News @ M-Media

Blog

  • ရာသီဥတုဖောက်ပြန်မှုကုစားရေး စီမံကိန်းနှစ်ခုအတွက် အာရပ်နိုင်ငံများ ဒေါ်လာ ၁၀ ဘီလီယံ အသုံးပြုမည်

    ရာသီဥတုဖောက်ပြန်မှုကုစားရေး စီမံကိန်းနှစ်ခုအတွက် အာရပ်နိုင်ငံများ ဒေါ်လာ ၁၀ ဘီလီယံ အသုံးပြုမည်

    အောက်တိုဘာ ၂၆၊ ၂၀၂၁

    M-Media

    -အရှေ့အလယ်ပိုင်း စိမ်းလန်းရေးစီမံကိန်း(MGI) အတွက် ထိပ်သီးအစည်းအ၀ေးကို တနင်္လာနေ့က ဆော်ဒီအာရေဗျနိုင်ငံမှာ စတင်ကျင်းပခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀.၃၉ ဘီလီယံ ကုန်ကျမယ့် ရာသီဥတုဖောက်ပြန်မှု ကုစားရေး စီမံကိန်းနှစ်ခုကို ချပြခဲ့ပါတယ်။

    ဒီစီမံကိန်းနှစ်ခုမှာ ကာဘွန်ထုတ်လွှတ်မှု လျှော့ချရေး၊ ရာသီဥတုဖောက်ပြန်မှု ကုစားရေးအစီအစဥ် အများအပြား ပါ၀င်မှာပါ။ စီမံကိန်းမှာ ပါ၀င်မယ့် အရှေ့အလယ်ပိုင်းဒေသမှာ သစ်ပင်ပေါင်း ဘီလီယံ ၅၀ စိုက်ပျိုးရေး စီမံချက်ဟာ ကမ္ဘာ့အကြီးဆုံး သစ်ပင်စိုက်တဲ့လှုပ်ရှားမှု ဖြစ်လာမှာဖြစ်ပြီး၊ ကမ္ဘာသစ်တောပမာဏကို ၅ ရာခိုင်နှုန်း တိုးတက်စေမှာ ဖြစ်ပါတယ်။

    စီမံကိန်းကုန်ကျငွေရဲ့ ၁၅ ရာခိုင်နှုန်းကို ဆော်ဒီအာရေဗျက ကျခံကာ၊ ကျန်ပမာဏကို အရှေ့အလယ်ပိုင်းနိုင်ငံတွေ ထည့်၀င်မှာ ဖြစ်ပါတယ်။

    ဒေသတွင်း ကာဘွန်ထုတ်လွှတ်မှုမရှိတဲ့ စီးပွားရေးဖော်ဆောင်နိုင်ဖို့၊ ကမ္ဘာလူဦးရေ သန်းပေါင်း ၇၅၀ ကျော် အသုံးပြုနိုင်မယ့် သန့်ရှင်းလောင်စာ ထုတ်လုပ်နိုင်ရေး ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းတစ်ခု အကောင်အထည်ဖော်ဖို့အတွက် ဆော်ဒီအာရေဗျက ရန်ပုံငွေတစ်ရပ် မတည်သွားမယ်လို့လည်း ထိပ်သီးအစည်းအ၀ေး အဖွင့်မိန့်ခွန်းမှာ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားခဲ့ပါတယ်။

    MGI ထိပ်သီးအစည်းအ၀ေးကို အမေရိကန်ရဲ့ ပထမဆုံး ရာသီဥတုဆိုင်ရာ အထူးကိုယ်စားလှယ် ဂျွန်ကယ်ရီအပါအ၀င် ကမ္ဘာတစ်၀ှမ်းက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပြီး တစ်ပတ်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

    Ref : Arab News

  • ဆူဒန်တွင် အာဏာသိမ်းစစ်တပ်က ဆန္ဒပြပြည်သူကို ပစ်ခတ်သတ်ဖြတ်

    ဆူဒန်တွင် အာဏာသိမ်းစစ်တပ်က ဆန္ဒပြပြည်သူကို ပစ်ခတ်သတ်ဖြတ်

    အောက်တိုဘာ ၂၆၊ ၂၀၂၁

    M-Media

    ဆူဒန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ် အဘ်ဒဲလ်ဖာတာ အလ်-ဘူရ်ဟန်

