News @ M-Media

Blog

  • နေ၊ လ ကြတ်မှုကို ပထမဆုံး ရေးဆွဲဖော်ပြခဲ့သူ  မူတီဖာရီကာ

    နေ၊ လ ကြတ်မှုကို ပထမဆုံး ရေးဆွဲဖော်ပြခဲ့သူ မူတီဖာရီကာ

    ဧပြီ ၄ ၊ ၂၀၁၅
    M-Media
    လေးမောင် ရှာဖွေတင်ဆက်သည်။

    Ibrahim Muteferrika

    – ကမ္ဘာ့နက္ခတဗေဒပညာရပ်မှာ မွတ်စလင်တွေရဲ့ လက်ဖျားခါလောက်တဲ့ ကူညီမှုတွေကို လူတိုင်းသိကြပါတယ်။ အဲဒီအထဲကမှ အချက်အလက်အပြည့်အစုံပါဝင်တဲ့ နက္ခတဗေဒဆိုင်ရာ ဇယားတစ်ခုကို ပထမဆုံး ရေးသားဖော်ထုတ်ခဲ့တာကတော့ အာရပ် နက္ခတဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ အစ်ဗနေ့ အလ်-ရှာတီရ်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ လောက်က ဖြစ်ပါတယ်။ ဟန်ဂေရီ ခရစ်ယာန် ဘုန်းတော်ကြီးအဖြစ်ကနေ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့တဲ့  အီဗရာဟင်(မ်) မူတီဖာရီကာ  ဆိုသူကတော့ အော်တိုမန် အင်ပါယာထဲကို ပုံနှိပ်စက် ပထမဆုံး တင်သွင်းလာသူဖြစ်ပြီး နေကြတ်ပုံအသေးစိတ်ကို ပထမဆုံး ရေးဆွဲခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ လောက်က အီဗရာဟင် မူတီဖာရီကာဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ တူရကီနဲ့ အော်တိုမန်ကမ္ဘာကို ပုံနှိပ်စက်တစ်လုံး ယူဆောင်လာခဲ့ပြီး ၀ိဇ္ဖာ၊ သိပ္ပံစာအုပ်တွေကို ရိုက်နှိပ်ထုတ်ဝေဖို့ အော်တိုမန်ခလီဖာရဲ့ ခွင့်ပြုချက်ကို ရခဲ့ပါတယ်။ ၁၇၂၀ ခုနှစ်မှာတော့ သူဟာ အစ္စလာမ်ကမ္ဘာရဲ့ ပထမဆုံး စာပုံနှိပ်တိုက်တစ်ခုကို အစ္စတန်ဘူလ်မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

    မူတီဖာရီကာဟာ ယခင်က ဟန်ဂေရီ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လာတာပါ။ သူ့ရဲ့နောက်ကြောင်းကို Risale­yi Islamiyye လို့ခေါ်တဲ့ စာအုပ်ထဲမှာ ရေးသားဖော်ပြထားပါတယ်။ သူဟာ အော်တိုမန်အင်ပါယာရဲ့ နည်းပညာနဲ့ အုပ်ချုပ်ရေးပိုင်း ခေတ်နောက်ကျမှုကို အလွန် စိုးရိမ်တဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် Usul al­Hikam fi Nizam al­Umam လို့ခေါ်တဲ့ ကျမ်းတစ်စောင်ကို ရေးသားခဲ့ပြီး ၁၇၃၁ ခုနှစ်မှာ သူကိုယ်တိုင်ပဲ ထုတ်ဝေခဲ့ပါတယ်။

    ibrahim-hakki3_1

    အဲဒီစာအုပ်ထဲမှာ မူတီဖာရီကာဟာ ဥရောပမှာ ပြန့်နှံ့ကျင့်သုံးနေကြတဲ့ အစိုးရစနစ်နဲ့ စစ်တပ်စနစ်တွေကို ဖော်ပြထားပြီး ဥရောပရဲ့ စစ်ရေးနည်းပညာ၊ အုပ်ချုပ်ရေးပုံစံနဲ့ သိပ္ပံဆိုင်ရာ အသိပညာတွေကို မွေးစားအသုံးပြုမှသာ လွတ်လပ်တဲ့ မွတ်စလင်တိုင်းပြည်ကြီးဟာ ဆက်လက်သက်ဆိုးရှည်မယ်လို့ အော်တိုမန် ပြည့်ရှင်ကို တိုက်တွန်းခဲ့ပါတယ်။

