News @ M-Media

Blog

  • ဂျာမနီတွင် လက်ယာစွန်းရောက်နှင့် ဖက်စစ်ဆန့်ကျင်ရေးအဖွဲ့တို့ ထိပ်တိုက်တွေ့

    ဂျာမနီတွင် လက်ယာစွန်းရောက်နှင့် ဖက်စစ်ဆန့်ကျင်ရေးအဖွဲ့တို့ ထိပ်တိုက်တွေ့

    မတ် ၂၉၊ ၂၀၁၅
    M-Media

    germany-left-right-protest.si

    – ဂျာမနီနိုင်ငံ အနောက်ပိုင်းရှိ ဒေါ့မွန်မြို့တွင် လက်ယာစွန်းရောက်အုပ်စုနှင့် ၎င်းတို့အား ဆန့်ကျင်သည့် ဖက်စစ်ဆန့်ကျင်ရေးအဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ရသည်ဟုသိရသည်။

    လက်ယာစွန်းရောက် အဖွဲ့ဝင် ၁၀၀ ကျော်ခန့်မှာ လက်ယာစွန်းရောက်သမားတစ်ဦးက လူငယ်တစ်ဦးအား မြေအောက်ရထားဘူတာတွင် ဓားဖြင့်ထိုးသတ်ခဲ့သည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယမန်နေ့က ဒေါ့မွန်ရှိလမ်းများပေါ်တွင် ချီတက်ခဲ့ကြပြီး ၎င်းတို့နှင့် မနီးမဝေးတွင် ဖက်စစ်ဆန့်ကျင်ရေးအဖွဲ့များကလည်း တန်ပြန်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

    လက်ယာစွန်းရောက်အဖွဲ့မှာ နိုင်ငံအတွင်း နိုင်ငံရပ်ခြားမှ ပြောင်းရွှေ့အခြေချမှု ဆန့်ကျင်ရေးနှင့် မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်ပြီး အင်အား၂၀၀၀ ခန့်ရှိသည့် ဖက်စစ်ဆန့်ကျင်ရေးအဖွဲ့မှာ “အရင်းရှင်ဝါဒ တိုက်ဖျက်ကြ” “ရွှေ့ပြောင်းအခြေချမှုက လူမှုဖွံ့ဖြိုးရေးကို ဖြစ်စေသည်” စသည့် ကြော်ငြာများကို ကိုင်ဆောင်ခဲ့ကြသည်။

    ထို့နောက် ဖက်စစ်ဆန့်ကျင်ရေးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ ကာထားသည့်ကြားမှ လက်ယာစွန်းရောက် အဖွဲ့ထံသို့ ရောက်ရှိအောင် ကြိုးစားခဲ့ကြပြီး နောက်ပိုင်းတွင် ရေသန့်ဘူးများ၊ မီးရှူးမီးပန်းများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ သို့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ချေ။

    ရဲတပ်ဖွဲ့ကမူ ထိုအုပ်စုနှစ်ခု၏ ဆန္ဒပြမှုများ တိုက်ခိုက်မှုဆီသို့ ဦးတည်မသွားစေရန် ထိန်းသိမ်းခဲ့ကြပြီး အခြားသောမြို့များတွင်လည်း ထိုကဲ့သို့ ဖြစ်ပွားရန် အလားအလာရှိနေသောကြောင့် ဂျာမနီတစ်ဝှမ်း ထောင်နှင့်ချီသော ရဲတပ်ဖွဲ့ဝင်များကို ချထားခဲ့ကြသည်။

    Ref: RT

  • မက္ကဆီကိုတွင် ဓာတ်ဆီကားတိမ်းမှောက်ပေါက်ကွဲရာမှ လူ ၄ ဦး သေဆုံး

    မက္ကဆီကိုတွင် ဓာတ်ဆီကားတိမ်းမှောက်ပေါက်ကွဲရာမှ လူ ၄ ဦး သေဆုံး

    မတ် ၂၉၊ ၂၀၁၅
    M-Media

    mexico-spilled-gasoline-explosion.si

    – မက္ကဆီကိုနိုင်ငံတွင် တိမ်းမှောက်သွားသော ဓာတ်ဆီတင်ယာဉ် မီးလောင်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦး အပါအ၀င် လူ ၄ ဦးသေဆုံးခဲ့ပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    နိုင်ငံတောင်ပိုင်း တိုဘက်စ်ကို ပြည်နယ်ရှိ မြို့ ၂ မြို့အကြားရှိ လမ်းတစ်ခုတွင် ဓာတ်ဆီ ၁၅၈၅၀ ဂါလံ တင်ဆောင်လာသော ကားကြီးမှာ ယမန်နေ့က တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် မီးလောင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

