News @ M-Media

Blog

  • ချက်ပဲဟေးလ် မွတ်စလင် ၃ ဦးအား သတ်ဖြတ်သည့် တရားခံ သေဒဏ်ကျခံရနိုင်ဟု တရားသူကြီးပြော

    ချက်ပဲဟေးလ် မွတ်စလင် ၃ ဦးအား သတ်ဖြတ်သည့် တရားခံ သေဒဏ်ကျခံရနိုင်ဟု တရားသူကြီးပြော

    ဧပြီ ၇၊ ၂၀၁၅
    M-Media

    7998916412834b969ae0f54d23213230_18

    – မြောက်ကယ်ရိုလိုင်းနားရှိ ချက်ပဲလ်ဟေးလ်မြို့တွင် မွတ်စလင်လူငယ် ၃ ဦးအား သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် ခရေ့ဂ်ျဟစ်က်မှာ သေဒဏ်ချမှတ်ခြင်း ခံရနိုင်သည်ဟု တရားသူကြီးက ပြောကြားလိုက်သည်။

    ယမန်နေ့က ကြားနာမှုအတွင်း ပြောကြားလိုက်ခြင်းဖြစ်ပြီး ဟစ်က်၏ အမှုမှာ သေဒဏ်အပြစ်ပေးမှု မြောက်နေသည်ဟု တရားသူကြီး အော်လန်ဒို ဟဒ်န် ဂျေအာရ်က ဆိုသည်။ တရားလိုရှေ့နေများကမူ သေဆုံးသွားသူများ၏ သွေးစများ ဟစ်က်၏ ဘောင်းဘီ၌ တွေ့ရှိရခြင်း အပါအ၀င် ခိုင်မာသော အထောက်အထား ရှိထားကြောင်း တရားသူကြီးအား ပြောကြားခဲ့သည်။

    အသက် ၄၆ နှစ်အရွယ်ရှိ ဟစ်ကစ်မှာ အသက် ၂၁ နှစ်အရွယ် ယူဆိုးရ်မိုဟာမက်၊ ယူဆိုးရ်၏ ခင်ပွန်း အသက် ၂၃ နှစ်အရွယ် ဒီယာ ရှက်ဒီဘရကသ်နှင့် သူမ၏ ညီမ အသက် ၁၉ နှစ်အရွယ် ရာဇန်မိုဟာမက် အဘူ ဆလ်ဟာတို့ အသတ်ခံရမှုဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူများအနီးတွင် တွေ့ရသည့် ကျည်ခွံ ၈ ခုမှာ ဟစ်က်ပိုင်ဆိုင်သော ပစ္စတိုမှ ကျည်နှင့် ကိုက်ညီနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

    ရဲတပ်ဖွဲ့ကမူ အဆိုပါ သေနတ်ပစ်မှု၏ နောက်ကွယ်မှ အကြောင်းအရင်းမှာ ကားပါကင်ပြဿနာကြောင့် ဖြစ်သည်ဟု ဆိုပြီး ကွယ်လွန်သွားသူများ၏ မိသားစုများကမူ အမုန်းတရားကြောင့် ဖြစ်သည်ဟု ယုံကြည်နေသည်။

    ဟစ်က်အသုံးပြုသည်ဟု ယုံကြည်ရသော Facebook ပေ့ခ်ျတွင် ဘာသာရေးဆိုင်ရာ စော်ကားသည့် ပို့စ်အများအပြား မျှဝေထားသည်ကို တွေ့ရှိခဲ့ရပြီး အမေရိကန် တရားရေးဌာနမှ သောကြာနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ၎င်း၏ လူ့အခွင့်အရေး ဌာနခွဲမှာ အခြားသော ဥပဒေရေးရာ အဖွဲ့များနှင့် ပူးပေါင်းကာ ထိုပစ်ခတ်မှုက အမုန်းတရားဆိုင်ရာ ဥပဒေများ အပါအ၀င် ဖက်ဒရယ်ဥပဒေများအား ချိုးဖောက်ခြင်း ရှိမရှိကို ဆုံးဖြတ်ရန် ကနီဦးစုံစမ်းစစ်ဆေးမှုများကို ပြိုင်တူ ပြုလုပ်နေသည်ဟု ဖော်ပြခဲ့သည်။

    Ref: CNN

  • မုဟမ္မဒ်သခင်လက်ထက်က ကုရ်အာန်ကျမ်းတော်မြတ်အပိုင်းအစကို ဘာလင်တွင် ထိန်သိမ်းထား

    မုဟမ္မဒ်သခင်လက်ထက်က ကုရ်အာန်ကျမ်းတော်မြတ်အပိုင်းအစကို ဘာလင်တွင် ထိန်သိမ်းထား

    ဧပြီ ၇၊ ၂၀၁၅
    M-Media

    5-4-15_Quran-Prophet-Era

    – သိပ္ပံနည်းကျ စမ်းသပ်မှုများအရ တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) လက်ထက်က ရေးသားခဲ့သည်ဟု သိရှိရသော ကုရ်အာန်ကျမ်းတော်မြတ် အစိတ်ပိုင်းတစ်ခုကို ဘာလင်မြို့ရှိ ပြည်နယ်စာကြည့်တိုက်တွင် ထိန်းသိမ်းထားရှိသည်ဟု သိရသည်။

    စောစောပိုင်း အစ္စလာမ့်ခေတ်ကာလမှ တွေရခဲသော အဆိုပါ ကုရ်အာန်ကျမ်းတော်မြတ် အစိတ်အပိုင်းမှာ ၇ မျက်နှာရှိပြီး သားရေပေါ်တွင် ရေးသားထားခြင်း ဖြစ်သည်။ ဇူးရခ်ျမြို့ရှိ ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးမှုများအရ အေဒီ ၆၀၆ နှင့် ၆၅၂ အကြား ရေးသားထားခြင်းဖြစ်သည်ဟု တွေ့ရှိခဲ့ရသည်။

