News @ M-Media

Blog

  • မိမိ၏ အနာဂတ်ကို ရာသီကုန်မှ စဉ်းစားမည်ဟု ကာဘာယီပြော

    မိမိ၏ အနာဂတ်ကို ရာသီကုန်မှ စဉ်းစားမည်ဟု ကာဘာယီပြော

    ဧပြီ ၂၊ ၂၀၁၅
    M-Media

    yohan-cabaye-abdoulaye-doucoure-paris-sg-rennes-ligue-1-30012015_70wn1zmv3sqr13gz9vdcr9fw4

    – အသင်းတွင် ပုံမှန်ပါဝင်ခွင့်မရေသော်လည်း ပီအက်စ်ဂျီနှင့် အနာဂတ်အတွက် ရာသီကုန်တွင် စဉ်းစားသွားမည်ဟုကွင်းလယ်လူ ကာဘာယီက ပြောကြားလိုက်သည်။

    ကာဘာယီမှာ မတ်လ ၁၅ ရက်နေ့က ကစားခဲ့သည့် ဘော့ဒိုးအသင်းနှင့်ပွဲတွင် ဒူး၌ ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး လက်ရှိအချိန်တွင် လေ့ကျင့်ခန်း ပြန်လည်ဆင်းနေသည်။ သို့သော်လည်း ပြီးခဲ့သည့်နွေရာသီ နယူးကာဆယ်မှ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းတွင် ပုံမှန်နေရာမရခဲ့သည့် ကာဘာယီမှာ ကြံ့ခိုင်မှုပြည့်ဝသော်လည်း လာမည့်တနင်္ဂနွေနေ့တွင် ကစားမည့် မာဆေးလ်အသင်းနှင့်ပွဲတွင် ပါဝင်ခွင့်ရရန် မသေချာပေ။

    ထိုသို့ နေရာမရခြင်းကြောင့် အသင်းမှထွက်ခွာတော့မည်ဟု ကောလဟာလများ ထွက်ပေါ်နေသော်လည်း ကာဘာယီကမူ မိမိအနေဖြင့် ဖလား ၄ လုံး လမ်းကြောင်းပေါ်တွင်ရှိနေသည့် အသင်း၏ အဓိကနေရာတွင် ကစားရခြင်းအတွက်သာ စိုးရိမ်မိသည်ဟု ဆိုသည်။

    “ကျွန်တော့်ရဲ့ အနာဂတ်က အသင်းလူစာရင်းမှာ ပြန်ပါဝင်ဖို့ပါ။ အရေးပါတဲ့ပွဲတွေ ကစားဖို့ရှိနေပြီး၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ ရာသီအဆုံးပိုင်းကလည်း လာတော့မှာပါ။ ကျွန်တော်တို့ ပြိုင်ပွဲ ၄ ပွဲကို ကစားရမှာပါ။ အဲဒီနောက်မှာတော့ ကိစ္စတွေကိုဆွေးနွေးဖို့အချိန် ရောက်လာပါလိမ့်မယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော့်ရဲ့ အဓိကဦးစားပေးက ပုံစံမှန်ပြန်ရဖို့ပါပဲ” ဟု ကာဘာယီက RMC သို့ ပြောကြားခဲ့သည်။

    ပြင်သစ်လီဂူးတွင် ပြီးခဲ့သည့် ၂ နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့သည့် ပီအက်စ်ချီအသင်းမှာ ယခုချိန်တွင် ဒုတိယနေရာမှ လိုင်ယွန်အသင်းကို ၁ မှတ်ဖြတ်၍ အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး တတိယနေရာမှ မာဆေးလ်အား ၂ မှတ်ဖြတ်ထားသည်။

    Ref: Goal.com

  • ပါလက်စတိုင်း အမျိုးသမီး လွတ်တော်အမတ်တစ်ဦးအား အစ္စရေးစစ်တပ် အကြောင်းပြချက်မရှိဘဲ ဖမ်းဆီး

