ဧပြီ ၂၊ ၂၀၁၅
M-Media
– မိမိအနေဖြင့် လီဗာပူးလ်အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် အဆင်သင့်မဖြစ်သေးဟု အင်္ဂလန်ကွင်းလယ်လူ ရဟီမ်း စတာလင်က ပြောကြားလိုက်ပြီး အသင်းမှထွက်ခွာတော့မည်ဆိုသည့် ကောလဟာလများကို ပိုမို မြင့်တက်လာစေခဲ့သည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် BBC နှင့် အင်တာဗျူးတွင် အသက် ၂၀ အရွယ် စတာလင်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး
အာဆင်နယ်က မိမိအား ခေါ်ယူရန် ဆက်သွယ်နေသည့်အတွက်လည်း ဂုဏ်ယူမိသည်ဟု ၀န်ခံခဲ့သည်။
စတာလင်၏ လီဗာပူးလ်နှင့်သက်တမ်းမှာ ၂၀၁၇ ခုနှစ်မှ ကုန်ဆုံးမည်ဖြစ်ပြီး အသင်းက သက်တမ်းတိုးရန် ကမ်းလှမ်းထားသော်လည်း စတာလင်က ယခုအချိန်အထိ လက်ခံခြင်း မရှိသေးပေ။ ထို့ပြင် မိမိအနေဖြင့် နိုင်ငံရပ်ခြားတွင် သွားရောက်ကစားရန် အိပ်မက်လည်း ရှိနေသည်ဟု ၎င်းက BBC အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းကမူ ၎င်းတို့အား အသိပေးခြင်းမရှိဘဲ BBC နှင့် အင်တာဗျူးလုပ်ခဲ့သည့်အတွက် စတာလင်အား ဒေါသထွက်နေပြီး အသင်းတာဝန်ရှိသူအချို့ကမူ စတာလင်မှာ ယခုနှစ်နွေရာသီအတွင် အသင်းမှ ထွက်ခွာတော့မည်ဟု ယုံကြည်နေသည်။
စာချုပ်သစ်နှောင့်နှေးရသည့်အကြောင်းအရင်းမှာ ငွေကြေးကြောင့်ဟု ပြောဆိုမှုများ ရှိနေပြီး စတာလင်ကမူ ငြင်းဆိုခဲ့သည်။
“ငွေကြေးကြောင့် လုံးဝ မဟုတ်ပါဘူး။ ကျွန်တော် ဘယ်တော့မှ ငွေမမက်ပါဘူး။ ကစားသမားဘ၀တစ်လျှောက်လုံးမှာ ဖလားတွေရဖို့ပဲ ကျွန်တော်ပြောပါတယ်။ ဒါမျိုးပဲ ကျွန်တော်ပြောတာပါ” ဟု စတာလင်က အင်တာဗျူးတွင် ထည့်သွင်ဖြေကြားခဲ့သည်။
ထို့ပြင် လီဗာပူးလ်တွင် ကစားရသည့်ကို ပျော်ရွှင်မိကြောင်း ပြီးခဲ့သည့်နှစ်က ယခုကဲ့သို့ သက်တမ်းတိုးရန် ကမ်လှမ်းလာပါက လက်ခံခဲ့လိမ့်မည်ဟု ၎င်းက ဆိုသည်။
“တကယ်လို့များ။ (ပြီးခဲ့တဲ့နှစ်က) ဒီလိုအချိန်မှာ ကျွန်တော့်ကို သက်တမ်းတိုးဖို့အတွက် ကမ်းလှမ်းခဲ့ရင်၊ ကျွန်တော် မဆိုင်းမတွကို လက်မှတ်ထိုးခဲ့မှာ သေချာပါတယ်။ ပြီးတော့ ကျွန်တော် အခုတောင်းတဲ့ လစာထက်လည်း နည်းကောင်းနည်းမှာပါ”
Ref: Dailymail
Leave a Reply
You must be logged in to post a comment.