    ပြည်နယ်စာကြည့်တိုက်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ဥရောရှိ ကုရ်အာန်ကျမ်းတော်မြတ် မိတ္တူများကို စမ်းသပ်စစ်ဆေးသော စီမံကိန်း “Corpus Coranicusm” ၏ အစိတ်အပိုင်းအဖြစ် အဆိုပါ ကုရ်အာန်ကျမ်းတော်မြတ် အစိတ်အပိုင်းကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း Maerkischer Allgemeine Zeitung သတင်းစာက ဖော်ပြခဲ့သည်။

    ထို ကုရ်အာကျမ်းတော်မြတ် အစိတ်အပိုင်းကို ဘာလင်ပြည်နယ်စာကြည့်တိုက်တွင် သိမ်းဆည်းထားသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ရှိနေပြီဖြစ်ပြီး အီဂျစ်သိပ္ပံပညာရှင်တစ်ဦး၏ အမွေအနှစ်များထဲမှ တစ်ခုဖြစ်ကာ ၁၉ ရာစုအဆုံးပိုင်း၊ သို့မဟုတ် ၂၀ ရာစုအစပိုင်းတွင် ဂျာမနီသို့ ယူဆောင်လာသည့် ယူဆရသည်။

    ကုရ်အာန်ကျမ်းတော်မြတ်မှာ ဘုရားသခင်ထံက တမန်တော်မုဟမ္မဒ်ထံ ကောင်ကင်တမန်ကြီး ဂျီဘရာအီလ်မှ တဆင့် အချိန်အပိုင်းအခြားအလိုက် ချပေးခြင်းခံရသည့် ကျမ်းဖြစ်သည်ဟု အစ္စလာမ်ဘာသာဝင်များက ယုံကြည်ကြသည်။

    ကုရ်အာန်ကျမ်းတော်မြတ်၏ မူရင်းမှာ အာရဘီစာပေဖြင့်ဖြစ်ပြီး လက်ရှိအချိန်တွင် ဘာသာစကားမျိုးစုံဖြင့် ဘာသာပြန်ဆိုပြီး ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀၀ ကျော်က ကျရောက်ခဲ့ပြီးဖြစ်သည့် ကုရ်အာန်ကျမ်းတော်မြတ်မှာ ယခုအချိန်အထိ ဗျည်းတစ်လုံး၊ သရတစ်လုံးမှ ပြောင်းလဲခြင်းမရှိဘဲ မူရင်းအတိုင်း တည်ရှိနေသည်။

    Ref: Onislam

  • ဘူဟာရီ၊ ဂျိုနသန်နှင့် နိုက်ဂျီးရီးယား၏ သမိုင်းဝင်ရွေးကောက်ပွဲ

    ဘူဟာရီ၊ ဂျိုနသန်နှင့် နိုက်ဂျီးရီးယား၏ သမိုင်းဝင်ရွေးကောက်ပွဲ

    ဧပြီ ၇ ၊ ၂၀၁၅
    M-Media
    Centenary-3a-1024x680
    – ပြီးခဲ့တစ်ပတ် နိုက်ဂျီးရီးယား သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း မိုဟာမက်ဒူ ဘူဟာရီဟာ ဗုဒ္ဓဟူးနေ့မှာ သူ့ရဲ့ ပထမဆုံးမိန့်ခွန်းကို ပြောကြားခဲ့ပြီး အဲဒီအထဲမှာ နိုက်ဂျီးရီးယားပြည်သူတွေ စုပေါင်းဆန္ဒရဲ့ အင်အားကို ဘိုကိုဟရမ်အဖွဲ့က မကြာခင် သိလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

    ရွေးကောက်ပွဲရလဒ်တွေကိုတော့ အင်္ဂါနေ့က ကြေညာခဲ့တာဖြစ်ပြီး အသက် ၇၂ နှစ်အရွယ် ဘူဟာရီက သမ္မတ ဂွဒ်လက် ဂျိုနသန်ကို အနိုင်ရရှိခဲ့ပါတယ်။ အဲဒီအနိုင်ရလဒ်ဟာ “နိုက်ဂျီးရီးယားရဲ့ ဒီမိုကရေစီ ရင့်ကျက်လာမှု သက်သေဖြစ်တယ်” လို့ ကုလသမဂ္ဂက ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။

    မြို့တော်အဘူဂျာမှာ ဗုဒ္ဓဟူးနေ့က တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းမှာ ဘူဟာရီက သူရဲ့အစိုးရဟာ ဘိုကိုဟရမ်အဖွဲ့ကို မီးကုန်ယမ်းကုန် ခြေမှုန်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီနိုင်ငံမှာ အကြမ်းဖက်မှုကို မောင်းထုတ်ဖို့နဲ့ ငြိမ်းချမ်းကို ပြန်လည်ယူဆောင်လာဖို့ဆိုတဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ စုပေါင်းဆန္ဒနဲ့၊ ယုံကြည်ချက်ရဲ့ စွမ်းအားကို ဘိုကိုဟရမ်က မကြာခင်သိလာပါလိမ့်မယ်။  ကျွန်တော်တို့ သက်ညှာသွားမှာ မဟုတ်ပါဘူး။ သူပုန်ထမှုကို တွန်းလှန်တဲ့နေရာမှာ ခက်ခဲပြီး ချက်ခြင်းလုပ်ရမယ့်အလုပ်တွေ ရှိနေပါတယ်” လို့ ဘူဟာရီက ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။

    နောက်ပြီး သူ့ရဲ့အုပ်ချုပ်မှုမှာ ချစားမှုကို သည်းခံမှာမဟုတ်ဘူးလို့လည် ဆိုပါတယ်။ ချစားမှုပြဿနာဟာ သမ္မတဟောင်း ဂျိုနသန်လက်ထက်မှာ တော်တော်လေးဝေဖန်ခံနေရတဲ့ ပြဿနာပါ။

    ဘူဟာရီကတော့ ဂျွန်နသန်ဟာ နိုက်ဂျီးရီးယားနိုင်ငံသားကောင်းတစ်ယောက်ဖြစ်ပြီး၊ ဂျိုနသန်အနေနဲ့ မိမိကိုလည်း ဘာမှ ကြောက်စရာမလိုဘူးလို့ ပြောခဲ့ပါတယ်။

