News @ M-Media

Blog

  • မိမိတို့အသင်း ဝေဖန်မှုနှင့်ထိုက်တန်သည်ဟု မန်စီးတီးနောက်ခံလူ ပြော

    မိမိတို့အသင်း ဝေဖန်မှုနှင့်ထိုက်တန်သည်ဟု မန်စီးတီးနောက်ခံလူ ပြော

    ဧပြီ ၉၊ ၂၀၁၅

    M-Media

    gael-clichy_50xl24age48s1b5vsvknivaes

    – ယခုသီတင်းပတ်များအတွင်း အသင်း၏ ရလဒ်များ ဆိုးရွားမှုကြောင့် မိမိတို့အသင်း ဝေဖန်ခံရမှုမှာ ထိုက်တန်ပြီး၊ အသင်း၏အခြေအနေကို ပြောင်းလဲပစ်မည်ဟု မန်စီးတီးနောက်ခံလူ ကလစ်ချီက ပြောကြားလိုက်သည်။

    မန်စီးတီးအသင်းမှာ ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် ခရစ္စတယ်ပဲလေ့စ်အသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယား၏ စတုတ္ထနေရာအထိ ရောက်ရှိသွားခဲ့ကာ တစ်ပွဲကစားရန် ရှိနေသော ထိပ်ဆုံးမှ ချယ်ဆီးနှင့် ၉ မှတ် ကွာဟသွားခဲ့သည်။

    “(ဝေဖန်မှုတွေဟာ) ထိုက်တန်ပါတယ်။ ပဲလေ့စ်ဟာ နည်းပြပြောင်းပြီးကတည်းက ကစားပုံကောင်းလာတာကြောင့် တနင်္လာနေ့ပွဲဟာ ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ ပြီးတော့ ရည်မှန်းချက်တွေရှိနေတဲ့ ကျွန်တော်တို့လိုအသင်းမျိုးဟာ ဒီပွဲကို နိုင်ရမယ်ဆိုတာလည်း ကျွန်တော်တို့ သိခဲ့ပါတယ်။ ကျွန်တော်တို့ ဘာကိုမှ ပုန်းမရှောင်ပါဘူး။ ကျွန်တော်တို့ကို ဆန့်ကျင်တဲ့ ကိစ္စအချို့လည်း ရှိနေပြီး ဒါတွေကနေလည်း ရှောင်မပြေးချင်ပါဘူး။ ရလဒ်က ဒါမျိုးမဟုတ်သလို ကျွန်တော်တို့ ပိုကောင်းဖို့လိုပါတယ်” ဟု ကလစ်ချီက Sky Sports သို့ ပြောကြားခဲ့သည်။

    မန်စီးတီးမှာ ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် တတိယနေရာမှ မန်ယူအသင်းနှင့် ကစားရမည်ဖြစ်ပြီး ကလစ်ချီကမူ ထိုနေ့ကို ပရိတ်သတ်များအတွက် ပျော်ရွှင်ဖွယ်ရာနေ့အဖြစ် မိမိတို့ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    “တနင်္ဂနွေနေ့မှာ ယူနိုက်တက်နဲ့ ကစားရမှာဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ တိုင်မင်တွေက ပြည့်စုံနေပါတယ်။ ကျွန်တော်တို့ ဒုတိယနေရာကို လက်လွှတ်ခဲ့ရပြီးပါပြီ။ ပရိတ်သတ်တွေအတွက် ပြီးပြည့်စုံအောင် ကျွန်တော်တို့ လုပ်ပေးရပါတော့မယ်” ဟု ကလစ်ချီက ဆိုသည်။

    ထို့ပြင် မိမိအနေဖြင့် ချန်ပီယံဖြစ်ရေး ပြောနေခြင်းမဟုတ်ဘဲ လက်ရှိအချိန်တွက် ထိုအောင်မြင်မှုအတွက် အလှမ်းဝေးနေကြောင်း၊ သို့သော်လည်း ရာသီကို ခိုင်ခိုင်မာမာဖြင့် အဆုံးသတ်နိုင်လျှင်၊ အမှတ်ဆုံးရှုံးမှုကို ရပ်တန့်နိုင်လျှင် ရာသီအဆုံး၌ ဘာဖြစ်နိုင်သည်ကို ဘယ်သူမှ မသိနိုင်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • အန်ဘာရ်ဒေသကို IS လက်မှ အီရတ် ပြန်လည်သိမ်းပိုက်မည်