    ကားတိမ်းမှောက်ရာမှ ဖိတ်စင်ကျလာသော ဓာတ်ဆီများကို အနီးတစ်ဝိုက်ရှိ ဒေသခံများက လာရောက် ယူဆောင်ခဲ့ကြပြီး အာဏာပိုင်များက ပေါက်ကွဲနိုင်သည်ဟု ဆိုကာ ထိုနေရာနှင့် အဝေးသို့သွားရန် သတိပေးခဲ့သော်လည်း အဆိုပါ သတိပေးချက်ကို ဒေသခံများက လိုက်နာခဲ့ခြင်းမရှိပေ။

    သေဆုံးသူ ၄ ဦးတွင် ၂ ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ကာ အခြား ၂ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့သည်။

    “လိုချင်တပ်မက်စိတ်နဲ့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေကို မလိုက်နာကြတဲ့ သူတွေဟာ အန္တရာယ်ကို မကြည့်ဘဲ ဓာတ်ဆီတွေကို ယူငင်ခဲ့ကြပါတယ်” ဟု လူထုလုံခြုံရေးအေဂျင်စီက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

    ဒဏ်ရာရရှိသူ အများစုမှာ ပေါက်ကွဲမှုကြောင့် ပြင်းထန်သော မီးလောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့သည်ဟု ပြည်နယ်ကျန်းမာရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    Ref: RT

  • လေယာဉ်ပျံသန်းစဉ် လေယဉ်မှူးနှစ်ဦးစလုံးရှိရမည့် ဥပဒေသစ်တစ်ရပ်ကို ဥရောပလေကြောင်လိုင်းများ  ပြဌာန်း

    လေယာဉ်ပျံသန်းစဉ် လေယဉ်မှူးနှစ်ဦးစလုံးရှိရမည့် ဥပဒေသစ်တစ်ရပ်ကို ဥရောပလေကြောင်လိုင်းများ ပြဌာန်း

    မတ် ၂၉၊ ၂၀၁၅
    M-Media

    0,,18343106_303,00

    – ဂျာမန်လေကြောင်းလိုင်း Germanwings မှ ခရီးသည်တင်လေယာဉ်မှာ တွဲဘက်လေယာဉ်မှူးကြောင့် ပျက်ကျခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ဂျာမနီအပါအ၀င် ဥရောပနိုင်ငံများမှ လေကြောင်းလိုင်းများမှာ လေယာဉ်မောင်းခန်းအတွက် ဥပဒေအသစ်ကို ပြဌာန်းလိုက်သည်ဟု သိရသည်။

    အင်္ဂါနေ့က ပြင်သစ်နိုင်ငံ အလ်ပ်စ်တောင်တန်းတွင် ပျက်ကျသွားခဲ့သည့် အဆိုပါလေယာဉ်မှ ရရှိသော မှတ်တမ်းများအရ ပျက်ကျသည့်အချိန်တွင် လေယာဉ်မှူးအခန်းတွင် တွဲဘက်လေယာဉ်မှူးတစ်ဦးသာ ရှိပြီး အခန်းကိုလည်း သော့ပိတ်ထားသောကြောင့် အခြားလေယာဉ်မှူးမှာလည်း အထဲသို့ ၀င်၍ မရခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

    ထိုအဖြစ်အပျက်ကြောင့် ဂျာမနီရှိ လေကြောင်းလိုင်းများမှာ ၎င်းတို့၏ လေယာဉ်ခရီးစဉ်များတွင် ခရီးစဉ်တစ်လျှောက်လုံး၌ လေယာဉ်မှူး ၂ ဦး လေယာဉ်မောင်းခန်းထဲတွင် ရှိနေရမည်ဟု စည်းကမ်းသတ်မှတ်ခဲ့သည်။

    “လေယာဉ်မောင်းအခန်းထဲမှာ တစ်ချိန်လုံး အခွင့်အာဏာရှိသူ ၂ ဦး ရှိဖို့ လိုအပ်တယ်ဆိုတဲ့ ကနဦး လုပ်ငန်းစဉ်ကို ပထမခြေလှမ်းအဖြစ် သတ်မှတ်ခဲ့ပါတယ်” ဟု ဂျာမန်လေကြောင်းဌာန BDL က သောကြာနေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