    -ဆူဒန်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပြည်သူတွေကို စစ်တပ်က ပစ်ခတ်တာကြောင့် အနည်းဆုံး ၇ ဦး သေဆုံးပြီး ၁၄၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    ဗိုလ်ချုပ် အဘ်ဒဲလ်ဖာတာ အလ်-ဘူရ်ဟန် ဦးဆောင်တဲ့စစ်တပ်ဟာ အသွင်ပြောင်းအစိုးရရဲ့ ၀န်ကြီးချုပ် အဘ်ဒဲလာ ဟမ်ဒေါ့နဲ့ ၀န်ကြီးတွေကို မနေ့ကမနက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းကာ အာဏာသိမ်းလိုက်တာပါ။

    ၂၀၁၉ ခုနှစ် အာဏာရှင် အိုမာရ် အလ်-ဘရှီးကို ဖြုတ်ချပြီးနောက် စစ်တပ်နဲ့ အရက်ဖက် ပူးပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံတော်ကောင်စီကို ဖျက်သိမ်းကာ နိုင်ငံကို အရေးပေါ်အခြေအနေ ကြေငြာခဲ့ပါတယ်။

    ဆူဒန်ပြည်သူတွေက စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လမ်းပေါ်ထွက်ကာ အကြီးအကျယ် ဆန္ဒပြနေကြပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံး ဒဏ်ရာရမှုတွေလည်း ရှိလာပါတယ်။

    အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ် အဘ်ဒဲလ်ဖာတာ အလ်-ဘူရ်ဟန်က တိုင်းပြည်လုံခြုံအောင်လုပ်ဖို့ လိုအပ်နေပြီး ၂၀၂၃ ခုနှစ်ဇူလိုင်လမှာ ရွေးကောက်ပွဲကျင်းပပေးကာ ရွေးကောက်ခံအစိုးရထံ အာဏာလွှဲပြောင်းပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Aljazeera

  • စစ်ကောင်စီခန့် သံတမန်တစ်ဦးကို ထိပ်သီးအစည်းအဝေးတက်ရန် အာဆီယံက ဖိတ်ကြားထား

    စစ်ကောင်စီခန့် သံတမန်တစ်ဦးကို ထိပ်သီးအစည်းအဝေးတက်ရန် အာဆီယံက ဖိတ်ကြားထား

    အောက်တိုဘာ ၂၅၊ ၂၀၂၁၂
    M-Media

    အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး

    -အင်္ဂါနေ့ကနေ ကြာသာပတေးနေ့အထိ ကျင်းပပြုလုပ်ဖို့ရှိတဲ့ ထိပ်သီးအစည်းအဝေးမှာ တက်ရောက်ဖို့အတွက် စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်း သံတမန်တစ်ဦးကို အာဆီယံက ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

    အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေး ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ဆိုကာ အာဆီယံက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးတက်ခွင့် မပေးပါဘူး။ ဒါပေမယ့် နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးကို မြန်မာနိုင်ငံကိုယ်စား တက်ရောက်ခွင့်ပေးမယ်လို့ ဆိုပါတယ်။

    အစည်းအဝေးကို အွန်လိုင်းကနေ ကျင်းပပြုလုပ်မှာပါ။ ​မြန်မာကိုယ်စားပြုတက်ရောက်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို ဖိတ်ကြားထားပြီး မိမိတို့က တက်ခိုင်းမလားဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ အာဏာသိမ်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