    အန်ဘာရ်ဒေသကို IS လက်မှ အီရတ် ပြန်လည်သိမ်းပိုက်မည်

    ဧပြီ ၉၊ ၂၀၁၅
    M-Media

    Iraqi Defence Minister Khaled al-Obeidi speaks during a news conference in Amman

    – တီကရစ်မြို့ကို IS လက်မှ လွတ်မြောက်စေခဲ့ပြီးနောက် မိမိတို့၏ နောက်ထပ်ပစ်မှတ်မှာ အန်ဘာရ်ဒေသအား ပြန်လည်သိမ်းပိုက်ရေး ဖြစ်သည်ဟု အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အဘာဘာဒီက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “ကျွန်တော်တို့ရဲ့ နောက်ထပ် ရပ်တည်မှုနဲ့ တိုက်ခိုက်မှုကတော့ ဒီအန်ဘာရ်ဒေသပဲဖြစ်ပါတယ်” ဟု ဘဂ္ဂဒတ်အနောက်ပိုင်း ထိုဒေသရှိ စစ်စခန်းတစ်ခုတွင် ပြောကြားခဲ့သည်ဟု သမ္မရုံးမှထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အီရတ်ကာကွယ်ရေးဝန်ကြီး ခါလစ် အလ်-အိုဘိုက်ဒီက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တီကရစ်မြို့အား ပြန်လည်သိမ်းယူရေးတိုက်ပွဲတွင် အီရတ်တပ်ဖွဲ့ဝင်များ ပါဝင်ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်များကလည်း လေကြောင်းမှ ကူညီတိုက်ခိုက်ပေးခဲ့သည်ဟု ပြောကြားခဲ့ပြီးနောက် အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

    အိုဘိုက်ဒီကလည်း ၎င်းတို့၏ နောက်ထပ်တိုက်ပွဲမှာ အန်ဘာရ်ဒေသ သိမ်းယူရေးဖြစ်သည်ဟု ကြေညာခဲ့ပြီး တီကရစ်တွင် တိုက်ခိုက်ခဲ့ပုံမျိုးနှင့် တူညီလိမ့်မည်မဟုတ်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    တီကရစ်မြို့ သိမ်းယူရေးတိုက်ပွဲ သို့မဟုတ် မြေပြင်တိုက်ပွဲများတွင် အီရန်မှ အကြံပေးများ ပါဝင်ခဲ့သည်ဆိုသော သတင်းကိုမူ အိုဘိုက်ဒီက ငြင်းဆိုခဲ့သည်။ အဆိုပါ မှတ်ချက်များကို ဂျော်ဒန်တွင်ကျင်းပခဲ့သော IS အားဆန့်ကျင်သည့် နိုင်ငံများ၏ အစည်းအဝေးတွင် အိုဘိုက်ဒီက ပြောကြားခဲ့ခြင်းဖြစ်သည်။

    တီရစ်မြို့အား သိမ်းယူရေးမှာ ရက်သတ္တပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ပြီးခဲ့သည့် တစ်ပတ်ကမှ မြို့တစ်ခုလုံးအား အီရတ်စစ်တပ်က အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

    Ref: Alarabiya

  • အမေရိကန် မွတ်စလင်အမျိုးသမီးငယ် တစ်ဦး ထိပ်တန်းတက္ကသိုလ် ၈ ခု၏ ၀င်ခွင့်ရရှိ

    အမေရိကန် မွတ်စလင်အမျိုးသမီးငယ် တစ်ဦး ထိပ်တန်းတက္ကသိုလ် ၈ ခု၏ ၀င်ခွင့်ရရှိ

    ဧပြီ ၉၊ ၂၀၁၅
    M-Media

    8-4-15_US-Muslim-Girl-Makes-Exceptional-Academic-Record

    – အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်မှ မွတ်စလင်အမျိုးသမီးငယ်တစ်ဦးမှာ 8 Ivy League Schools ဟုခေါ်သည့် အမေရိကန်၏ ထိပ်တန်းတက္ကသိုလ် ၈ ခုမှ ကျောင်းဝင်ခွင့် လက်ခံမှုကို ရရှိခဲ့သည်။