    “ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ကျွန်တော်တို့တိုင်းပြည်မှာ တည်ဆောက်သွားမှာပါ။ အတိတ်ကို အထူးသဖြင့် မကြာသေးခင်က အတိတ်ကို အနောက်မှာ ထားခဲ့ကြပါစို့။ ကျွန်တော်တို့ရဲ့ တိုက်ပွဲဟောင်းတွေ၊ အတိတ်က နာကျည်းချက်တွေကို မေ့ကိုမေ့ပစ်ရမှာဖြစ်ပြီး ရှေ့ကို ခိုင်မာအောင် ကြိုးစားသွားရမှာပါ”

    ရွေးကောက်ပွဲ အောင်မြင်မှုကိုကြည့်မယ်ဆိုရင် ဘူဟာရီဟာ ထောက်ခံမဲအရေအတွက် ၁၅.၄ သန်းကို ရရှိခဲ့ပြီး ဒီအရေအတွက်ဟာ ဂျိုနသန်ရခဲ့တဲ့ ထောက်ခံမဲအရေအတွက် ၁၃.၃ သန်းရဲ့ စိန်ခေါ်မှုကို တားဆီးဖို့ လုံလောက်ခဲ့ပါတယ်။

    မကြုံစဖူး ခြေလှမ်းအနေနဲ့ သမ္မတဟောင်းဂျိုနသန်ကလည်း အင်္ဂါနေ့မှာ အရှုံးကို တရားဝင်လက်ခံခဲ့ပြီး မဲရလဒ်ကို လက်ခံဖို့အတွက် သူ့ရဲ့ နောက်လိုက်တွေကို တိုက်တွန်းတဲ့ ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ခဲ့ပါတယ်။ ဒါဟာ အာဖရိက လူဦးရေအများဆုံး နိုက်ဂျီးရီးယားမှာ လူအနည်းစုကသာ မျှော်လင့်ထားတဲ့ ဒီမိုကရေစီနက်ရှိုင်းမှုရဲ့ ပြယုဂ်ပါပဲ။ ဂျိုနသန်ကတော့ တရားဝင်အာဏာလွှဲပြောင်းမယ့်နေ့ကို မေလ ၂၉ ရက်အဖြစ် သတ်မှတ်လိုက်ပါတယ်။

    “ဘယ်သူ့ရဲ့ရည်မှန်းချက်မှ နိုက်ဂျီးရီးယားက ပြည်တစ်ယောက်ရဲ့ သွေးလောက် တန်ဖိုးမရှိပါဘူး” လို့ ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက် ထုန်ပြန်တဲ့ကြေညာချက်မှာ ဂျိုနသန်က ရေးသားဖော်ပြခဲ့ပါတယ်။

    ဂျိုနသန်ရဲ့ ပြည်သူ့ဒီမိုကရက်တစ်ပါတီ PDP ဟာ ၁၉၉၉ ခုနှစ် စစ်တပ်အုပ်ချုပ်မှု အဆုံးသတ်သွားပြီးတဲ့အချိန်ကစလို့ တောက်လျှောက် နိုင်ငံကို အုပ်ချုပ်လာခဲ့တာပါ။ ဒါပေမယ့် ရေနံကဏ္ဍမှာ ချစားမှုပြဿနာ၊ နိုင်ငံအရှေ့မြောက်ပိုင်းက ဘိုကိုဟရမ်အဖွဲ့ရဲ့ သောင်းကျန်းမှုပြဿနာတွေကြောင့် ထောက်ခံမှု ဆုံးရှုံးလာခဲ့တာ ဖြစ်ပါတယ်။

    မကြုံစဖူး အောင်မြင်မှု
    ———————
    ယခင်စစ်ဘက်အကြီးအကဲဟောင်း ဘူဟာရီဟာ ရွေးကောက်ပွဲကတစ်ဆင့် လက်ရှိသမ္မတကို ဖြုတ်ချနိုင်တဲ့ ပထမဆုံး နိုက်ဂျီးရီးယားခေါင်းဆောင် ဖြစ်လာပါတယ်။

    ပြီးတော့ သူ့ရဲ့အောင်မြင်မှုဟာ နိုက်ဂျီးရီးယားသမိုင်းမှာ အာဏာရပါတီလက်ထဲကနေ အတိုက်အခံပါတီက ဒီမိုကရေစီနည်းကျကျနဲ့ နိုင်ငံကို ပထမဆုံး ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

    ဂျိုနသန်ဟာ ဘူဟာရီကို ချီးကျူးခဲ့တာနဲ့ ရွေးကောက်ပွဲရလဒ် ကြေညာပြီးခဲ့တဲ့နောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်မလာခဲ့တာက အံ့သြစရာဖြစ်တယ်လို့ အလ်ဂျာဇီးရား သတင်းထောက် ဟာရူ မူတာဆာက လာဂို့စ်ကနေ သတင်းပေးပို့ပါတယ်။

    ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲမှာ ဘူဟာရီက ဂျိုနသန်ကို ဖြုတ်ချပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေဖြစ်လို့ လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

    “ဘူဟာရီနိုင်ကြောင်း ကြေညာမှုကို နိုင်ငံတစ်ဝှမ်းမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။ လူအများစုဟာ စိတ်လှုပ်ရှားနေပြီး ဒါဟာ စတင်မှုအသစ်ဖြစ်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ၊၊ ပြီးတော့ နိုင်ငံရှေ့ဆက်သွားမယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်” လို့ မူတာဆာက ဆိုပါတယ်။

    ဘူဟာရီကိုထောက်ခံသူ ရာပေါင်းများစွာကတော့ အဘူဂျာမှာရှိတဲ့ ဘူဟာရီအိမ်ရှေ့မှာ စုံရုံးအောင်ပွဲခံခဲ့ကြပြီး ချစားမှုကို ရှင်းလင်းမယ်ဆိုတဲ့ အမှတ်အသားကို ဖော်ကျူးတဲ့အနေနဲ့ အချို့တွေက တံမြက်စည်းတွေကိုလည်း ကိုင်ထားကြပါတယ်။

