News @ M-Media

Blog

  • ဘာသာရေးပွဲတော်ကို အစ္စရေး၏ ကန့်သတ်မှုအတွက် သည်းခံမည်ဟုတ်ဟု ပါလက်စတိုင်း ခရစ်ယာန်များပြော

    ဘာသာရေးပွဲတော်ကို အစ္စရေး၏ ကန့်သတ်မှုအတွက် သည်းခံမည်ဟုတ်ဟု ပါလက်စတိုင်း ခရစ်ယာန်များပြော

    ဧပြီ ၃၊ ၂၀၁၅
    M-Media

    plst easter

    – မိမိတို့၏ အီစတာပွဲတော် ကျင်းပမှုကို အစ္စရေးစစ်တပ်က ထပ်မံကန့်သတ်ခြင်းနှင့် ယခင်နှစ်များတွင် ဖြစ်ပွားသကဲ့သို့ အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားခြင်းတို့အတွက် မိမိတို့မှ လုံးဝ သည်းခံမည်မဟုတ်ဟု ပါလက်စတိုင်း ခရစ်ယာန်များက ပြောကြားလိုက်သည်။

    Good Friday ဖြစ်သော ယနေ့မှ စတင်ကာ ခရစ်ယာန်တို့၏ အီစတာပွဲတော် သီတင်းပတ်ဖြစ်ပြီး အစ္စရေး၏ ကန့်သတ်ချက်များက ပွဲတော်ဆင်နွှဲမှုအား အတားအဆီးဖြစ်လိ့မ်မည်ကို စိုးရိမ်ကြောင်း ပါလက်စတိုင်းရှိ ခရစ်ယာန်လူ့အဖွဲ့အစည်း ခေါင်းဆောင်များက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

    “ဒီနှစ်က အဓိကပြောင်းလဲမှုတစ်ခု ရှိပါတယ်။ ဒါကတော့ ပါလက်စတိုင်းဟာ နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာ အဖွဲ့ဝင်ဖြစ်လာတဲ့
    ဧပြီ ၁ ရက်ပါပဲ။ (မြင့်မြတ်ရာနေရာတွေ ၀င်ခွင့်) ကျွန်တော်တို့ ငြင်းပယ်ခံရမယ်ဆိုရင် အဲဒီလို လွတ်လပ်စွာကိုးကွယ်ခွင့်ကို ငြင်းပယ်ခြင်းဟာ ကျွန်တော်တို့ တရားစွဲဆိုသွားမည့် ကိစ္စပါပဲ” ဟု ယခင်ပါလက်စတိုင်း စီးပွားရေးဝန်ကြီးဟောင်းဖြစ်သူ ဂျေရုစလင်မှ အောသိုဒေါ့စ် ခရစ်ယာန်ဘာသာဝင် ဘက်ဆင်းမ် ခူရီက ပြောကြားခဲ့သည်။

    ပါလက်စတိုင်း၌ အီစတာပွဲတောင်ကျင်းပတိုင်း ခရစ်ယာန်များအား ဂျေရုစလင်ရှိ မြင့်မြတ်ရာ နေရာများသို့ ၀င်ရောက်ခွင့်ကို အစ္စရေးက တားမြစ်ပိတ်ပင်မှုကြောင့် ခရစ်ယာန်များနှင့် အစ္စရေးတပ်ဖွဲ့များအကြား ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားလေ့ရှိသည်မှာ ဆယ်စုနှစ်နှင့်ချီခဲ့ပြီဖြစ်သည်။

    “၂၀၀၅ ခုနှစ်ကတည်းက ဂျေရုစလင်မြို့ဟောင်းအတွင်း ကျွန်တော်တို့ ၀င်ရောက်ခွင့်ကို အစ္စရေးက ပိတ်ခဲ့တာပါ။ ကျွန်တော်တို့ဟာ Palm Sunday နဲ့ Holy Friday ပွဲတော်ကျင်းပဖို့ လာတိုင်း ၀င်ပေါက်တံခါးတွေ ပိတ်ထားပြီး အစ္စရေးစစ်သားတွေက လမ်းတစ်လျှောက်မှာ စောင့်ကြပ်နေပါတယ်” ဟု ဂျေရုစလင်ရေးရာ ပါလက်စတိုင်းဝန်ကြီးဟောင်း ဟင်ဒ် ခူရီက ပြောကြားခဲ့သည်။