    ထိပ်သီးအစည်းအဝေးဟာ ခေါင်းဆောင်တွေလုပ်တဲ့အစည်းအဝေးဖြစ်တာကြောင့် ခေါင်းဆောင်ကိုသာ ဖိတ်ကြားသင့်တယ်လို့လည်း သူက ဆိုပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရာမှာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဆက်လက်ဖိအားပေးသွားမယ်လို့ ထိပ်သီးအစည်းအဝေးအပြီး အာဆီယံဥက္ကဌက ထုတ်ပြန်မယ့် ကြေငြာချက်မူကြမ်းမှာ ဖော်ပြထားပါတယ်။

    Ref: Bloomberg

  • အာဖဂန်တွင် လူဦးရေထက်၀က်ကျော် ငတ်မွတ်သေဆုံးမည့်အန္တရာယ် ရှိနေ

    အာဖဂန်တွင် လူဦးရေထက်၀က်ကျော် ငတ်မွတ်သေဆုံးမည့်အန္တရာယ် ရှိနေ

    အောက်တိုဘာ ၂၅၊ ၂၀၂၁
    M-Media

    -တာလီဘန်လက်အောက်မှာ ကျရှုံးနိုင်ငံဖြစ်တော့မယ့် အာဖန်နစ္စတန်ကို မကယ်တင်နိုင်ရင် လူသန်းချီ အငတ်ဘေးဆိုက် သေဆုံးမယ့်အန္တရာယ် ရှိနေတယ်လို့ ကုလသမဂ္ဂက နိုင်ငံတကာအသိုင်းအ၀ိုင်းကို သတိပေးလိုက်ပါတယ်။

    အာဖဂန်နစ္စတန်ဟာ သြဂုတ်လ တာလီဘန်မအုပ်စိုးခင် အရင်ကတည်းက နိုင်ငံတကာရဲ့ ကူညီမှုနဲ့ ရပ်တည်နေရတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ တာလီဘန်က တစ်နိုင်ငံလုံး သိမ်းပိုက်လိုက်တဲ့အချိန်မှာ အလှုရှင်နိုင်ငံတွေက သူတို့ရဲ့ ကူညီထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ပါတယ်။

    ကုလ စားနပ်ရိက္ခာအဖွဲ့ (WFP) အကြီးအကဲ ဒေးဗစ် ဘီစလေက အာဖဂန်လူဦးရေ ၃၉ သန်းရဲ့ ထက်၀က်ကျော်ဖြစ်တဲ့ ၂၂.၈ သန်းဟာ စားနပ်ရိက္ခာပြတ်လတ်မှုကို ကြုံတွေ့နေရပြီး ငတ်မွတ်ခေါင်းပါးမှုဆီ ဦးတည်နေပြီလို့ သတိပေးခဲ့ပါတယ်။ တာလီဘန်မအုပ်စိုးခင် လွန်ခဲ့တဲ့ နှစ်လအရင်က ဒီအရေအတွက်ဟာ ၁၄ သန်းသာ ရှိခဲ့တာပါ။

    “ကလေးတွေ သေကြတော့မယ်။ လူတွေ ငတ်မွတ်ကြတော့မယ်။ အခြေအနေတွေ တော်တော်ကို ဆိုးရွားတော့မှာပါ”

    သူတို့အစိုးရကို အသိအမှတ်ပြုဖို့၊ ကူညီထောက်ပံ့မှုတွေ ပြန်ပေးဖို့ တာလီဘန်က ကမ္ဘာ့နိုင်ငံတွေကို တောင်းဆိုထားပေမယ့် နိုင်ငံတကာအသိုင်းအ၀ိုင်းကတော့ တွန့်ဆုတ်နေပါတယ်။

    ရာသီဥတုဖောက်ပြန်မှုကလည်း အာဖဂန်က စားနပ်ရိက္ခာ ပြတ်လတ်မှုကို ပိုမိုဆိုးရွားစေပါတယ်။ ကုလကတော့ စားနပ်ရိက္ခာ မလုံလောက်တဲ့ အာဖဂန်ပြည်သူ ၂၃ သန်းကို ကူညီပေးဖို့အတွက် တစ်လကို ကန်ဒေါ်လာ သန်း ၂၂၀ လောက် လိုအပ်တယ်လို့ ဆိုပါတယ်။