    အဆိုပါ အမျိုးသမီးငယ်မှာ မူနီရာ ခါလစ်ဖ်ဖြစ်ပြီး Mounds Park Academy (MPA) မှ အကြီးတန်းကျောင်းသူ တစ်ဦးလည်းဖြစ်ကာ ထိုကဲ့သို့ ထိပ်တန်းတက္ကသိုလ်များအားလုံး၏ ကျောင်းဝင်ခွင့် လက်ခံမှုမှ ၎င်း၏ အရည်အချင်းအား အသိအမှတ်ပြုခြင်းဖြစ်ပြီး ရှားပါးသည့် ဖြစ်ရပ်မျိုးလည်းဖြစ်သည်။

    “ကျွန်မ အရမ်း အံအားသင့်ခဲ့ပါတယ်။ ကျွန်မအတွက် အကောင်းဆုံး အချိန်ကတော့ မိသားစုဝင်တွေကို ဖုန်းခေါ်ပြီး သူတို့ဆီက စိတ်လှုပ်ရှားမှုတွေကို ကြားခဲ့ရတာပါပဲ။ ဒါဟာ ဘုရားသခင်ထံက ကောင်းချီး အစစ်အမှန်ပါပဲ” ဟု မူနီရာ ခါလစ်ဖ်က ပြောကြားခဲ့သည်။

    8 Ivy League Schools စာရင်းတွင် ပါဝင်သည့် တက္ကသိုလ်များမှာ ဘရောင်း တက္ကသိုလ်၊ ကိုလံဘီယာ တက္ကသိုလ်၊ ကော်နဲလ် တက္ကသိုလ်၊ ဒါ့တ်မောက်သ် ကောလိပ်၊ ဟားဗတ် တက္ကသိုလ်၊ ပင်ဆဲလ်ဗာနီးယား တက္ကသိုလ်၊ ပရင်စတန် တက္ကသိုလ်နှင့် ယေးလ်တက္ကသိုလ်တို့ ဖြစ်ကြသည်။

    မူနီရာမှာ အခြားသော ထိပ်တန်းတက္ကသိုလ်များဖြစ်သည့် စတန်းဖို့ဒ်၊ ဂျော့ဂ်ျတောင်းနှင့် မင်နီဆိုတာ တက္ကသိုလ်များ၏ ကျောင်းဝင်ခွင့်လက်ခံမှုကိုလည်း ရရှိခဲ့သည်။

    “အဲဒီကျောင်းတွေအားလုံးဟာ ပညာသင်ယူတတ်မြောက်ဖို့အတွက် ထူးခြားကောင်းမွန်တဲ့နေရာတွေဖြစ်တာကြောင့် ဒီကျောင်းတွေထဲကတစ်ခုကို ရွေးဖို့ အခွင့်အရေးရတာကိုလည်း ကျွန်မ ဂုဏ်မမောက်ပါဘူး” ဟု မူနီရာက ထပ်လောင်းပြောကြားခဲ့သည်။

    ရတောင့်ရခဲ့ အောင်မြင်မှုကို ရရှိခဲ့သည့် မူနီရာမှာ မည်သည့်တက္ကသိုလ်သို့ တက်ရောက်ရမည်ကို မဆုံးဖြတ်ရသေးဘဲ အဆိုပါတက္ကသိုလ်များသို့ သွားရောက်ကြည့်ရှု၍ နောက်ဆုံး ဆုံးဖြတ်ချက်ကို မေလ ၁ ရက်နေ့တွင် ချမည်ဟု ဆိုသည်။

    နိုင်ငံတကာမှ အသိအမှတ်ပြုမှု

    သူမ၏ ပညာရေးဆိုင်ရာ ထူးခြားသော မှတ်တမ်းနှင့်အတူ မူနီရာမှာ MPA ၏ Social Consciousness ကလပ်ကို တည်ထောင်သူဖြစ်ပြီး လက်ရှိ အကြီးအကဲဖြစ်သူ ရန်ဒီ ကွမ်ဖော့တ်၏ ချီးကျူးမှုကိုလည်း ရရှိခဲ့သည်။