    ပါလက်စတိုင်း အမျိုးသမီး လွတ်တော်အမတ်တစ်ဦးအား အစ္စရေးစစ်တပ် အကြောင်းပြချက်မရှိဘဲ ဖမ်းဆီး

    ဧပြီ ၂၊ ၂၀၁၅
    M-Media

    a096805c-cc72-4a98-9648-443ae148884e

    – ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးမှ သိမ်းပိုက်ထားမှုများနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့သည့် ပါလက်စတိုင်း လွှတ်တော်အမတ်တစ်ဦးအား အစ္စရေးစစ်သားများက ယနေ့နံနက်တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

    ဖမ်းဆီးခံရသူမှာ အစ္စရေးက ပိတ်ဆို့ထားသေား အနောက်ဘက်ကမ်းရှိ ရာမာလာတွင် နေထိုင်သည့် ခါလီဒါ ကန်အန် မိုဟာမက် ဂျာရ် ဆိုသည့် အမျိုးသမီး လွှတ်တော်အမတ်ဖြစ်ပြီး ၎င်း၏ နေအိမ်ကို အစ္စရေးစစ်သား ၆၀ ခန့်က ၀င်ရောက်စီးနင်းက ဖမ်းဆီးသွားခြင်းဖြစ်သည်။

    ခါလီဒါမှာ ပါလက်စတိုင်းလွတ်မြောက်ရေး ပြည်သူ့ရှေ့ဆောင်ပါတီ PFLP မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပါလက်စတိုင်း ဥပဒေပြုကောင်စီ PLC မှ အမတ်တစ်ဦးလည်းဖြစ်သည်။ မီဒီယာသတင်းရင်းမြစ်များအရ အစ္စရေးစစ်သားများမှာ သူမ၏ နေအိမ်တံခါးကို ချိုးဖျက်ဝင်ရောက်ခဲ့ပြီး ခင်ပွန်းဖြစ်သူကို အခြားအခန်းတွင် ချုပ်နှောင်ကာ ခါလီဒါအား ဖမ်းဆီး၍ မည်သည့်နေရာသို့ ခေါ်ဆောင်သွားမှန်း မသိဟု ဖော်ပြခဲ့သည်။

    ခါလီဒါမှာ ပါလက်စတိုင်း ပိုင်နက်များအား အစ္စရေး၏ သိမ်းပိုက်မှုများနှင့် ပါလက်စတိုင်းပြည်သူများအပေါ် အစ္စရေး၏ ရက်စက်ယုတ်မာမှုများအတွက် ပြင်းပြင်းထန်ထန် ဝေဖန်သူတစ်ဦး ဖြစ်သည်။ အစ္စရေးအာဏာပိုင်များကမူ ခါလီဒါအား ၁၉၈၈ ခုနှစ်မှစ၍ အစ္စရေးက ပိတ်ဆို့ထားသည့် ပါလက်စတိုင်း ပိုင်နက်များ အပြင်သို့ ထွက်ခွာခွင့် မပေးခဲ့ပေ။

    ပြီးခဲ့သည့်နှစ် သြဂုတ်လကလည်း ခါလီဒါအား ၎င်းနေထိုင်အလုပ်လုပ်ရာ ရာမာလာဒေသမှ အနောက်ဘက်ကမ်းရှိ ဂျီရီချိုမြို့သို့ ပြောင်းရွှေ့နေထိုင်ရန် အစ္စရေးအာဏာပိုင်များက အတင်းအကြပ် အမိန့်ပေးခဲ့သော်လည်း သူမက လက်မခံခဲ့ဘဲ ပါလက်စတိုင်း ဥပဒေပြုကောင်စီအပြင်ဘက်တွင် ဆန္ဒပြခဲ့သည်။ ထို့ကြောင့် အစ္စရေးမှာ စက်တင်ဘာလတွင် ၎င်းတို့ အမိန့်ကို ရုပ်သိမ်းခဲ့သည်။