    BDL မှ ပြောရေးဆိုခွင့်ရှိသူ ခရစ္စတင်း ကိုလ်မာကမူ Germanwings ၏ မိခင်ကုမ္ပဏီဖြစ်သော Lufthansa Group အပါအ၀င် မိမိတို့လက်အောက်ရှိ လေကြောင်းလိုင်းများအားလုံးမှာ အဆိုပါ စည်းကမ်းကို လိုက်နာရမည်ဟု ဆိုသည်။ ထို့ပြင် ၎င်းတို့လက်အောက်ခံမဟုတ်သည့် လေကြောင်းလိုင်းအများအပြားမှာလည်း အဆိုပါ စည်းကမ်းချက်အသစ်ကို ချမှတ်အသုံးပြုရန် ဆန္ဒရှိနေသည်။

    နော်ဝေလေကြောင်းလိုင်း၊ အိုက်စလန်လေကြောင်းလိုင်းတို့ အပါအ၀င် ဥရောပရှိ အခြားသောလေကြောင်းလိုင်းများမှာလည်း ၎င်းတို့၏ လေယာဉ်မှူးအခန်း စည်းမျဉ်းများကို ပြေားလဲလိုက်ပြီဟု ကြေညာခဲ့သည်။

    ဥရောပ လေကြောင်းအန္တရာယ်ကင်းရှင်းရေး အေဂျင်စီ EASA က သောကြာနေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ လေယာဉ်ခရီးစဉ်တစ်လျှောက် လေယာဉ်မောင်းခန်းထဲတွင် (လေယာဉ်မှူး ၂ ဦးအပြင်) အနည်းဆုံး လေယာဉ်အမှူထမ်း ၂ ဦး ရှိနေရမည်ဖြစ်ပြီး ထိုအထဲမှ အနည်းဆုံး တစ်ဦးမှာ အသိအမှတ်ပြုလက်မှတ်ရ လေယာဉ်မှူးဖြစ်ရမည်ဟု အကြံပြုခဲ့သည်။

    ထို့ပြင် လေယာဉ်မောင်းအခန်းထဲမှ အမှုထမ်းတစ်ဦး လုပ်ငန်းပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ လိုအပ်ချက်ကြောင့် အပြင်သို့သွားခြင်းနှင့် သက်ဆိုင်သော ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးဆိုင်ရာ အန္တရာယ်များကို လေကြောင်းလိုင်းများက ပြန်လည် ဆန်းစစ် အဖြေရှာသင့်သည်ဟုလည်း EASA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    Ref: Xinhua

  • ယူရိုခြေစစ်ပွဲအောင်ရန် လုပ်စရာများ ရှိနေသေးသည်ဟု ဘေးလ်ပြော

    ယူရိုခြေစစ်ပွဲအောင်ရန် လုပ်စရာများ ရှိနေသေးသည်ဟု ဘေးလ်ပြော

    မတ် ၂၉၊ ၂၀၁၅
    M-Media

    1155572_heroa

    – အဝေးကွင်းတွင် အစ္စရေးအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သော်လည်း ယူရိုခြေစစ်ပွဲအောင်ရေး လုပ်စရာများ မပြီးဆုံးသေးဟု ဝေးလ်စ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်သည်။

    ယနေ့နံနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် လာလီဂါ၌ ခြေစွမ်းမပြနိုင်မှုကြောင့် ဝေဖန်ခံနေရသည့် တိုက်စစ်မှူး ဂါရက်ဘေးလ်က ၂ ဂိုး သွင်းယူပေးခဲ့ကာ ၁ ဂိုး ဖန်တီးပေးခဲ့သည်။

    အုပ်စုထိပ်ဆုံး ၂ သင်း တွေ့ဆုံခဲ့သည့် အဆိုပါပွဲတွင် အနိုင်ရရှိခဲ့ခြင်းကြောင့် ရှုံးပွဲမရှိသေးသည့် ဝေးလ်စ်မှာ အုပ်စု B ကို ဦးဆောင်နိုင်ခဲ့သော်လည်း ဘေးလ်ကမူ အားထုတ်မှုကို လျှော့ချလိုခြင်း မရှိပေ။

    “အသင်းကို ကောင်းမွန်တဲ့အနေအထားကို ကျွန်တော်တို့ ပို့ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လုပ်စရာတွေအများကြီး ကျန်ပါသေးတယ်။ ပြီးတော့ ကျွန်တော်တို့လုပ်နိုင်တာအားလုံးက ဆက်လက်တိုက်ပွဲဝင်သွားပြီး ဆက်လက်ကြိုးစားသွားဖို့ပါပဲ” ဟု ဘေးလ်က Sky Sports သို့ ပြောကြားခဲ့သည်။