    ပြီးတော့ ဒီရွေကောက်ပွဲဟာ လွတ်လပ်၊ မျှတပြီး၊ မသမာမှုတွေ မရှိခဲ့ဘူးလို့လည်း ဘူဟာရီကို ထောက်ခံသူတွေက ဆိုပြီး ခေတ်သစ်ကို ခရီးဦးကြိုပြုခဲ့ပြီလို့လည်း ပြောခဲ့ပါတယ်။

    “ကျွန်တော်တို့ လမ်းတွေ၊ လျှပ်စစ်တွေမလိုပါဘူး။ လူငယ်တွေက အလုပ်ရှာနေကြတာပါ။ လူတွေက အပြောင်းအလဲကို လိုချင်ကြပြီး အဲဒီအပြောင်းအလဲဟာ အခု လာပါပြီ” လို့ ဘူဟာရီကိုထောက်ခံသူတစ်ဦးက ပြောခဲ့ပါတယ်။

    အတိုက်အခံလိုလားတဲ့ ဒေသတွေက မဲတွေကို မရေတွက်ခင်မှာ ဂျိုနသန်ကို ထောက်ခံတဲ့ မဲအရေအတွက်ဟာ ၅ သိန်းလောက်ရှိနေတာပါ။

    အင်္ဂါနေ့မှာ မဲရေတွက်မှုကို ဆက်မလုပ်ခင်မှာ ဂျိုနသန်ရဲ့ PDP ပါတီက အကျဉ်းရုံးဆန္ဒပြမှုတစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ်။

    ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ အတ္တာဟီရူ ဂျီဂါက ရလဒ်ကို ကြေညာပြီးနောက်ပိုင်းမှာ “စွပ်စွဲချက်တွေဟာ (အတိုက်အခံလိုလားတဲ့) ရစ်ဗားပြည်နယ်မှာ ရွေးကောက်ပွဲကို ဖျက်သိမ်းဖို့ ဒါမှမဟုတ် ပြန်လည်ကျင်းပဖို့အတွက် ခိုင်ခိုင်လုံလုံဖြစ်နေတယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့ ရလဒ်တွေကို အတည်ယူသွားမှာပါ” လို့ ပြောခဲ့ပါတယ်။

    ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ ပစ္စည်းပစ္စယာတွေ ပို့ဆောင်ဖို့ နှောင့်နှေးတာ၊ မဲပေးသူတွေ မှန်ကန်မှုရှိမရှိ ဆန်းစစ်တဲ့ ပစ္စည်းကိရိယာတွေရဲ့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းတာတွေကလွဲလို့ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေကတော့ နိုက်ဂျီးရီးယားရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြပါတယ်။

    နိုင်ငံတစ်ဝှမ်းမှာ စောင့်ကြည့်လေ့လာသူတွေထားခဲ့တဲ့ နိုက်ဂျီးရီးယား အကူးအပြောင်းစောင့်ကြည့်ရေးအဖွဲ့ကတော့ ဒီလို အခက်အခဲတွေက ရွေးကောက်ပွဲဝင်တဲ့သူတွေ၊ ပါတီတွေကို နစ်နာစေခဲ့တာမျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    ref: aljazeera
    မိုးဝေ ဘာသာပြန်သည်။