    ယခုနှစ် အီစတာပွဲတော်မှာ ဂျူးတို့၏ Passover ပွဲတော်နှင့် တိုက်နေသောကြောင့် အစ္စရေးက ဂျေရုစလင်ရှိ မြင့်မြတ်ရာဒေသများသို့ ပါလက်စတိုင်း ခရစ်ယာန်များနှင့် မွတ်စလင်များ ၀င်ရောက်ခွင့်ကို ပို၍ တင်းတင်းကျပ်ကျပ် ကန့်သတ်ခဲ့သည်။

    Ref: Aljazeera

  • ရော်နယ်ဒိုနှင့် မက်ဆီမှာ လက်ရှိအချိန်တွင် အကောင်းဆုံးဖြစ်သည်ဟု ဖာဂူဆန်ပြော

    ရော်နယ်ဒိုနှင့် မက်ဆီမှာ လက်ရှိအချိန်တွင် အကောင်းဆုံးဖြစ်သည်ဟု ဖာဂူဆန်ပြော

    ဧပြီ ၃၊ ၂၀၁၅
    M-Media

    331095_heroa

    – ရော်နယ်ဒိုနှင့် မက်ဆီတို့မှာ ကမ္ဘာ့ဘောလုံးလောကတွင် လိုက်မမီသည့် ကစားသမားများ ဖြစ်နေဆဲဖြစ်ပြီး နေးမာ အနေဖြင့် ၎င်းတို့နှစ်ဦးအား ယှဉ်ရန်အတွက် ကြိုးစားရဦးမည်ဟု မန်ယူဂန္တ၀င်နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်က ပြောကြားလိုက်သည်။

    ရော်နယ်ဒိုမှာ ဖာဂူဆန်၏လက်အောက်တွင် ၆ နှစ်ကြာ ကစားခဲ့ဖူးပြီး ၂၀၀၉ ခုနှစ်က ရီးယဲလ်သို့ပြောင်းရွှေ့သွားပြီးနောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၂ ကြိမ် ရရှိခဲ့သည်။ မက်ဆီမှာလည်း ချန်ပီယံလိဂ် ဖိုင်နယ် ၂ ပွဲအပါအ၀င် ပွဲအတော်များများတွင် ဖာဂူဆန်နှင့် ဆုံးဖူးပြီး ဖာဂူဆန်ကမူ ၎င်းတို့ ၂ ဦးမှာ ကစားသမားအားလုံး၏ အပေါ်တွင် ရှိနေသည်ဟု
    ဆိုသည်။

    “ခင်ဗျားတို့ပြောပြောနေတဲ့ ဒီလိုကစားသမားတွေ ထွက်လာဖို့ဆိုရင်တော့ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတွေကို အမြဲတမ်းစောင့်ကြည်ရပါမယ်။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် အခုအချိန်မှာ
    (ရော်နယ်ဒိုနဲ့ မက်ဆီတို့ကြားထဲက) တစ်ယောက်ယောက်များ ထိုးထွက်လာမလားဆိုတာ ကျွန်တော် မပြောတတ်ပါဘူး။ နေးမာဟာ သူ့ရဲ့ ရှေ့အလားအလာအတွက် လူတွေရဲ့ အာရုံစိုက်မှု အများအပြားကို ရရှိနေပါတယ်။ ဒါပေမယ့် စောင့်ကြည့်ရအုံးမှာဖြစ်ပြီး (နေးမာအနေနဲ့) ဖြည့်ဆည်းပေးစရာတွေလည်း လိုနေတုန်းပါပဲ” ဟု ဖာဂူဆန်က ပြောကြားခဲ့သည်။

    ထို့ပြင် နေးမာမှာ မက်ဆီနှင့် ရော်နယ်ဒိုတို့တွင် မြင်ရသည့် ပါရမီမျိုးကို ထုတ်ပြမည့် နောက်ထပ်ကစားသမားတစ်ဦး ဖြစ်မည်ဟု မျှော်လင့်ကြောင့် ထည့်သွင်းပြောကြားခဲ့ကာ ၂၀၁၅ ခုနှစ် အတွင်း ရလဒ်ဆိုးရွားမှုများကြောင့် အနာဂတ်အတွက် မတည်မငြိမ်ဖြစ်နေသည့် ရီးယဲလ်နည်းပြ အန်ဆယ်လော့တီကိုလည်း ဖာဂူဆန်က ထောက်ခံအားပေးခဲ့သည်။