    ဥရောပလူ့အဖွဲ့အစည်းနဲ့ပတ်သက်လို့ အီဗရာဟင် မူတီဖာရီကာရဲ့ သတိပေးပြောဆိုမှုတွေဟာ အနည်းငယ်သာ ထိရောက်ခဲ့ပါတယ်။ အော်တိုမန်အင်ပါယာကြီးဟာ တစ်ဖက်မှာ အရေးပါတဲ့ အစ္စလာမ့် အမှတ်သညာကို ထိန်းသိမ်းဖို့ကြိုးစားရင်း တစ်ဖက်မှာလည်း စီးပွားရေး ဆန်းသစ်မှုဆိုတဲ့ အငြင်းပွားဖွယ် ကိစ္စရပ်နဲ့ ပတ်သက်လို့လည်း လုပ်ဆောင်ခဲ့ပါတယ်။

    ibrahim-muteferrika_1

    ဆူလ်တန် အဟ်မဒ် ၃ ရဲ့အုပ်ချုပ်မှုအောက် ကျူလစ်ခေတ်မှာ မူတီဖာရီကာရဲ့ ကျွမ်းကျင်မှုတွေဟာ တန်းဖိုးမြင့်လာပါတယ်။ သူဟာ စာအုပ်ထုတ်ဝေသူ၊ ဧည့်လမ်းညွှန်၊ သံတမန်၊ နက္ခတဗေဒပညာရှင်၊ သမိုင်းပညာရှင်၊ အစ္စလာမ့်ရေးရာ ပညာရှင်၊ လူမှုဗေဒပညာရှင် စသဖြင့် ဘွဲ့မျိုးစုံနဲ့ ကျော်ကြားလာပါတယ်။ အဲဒီလို ဘွဲ့ထူးဂုဏ်ထူးတွေအပြင် မူတီဖာရီကာဟာ ရွှေ့လျားစနစ် ပုံနှိပ်စက်ကို တည်ဆောက်ခဲ့တဲ့ ပထမဆုံး မွတ်စလင်လည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ စတင်အသုံးပြုခဲ့တဲ့ ရွှေ့လျားစနစ် ပုံနှိပ်စက်တွေကို ဥရောပမှာ အချိန်အတော်ကြာကတည်းက အသုံးပြုခဲ့ပေမယ့် မူတီဖာရီကာ ဖန်တီးခဲ့တဲ့ အဲဒီပုံနှိပ်စက်ကတော့ ပိုဆန်းသစ်ပြီး မွတ်စလင်ကမ္ဘာရဲ့ တီထွင်ဖန်တီးမှုတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီ ပုံနှပ်စက်ကို အသုံးပြုပြီး မူတီဖာရီကာတစ်ယောက် နေကြတ်၊ လကြတ်မှုကို ပြတဲ့ ပထမဆုံး မြေပုံကို ရေးဆွဲကာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