    “မူနီရာဟာ MPA ရဲ့ မြင့်မားတဲ့ ပညာရေးရပ်ဝန်းကနေ ထိုးထွက်လာခဲ့တာပါ။ ဒီမှာက အသိပညာပိုင်းဆိုင်ရာ စူးစမ်းလိုစိတ်ရှိဖို့၊ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုရှိတဲ့ စကားပြောကောင်းသူ ဖြစ်လာဖို့ ကျောင်းသားတွေအတွက် ကျွန်တော်တို့ စိန်ခေါ်မှုတွေ ပေးပါတယ်။ သူမဟာ ကမ္ဘာတစ်ဝှမ်းက လူ့အဖွဲ့အစည်းတွေအတွင်းမှာ ထူးထူးခြားခြား ဆောင်ရွက်နိုင်ခဲ့ပြီး၊ အဆက်မပြတ် ပြောင်းလဲနေတဲ့ ကမ္ဘာကြီးက စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ သူမအနေနဲ့ အဆင်သင့်ဖြစ်နေပြီဆိုတာကိုလည်း ကျွန်တော်သိပါတယ်” ဟု ကွမ်ဖော့တ်က ပြောကြားခဲ့သည်။

    ထို့ပြင် မူနီရာမှာ လူငယ်များ၏ ပညာရေးအတွက် တက်ကြွစွာ ဆောင်ရွက်မှုကြောင့် ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ ပညာရေး Youth Courage Award ဆုကို ရရှိခဲ့သည့် ကမ္ဘာတစ်ဝှမ်းရှိ လူငယ် ၉ ဦးထဲတွင် တစ်ဦးအပါအ၀င် ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့လူငယ် သံတမန်အဖြစ် ခန့်အပ်ခြင်းခံထားရပြီး ကမ္ဘာလုံးဆိုင်ရာ ပညာရေး မြှင့်တင်မှုအတွက် ဆောင်ရွက်နေသည်။

    “သူမရဲ့ အသိဥာဏ်၊ နိုးကြားမှု၊ အားကောင်းတဲ့ စိတ်ဓာတ်ခွန်အား၊ လက်တွေ့ကျွမ်းကျင်မှုနဲ့ သြဇာတိက္ကိမတွေ ပေါင်းစပ်ပြီး မူနီရာဟာ ကမ္ဘာ့အဆင့်မှာ အပြောင်းအလဲတွေလုပ်နိုင်မယ့် အလားအလာတွေ ရှိနေတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ သူမဟာ ထင်မြင်ချက်တွေ၊ အသိပညာမဲ့မှုတွေကို ဆန့်ကျင်ဖယ်ရှားပြီး မတူညီတဲ့ နောက်ခံအသိုင်းအ၀ိုင်းရှိတဲ့ သူတွေနဲ့ အကျိုးရှိရှိ ပူးပေါင်းဆောင်ရွက်တတ်ပါတယ်” ဟု MPA ၏ ကောလိပ်ဆိုင်ရာ အကြံအဥာဏ်ပေးရေးအဖွဲ့မှ ဒါရိုက်တာ လီဆာ ပက်ဒါဆန်က ပြောကြားခဲ့သည်။

    မူနီရာမှာ အာဖရိကလူငယ်များ၏ ပညာရေး ပိုမိုကောင်းမွန်ရန်အတွက် East African youth အဖွဲ့အတွက် အလုပ်လုပ်ပေးနေပြီး စကောလားရှစ်များ ရှာဖွေခြင်း၊ စာကြည့်တိုက်များ တည်ဆောက်ခြင်းနှင့် မိလ္လာဆိုင်ရာ ပြဿနာများ ဖြေရှင်းခြင်းတို့ကို အာရုံစိုက် ဆောင်ရွက်ပေးနေသော အကျိုးအမြတ်မယူသည့် Lighting the Way အဖွဲကိုလည်း ၎င်းကိုယ်တိုင် တည်ထောင်ခဲ့သည်။

    ထို့ပြင် Girl Up အဖွဲ့၏ သံတမန်နှင့် အသိပညာပေးသူအဖြစ်လည်း မူနီရာက ဆောင်ရွက်နေသည်။ အဆိုပါအဖွဲ့မှာ အခြားသောတိုင်းပြည်များရှိ မိန်းကလေးငယ်များအရေး ဆောင်ရွက်ပေးရန် အမေရိကန်မိန်းကလေးငယ်များကို လှုံ့ဆော်စည်းရုံးပေးနေသော ကုလသမဂ္ဂ ဖောင်ဒေးရှင်း၏ လှုပ်ရှားမှုတစ်ခုလည်း ဖြစ်သည်။