    လက်ရှိအချိန်တွင် ပါလက်စတိုင်း ဥပဒေပြုကောင်စီမှ စုစုပေါင်း အမတ် ၁၈ ဦးကို အစ္စရေးက အကျဉ်းချထားပြီး ထိုအထဲမှ ၉ ဦးမှာ အုပ်ချုပ်ရေးဆိုင်ရာ ထိန်းသိမ်းမှုဟု ခေါ်သည့် အခြေအနေမျိုးဖြင့် ချုပ်နှောင်ခံထားရသည်။ အဆိုပါ အုပ်ချုပ်ရေးဆိုင်ရာ ဖမ်းဆီးထိန်းသိမ်းမှုမှာ တရားစွဲဆိုခြင်းမပြုဘဲ သို့မဟုတ် တရားရင်ဆိုင်ခွင့်မပေးဘဲ ပါလက်စတိုင်းများအား ၆ လ အကျဉ်းချထားနိုင်သည့် စနစ်ဖြစ်ပြီး ချုပ်နှောင်ထားသည့် ကာလကိုလည်း ထပ်တိုးနိုင်သည်။

    Ref: PressTV

  • လီဗာပူးလ်နှင့် သက်တမ်းတိုးရန် အဆင်သင့်မဖြစ်သေးဟု စတာလင်ဆို

    လီဗာပူးလ်နှင့် သက်တမ်းတိုးရန် အဆင်သင့်မဖြစ်သေးဟု စတာလင်ဆို

    ဧပြီ ၂၊ ၂၀၁၅
    M-Media

    273367DA00000578-3021731-image-a-41_1427907195627

    – မိမိအနေဖြင့် လီဗာပူးလ်အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် အဆင်သင့်မဖြစ်သေးဟု အင်္ဂလန်ကွင်းလယ်လူ ရဟီမ်း စတာလင်က ပြောကြားလိုက်ပြီး အသင်းမှထွက်ခွာတော့မည်ဆိုသည့် ကောလဟာလများကို ပိုမို မြင့်တက်လာစေခဲ့သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် BBC နှင့် အင်တာဗျူးတွင် အသက် ၂၀ အရွယ် စတာလင်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး
    အာဆင်နယ်က မိမိအား ခေါ်ယူရန် ဆက်သွယ်နေသည့်အတွက်လည်း ဂုဏ်ယူမိသည်ဟု ၀န်ခံခဲ့သည်။

    စတာလင်၏ လီဗာပူးလ်နှင့်သက်တမ်းမှာ ၂၀၁၇ ခုနှစ်မှ ကုန်ဆုံးမည်ဖြစ်ပြီး အသင်းက သက်တမ်းတိုးရန် ကမ်းလှမ်းထားသော်လည်း စတာလင်က ယခုအချိန်အထိ လက်ခံခြင်း မရှိသေးပေ။ ထို့ပြင် မိမိအနေဖြင့် နိုင်ငံရပ်ခြားတွင် သွားရောက်ကစားရန် အိပ်မက်လည်း ရှိနေသည်ဟု ၎င်းက BBC အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။

    လီဗာပူးလ်အသင်းကမူ ၎င်းတို့အား အသိပေးခြင်းမရှိဘဲ BBC နှင့် အင်တာဗျူးလုပ်ခဲ့သည့်အတွက် စတာလင်အား ဒေါသထွက်နေပြီး အသင်းတာဝန်ရှိသူအချို့ကမူ စတာလင်မှာ ယခုနှစ်နွေရာသီအတွင် အသင်းမှ ထွက်ခွာတော့မည်ဟု ယုံကြည်နေသည်။

