့်ရွေးချယ်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

    Ref: Reuters