    ibrahim-tiflisi

    ဒါတင်မကသေးဘဲ ဂျီအိုဂရပ်ဖီဆိုတဲ့ ကလောင်အမည်ကိုသုံးပြီး တော်လမီရဲ့ ကမ္ဘာဗဟိုပြုတဲ့ ပုံစံအရ အာကာသထဲက ဂြိုဟ်တွေရဲ့ အနေအထားကို ဖော်ပြတဲ့ ပုံတစ်ပုံကို ရေးဆွဲခဲ့ပါသေးတယ်။ တော်လမီရဲ့ အယူအဆကတော့ ကမ္ဘာကြီးဟာ စကြာဝဠာကြီးရဲ့အလယ်မှာ အသေရှိနေပြီး ဗဟိုတူ စက်ဝန်းတွေက ၀န်းရံထားကြတယ် ဆိုတာမျိုးပါ။ အဲဒီဗဟိုတူ စက်ဝန်းတွေထဲမှာ လ၊ မာကျူရီ၊ ဗီးနပ်စ်၊ နေ၊ မားစ်၊ ဂျူပီတာနဲ့ စေတန်ဂြိုဟ်တွေက အစဉ်အတိုင်းရှိနေကြပြီး ရွေ့ရှားမှုမရှိတဲ့ ကြယ်တွေကိုလည်း အဲဒီဂြိုဟ်တွေရဲ့ စက်ဝန်းအတွင်းမှာ တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီဂြိုဟ်တွေရဲ့ အစွန်မှာတော့ စက်ဝန်းတွေသာရှိပြီး စကြာဝဠာကြီးလို့ မှတ်ယူပါတယ်။ အဲဒီပုံစံကို မူတီဖာရီကာက သူ့ရဲ့ စာအုပ်ထဲမှာ ရေးဆွဲဖော်ပြခဲ့တာပါ။

    centre-of-the-world

    မူတီဖာရီကာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ စာအုပ်တွေထဲမှာ ကာတစ်ပ် ဂျာလစ်ဘ်ရဲ့  Jihan­nüma (ကမ္ဘာ့ကြေးမုံ) လို့ခေါ်တဲ့ ကမ္ဘာ့မြေပုံတစ်ခုလည်း ပါဝင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ နောက်ထပ်ထုတ်ဝေတဲ့စာအုပ်မှာ မူတီဖာရီကာဟာ ကော်ပါးနီးကပ်စ်ရဲ့ နက္ခတဗေဒဆိုင်ရာ သီအိုရီနဲ့ ပတ်သက်လို့ ငြင်းခုံချက်တွေ၊ အဲဒီသီအိုရီကို ဆန့်ကျင်မှုတွေနဲ့အတူ သူ့ရဲ့ သီအိုရီ ပတ်သက်လို့ အသေးစိတ် ဆွေးနွေးထားပါတယ်။ ဒီအကြောင်းအရာတွေကြောင့် မူတီဖာရီကာကို အော်တိုမန် သိပ္ပံညာရပ်အတွင်းမှာ နေဗဟိုပြု နက္ခတဗေဒ သီအိုရီတွေ မိတ်ဆက်ပေးခဲ့တဲ့ သူတွေထဲက တစ်ဦးအဖြစ် မှတ်ယူကြပါတယ်။ သူဟာ ပထ၀ီပညာရှင်၊ နက္ခတပညာရှင်နဲ့ ဒဿနပညာရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။ ဂျာမန်မြေပုံပညာရှင် အန်ဒရီယက်စ် ဆဲလ်လာရီယက် (၁၆၆၅ တွင်ကွယ်လွန်) ရဲ့  Atlas coelestis (ကြယ်မြေပုံ) အစာအုပ်ကို လက်တင်ဘာသာကနေ ပြန်ဆိုခဲ့ပြီး  Majmua’tul Haiy’a­ Kadim wal­Jadid ဆိုတဲ့ အမည်နဲ့ ၁၇၃၃ မှာ ပြန်လည်ထုတ်ဝေခဲ့ပါတယ်။

    ref:World Bulletin

  • ဘိုကိုဟရမ်မှာ အစ္စလာမ်၏ အဆိုးဆုံးရန်သူဟု နိုင်ဂျာသမ္မတ ပြော

    ဘိုကိုဟရမ်မှာ အစ္စလာမ်၏ အဆိုးဆုံးရန်သူဟု နိုင်ဂျာသမ္မတ ပြော

    ဧပြီ ၃၊ ၂၀၁၅
    M-Media

    Issoufou Mahamadou, President of Niger, speaks at the John F. Kennedy School of Government at Harvard University in Cambridge