    စာချုပ်သစ်နှောင့်နှေးရသည့်အကြောင်းအရင်းမှာ ငွေကြေးကြောင့်ဟု ပြောဆိုမှုများ ရှိနေပြီး စတာလင်ကမူ ငြင်းဆိုခဲ့သည်။

    “ငွေကြေးကြောင့် လုံးဝ မဟုတ်ပါဘူး။ ကျွန်တော် ဘယ်တော့မှ ငွေမမက်ပါဘူး။ ကစားသမားဘ၀တစ်လျှောက်လုံးမှာ ဖလားတွေရဖို့ပဲ ကျွန်တော်ပြောပါတယ်။ ဒါမျိုးပဲ ကျွန်တော်ပြောတာပါ” ဟု စတာလင်က အင်တာဗျူးတွင် ထည့်သွင်ဖြေကြားခဲ့သည်။

    ထို့ပြင် လီဗာပူးလ်တွင် ကစားရသည့်ကို ပျော်ရွှင်မိကြောင်း ပြီးခဲ့သည့်နှစ်က ယခုကဲ့သို့ သက်တမ်းတိုးရန် ကမ်လှမ်းလာပါက လက်ခံခဲ့လိမ့်မည်ဟု ၎င်းက ဆိုသည်။

    “တကယ်လို့များ။ (ပြီးခဲ့တဲ့နှစ်က) ဒီလိုအချိန်မှာ ကျွန်တော့်ကို သက်တမ်းတိုးဖို့အတွက် ကမ်းလှမ်းခဲ့ရင်၊ ကျွန်တော် မဆိုင်းမတွကို လက်မှတ်ထိုးခဲ့မှာ သေချာပါတယ်။ ပြီးတော့ ကျွန်တော် အခုတောင်းတဲ့ လစာထက်လည်း နည်းကောင်းနည်းမှာပါ”

    Ref: Dailymail

  • စစ်အုပ်ချုပ်ရေးကို ထိုင်းအစိုးရ အစားထိုးသွားမည်

    စစ်အုပ်ချုပ်ရေးကို ထိုင်းအစိုးရ အစားထိုးသွားမည်

    ဧပြီ ၁၊ ၂၀၁၅
    M-Media

    prayut-chan-o-cha

    – နိုင်ငံအတွင်း လက်ရှိကျင့်သုံးနေသည့် စစ်အုပ်ချုပ်ရေးဥပဒေအား အစားထိုးသွားမည်ဖြစ်ပြီး ဘုရင်ကြီး ဘူမိဘောထံမှ ခွင့်ပြုချက်တောင်းထားသည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    နိုင်ငံအတွင်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၀န်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာ၏ အစိုးရကို ထိုင်းစစ်တပ်က ပြီးခဲ့သည့် မေလတွင် ဖြုတ်ချခဲ့ပြီးနောက် တိုင်းပြည်အား စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်နေခဲ့ခြင်း ဖြစ်သည်။

    စစ်တပ်အကြီးအကဲဟောင်းဖြစ်ပြီး ၀န်ကြီးချုပ်နေရာကို ရယူထားသည့် ချန်အိုချာကမူ အဆိုပါ စစ်အုပ်ချုပ်ရေးအား အထူး လုံခြုံရေးဆိုင်ရာ ဥပဒေများဖြင့် အစားထိုးသွားမည်ဟု ပြောကြားခဲ့ပြီး လေ့လာသူများကမူ နိုင်ငံအတွင်း အာဏာရှင်စနစ်ကို ပို၍ နက်ရှိုင်းသွားစေမည်ဟု သုံးသပ်ခဲ့ကြသည်။

    စစ်အုပ်ချုပ်ရေးကို အစားထိုးမည့် ဥပဒေသစ်ကို မကြာမီ ပြဌာန်းသွားမည်ဟု ချန်အိုချာက ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ အစိုးရမှ တာဝန်ရှိသူများကမူ အဆိုပါ ဥပဒေသစ်က တိုင်းပြည်အတွက် ပိုမိုကောင်းမွန်သည့် ၀န်းကျင်ကို ဖန်တီးပေးမည်ဟု ဆိုသည်။