    တာလီဘန်အစိုးရဟာ သူတို့ မသိမ်းပိုက်ခင်က ရှိခဲ့တဲ့ စီးပွားရေးအနေအထား ပြန်ရောက်အောင် မလုပ်နိုင်သေးသလို အစိုးရ၀န်ထမ်းတွေကိုလည်း လခမပေးနိုင်ပါဘူး။ နိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အာဖဂန်မြို့နေလူထုကလည်း ကျေးလက်ဒေသကလူတွေနည်းတူ စားနပ်ရိက္ခာ မလုံလောက်မှုတွေကို ကြုံတွေ့လာရပါတယ်။

    Ref: Aljazeera

  • ဆူဒန်တွင် စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွား

    ဆူဒန်တွင် စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွား

    အောက်တိုဘာ ၂၅၊ ၂၀၂၁
    M-Media

    -အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဆူဒန်မှာ စစ်တပ်က ၀န်ကြီးချုပ်နဲ့ အစိုးရအရာရှိတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ကာ မြို့တော်ခါတွန်ကိုသွားတဲ့ လမ်းကြောင်းတွေကိုလည်း ပိတ်ထားလိုက်ပါတယ်။

    တနင်္ဂနွေနေ့ သန်းခေါင်းယံကတည်းက စစ်တပ်က အာဏာသိမ်းတယ်ဆိုတဲ့သတင်းတွေ ထွက်လာတာဖြစ်ပြီး တနင်္လာနေ့ မနက်ပိုင်းမှာတော့ ပြန်ကြားရေး၀န်ကြီးက ၀န်ကြီးချုပ် အဘ်ဒူလာ ဟမ်ဒေါ့ကို စစ်တပ်က အမည်မသိနေရာတစ်ခုဆီ ဖမ်းဆီးခေါ်ဆောင်သွားကာ အာဏာသိမ်းလိုက်တယ်လို့ FB စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ၀န်ကြီးချုပ်နဲ့အတူ အစိုးရအကြီးအကဲ တော်တော်များများလည်း အဖမ်းခံလိုက်ရပါတယ်။

    စစ်တပ်က အာဏာသိမ်းတယ်ဆိုတဲ့သတင်း ထွက်လာပြီးနောက်ပိုင်း ဆူဒန်ပြည်သူတွေဟာ လမ်းပေါ်ထွက်ကာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ပြုလုပ်လာပါတယ်။

    အာဏာရှင်ဟောင်း အိုမာရ် ဘရှီးကို ၂၀၁၉ ခုနှစ်မှာ စစ်တပ်က ဖြုတ်ချပြီးနောက်ပိုင်း ဆူဒန်ကို ၀န်ကြီးချုပ် အဘ်ဒူလာ ဟမ်ဒေ့ါ ဦးဆောင်တဲ့ ကြားဖြတ်အစိုးရက အုပ်စိုးနေတာပါ။ အာဏာရှိစဥ်မှာကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် ဘရှီးကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ကို တင်ဖို့လည်း ဆူဒန်အစိုးရက ကြိုးစားနေပါတယ်။

    ဒါပေမယ့် စစ်တပ်နဲ့ ကြားဖြတ်အစိုးရတို့အကြား သဘောထားမတိုက်ဆိုင်မှုတွေ ပြီးခဲ့တဲ့ လတွေအတွင်း မြင့်တက်လာခဲ့ပါတယ်။

    စစ်တပ်က ခေါင်းဆောင်တစ်ချို့နဲ့ အာဏာရှင်ဟောင်း ဘရှီးကို ထောက်ခံသူတွေ ပူးပေါင်းပြီး အာဏာသိမ်းဖို့ ကြိုးစားခဲ့ပြီး တားဆီးနိုင်ခဲ့တယ်လို့ ကြားဖြတ်အစိုးရက စက်တင်ဘာလမှာ ထုတ်ပြန်ဖူးပါတယ်။

    အာဏာသိမ်းစစ်တပ်ဟာ လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး နိုင်ငံကို အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။

    Ref: Aljazeera