    – စစ်သွေးကြွအုပ်စု ဘိုကိုဟရမ်မှာ အစ္စလာမ်သာသနာ၏ အဆိုးဝါးဆုံးရန်သူဖြစ်ပြီး အနောက်အာဖရိကမှ မွတ်စလင်များမှာ
    အကြမ်းဖက်လုပ်ရပ်များနှင့် ကုရ်အာန်ကျမ်းတော်မြတ်အား ကြမ်းတမ်းသောပြန်ဆိုခြင်းတို့အား လက်မခံသောကြောင့် အဆိုပါ ဘိုကိုဟရမ်အုပ်စုမှာ ရှုံးနိမ့်သွားမည်ဟု နိုင်ဂျာသမ္မတ မိုဟာမာဒူ အစ်ဆိုဖူက ပြောကြားခဲ့သည်။

    အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည် အစ်ဆိုဖူက မက်ဆာချူးဆက်ပြည်နယ် ကမ်းဘရစ်ခ်ျရှိ ဟားဗတ်တက္ကသိုလ်၌ ကျောင်းသားများနှင့် တက္ကသိုလ်ဝန်ထမ်းများအား ယမန်နေ့တွင် ပြောကြားသော မိန့်ခွန်းတွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

    “ဘိုကိုဟရမ်နဲ့ပတ်သက်လို့ကတော့ ဘာမှ အစ္စလာမ့်နည်းမကျပါဘူး။ အမျိုးသမီးတွေကို ပြန်ပေးဆွဲမုဒိမ်းကျင့်တာ၊ အပြစ်မဲ့တဲ့သူတွေကို သတ်ပစ်တာ၊ လူတွေရဲ့သွေးကို ဆာလောင်နေတာ အဲဒါတွေဟာ ဘိုကိုဟရမ်မှာ အနာဂတ်မရှိတော့ပါဘူး။ အလ္လာဟ်အရှင်မြတ် အလိုတော်နဲ့ ဘိုကိုဟရမ်တွေဟာ ရှုံးနိမ့်သွားမှာပါ” ဟု အစ်ဆိုဖူက ဆိုသည်။

    နိုက်ဂျီးရီးယားနှင့် အိမ်နီးချင်းနိုင်ငံများတွင် တိုက်ခိုက်မှုများ၊ ပြန်ပေးဆွဲမှုများ တိုးမြှင့်ပြုလုပ်လာသည့် ဘိုကိုဟရမ်အဖွဲ့ကို နိုက်ဂျီးရီးယားအပါအ၀င် အနောက်အာဖရိက နိုင်ငံများဖြစ်ကြသော နိုင်ဂျာ၊ ကင်မရွန်း၊ ချဒ်နှင့် ဘန်နင်နိုင်ငံတို့ပူးပေါင်းကာ နိုက်ဂျီးရီးယားရှိ ဘိုကိုဟရမ်အဖွဲ့များကို ထိုးစစ်ဆင်လျက် ရှိနေသည်။

    အစ်ဆိုဖူကမူ ဘိုကိုဟရမ်အား တိုက်ခိုက်နေသည့် အာဖရိက မဟာမိတ်တပ်ဖွဲ့များကို မွတ်စလင်အများစုရှိရာ မိမိတို့နိုင်ငံက ထောက်ခံအားပေးသည်ဟုဆိုပြီး လတ်တလောရရှိခဲ့သည့် အောင်မြင်မှုများကို ထောက်ပြ ပြောဆိုသွားသည်။ ထို့ပြင် နယ်စပ်များတွင် ကိုယ်ပိုင်နိုင်ငံထူထောင်ရန် ဘိုကိုဟရမ်၏ ကြိုးပမ်းမှုကိုလည်း ပယ်ချသွားသည်။