    ချန်အိုချာ ဦးဆောင်သည့် ထိုင်းအစိုးရမှာ လက်ရှိအချိန်တွင် လွတ်လပ်စွာ စုဝေးခွင့်၊ ဖော်ထုတ်ခွင့် အခွင့်အရေးများကို ပိတ်ပင်ထားပြီး မီဒီယာလွတ်လပ်ခွင့်ကိုလည်း ပိတ်ပင်ထားသည်။ ထို့ပြင် စစ်တပ်အနေဖြင့် နိုင်ငံတော် လုံခြုံရေးဆိုင်ရာနှင့် တော်ဝင်အသိုင်းအ၀ိုင်းအား အသရေဖျက်မှုများအတွက် တရားစီခွင့်အာဏာကို ရယူထားသည်။

    Ref: Channelnewsasia

  • အစ္စလာမ်သို့ သက်ဝင်လာသည့်အကြောင်းကို ချယ်ဆီးတိုက်စစ်မှူးဟောင်း အနယ်လ်ကာ ဖွင့်ဟ

    အစ္စလာမ်သို့ သက်ဝင်လာသည့်အကြောင်းကို ချယ်ဆီးတိုက်စစ်မှူးဟောင်း အနယ်လ်ကာ ဖွင့်ဟ

    ဧပြီ ၁၊ ၂၀၁၅
    M-Media

    29-3-15_Anelka-Decries-Frances-Islamophobia

    – လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်က အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာသည့် ဇာတ်လမ်းနှင့်အတူ နိုင်ငံအတွင်း အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာမှု၊ မြောက်အာဖရိက နွယ်ဖွားများအပေါ် ခွဲခြားဆက်ဆံမှုနှင့်ပတ်သက်၍
    ပြင်သစ်တိုက်စစ်မှူးဟောင်း အနယ်လ်ကာ ဖွင့်ဟ ပြောကြားလိုက်သည်။

    “မြောက်အာဖရိကနွယ်ဖွား ပြင်သစ်နိုင်ငံသားတွေဟာ လူ့အဖွဲ့အစည်းအတွက် အကျိုးရှိမယ့်အရာတွေကို လုပ်ဆောင်ပေးခဲ့ပေမယ့် ပြင်သစ်လူ့အဖွဲ့အစည်းကတော့ သူတို့ကို သံသယနဲ့ ကြည့်ကြပါတယ်။ သူတို့တွေရဲ့ ဘ၀လမ်းကြောင်းမှာ အခက်အခဲတွေ ရှိပါတယ်။ ဥပမာအားဖြင့် တကယ်လို့များ ခင်ဗျားဟာ စာပို့သင်္ကေတ မှားထည့်မိပြီး CV ဖောင်ပို့လိုက်တယ်၊ အဲဒီဖောင်ဟာ မွတ်စလင်အမည်လည်း ဖြစ်နေတယ်ဆိုရင်တော့ ခင်ဗျားကို အလုပ်အတွက် စဉ်းစားမှာ မဟုတ်တော့ပါဘူး” ဟု အနယ်လ်ကာက မတ်လ ၂၈ ရက်နေ့တွင် Al Arabiya သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ဇန်န၀ါရီလက လူ ၁၇ ဦး သေဆုံးခဲ့သည့် ပဲရစ်ရှိ မဂ္ဂဇင်းတိုက် တိုက်ခိုက်မှုနောက်ပိုင်း ပြင်သစ်နိုင်ငံ အစ္စလာမ်ကြောက်ရောဂါမှာ မြင့်တက်လာခဲ့ပြီး၊ အစ္စလာမ်ကြောက်ရောဂါ စောင့်ကြည့်ရေးအဖွဲ့၏ မှတ်တမ်းများအရ အဆိုပါ
    တိုက်ခိုက်မှုနောက်ပိုင်း မွတ်စလင်ဆန့်ကျင်ရေး အပြုအမူများမှာ ၂၁၄ ခုကျော် ရှိခဲ့ကာ ၂၀၁၄ ခုနှစ် တစ်နှစ်တာအတွင်း ဖြစ်ပွားခဲ့သည့် အရေအတွက်ထက်ပင် ပို၍ များပြားသည်ဟု ဆိုသည်။