  • ကျွန်တော်(ကုလား) ၊ နိုင်ငံတော်သီချင်းနှင့် အဖိုးတန်မြေ

    ကျွန်တော်(ကုလား) ၊ နိုင်ငံတော်သီချင်းနှင့် အဖိုးတန်မြေ

    ဧပြီ ၇ ၊ ၂၀၁၅
    M-Media
    အိမ်ဝေးသူ(KZ) ရေးသည်။

    11022563_653414248098065_7361329821134161531_n
    x

    “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ…တို့ပြေ၊ တို့မြေ….
    များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့…. ခွင့်တူညီမျှ…. ၀ါဒဖြူ စင်တဲ့ပြည်…
    တို့ပြည်…. တို့မြေ…
    ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ…
    အဓိဋ္ဌာန်ပြုပေ…. ထိန်းသိမ်းစို့လေ….”
    “ကမ္ဘာမကြေ… မြန်မာပြည်…
    တို့ဘိုးဘွားအမွေစစ်မို့… ချစ်မြတ်နိုးပေ…
    ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ…
    ဒါတို့ပြည်… ဒါတို့မြေ… တို့ပိုင်တဲ့မြေ…..
    တို့ပြည်…. တို့မြေ…. အကျိုးကို…… ညီညာစွာတို့တတွေ…
    ထမ်းဆောင်ပါစို့လေ… တို့တာဝန်ပေ…. အဖိုးတန်မြေ”
    x
    သီချင်းတကာ သီချင်းထဲမှာ ကျွန်တော် ဤသီချင်းကို အကြိုက်ဆုံးဟုပြောလျှင် ခင်ဗျား ဘာပြောလာမလဲဟု ကျွန်တော်သိချင်ပါသည်။
    x
    ထိုသီချင်းကို ဆိုခဲ့သည့် အကြိမ်တိုင်း ကျွန်တော်ကြက်သီးမွှေးညှင်းထပြီး  မျက်ရည်များပင် ဝဲလာတတ်သည်ဟု ပြောလျှင် ခင်ဗျား ဘာပြောလာမလဲဟု ကျွန်တော်သိချင်ပါသည်။
    x
    ထိုသီချင်းကိုပင် ဂျူ နီယာကျောင်းသား၊ကျောင်းသူများစွာကို နိုင်ငံတော်အလံ အောက်တွင် ဂုဏ်ယူဝင့်ကြွားစွာ မားမားရပ်၍ ဌာန်ကရိုင်းကျစွာ၊ အဖြတ်အတောက် မှန်ကန်စွာဖြင့် ရှေ့ဆောင်လမ်းပြ တိုင်တည်ပေးခဲ့သည်ဟု ပြောလျှင် ခင်ဗျား ဘာပြောလာမလဲဟု ကျွန်တော်သိချင်ပါသည်။
    x
    တစ်ခုတော့ ကြိုတင်အသိပေးလိုက်မည်။ ကျွန်တော်သည် ခင်ဗျားအခေါ်အဝေါ်အရ ကုလား၊ (မွတ်စလင်မ်) တစ်ယောက်သာဖြစ်သည်။ ခင်ဗျား ကြိုက်သည့်ပုံစံ၊ နှစ်သက်သည့် ရှုထောင့်ဖြင့် အဆင်ပြေသည့်ဝေါဟာရများကို သုံးပြီး ကျွန်တော့်ကို
    ပြောဆိုနိုင်ပြီဖြစ်သည်။
    x
    # ခွင့်တူညီမျှ ဝါဒဖြူ စင်တဲ့ပြည်…တို့ပြည်…တို့မြေ #
    x
    ထိုစာသား၏ ဆိုလိုရင်းကို ခင်ဗျားနားလည်နိုင်သလောက် ကျွန်တော်လည်း နားလည်နိုင်ပါသည်။ ကျေနပ်ကြည်နူးစွာ ပြောရလျှင် အလွန်အမင်းလှပသော စကားစုဖြစ်သည်။ ထိုစာသား၏ အရိပ်ကိုခိုလှုံကြသူများသည် ကုလားလည်းမဟုတ်၊ တရုတ်လည်းမဟုတ်၊ တန်းတူညီတူ မျှဝေခံစားနိုင်စွမ်းသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် မှီတင်းနေထိုင်ကြသူများသာ ဖြစ်သည်။ မူလတန်းကျောင်းသား ဘဝမှ တက္ကသိုလ်မှ ဘွဲ့ယူခဲ့သည့်အထိ ဆရာ၊ဆရာမ အများစုက (ကုလားဟူသော) ဝေါဟာရကို ကျောင်းသား၊ ကျောင်းသူများ၏ နှလုံးသားထဲတွင် အမြစ်တွယ်အောင် လုပ်ပေးခဲ့ခြင်းမရှိ။
    x
    ကျွန်တော် သင်ကြားလေ့လာခဲ့ရသည်များကို ခင်ဗျားနားလည်အောင် ပြောပြမည်။ အင်္ဂလိပ်တို့ မြန်မာပြည်ကို သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကာ မတရားသိမ်းပိုက် ခဲ့ကြောင်း သင်ကြားခဲ့ရသည်။ အင်္ဂလိပ်အကြောင်းသင်ခဲ့တိုင်း နယ်ချဲ့ကုလားဖြူ  ဟူသော ဝေါဟာရကို တွင်တွင်ကြီး သုံးခဲ့၊ နားထောင်ခဲ့ရဖူးသည်။ သို့သော် ကျွန်တော့် ရင်ထဲမှာ နာကျင်ခဲ့ခြင်း စိုးစဉ်းမျှ မရှိခဲ့။ တကယ်တော့ ကျွန်တော်က သူများတိုင်းပြည်ကို မတရား ကျူးကျော်စစ်ဆင်နွှဲသော ကုလားဖြူ မှ မဟုတ်တာပဲလေ။ မိမိနေထိုင်ရာ တိုင်းပြည်ကို ချစ်မြတ်နိုးစိတ် လွန်ကဲသော (ကုလားညို) တစ်ယောက်သာဖြစ်သည့် အတွက် ကုလားဖြူ ဟူသော အသုံးတွေ့တိုင်း ကုလားဖြူ များသည် မတရားသူများ ဖြစ်ကြသည်ဟု ဗုဒ္ဓဘာသာကျောင်းသားများနည်းတူ ကျွန်တော်လည်း အသည်းနာ ခဲ့ဖူးပါသည်။ ထိုမျှမက အချို့ သူငယ်ချင်း၊ အိမ်နီးနားချင်း၊ ဆရာ၊ ဆရာမများက  (ကုလားလေး၊ ကုလားမလေး) ဟု ခေါ်ကြသည့်တိုင် ချစ်ခင်ရင်းနှီးမှုများအတိုင်းအဆမရှိ ပါဝင်တတ်သောကြောင့် အခေါ်ခံခဲ့ရသူများသည် စိတ်ဆိုးနာကျင် ခဲ့ခြင်း အလျဉ်းမရှိခဲ့ကြ။ ကျေကျေနပ်နပ်ကြီး အခေါ်ခံခဲ့ကြဖူးသည်။