    “နိုင်ငံပေါင်းစုံတပ်ဖွဲ့တွေရဲ့ အောင်မြင်မှုတွေကို ရှင်းပြရမယ်ဆိုရင် သူတို့တွေရဲ့သတင်းအချက်အလက်တွေနဲ့ တပ်ဖွဲ့ဝင်တွေကို ပူးပေါင်းဆောင်ရွက်တာသာမက ပိုပြီးအရေးကြီးတဲ့ လူထုထောက်ခံမှုပါ ရလို့ ဒီလိုအောင်မြင်တာပါ။ ဒါဟာ ကျွန်တော်တို့ နိုင်ငံတွေက ပြည်သူတွေဟာ အကြမ်းဖက်မှု၊ အစွန်းရောက်မှုတွေကို လက်မခံဘူးဆိုတာ ပြသနေပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကပြည်သူတွေဟာ ဘိုကိုဟရမ်ကို မွတ်စလင်အဖွဲ့အစည်းတစ်ခုအဖြစ်နဲ့ပါ လက်မခံတာပါ” ဟု အစ်ဆိုဖူက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ဒေသအတွင်း ဆင်းရဲမွဲတေမှုက စစ်သွေးကြွအဖွဲ့များထံ ပြည်သူများ သွားရောက်ပူးပေါင်းရသည့် အဓိက အကြောင်းအရင်း ဖြစ်နေပြီး၊ ထိုပြဿနာကို ဖြေရှင်းရန်အတွက် အလှူရှင်များ သတ်သတ်မှတ်မှတ် မရှိခြင်း၊ လူဦးရေ လျှင်မြန်စွာ တိုးလာခြင်းနှင့် ရာသီဥတုပြဿနာများက အဟန့်အတားဖြစ်နေသည်ဟု ဆိုသည်။

    Ref: Reuters

  • ခရိုင်းမီးယားနှင့် ဘော်လ်တစ်နိုင်ငံများကို ထိပါက နျူဖြင့်တုံ့ပြန်သွားမည်ဟု ရုရှားက အမေရိကန်ကို သတိပေး

    ခရိုင်းမီးယားနှင့် ဘော်လ်တစ်နိုင်ငံများကို ထိပါက နျူဖြင့်တုံ့ပြန်သွားမည်ဟု ရုရှားက အမေရိကန်ကို သတိပေး

    ဧပြီ ၄၊ ၂၀၁၅
    M-Media

    russia

    – ဘော်လ်တစ်နိင်ငံများအတွင်းသို့ နေတိုးတပ်များ ၀င်ရောက်လာခြင်း၊ သို့မဟုတ် ခရိုင်းမီးယားကို ယူကရိန်းနိုင်ငံအတွင်းသို့
    ပြန်လည်သွတ်သွင်းရန် ကြိုးပမ်းလာခြင်းတို့ ဆောင်ရွက်ပါက အမေရိကန်နှင့် ၎င်းတို့၏ မဟာမိတ်နိုင်ငံများကို နျူကလီးယားသုံး၍ တုံ့ပြန်သွားမည်ဟု ရုရှားက ခြိမ်းခြောက်ပြောဆိုလိုက်သည်။

    ဂျာမနီနိုင်ငံ တော်ရ်ကာဂါယူမြို့တွင် ပြီးခဲ့သည်လက ရုရှားဗိုလ်ချုပ်များနှင့် အမေရိကန် တာဝန်ရှိသူများ ပြုလုပ်ခဲ့သော လျှို့ဝှက်အစည်းအဝေးတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ထိုအစည်းအဝေးတွင် အမေရိကန်တစ်ဦးရေးသားထားသော မှတ်စုကို ကိုးကား၍ The Times သတင်းစာက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖော်ပြခဲ့သည်။