    “ကျွန်တော်ဖြတ်သန်းလာတဲ့ တစ်လျှောက်လုံးမှာ ကာလိုဟာ အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်ပြီး ကျွန်တော့်ရဲ့
    အကြီးဆုံးပြိုင်ဘက်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ မစိုးရိမ်ပါဘူး။ (သူ့ရဲ့ အနာဂတ်ဟာ)
    သေချာနေပါတယ်”

    Ref: Goal.com

  • ငါးလုပ်ငန်းတွင် ကျွန်ပြုခံနေရသူများအား အင်ဒိုနီးရှား ပြောင်းရွှေ့ပေးနေ

    ငါးလုပ်ငန်းတွင် ကျွန်ပြုခံနေရသူများအား အင်ဒိုနီးရှား ပြောင်းရွှေ့ပေးနေ

    ဧပြီ ၃၊ ၂၀၁၅
    M-Media

    0629c3df686b4b4184707e06468156ee_18

    – အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်းရွာရှိ ငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခိုင်းစေခံနေရသည့် နိုင်ငံခြားသားများအား လုံခြုံရေး စိုးရိမ်ရသည့်အတွက်ကြောင့် အခြားကျွန်းသို့ ပို့ဆောင်ပေးနေသည်ဟု အင်ဒိုနီးရှား အစိုးရက ပြောကြားလိုက်သည်။

    အင်ဒိုနီးရှား ရေလုပ်ငန်းအရင်းအမြစ်နှင့် ငါးဖမ်းလုပ်ငန်းဆိုင်ရာ စောင့်ကြည့်အဖွဲ့မှ အထွေထွေဒါရိုက်တာဖြစ်သူက စောစောပိုင်းတွင် အယောက် ၂၀ ပါသော မြန်မာအလုပ်သမားအုပ်စုအား ၎င်းတို့လုံခြုံရေးအတွက် ဘန်ဂျီနာရွာမှာ အနီးရှိ တွာလ်ကျွန်းသို့ ပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း အခြားသူများ ကျွန်းအား စွန့်ခွာရတော့မည်ဆိုသော သတင်းကြောင့် မြန်မာနှင့် ကမ္ဘောဒီယားတို့အပါဝင် ရာနှင့်ချီသော အမျိုးသားများမှာ စုရုံးလာကြပြီး မြေပြင်တွင် ထိုင်နေကြသည်။ တာဝန်ရှိသူ အာဆက်ပ် ဘာရ်ဟန်ဒန်ကမူ တောထဲတွင် ပုန်းနေသူများပါ ထွက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

    “သူတို့အားလုံး ထွက်လာနိုင်ပါတယ်။ တစ်ယောက်မှ မကျန်စေချင်ပါဘူး” ဟု ဘာရ်ဟန်ဒန်က ဆိုသည်။

    ထိုင်းနိုင်ငံသား ငါးဖမ်းလုပ်သားများကမူ အဆိုပါကျွန်းတွင် ဆက်လက်ရှိနေမည်ဖြစ်ပြီး ငါးဖမ်းလှေများ၏ ကပ္ပတိန်အများစုမှာ ထိုင်းနိုင်ငံသားများ ဖြစ်ကြသည်။

    ဘန်ဂျီနာကျွန်းတွင် ကျွန်ပြုခိုင်းစေခံနေရသည့် နိုင်ငံခြားသားများအကြောင်းကို တစ်နှစ်တာလေ့လာမှုများပြီးနောက် AP သတင်းဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ဖော်ပြခဲ့ပြီး အဆိုပါ နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံမှ အများစုဖြစ်သည်။