    (ယခုတော့…ထိုအခြေအနေမျိုး မဟုတ်တော့ပြီ)
    x
    “ညအခါ၊ လသာသာ၊ ကစားမလား၊ နားမလား” ဟူသော သူငယ်တန်း ဖတ်စာအုပ်မှစ၍ တက္ကသိုလ်ဝင်တန်း ပြဇာတ်ဖြစ်သည့် “ဦးပုည၏ ရေသည်ပြဇာတ်”  အထိ ကုလားကို မုန်းတီးစေသော ဝါကျတစ်ကြောင်းအား ကျွန်တော့်ကို ဆွဲထုတ်ပြစေချင်ပါသည်။
    x
    အနော်ရထာမင်းကြီး၏ သာသနာကို အခြေပြုသော နိုင်ငံတော်တည်ဆောက်ခဲ့ပုံကို ကျွန်တော်(ကုလား) သင်ကြားခဲ့ဖူးသည်။
    x
    နယ်ချဲ့ကို စွမ်းစွမ်းတမံ တိုက်ခိုက်ခဲ့သော  ဆရာတော် ဦးဥတ္တမအကြောင်းကို ကျွန်တော်(ကုလား) မှတ်သားခဲ့ဖူးသည်။
    x
    အလှူ အတန်းရက်ရောလွန်းသော  မင်းကြီးဝေသန္တရာအကြောင်းကိုလည်း ကျွန်တော်(ကုလား) ဖတ်ရှုခဲ့ဖူးသည်။
    x
    အချစ်ဇာတ်လမ်းပြောတိုင်း ထည့်ပြောကြရသော  ရှင်မွေးလွန်းနှင့် မင်းနန္ဒာအကြောင်းကိုလည်း ကျွန်တော်(ကုလား) လေ့လာခဲ့ဖူးသည်။
    x
    သို့ဆိုလျှင် အမုန်းတရားအကြောင်းကို ကဗျာတစ်ပုဒ်၊ ဝါကျတစ်ကြောင်းမျှ  မသင်ကြားခဲ့ရသော ကျွန်တော်(ကုလား) ထံက အမုန်းတရားနှင့် ပက်သက်သော ထုတ်ကုန်များကို အဘယ်သို့သော စိတ်ထားမျိုးဖြင့် ခင်ဗျား မျှော်ကိုးနေပါသလဲဟု
    ကျွန်တော်မေးချင်ပါသည်။ သူငယ်တန်းမှ ဘွဲ့ယူခဲ့သည့်အထိ မြန်မာ့ယဉ်ကျေးမှု၊ ၊မြန်မာ့သမိုင်းများကိုသာ သင်ကြားပေးခဲ့သည့် မြန်မာကျောင်းစစ်စစ်ထွက် ကျွန်တော် (ကုလား) ထံမှ မြန်မာလူမျိုးအား မုန်းတီးစိတ်ကို လိုချင်သည်ဟု ခင်ဗျားပြောမည်
    ဆိုပါက ခင်ဗျားအလွန်သာ ဖြစ်လိမ့်မည်။
    x
    ကျွန်တော်(ကုလား)သည် စာစီစာကုံးများစွာ ဝင်ပြိုင်ခဲ့ဖူးပါသည်။ ဝင်ပြိုင်ခဲ့တိုင်းလည်း ဆုတွေ တသီကြီးရခဲ့ဖူးသည်ချည်း ဖြစ်သည်။ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့၊ အာဇာနည်နေ့ အစရှိသဖြင့် မြန်မာ့ဂုဏ်ဆောင်
    နေ့ထူးနေ့မြတ်များ အကြောင်းကို ကျွန်တော်ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည်။ ကုလားလေး တစ်ယောက် ဝင်ပြိုင်ခဲ့သော ထိုနေ့များအကြောင်း စာစီစာကုံး၊ ကဗျာများကို  အကြောင်းပြုပြီး ထိုကုလားလေး တက်ရောက်သင်ကြားယူခဲ့သည့် ကျောင်းတိုင်းက
    ဂုဏ်ယူမဆုံး ဖြစ်ခဲ့ကြဖူးသည်။ (မွတ်စလင်မ် ကုလားလေး ဆောင်ခဲ့သော ဂုဏ်ဖြစ်သောကြောင့် လက်မခံနိုင်ဟု မည်သူကမျှ အပြစ်တင် ခဲ့ခြင်းမရှိ)  မှတ်မှတ်ရရတစ်ခုကို ပြောပါမည်။ ကျွန်တော် ရှစ်တန်းကျောင်းသားဘဝတွင် ပဲခူးမြို့ ရှိ ဘုရား ပုထိုးများကို လေ့လာသည့် နေ့ချင်းပြန် ဘုရားဖူးခရီးတစ်ခုကို  ကျွန်တော်တို့ ကျောင်းမှ သွားရောက်ခဲ့သည်။ ထိုခရီးမှ ပြန်ရောက်ပြီး နောက်တစ်ရက်တွင် ကျောင်းအုပ်ဆရာကြီးက ဘုရားဖူးခရီးအကြောင်းကို
    တစ်ကျောင်းလုံး အတိုင်းအတာဖြင့် စာစီစာကုံးပြိုင်ရန် ကြေငြာခဲ့သည်။ ခင်ဗျားဘာကို မျှော်လင့်ထားပါသလဲ…? ထိုကုလားလေးသည် ကျောင်းသား ၊ ကျောင်းသူပေါင်း များစွာကို ကျော်ဖြတ်ပြီး “—————-” ဟူသော ခေါင်းစဉ်ဖြင့်
    ပထမဆုကို ထိုက်တန်စွာ လက်ခံရရှိခဲ့သည်။
    x
    ရွှေတိဂုံဘုရားပေါ်သို့ သူငယ်ချင်းများနှင့်အတူ ဘုရားဖူးခရီးအနေနှင့် တက်ရောက်ခဲ့သော မွတ်စလင်မ်ကုလား၊ ကုလားမပေါင်းများစွာ ရှိပါသည်။ ထိုအထဲမှ ဖိနပ်မချွတ်ဘဲ တက်ရောက်သော မွတ်စလင်မ်ကုလား၊ ကုလားမ တစ်ယောက်လောက် ကျွန်တော့်ကို လက်ညှိုးထိုးပြစေချင်ပါသည်။ ဆိုလိုချင်သည်မှာ ထိုမွတ်စလင်မ်ကုလား၊ ကုလားမများတွင်လည်း ဘာသာခြား ဘုရားများကို ရိုသေလေးစားသည့် စိတ်ဓာတ်အခြေခံ ပြည့်ဝစွာရှိနေသေးခြင်းဖြစ်သည်။

    နှိုင်းယှဉ်ပြောဆိုရမည်ဆိုပါက ဘုရားရင်ပြင်ပေါ်သို့ ဖိနပ်စီးကာ တက်ရောက်နေကြသော ခေတ်သစ် နိုင်ငံ့ခေါင်းဆောင် အချို့ ထက် များစွာ သာလွန်နေပါသေးသည် ဟုဆိုလျှင် ခင်ဗျား ဘာတွေများ ပြောလာမလဲဟု ကျွန်တော်တွေးနေမိပါသည်။
    x
    “ခွင့်တူညီမျှ ဝါဒဖြူ စင်တဲ့ပြည်…တို့ပြည်…တို့မြေ ” ဟု ဟစ်ကြွေးခဲ့တိုင်း ကြက်သီးမွှေးညှင်း များနှင့်အတူ မျက်ရည်ဝဲခဲ့ရသည့် ထိုစာသားများအား  အချည်းအနှီး ဖြစ်အောင် မလုပ်ပါနှင့်ဟု ခင်ဗျားကို တောင်းဆိုလိုပါသည်။