    မူနီရာမှာ နိုင်ငံရေးသိပ္ပံကို အထူးပြုဘာသာရပ်အဖြစ် ယူရန် စီစဉ်ထားပြီး ပြည်သူ့ဝန်ဆောင်မှုမှတစ်ဆင့် ကမ္ဘာကြီးတွင် အကျိုးသက်ရောက်မှုရှိလာရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    Ref: Onislam

  • # သူတို့အတွက်၊ ငါတို့အတွက် # (ကဗျာ)

    # သူတို့အတွက်၊ ငါတို့အတွက် # (ကဗျာ)

    ဧပြီ ၈ ၊ ၂၀၁၅
    M-Media
    အိမ်ဝေးသူ(KZ) ရေးသည်။ 
    10922771_654130991359724_7282650116453051886_n
    ဘယ်လက်နဲ့ တစ်ဆုပ်ကြဲလို့ 
    ညာလက်နဲ့ တစ်နိုင်သိမ်းကြတယ်။
    သိုးရေခြုံဝံပုလွေတစ်သိုက်ရဲ့
    "တပ်ပိုင်မြေ"ဆိုင်းဘုတ်တွေအောက်မှာ
    မေတ္တာရှင်ပြည်သူတို့ လှံစိုက်ခံကြရတယ်။
    x
    ကျွန်းသစ်တွေ သိပ်ကောင်းတယ်။
    (ပြည်သူအတွက် မဟုတ်ပါကွယ်)
    သဘာဝဓာတ်ငွေ့တွေ သိပ်ကောင်းတယ်။
    (ပြည်သူအတွက် မဟုတ်ပါကွယ်)
    ရွှေတွင်းတွေ သိပ်အထွက်ကောင်းတယ်။
    (ပြည်သူအတွက် မဟုတ်ပါကွယ်)
    x
    ခရီးသွားဝင်ငွေတွေ တိုးလာတယ်။
    (ပြည်သူအတွက် မဟုတ်ပါကွယ်)
    ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာတယ်။
    (ပြည်သူအတွက် မဟုတ်ပါကွယ်)
    ပြည်ပကူညီငွေတွေ တိုးလာတယ်။
    (ပြည်သူအတွက် မဟုတ်ပါကွယ်)
    x
    သောကတွေ များသထက်များလာတယ်။
    (အဲ့ဒါ ပြည်သူ့အတွက်ပေါ့ကွယ်)
    ဆင်းရဲတွင်းတွေ နက်သထက်နက်လာတယ်။
    (အဲ့ဒါ ပြည်သူ့အတွက်ပေါ့ကွယ်)
    အနာဂတ်တွေ ပျောက်ဆုံးမတတ်ဖြစ်လာတယ်။
    (အဲ့ဒါ ပြည်သူ့အတွက်ပေါ့ကွယ်)
    x
    မီးလောင်ဗုံးတွေ သုံးလို့ကောင်းတယ်။
    (အဲ့ဒါ ပြည်သူ့အတွက်ပေါ့ကွယ်)
    အကျဉ်းထောင်တွေ တိုးချဲ့ထားတယ်။
    (အဲ့ဒါ ပြည်သူ့အတွက်ပေါ့ကွယ်)
    အမုန်းတရားတွေ မီးရှို့ ထားတယ်။
    (အဲ့ဒါ ပြည်သူ့အတွက်ပေါ့ကွယ်)
    x
    တစ်ဦးတစ်ယောက် ကောင်းစားဖို့
    တစ်စုံတစ်ယောက်က အနစ်နာခံရရင်
    (ဖြေသာတယ်...ဖြေသာတယ်...ဖြေသာတယ်)
    လက်တစ်ဆုပ်စာလူနည်းစုအတွက်
    သန်းခြောက်ဆယ်က ပေးဆပ်နေကြရဦးမယ်ဆိုရင်
    (ရင်နာတယ်...ရင်နာတယ်...ရင်နာတယ်)။။။
    
    -------------------
    အိမ်ဝေးသူ(KZ)
    -------------------
    
    မှတ်ချက်။
    မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးအကြောင်းကို ပြောရလျှင် မြတ်ဗုဒ္ဓဖြေကြားသော ကောသလအိပ်မက် ၁၆-ချက်မပါဘဲ မပြီးနိုင်ဟု ဆိုရမလိုပင် ဖြစ်နေပေပြီ။ အလျဉ်းသင့်သောကြောင့် ကောသလမင်း အိပ်မက် ၁၆-ချက်မှ အမှတ်စဉ်(၈)ကို 
    ကိုးကားတင်ပြလိုက်ပါသည်။
    