    “သူတို့ဟာ (မြန်မာနိုင်ငံကနေ) ထိုင်းနိုင်ငံက စားသောက်ဆိုင်တွေမှာ အလုပ်ရမလားဆိုပြီး အလုပ်သွားရှာကြတာပါ။ ဒါပေမယ့် အင်ဒိုနီးရှားကို အပို့ခံလိုက်ရပြီး ဒီမှာပဲ အဆုံးသတ်ခဲ့ပါတယ်” ဟု အလ်ဂျာဇီးရားသတင်းထောက် စတက်ပ် ဗက်ဆန်က သတင်းပေးပို့ခဲ့သည်။

    ငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခိုင်းစေခံနေရသူများမှာ ထောင်ပေါင်းများစွာရှိနေပြီး နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အဖွဲ့ကမူ ဘန်ဂျီနာကျွန်းတစ်ဝိုက်တွင်ပင် ကျွန်ပြုခံနေရသူ ၄၀၀၀ ခန့်ရှိမည်ဟု ဆိုသည်။

    Ref: Aljazeera

  • လူမှုရေး စိတ်တွေရှိတယ်ဆို

    လူမှုရေး စိတ်တွေရှိတယ်ဆို

    ဧပြီ ၃ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    social-skills-training-804
    လူဆိုတာက ယေဘုယျသဘောအနေနှင့် အတ္တကို ဗဟိုပြုတတ်ကြတာ သဘာဝပေါ့နော်။ ကိုယ့်အတွက် ကိုယ်သံယောဇဉ်တွယ်တဲ့ ဘဝ လက်တွဲဖော်နောက်လိုက်ပြီး မိသားစု အသိုင်းအဝိုင်း စတာတွေရဲ့  အကျိုးစီးပွားကိုခေါင်းထဲ ထည့်ထားဖြစ်ကြတာကိုး။ အဲဒီလို ကိုယ့်ကိုကိုယ် ဦးစားပေးရာမှာ သာမန်ထက် လွန်ကဲလာရင်တော့ အတ္တကြီးသူဘဝကို ရောက်မှန်း မသိရောက်သွားရော။ ဒီတော့လည်း အမှားကိုမမြင်၊ တော်၏၊ မတော်၏ မတွေးတော့ဘဲ ကိုယ့်ဖို့ဆိုတာကိုချည်း တစ်စိုက်မတ်မတ် လုပ်လာပြီပေါ့။ လောဘ၊ ဒေါသနှင့် ညှာတမှုကင်းခြင်းတွေက အကျိုးဆက်အဖြစ် လက်တွေ့ထင်ရှားလာမှတော့ လူ့အသိုင်းအဝိုင်းက ငြိုငြင်အပြစ်တင်လာမှာတော့ မဆန်းပါဘူး။ ငတေ မာမာချာချာ ရှိဖို့အတွက် တစ်လောကလုံး သေပလေ့စေ မမှုပါဘူးဆိုတဲ့ စိတ်ဓာတ်ဟာ အတ္တကြီးခြင်းရဲ့ သင်္ကေတတစ်ခုလို့ ဆိုရမယ်။

    ဒါပေမယ့် ဒီစိတ်ဓာတ်မျိုးဟာ ပင်ကိုယ်သဘာဝ အရ အခြေတည်လာတယ်လို့တော့ တစ်ထစ်ချ မပြောနိုင်ပါဘူး။ တစ်စုံတစ်ယောက်ဟာ သူကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်ရဲ့ သြဇာလွှမ်းမိုးမှုကြောင့်ပဲဖြစ်ဖြစ်၊ စိတ်ထားမြင့်မြတ်မှု မရှိတဲ့ သူတွေရဲ့ အရောင်ဆိုးမှုကို ခံရတာကြောင့်ပဲဖြစ်ဖြစ်၊ နဂိုဖြူစင်နေတဲ့ စိတ်ထားလေးက ညစ်ထေးသွားတတ်တာမျိုး။ ကိုယ်တစ်ယောက်တည်း (ကိုယ့်မိသားစုအပါအဝင်) ကြီးပွားချမ်းသာဖို့အတွက် အများကို နင်းပြီးတက်တဲ့အခါ ပြုခဲ့တဲ့ မတရားမှုတွေရဲ့ ရောင်ပြန်ဟပ်ခြင်းကိုတော့ မလွဲမသွေ ခံစားရတတ်ပါတယ်။ ဒါဟာလောကနိယာမတစ်ခု။ နှလုံးသားထဲမှာ အတ္တစိတ်ချည်း ပြည့်နေတာထက် သူများအတွက်ဆိုတာလေးကို နည်းနည်းပါးပါး နေရာပေးရင်တော့ လူသားဆန်သူတစ်ဦးအဖြစ် ရပ်တည်နိုင်မှာ အသေအချာပါပဲ။