    ထိုအစည်းအဝေးတွင် ခရိုင်းမီးယားအား ယူကရိန်းနိုင်ငံသို့ ပြန်လည်ပေးအပ်ရန် နေတိုးအဖွဲ့က ကြိုးစားလာပါက နျူကလီးယားအင်အား အသုံးပြုခြင်း အပါအ၀င် ပြင်းထန်သည့် တုံ့ပြန်မှုများဖြင့် ကြုံတွေ့ရမည်ဟု ရုရှားက ပြောကြားခဲ့ပြီး လစ်သူယေးနီးယား၊ လတ်ဗီးယားနှင့် အက်စတိုးနီးယားနိုင်ငံများအတွင်းသို့ နေတိုးစစ်တပ်များ ၀င်ရောက်လာပါကလည်း နျူကလီးယားမှ စစ်ဘက်မဟုတ်သော ပုံစံမျိုးအထိ တုံ့ပြန်မှုမျိုးစုံ ပြုလုပ်သွားမည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

    ထို့ပြင် နေတိုးအနေဖြင့် ယူကရိန်းနိုင်ငံသို့ လက်နက်များ ပေးပို့ပါကလည်း ထိုလုပ်ရပ်မှာ ရုရှားနယ်စပ်ကို ထပ်မံ ပိုင်နက်ကျူးလွန်ခြင်းဟု မှတ်ယူမည်ဖြစ်ပြီး ရုရှားပြည်သူများက အင်နှင့်အားနှင့် တုံ့ပြန်ရန် တောင်းဆိုသွားလိမ့်မည်ဟုလည်း ရုရှားကိုယ်စားလှယ်အဖွဲ့က ထည့်သွင်းပြောဆိုခဲ့သည်။

    လစ်သူယေးနီးယား၊ လတ်ဗီးယားနှင့် အက်စတိုးနီးယားတို့တွင် ရုရှားစကားပြောသူများ အများအပြား ရှိနေခြင်းကြောင့် ယူကရိန်းတွင်ဖြစ်ခဲ့သည့် အခြေအနေနှင့် ရုရှားက ၀င်စွက်ရသည့် အခြေအနေမျိုးလည်း ထိုနိုင်ငံများတွင် ဖြစ်သွားနိုင်သည်ဟုလည်း ရုရှားက သတိပေးခဲ့သည်။

    အဆိုပါ မှတ်စုအရ ရုရှားမှာ ဘော်လ်တစ်ဒေသများသို့ ခြေလှမ်းရန် စဉ်းစားနေသော်လည်း မတည်မငြိမ်ဖြစ်အောင် ဖန်တီးမည့် အခြေအနေမျိုးဖြစ်ကာ ယူကရိန်းအရှေ့ပိုင်းအား ရုရှားနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် ဆောင်ရွက်ခြင်းထက် ပို၍ ခက်ခဲမည်ဟု ဖော်ပြထားသည်။

    ထို့ပြင် ရုရှားအနေဖြင့် အခြားသောနည်းလမ်းများ အသုံးပြုရန်အတွက် တပ်များချခြင်း၊ လက်နက်ကြီးများချထားခြင်းတို့ကို ရှောင်ရှားလိမ့်မည်ဟု အဆိုပါ မှတ်စုတွင် ဖော်ပြထားသည်။

    “ရုရှားဟာ နေတိုးအတွက် တပ်ဖွဲ့တွေ ဟန်ဆောင်ချထားတာမျိုးမလုပ်ဘဲ အဲဒီနိုင်ငံတွေက ရုရှားလူမျိုးတွေကို ရုရှားနိုင်ငံအတွင်းဝင်လာအောင် ဖြည်းဖြည်းချင်း ဆွဲဆောင်သွားဖို့ မျှော်လင့်နေပါတယ်”

    အကယ်၍ နေတိုးက တုံ့ပြန်မှုများ ပြုလုပ်ပါက ဘော်လ်တစ်နိုင်ငံများရှိ ရုရှားစကားပြော လူနည်းစုများတွင်ပါ ပို၍ ရန်လိုသည့် အလားအလာ ရှိသွားမည်ဖြစ်ပြီး အမေရိကန်အတွက် ယူကရိန်းပြဿနာထက် ပို၍ ကြောက်စရာကောင်းလာနိုင်သည်ဟု အဆိုပါ မှတ်စုတွင် အကြံပြုထားသည်။