    အိပ်မက်အမေး။
    (အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုပဲ၊ ရေဆွဲလောင်းပြန်)
    ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တစ်လုံးကိုမြင်ရ၏။ 
    လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီးအတွင်းသို့သာလျှင်
    လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ 
    ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသောအခြံအရံ 
    အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်။
    
    အိပ်မက်အဖြေ။
    (ဆင်းရဲသူများ၊ ၀တ်စားမကျန်၊ အခွန်တွက်၊ နှိပ်စက်ငွေတောင်းခံ)
    နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ 
    ထိုအခါမင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ့။ ထမ်းရွက်စေအံ့။ သို့ဖြစ်ရကား မင်းတို့၌သာပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာတစုံတရာမရှိ ငတ်မွတ်
    ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။
  • ဆော်ဒီတွင် တရုတ်နိုင်ငံသား ၆၀၀ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာ

    ဆော်ဒီတွင် တရုတ်နိုင်ငံသား ၆၀၀ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာ

    ဧပြီ ၈၊ ၂၀၁၅
    M-Media

    7-4-15_600-Chinese-Workers-Revert-to-Islam-in-SaudiC

    – အစ္စလာမ်ဓမ္မပညာရှင်တွေက အစ္စလာမ့်ရေးရာတွေကို သင်ကြားပို့ချပေးခဲ့ပြီးတဲ့နောက်ပိုင်း ဆော်ဒီအာရေဗျမှာ အလုပ်လုပ်ကိုင်နေတဲ့ တရုတ်လူမျိုး ၆၀၀ ကျော်ဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်လာခဲ့တယ်လို့ Saudi Sabq သတင်းစာကို ကိုးကားပြီး Onislam ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    အဲဒီအလုပ်သမားတွေထဲမှာ အင်ဂျင်နီယာတွေနဲ့ သာမန်အလုပ်သမားတွေပါဝင်ပြီး မက္ကာဟ်မြို့မှာ အစ္စလာမ်ကို သက်ဝင်ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ အစ္စလာမ်ကို နားလည်သဘောပေါက်ဖို့အတွက် Taneem Da`wah အဖွဲ့က ကြိုးပမ်းခဲ့ကြတာဖြစ်ပြီး အစ္စလာမ်နဲ့ ပတ်သက်လို့ ကျင့်ရန်၊ ကျဉ်ရန်တွေကို ညဘက်မှာ အချိန်ထုတ်ပြီး ၁၂ နာရီကြာ သင်ကြားပို့ချပေးခဲ့ပါတယ်။

    အဲဒီ တရုတ်လူမျိုးတွေ အစ္စလာမ်ကို သက်ဝင်ယုံကြည်တဲ့အခမ်းအနားကို မကြာသေးခင်က အစ္စလာမ်ဘာသာဝင်ဖြစ်လာတဲ့ သစ်လွင်တရုတ်မွတ်စလင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ သူတို့တွေဟာ အစ္စလာမ်ကို သက်ဝင်ယုံကြည်ခြင်း မပြုခင်မှာ ဗလီဝတ်ကျောင်းတော်တွေကို လေ့လာခွင့်ရခဲ့ပြီး မရှင်းမလင်းတာတွေမေးမြန်းဖို့အတွက် တွေ့ဆုံပွဲတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ကြပါတယ်။

    အစ္စလာမ်ဓမ္မပညာရှင်တွေကတော့ တရုတ်ဘာသာနဲ့ ရေးသားထားတဲ့ အစ္စလာမ်နဲ့ပတ်သက်တဲ့ စာအုပ်တွေကိုလည်း သူတို့ကို ဝေငှပေးခဲ့ကြပါတယ်။

    ဆော်ဒီအရေဗျမှာ တရုတ်လူမျိုးတွေ အစ္စလာမ်ကို အစုလိုအပြုံလိုက် သက်ဝင်ယုံကြည်လာတာဟာ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇန်န၀ါရီလက ဆော်ဒီဘုရင်ကြီး အဘ်ဒွလ်အဇစ်ရဲ့ ပကာသနမပါတဲ့ အသုဘကိုကြည့်ပြီး အစ္စလာမ်ကို လေ့လာကာ တရုတ်လူမျိုး ၅၀၀ လောက် အစ္စလာမ်ကို သက်ဝင်လာခဲ့ကြပါတယ်။

    Ref: Onislam