    နေ့စဉ်ဘဝမှာ လူတစ်ယောက်ဟာ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှု ဒါမှမဟုတ် အပျက်သဘောဆောင်တဲ့ တုံ့ပြန်မှုမျိုးကို ပြုတတ်ကြတယ်လို့ ဆိုပါတယ်။ တစ်နည်းပြောရရင် အဲဒီသူဟာ သူရဲ့အင်အားကို ကောင်းကျိုးပြုရာမှာပဲ ဖြစ်ဖြစ် ဆိုးကျိုးပြုရာမှာပဲ ဆိုဆို အသုံးချတဲ့သဘောပါ။ အကောင်းမြင်ပြီး ကောင်းကျိုးလုပ်ရာမှာ မွေ့လျော်သူဟာ ဖြစ်ရပ်တိုင်းကို အကောင်းဘက်က မြင်တတ်တွေးတတ်တယ်။ ဒီတော့လည်း လူမှုရေးစိတ်ဓာတ် အပြည့်ရှိသူအဖြစ် အပေါင်းအသင်း မိတ်ဆွေ ပေါများလေ့ရှိတယ်။ သူနှင့်ဆက်ဆံဖြစ်တဲ့သူတိုင်းမှာ စိတ်ချမ်းသာစရာလေး တစ်ခုခုကို ခံစားရတာ အမှန်ပဲမို့ အပျော်လေးတွေ ကူးစက်စိမ့်ဝင်တာကို လက်တွေ့ကြုံဖူးကြမှာပါ။ လူမှုရေးစိတ်ရှိသူဟာ အပေါင်းအသင်းတွေအလယ်မှာ အများက လိုလားနှစ်သက်လက်ခံတာကို အသေအချာ နားလည်သိရှိခွင့်ရတယ်။

    လူမှုရေးစိတ်ဓာတ်ရှိသူ တစ်ဦးဆိုတာ ကိုယ်ကျိုး လုံးဝစွန့်လွှတ်တာမျိုး မဟုတ်သည့်တိုင် သူများအတွက်ဆိုတဲ့ စာနာ စိတ်ကလေး ထည့်တွေးတတ်တယ်။ လက်တွေ့မှာလည်း တစ်နိုင်တစ်ပိုင် ဆောင်ရွက်သူ လို့ဆိုပါရစေ။ အဲဒီလိုလူမျိုးဟာ လူတွေရဲ့မကောင်းတဲ့ အချက်တွေကိုချည်း ရွေးမနေဘူး။ ကောင်းကွက် မကောင်းတဲ့ အချက်တွေကိုချည်း ရွေးမနေဘူး။ ကောင်းကွက်လေးတွေကို ရှာပြီး ကြည့်တတ်မြင်တယ်။ နောက်ပြီး သူ့ကိုလက်ခံလိုလား။ သူအရေအတွက်ဟာ မနှစ်မြို့ဘဲ စကားဆိုမဲ့သူတွေထက် များတယ်ဆိုတာ အခိုင်အမာယုံကြည်ပြီးသား။ သူ့ရဲ့လုပ်ရပ်တွေကို (မနာလိုစိတ်ပွားပြီး) မေးငေါ့သူတိုင်းရဲ့ စိတ်ထားကို ဥပေက္ခာပြုထားလိုက်တယ်။ ဒီတော့ အဲဒီလူတွေနှင့် ဟန်မပျက်ဆက်ဆံနိုင်တယ်။ သူတို့ပြောသမျှဆိုသမျှကို တနုံ့နုံ့ခံစားမနေဘူး။ ကောင်းကျိုး တစ်ခုခုပြုရင်း လောကမှာ နေပျော်အောင် လူမှုရေးအသိစိတ်နှင့် ဆောင်ရွက်နိုင်တာကိုပဲ အားရကျေနပ် ဖြစ်နိုင်တယ်။ သူ့အယူအဆ သဘောထားနှင့် မကိုက်ညီခဲ့ရင် ဒေါသတကြီး မဖြစ်ဘဲ ကွဲလွဲမှုကို လက်ခံနိုင်တယ်။ ဒါဟာ လူမှုရေးစိတ်အပြည့်အဝရှိသူရဲ့ ထူးခြားတဲ့ အရည်အသွေးတစ်ခုပါပဲ။