    Ref: Independent

  • နျူသဘောတူညီချက် ကမ္ဘာကြီးနှင့်ဆက်သွယ်ရန် ခြေလှမ်းအစဟု အီရန်သမ္မတ ပြော

    နျူသဘောတူညီချက် ကမ္ဘာကြီးနှင့်ဆက်သွယ်ရန် ခြေလှမ်းအစဟု အီရန်သမ္မတ ပြော

    ဧပြီ ၄၊ ၂၀၁၅
    M-Media

    iran-president-hassan

    – အီရန်နှင့် အင်အားကြီးနိုင်ငံများ သဘောတူညီခဲ့သည့် နျူအရေး မူဘောင် သဘောတူညီချက်မှာ မိမိတို့နိုင်ငံက ကမ္ဘာကြီးနှင့် ဆက်သွယ်မှုအသစ် တည်ဆောက်ရေး ပထမခြေလှမ်းဖြစ်သည်ဟု အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်သည်။

    ၈ ရက်ကြာ အပြင်းအထန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အီရန်နှင့် အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံတို့မှာ ကြာသာပတေးနေ့က နျူအရေး သဘောတူညီချက် ရရှိခဲ့ပြီး အီရန်မှာ နျူကလီးယားဗုံးထုတ်လုပ်တော့မည်ဟု အနောက်နိုင်ငံများ၏ ကြောက်ရွံ့မှုကို ပြေလျော့စေခဲ့သည်။

    ထိုသဘောတူညီချက်အတွက် အီရန်ပြည်သူများကလည်း သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပြီး သမ္မတ ရူဟာနီက ရုပ်မြင်သံကြားမှတစ်ဆင့် ယမန်နေ့က ပြောကြားသောမိန့်ခွန်း၌ နျူးကလီးယားဆွေးနွေးပွဲများက မိမိတို့နိုင်ငံအား ဖွင့်ပေးသည့် ကျယ်ပြန့်သောပေါ်လစီ၏ အစပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဒါဟာ ကမ္ဘာကြီးနဲ့ အပြုသဘောဆောင်တဲ့ အပြန်အလှန်ဆက်ဆံမှုရဲ့ ခြေလှမ်းအစပါပဲ။ ဒီနေ့ဟာ အီရန်နိုင်ငံရဲ့ သမိုင်းဝင်နေ့အဖြစ် ရှိနေမှာပါ။ တစ်ချို့တွေက ကျွန်တော်တို့ဟာ ကမ္ဘာကြီးကို တိုက်ရမယ် ဒါမှမဟုတ် အင်အားကြီးနိုင်ငံတွေကို အညံ့ခံရမယ်လို့ ထင်နေကြပါတယ်။ ဒါမျိုး တစ်ခုမှ မဟုတ်ပါဘူး။ တတိယနည်းလမ်းရှိပါတယ်။ ဒါကတော့ ကမ္ဘာကြီးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နည်းလမ်းပါပဲ” ဟု ရူဟာနီက ပြောကြားခဲ့သည်။

    သဘောတူညီချက်ရရှိပြီးနောက် မြို့တော်တီဟီရန်တွင် အီရန်ပြည်သူများက ကားများဟွန်းတီးကာ၊ လမ်းမပေါ်ထွက်၍ အောင်ပွဲခံခဲ့ကြသည်။ ထို့ပြင် အီရန်၏ အဓိပတိ အယာတိုလာခါမေနီ၏ ကိုယ်စား အပါအ၀င် ဘာသာရေးခေါင်းဆောင်များကလည်း အဆိုပါ သဘောတူညီချက်ကို ထောက်ခံကြောင်း ပြောကြားခဲ့ကြသည်။