    တို့ပြည်…တို့မြေ ဟု ကြွေးကြော်ခဲ့တိုင်း (ဒါ…ဒို့ကုလားပြည်…ကုလားမြေ) ဟု  ခံစားချက်ထည့်ခဲ့သည်မဟုတ်။ မိမိ နေထိုင်ကြီးပြင်း ရှင်သန်မှီခိုနေသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟုသာ ရင်ဝယ်ပိုက်ခဲ့ခြင်းဖြစ်ပါသည်။

    အရိပ်နေနေ အခက်ချိုးချိုးအလုပ်မျိုးကို နယ်ချဲ့ကုလားဖြူ များမဟုတ်သော ပြည်ထောင်စုဖွား ကုလားညိုများက လုံးဝလုပ်ကြလိမ့်မည်မဟုတ် ပါကြောင်း ခင်ဗျားသိမြင်နိုင်အောင် သတင်းကောင်းပါးခဲ့ပါသည်။
    x
    # တို့ဘိုးဘွားအမွေစစ်မို့… ချစ်မြတ်နိုးပေ #
    x
    အထင်မလွဲစေချင်ပါ။

    တို့ဘိုးဘွားအမွေစစ် ဟုဆိုသော်လည်း ကွယ်လွန်ခဲ့ပြီးသော ဘာသာစုံ  ဘိုးဘွားများအားလုံးကိုသာ ရည်ညွှန်းကြခြင်းဖြစ်ပါသည်။ ကျွန်တော်(ကုလားညို) တစ်ယောက်တည်း၏ ဘိုးဘွားများပိုင်ဆိုင်သော မြေဖြစ်သည်ဟု မဆိုလိုပါ။  ကျွန်တော့်အဘိုး၊ အဘွားများပိုင်သော မြေဖြစ်သည့်အတွက်ကြောင့် ချစ်မြတ်နိုးသည် ဟုလည်း ဆိုလိုခြင်းမဟုတ်ပါကြောင်း။
    x
    # ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ #
    x
    ရှင်းပါသည်။
    လူသားတစ်ယောက်သည် အခြေခံလူသားစိတ်ရှိရမည်။ ထိုလူသားစိတ်ထဲမှ  အခြေခံအကျဆုံး အချက်တစ်ချက်ကို ဆွဲထုတ်ပြရလျှင်…လူသားသည် မိမိနေထိုင်ရာ တိုင်းပြည်အပေါ် သစ္စာစောင့်သိရမည်။ တိုင်းပြည်အာဏာပိုင်များက မတရားဖိနှိပ်မှုကို
    တွန်းလှန်ခြင်းမှအပ ကျေးဇူးကန်းသော အလုပ်မျိုးကို လုပ်ခွင့်မရှိ။ သို့ဆိုလျှင် ခေတ်အဆက်ဆက်မှ မွတ်စလင်မ် ကုလားများက ဘယ်တုန်းကမှ ကျေးဇူးကန်းခြင်းမရှိခဲ့ဟု ပြောလျှင် ခင်ဗျားစောဒက တက်ချင်ပါသလား။

    မြန်မာ့အရေးကိစ္စမှန်သမျှကို ပေးအပ်ရာ တာဝန်အသီးသီးအလိုက် ကျေပွန်စွာထမ်းရွက်ခဲ့ သည်ချည်းဖြစ်သည်။ အကယ်၍ ထိုသို့ အဖြစ်မျိုးမရှိဟု ခင်ဗျားအပြစ်တင်ပါက စာဖတ်အားနည်းသည်ဟု ကျွန်တော်ပြောခဲ့ပါမည်။ (စာများများ ဖတ်စေချင်ပါသည်)
    ကျွန်တော် နေထိုင်သောတိုင်းပြည်အပေါ် ကျွန်တော်သစ္စာ စောင့်သိနေဆဲ၊ အသက်ပေးရန်အဆင်သင့်ရှိနေဆဲ ဖြစ်ကြောင်းကို ခင်ဗျားကို သေသေချာချာ သိစေချင်ပါသည်။ (ရှေ့တန်းထွက်ပါလား၊ လောက်ကိုင်ကိုသွားပါလားဟူသော
    မူကြိုကလေးများပြောသော ဟာသမျိုးတော့ မပြောစေချင်ပါ..ခင်ဗျားပြောခဲ့လျှင်လည်း ကျွန်တော် ရယ်မိမည်မဟုတ်ပါ)
    x
    # ညီညာစွာတို့တတွေ… ထမ်းဆောင်ပါစို့လေ…တို့တာဝန်ပေ…. အဖိုးတန်မြေ #
    x
    ဟုတ်ပါသည်။
    ကျွန်တော်တို့ ဘိုးဘွားအားလုံး အတတ်နိုင်ဆုံး ညီညွတ်စွာ တာဝန်ထမ်းရွက်ခဲ့သကဲ့သို့ ကျွန်တော်တို့ မျိုးဆက်သစ်များလည်း စည်းလုံးစွာ တာဝန်ထမ်းဆောင်နေကြဆဲဖြစ်ပါသည်။ ထိုသို့ တာဝန်ထမ်းဆောင်ရန်လည်း မိမိကိုယ်ကိုယ် “တာဝန်” တစ်ရပ်အနေနှင့် ပြဌာန်း
    သတ်မှတ်ထားပြီး ဖြစ်ပါသည်။ (တစ်ခုတော့ အမှာပါးလိုက်ချင်သည်။ ကျွန်တော်ပြောသော တာဝန်နှင့် ခင်ဗျားမြင်ဖူးသော လက်ပတ်နီဝတ် “တာဝန်” ဟူသော လူတန်းစားများနှင့် နည်းနည်းကလေးမျှပင် မနှိုင်းယှဉ်လိုက်ပါနှင့်။ ကျွန်တော်(ကုလား) သိက္ခာကျပါသည်)
    တစ်ပါတည်း ပြောချင်သည်မှာ အဖိုးတန်သော မြန်မာ့မြေမှ အဖိုးတန်ပစ္စည်းရတနာများ တစ်ရက်ထက်တစ်ရက် နည်းပါးလာသည့် အရေးကိစ္စက ခင်ဗျား၊ ကျွန်တော်(ကုလား) အပါအဝင် မြန်မာ့ရေကို တစ်ငုံသောက်ဖူးသည့် လူတန်းစားပေါင်းစုံတွင် တာဝန်ရှိကြောင်း
    ခင်ဗျားမုန်းသည့်၊ ခင်ဗျားမကြိုက်သည့် ကျွန်တော်(ကုလား)က မေတ္တာများစွာဖြင့် ခင်ဗျားကို အသိပေးလိုက်ပါသည်။
    x
    ဆုတောင်းမေတ္တာပို့သပါသည်။

