ဧပြီ ၃၊ ၂၀၁၅
M-Media
– အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်းရွာရှိ ငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခိုင်းစေခံနေရသည့် နိုင်ငံခြားသားများအား လုံခြုံရေး စိုးရိမ်ရသည့်အတွက်ကြောင့် အခြားကျွန်းသို့ ပို့ဆောင်ပေးနေသည်ဟု အင်ဒိုနီးရှား အစိုးရက ပြောကြားလိုက်သည်။
အင်ဒိုနီးရှား ရေလုပ်ငန်းအရင်းအမြစ်နှင့် ငါးဖမ်းလုပ်ငန်းဆိုင်ရာ စောင့်ကြည့်အဖွဲ့မှ အထွေထွေဒါရိုက်တာဖြစ်သူက စောစောပိုင်းတွင် အယောက် ၂၀ ပါသော မြန်မာအလုပ်သမားအုပ်စုအား ၎င်းတို့လုံခြုံရေးအတွက် ဘန်ဂျီနာရွာမှာ အနီးရှိ တွာလ်ကျွန်းသို့ ပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း အခြားသူများ ကျွန်းအား စွန့်ခွာရတော့မည်ဆိုသော သတင်းကြောင့် မြန်မာနှင့် ကမ္ဘောဒီယားတို့အပါဝင် ရာနှင့်ချီသော အမျိုးသားများမှာ စုရုံးလာကြပြီး မြေပြင်တွင် ထိုင်နေကြသည်။ တာဝန်ရှိသူ အာဆက်ပ် ဘာရ်ဟန်ဒန်ကမူ တောထဲတွင် ပုန်းနေသူများပါ ထွက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
“သူတို့အားလုံး ထွက်လာနိုင်ပါတယ်။ တစ်ယောက်မှ မကျန်စေချင်ပါဘူး” ဟု ဘာရ်ဟန်ဒန်က ဆိုသည်။
ထိုင်းနိုင်ငံသား ငါးဖမ်းလုပ်သားများကမူ အဆိုပါကျွန်းတွင် ဆက်လက်ရှိနေမည်ဖြစ်ပြီး ငါးဖမ်းလှေများ၏ ကပ္ပတိန်အများစုမှာ ထိုင်းနိုင်ငံသားများ ဖြစ်ကြသည်။
ဘန်ဂျီနာကျွန်းတွင် ကျွန်ပြုခိုင်းစေခံနေရသည့် နိုင်ငံခြားသားများအကြောင်းကို တစ်နှစ်တာလေ့လာမှုများပြီးနောက် AP သတင်းဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ဖော်ပြခဲ့ပြီး အဆိုပါ နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံမှ အများစုဖြစ်သည်။
“သူတို့ဟာ (မြန်မာနိုင်ငံကနေ) ထိုင်းနိုင်ငံက စားသောက်ဆိုင်တွေမှာ အလုပ်ရမလားဆိုပြီး အလုပ်သွားရှာကြတာပါ။ ဒါပေမယ့် အင်ဒိုနီးရှားကို အပို့ခံလိုက်ရပြီး ဒီမှာပဲ အဆုံးသတ်ခဲ့ပါတယ်” ဟု အလ်ဂျာဇီးရားသတင်းထောက် စတက်ပ် ဗက်ဆန်က သတင်းပေးပို့ခဲ့သည်။
ငါးဖမ်းလုပ်ငန်းတွင် ကျွန်ပြုခိုင်းစေခံနေရသူများမှာ ထောင်ပေါင်းများစွာရှိနေပြီး နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အဖွဲ့ကမူ ဘန်ဂျီနာကျွန်းတစ်ဝိုက်တွင်ပင် ကျွန်ပြုခံနေရသူ ၄၀၀၀ ခန့်ရှိမည်ဟု ဆိုသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.