    ရှိသေးတယ်။ သူ့အနေနှင့် တစ်ခါတစ်ရံမှာတော့ လူ့သဘာဝအရ အမှားအယွင်းလေးတွေ ပြောမိလုပ်မိမှာ သေချာတယ်။ တစ်ခါတစ်လေတော့လည်း စေတနာအမှားလို့ ဆိုရမယ်။ အဲဒီလိုကြုံတဲ့အခါတိုင်း အမှားကို နှောင့်နှေးမနေဘဲ အလျင်အမြန် ဝင်ချတောင်းပန် တတ်တယ်။ ဒီတော့လည်း ရင်ထဲမှာ တေးထားမှတ်ထားတာတွေ ဘာမှမရှိတော့တာမို့ စိတ်ရှင်းသွားမှာတော့ အသေအချာပဲပေါ့။

    ကိုယ်နှင့်ဆက်နွယ်နေသူတွေရဲ့ အခက်အခဲတွေ ရင်ဖွင့်သမျှတွေကို စိတ်ဝင်တစား နားထောင်ပေးပြီး နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်း မျိုးကို မဆိုင်းမတွပေးဖို့ အမြဲတမ်း စဉ်းစားပေးတယ်။ ပါးစပ်ကနေ နှုတ်ကတိ လွယ်လွယ်ပေးပြီး အဖျားရှုးသွားတာမျိုးကို လူ့အသိုင်းအဝိုင်းက ရေရှည် လက်ခံလေ့မရှိကြဘူး။ ဒါကြောင့် လူမှုရေးစိတ်ရှိတယ်ဆိုရာမှာ သူများရဲ့အခက်အခဲ အကြပ်အတည်းတွေကို လူသားဆန်ဆန် တတ်စွမ်းသမျှ ကူညီယိုင်းပင်းတာမျိုး။ စကားပြောကောင်းပြီး လေစကားလေထဲပျောက်၊ လက်တွေ့မပါသူကို ပတ်ဝန်းကျင်က လက်မခံချင်ကြဘူး။

    လူသားကောင်းကျိုးဆိုတဲ့ ဦးတည်ချက်တစ်ခုတည်းကို ခေါင်းထဲမှာ သံမှိုစွဲသလို မြဲမြဲမြံမြံရှိသူဟာ ကိုယ်နှင့်ဆက်နွယ်နေသူတွေကို အာရုံစိုက်တယ်။ စိတ်ဝင်တစားလည်း ရှိတယ်။ ပေါ့ပါးရွှင်လန်းတဲ့ ဟန်ပန် အမူအရာမျိုးကို ပိုင်ဆိုင်ထားတာကြောင့် မြင်ရသူတွေမှာ အပျော်အလေးတွေ ကူးစက်ပြီး စိတ်လက်ပေါ့ပါးသွားရော။

    စိတ်ခံစားမှုဆိုတာက ကူးစက်တတ်တဲ့ သဘောရှိတာမို့ သောကတွေ ဒေါသတွေ လွှမ်းနေသူနှင့် တွေ့ကြုံရဖန်များလာတဲ့အခါ ကိုယ့်စိတ်တွေပါ လေးလံဆိုးညစ်ကုန်တယ်။ လောကကြီးကို အလှဆင်နိုင်ဖို့ တစ်ထောင့်တစ်နေရာလေးက ပါဝင်ခွင့်ရသူဟာ လူမှုရေးစိတ်ရှိပြီး လူသားအကျိုး သယ်ပိုးသူတစ်ဦးဆိုတာတော့ သံသယပွားစရာမလိုအောင် ယုံကြည်ကြရအောင်ပါလို့။