    “အလုပ်ရဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ ခင်များရဲ့ အမည်၊ ခင်ဗျားရဲ့ ရုပ်ပုံကို ဖျောက်ထားရတာ ပြင်သစ်တစ်နိုင်ငံတည်း ရှိပါတယ်။ ဒီလိုခွဲခြားမှုမျိုးက လက်မခံနိုင်စရာပါပဲ” ဟု အနယ်လ်ကာက ထပ်လောင်းပြောကြားခဲ့သည်။

    ထို့ပြင် အနယ်လ်ကာမှာ ၎င်းအနေဖြင့် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့မှုကိုလည်း ဖွင့်ဟခဲ့သည်။

    “ကျွန်တော် အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့တဲ့အချိန်မှာ အသက် ၁၆ နှစ်ပဲ ရှိပါသေးတယ်။ ညီရင်းအကိုမောင်ရင်းနှမ ရှုထောင့်ကလွဲလို့ ဒီသက်ဝင်မှုက ကျွန်တော့်ဘ၀ကို ပုံစံမပြောင်းခဲ့ပါဘူး။ ဖြောင့်မတ်ခြင်း၊ တန်ဖိုးရှိစွာနေထိုင်းခြင်း စတဲ့ အစ္စလာမ်ကပြောတဲ့ နည်းလမ်းအတိုင်း အရင်ကတည်းက နေထိုင်ခဲ့ပြီး ရမ်ဇာန်ဥပုသ်လမှာလည်း ကျွန်တော်ဟာ ဥပုသ်သီလ ဆောက်တည်လေ့ရှိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော့် ပတ်ဝန်းကျင်က သူတွေ ဥပုသ်သီလဆောက်တည်တာကို အားကျလို့ပါ” ဟု အနယ်လ်ကာက ဆိုသည်။

    အစ္စလာမ်သို့ ပြောင်းလဲ သက်ဝင်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ အနယ်လ်ကာက “ကျွန်တော့်ကို အစ္စလာမ်ထဲရောက်အောင် လုပ်တဲ့ အကြောင်းအရာက အစ္စလာမ်ဟာ ကျွန်တော့်အတွက်လို့ အသေအချာမြင်လို့ပါ။ ဘုရားသခင်နဲ့ ဆက်သွယ်မှုကို ကျွန်တော်ခံစားရတယ်။ ပြီးတော့ ကျွန်တော့်ဘ၀ကို အလင်းရောင်ပေးခဲ့ပါတယ်။ အစ္စလာမ်ဟာ ကျွန်တော့်ရဲ့ အယူဝါဒပဲဆိုတာကို ကျွန်တော့်ရဲ့ နှလုံးသားကိုက ခံယူခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

    အနယ်လ်ကာမှာ လက်ရှိတွင် အလ်ဂျီးရီးယားကလပ် NAHD တွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေပြီး ၎င်းက အလ်ဂျီးရီးယား ဘောလုံးလောက တိုးတက်စေချင်သည်ဟုလည်း ပြောကြားခဲ့သည်။ အနယ်လ်ကာမှ ၁၉၉၄ ခုနှစ်က ယူအေအီးနိုင်ငံတွင် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်အမည်ကို အဗ်ဒူလ်-ဆလ်မာန် ဘီလာလ်ဟု မှည့်ခေါ်ခဲ့သည်။

    Ref: Onislam