    ကျွန်တော်မွေးဖွားကြီးပြင်းခဲ့သော အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကျန်းမာ ဖွံ့ဖြိုး ကျက်သရေတိုးပါစေဟု ခင်ဗျားမုန်းသော ကျွန်တော်(ကုလားလေး)က ဆုမွန်ကောင်း တောင်းရင်း နိဂုံးချုပ်လိုက်ပါသည်။

    ——————-
    အိမ်ဝေးသူ(KZ)
    ——————-

  • ရေငုပ်သင်္ဘောသစ် ၃ စီး တရုပ်ရေတပ် ရရှိတော့မည်

    ရေငုပ်သင်္ဘောသစ် ၃ စီး တရုပ်ရေတပ် ရရှိတော့မည်

    ဧပြီ ၆၊၂၀၁၅
    M-Media

    china-nuclear-attack-submarines.si

    – နျူကလီးယားစွမ်းအင် သုံးထားပြီး သင်္ဘောဖျက်ဒုံးများကို ဒေါင်လိုက်ပစ်ခတ်နိုင်သည့် အဆင့်မြင့် ရေငုပ်သင်္ဘော ၃ စင်းကို တရုတ်နိုင်ငံက ဆောက်လုပ်ပြီးစီးခဲ့ပြီဟု ဒေသတွင်းသတင်းစာများက ဖော်ပြခဲ့သည်။

    ဂြိုဟ်တုမှ ရိုက်ကူးပြီး China Central Television မှ ပြီးခဲ့သည့်တစ်ပတ်က ဖော်ပြခဲ့မှုတွင် ရေငုပ်သင်္ဘော ၃ စီးကို အမည်မသိ ဆိပ်ကမ်းတစ်ခု၌ ရပ်နားထားသည်ကို တွေ့ရှိခဲ့သည်ဟု China Daily သတင်းစာက ဖော်ပြခဲ့သည်။ အဆိုပါ သင်္ဘောများမှာ Type-093G အမျိုးအစား ရေငုပ်သင်္ဘောများဖြစ်ပြီး သင်္ဘောကျင်းတစ်ခုက ဆောက်လုပ်ပေးခဲ့ကာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၏ ရေတပ်သို့ ပေးပို့ရန် အဆင်သင့်ဖြစ်နေပြီဟု ဆိုသည်။

    အဆိုပါ Type-093G အမျိုးအစားမှာ တရုတ်နိုင်ငံ၏ နျူစွမ်းအင်သုံး ဒုတိယမျိုးဆက် Type-093 အမျိုးအစား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများကို အဆင့်မြှင့်တင်ထားသည့် သင်္ဘောများဖြစ်သည်။ ထို့ပြင် ဒေါင်လိုက် ဒုံးကျည်ပစ်ခတ်နိုင်သည့် လောင်ချာများလည်း ပါဝင်သည်။

    အဆိုပါ လောင်ချာများမှာ တရုတ်၏ အသံထက်မြန်သော YJ-12 သင်္ဘောဖျက်ဒုံးကျည်များကို ဒေါင်လိုက်ပစ်၍ရရန် ပြောင်းလဲထားသော YJ-18 ဒုံးကျည်များကို ပစ်ခတ်နိုင်မည်ဟု ရေတပ်၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ထို ဒုံးကျည်မှာ ၃၀၀ ကီလိုဂရမ်အလေးချိန်ရှိသည့် ထိပ်ဖူးများကို ကီလိုမီတာ ၂၀၀အထိ ရောက်အောင် သယ်ဆောင်နိုင်မည်ဖြစ်သည်။

    Type-093G ရေငုပ်သင်္ဘောများမှာ အမြန်နှုန်းနှင့် ရွှေပြောင်းနိုင်စွမ်း တိုးတက်လာက ယခင်အမျိုးအစားထက် ဆူညံမှုကိုလည်း လျော့ကျစေသည်။

    တရုတ်ရေတပ်တွင် Type-093 အမျိုးအစား ရေငုပ်သင်္ဘော ၃ စီးအထိရှိနေသည်ဟု ယုံကြည်ရပြီး လက်ရှိတွင် Type- 091 အမျိုးအစား ရေငုပ်သင်္ဘော ၃ စီးနှင့်အတူ တာဝန်ထမ်းဆောင်နေသည်။ Type-095 ရေငုပ်သင်္ဘောသစ်များကို ယခုလက်ရှိတွင် ဆောက်လုပ်လျက် ရှိနေသည်။ ထို့ပြင် တာဝေးဒုံးကျည် ပစ်ခတ်နိုင်ပြီး JL-1 နှင့် JL-2 နျူကလီးယားဒုံးကျည်များ တပ်ဆင်ထားသော Type-094 ရေငုပ်သင်္ဘော ၄ စီးအထိ တရုတ်တွင်ရှိနေသည်ဟု ယုံကြည်ရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလက အမေရိကန်ရေတပ်၏ ဒုတိယဗိုလ်ချုပ် ဂျိုးဆက်ပ် မူလ်လွိုင်းက ရေငုပ်သင်္ဘောအရေအတွက်တွင် တရုတ်နိုင်ငံက မိမိတို့နိုင်ငံကို ကျော်တက်သွားပြီဟု ပြောကြားခဲ့သည်။

    Ref: RT