    နှင်းဆီခင်

  • ဟယ်ရီးကိန်းမှာ ဘာတစ္စတူတာနှင့်တူသည်ဟု စပါးနည်းပြပြော

    ဟယ်ရီးကိန်းမှာ ဘာတစ္စတူတာနှင့်တူသည်ဟု စပါးနည်းပြပြော

    ဧပြီ ၃၊ ၂၀၁၅
    M-Media

    273B7B8D00000578-0-image-a-16_1428011394355

    – မိမိအသင်း၏ အင်္ဂလန်လူငယ်တိုက်စစ်မှူး ဟယ်ရီကိန်းမှာ အာဂျင်တီးနား ဂန္တ၀င်တိုက်စစ်မှူး ဘာတစ္စတူနှင့်တူပြီး ၎င်းတိုးတက်ရေးအတွက် မိမိအနေဖြင့် ကူညီသွားမည်ဟု စပါးအသင်းနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။

    ယခုနှစ် စပါးအသင်းတွင် ခြေစွမ်းပြပြီး ဂိုးများသွင်းယူပေးခဲ့သည့် ဟယ်ရီကိန်းကို အင်္ဂလန်နည်းပြ ဟဒ်ဆန်က အင်္ဂလန်လက်ရွေးစင်အသင်းသို့ ခေါ်ယူခဲ့ပြီး ပြီးခဲ့သည့် တစ်သောကြာနေ့ လစ်သူယေးနီးယားနှင့် ယူရို ၂၀၁၆ ခြေစစ်ပွဲတွင်
    လူစားဝင်ကစားသမားအဖြစ် အသုံးပြုခဲ့သည်။ ထိုပွဲတွင် ဟယ်ရီကိန်းမှာ ကွင်းအတွင်းသို့ ၀င်ရောက်လာပြီး စက္ကန့် ၈၀
    အကြာမှာပင် ၎င်း၏ ပထမဆုံး နိုင်ငံတကာဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

    “ဘာတစ္စတူတာအပါအ၀င် ထူးခြားတဲ့ကစားသမားတွေနဲ့ တူညီတဲ့ ကျွမ်းကျင်မှုမျိုး ဟယ်ရီကိန်းမှာ ရှိနေပါတယ်။
    အခုအချိန်ဟာ သူ့အပေါ်မှာ မူတည်နေပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည် တိုးတက်အောင်လုပ်ဖို့ နည်းလမ်းကိုလည်း
    သူသိပါတယ်။ အလုပ်ကိုကြိုးစားလုပ်ပြီး ပွဲတွေမှာ တိုးတက်အောက် ဆက်လုပ်ဖို့ သူဟာ အချိန်ကောင်းကို
    ရောက်နေပါတယ်” ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။

    သို့သော်လည်း ကစားသမားတစ်ဦးအား တာဝန်ယူတတ်လာစေရန်အတွက် အချိန်ပေးရမည်ဖြစ်ကြောင်း၊ တစ်ခါတစ်ရံတွင်
    မိမိတို့က ကစားသမားတစ်ဦးမှာ အဆင်သင့်ဖြစ်ပြီဟု မြင်သော်လည်း တာဝန်ယူနိုင်စွမ်းနှင့် ရောက်ရှိနေသည့်အဆင့်တွင်
    ထိန်းထားနိုင်စွမ်းတို့မှာ ပြည့်စုံခြင်းမရှိသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    “လာမယ့်ရာသီမှာ သူ့နဲ့ပတ်သက်ပြီး လူတွေက သံသယရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သူ့ကိုနားလည်တဲ့သူတွေ၊
    ဟယ်ရီအနေနဲ့ သူ့ပြသနေခဲ့တဲ့ခြေစွမ်းကို ဆက်ထိန်းထားနိုင်တယ်ဆိုတာ သိတဲ့ ကျွန်တော်တို့လို လူတွေလည်း
    ရှိနေပါတယ်”

    ထို့ပြင် ပွဲများစွာ ကစားရခြင်းကြောင့် ဟယ်ရီကိန်း နွမ်းလျမှုမရှိစေရန် ကလပ်အသင်းနှင့် နိုင်ငံအသင်းအားလုံးတို့က
    အပြုသဘောဆောင်သည့် အဖြေတစ်ခုကို ရှာဖွေသွားရမည်ဟုလည်း ပိုချက်တီနိုက ထပ်လောင်း ပြောကြားခဲ့သည်။

    Ref: Dailymail