    တီဟီရန်တက္ကသိုလ်တွင် ပြီးခဲ့သည် သောကြာနေ့ဝတ်ပြုမှုအတွင်း ပြောကြားခဲ့သော မိန့်ခွန်း၌ အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်သည့် အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ မိုဟာမက် အီမာမီ-ကတ်စ်ဟာနီက ခါမေနီမှာ အီရန်ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် အီမာမီ-ကတ်စ်ဟာနီ ကိုယ်တိုင်က ကိုယ်စားလှယ်အဖွဲ့ဝင်များမှာ ကြံ့ခိုင်ကာ ပညာရှိပြီး တည်ငြိမ်ကြသည်ဟု ချီးကျူးခဲ့ကာ ရူဟာနီနှင့် နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်တို့ကိုလည်း ချီးကျူးခဲ့သည်။

    Ref: Channelnewsasia

  • မိမိမှာ ကမ္ဘာ့အကောင်းဆုံး နည်းပြမဟုတ်ဟု ဂွါဒီယိုလာပြောကြား

    မိမိမှာ ကမ္ဘာ့အကောင်းဆုံး နည်းပြမဟုတ်ဟု ဂွါဒီယိုလာပြောကြား

    ဧပြီ ၄၊ ၂၀၁၅
    M-Media

    pep-guardiola-fc-bayern-munchen_1sbue0t0eifck123hpr695skzc

    – မိမိမှာ ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ယောက်မဟုတ်ဘဲ ကစားပွဲနောက်ဆုံးတွင် ထူးခြားမှုကို လုပ်ဆောင်နိုင်သည်မှာ ကစားသမားများသာ ဖြစ်သည်ဟု ဘိုင်ယန်မြူးနစ်အသင်း နည်းပြဖြစ်သူ ဂွါဒီယိုလာက ပြောကြားခဲ့သည်။

    ဘာစီလိုနာတွင် အောင်မြင်ခဲ့မှုများ၊ လက်ရှိဘိုင်ယန်အသင်းတွင် အောင်မြင်နေမှုများနှင့် ကစားပွဲအတွင်း နည်းစနစ်ပိုင်းဆိုင်ရာ ပိုင်နိုင်မှုများကြောင့် ဂွာဒီယိုလာမှာ ကမ္ဘာ့အကောင်းဆုံးနည်းပြအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပြီး ၎င်းကမူ လက်မခံခဲ့ပေ။

    “ကျွန်တော်ဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြ မဟုတ်ပါဘူး။ ကစားသမားတွေကိုကူညီဖို့ ကျွန်တော် ဒီမှာရှိနေတာပါ။ ကျွန်တော်ဟာ တော်တော်လေး လှုံ့ဆော်တတ်ပြီး ကစားသမားတွေအပေါ်မှာလည်း ယုံကြည်မှုအများကြီး ထားပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ဂွါဒီယိုလာက ပြောကြားခဲ့သည်။

    လက်ရှိတွင် ဘိုင်ယန်မှာ ဖလား ၃ လုံးလမ်းကြောင်းပေါ်၌ ရှိနေပြီး ဂွာဒီယိုလာကမူ မိမိတို့မှာ အရေးပါသည့်အချိန်ကို ရောက်ရှိနေသည်ဟု ၀န်ခံခဲ့သည်။

    “ကျွန်တော်စရောက်ကတည်းက တော်တော်လေးခက်ခဲတဲ့ကာလကို အခု ကျွန်တော် ဖြတ်သန်းရတော့မှာပါ။ လာမယ့်လအနည်းငယ်ဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးပါ။ ဧပြီလက အဆုံးအဖြတ်ပေးမယ့်လ ဖြစ်ပြီး
    ပွဲတိုင်းက ဖိုင်နယ်ပွဲလိုပါပဲ။ အခုအချိန်ကစပြီး သူတို့ဆီက စွမ်းဆောင်ရည်ကို ပိုမိုတောင်းဆိုတဲ့အကြောင်း ကစားသမားတွေက သိကိုသိထားရပါတယ်။ ကျွန်တော်တို့ အနိုင်မရဘူးဆိုရင် အပြစ်တင်ခံရမှာက ကျွန်တော်တို့ပါပဲ” ဟု ဂွာဒီယိုလာက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com