    ထိုပွဲတွင် ဘေးလ်မှာ ရမ်ဆေးနှင့် တွဲဖက်ညီစွာ ကစားနိုင်ခဲ့သည်။ ယူရို ၂၀၁၆ ပြိုင်ပွဲ နောက်ဆုံးအဆင့် ပြိုင်ပွဲဝင်အရေအတွက်ကို ယခင် ၁၆ သင်းမှ ၂၄ သင်းသို့ တိုးချဲ့ခဲ့ပြီးနောက် ပြိုင်ပွဲတိုင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့သည့် ဝေးလ်စ်ကဲ့သို့ အလယ်အလတ်အသင်းများမှာ နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် ၀င်ရောက်ကစားနိုင်ရန်အတွက် မျှော်လင့်ချက် ရှင်သန်လာခဲ့သည်။

    ယခုနှစ် ယူရိုခြေစစ်ပွဲ အောင်ပါက ဝေးလ်စ်မှာ ၁၉၈၅ ခုနှစ်နောက်ပိုင်း အဓိက ပြိုင်ပွဲတွင် ပထမဆုံး ခြေစစ်ပွဲ အောင်မြင်ခြင်းလည်း ဖြစ်မည်ဖြစ်သည်။

    အုပ်စုပတ်လည် အမှတ်ပေးစနစ်ဖြင့် ကစားသည့် ယူရိုခြေစစ်ပွဲတွင် အုပ်စု ၉ ခုမှ ပထမနှင့် ဒုတိယနေရာရသည့် အသင်းများနှင့် အကောင်းဆုံး တတိယအသင်းမှာ တိုက်ရိုက်ခြေစစ်ပွဲ အောင်မည်ဖြစ်ပြီး ကျန်ရှိသည့် အုပ်စု တတိယ ၈ သင်းမှာ မဲစနစ်ဖြင့် ရှုံးထွက်ပွဲကစားကာ ၄ သင်းမှာ ခြေစစ်ပွဲအောင်မည်ဖြစ်သည်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ပြင်သစ်အသင်းမှာ အလိုအလျောက်
    ပါဝင်ကစားခွင့် ရထားသည်။

    Ref: Goal.com

  • အသင်းပြဿနာအား မည်သို့ဖြေရှင်းရမည်ကို မသိတော့ဟု ဟစ်ဒင့်ပြော

    အသင်းပြဿနာအား မည်သို့ဖြေရှင်းရမည်ကို မသိတော့ဟု ဟစ်ဒင့်ပြော

    မတ် ၂၉၊ ၂၀၁၅
    M-Media

    daley-blind-guus-hiddink-netherlands-turkey-european-championsip-qualifier_1u4gagr1vkba91lhs6mc7mkwzp

    – မိမိတို့အသင်းမှာ ဥရောပ၏ အကောင်းဆုံးအသင်းမဟုတ်ဘဲ လက်ရှိအချိန်တွင် အသင်း၏ ပြဿနာကို မည်ကဲ့သို့ ဖြေရှင်းရမှန်း မသိတော့ဟု နယ်သာလန်အသင်း နည်းပြဖြစ်သူ ဂူစ် ဟစ်ဒင့်က ပြောကြားလိုက်သည်။

    ယနေ့နံနက်က ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် တူရကီအသင်းနှင့် အိမ်ကွင်း၌ ကစားသည့်ပွဲတွင် နယ်သာလန်မှ ပွဲချိန်ပြည့်သည်အထိ ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့ပြီး နာကျင်အချိန်ပိုရောက်မှ ဆနိုက်ဒါ၏ ကန်ချက် လူထိလမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားခြင်းကြောင့် ၁ ဂိုးစီ သရေကျခဲ့သည်။

    အုပ်စု A တွင် နယ်သာလန်မှာ ထိပ်ဆုံးမှ ချက်အသင်းနှင့် ၆ မှတ်အကွာ တတိယနေရာတွင်ရှိနေပြီး ဟစ်ဒင့်ကမူ မိမိတို့အသင်းမှာ ဥရောပ၏ အကောင်းဆုံးအသင်းများထဲမှမဟုတ်ဟု တူရကီနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    “တစ်ကယ်တော့ အသင်း အကောင်းဆုံးကို ပြန်ရောက်အောင် ကျွန်တော်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဘယ်လိုလုပ်ရမလဲ မသိသေးပါဘူး။ (ဒီပွဲဟာ) ကျွန်တော်တို့အတွက် ပွဲကောင်းတစ်ပွဲတော့ မဟုတ်ခဲ့ပါဘူ။ ဒါပေမယ့် ရလဒ်အတွက်တော့ ကျေနပ်ပါတယ်။ အဆုံးမှာတော့ ဒါဟာ အရေးပါတဲ့ သရေပွဲပါပဲ။ ကျွန်တော်တို့ သိပ်ပြီး အကြီးကြီးပြောလို့ မရပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ ဥရောပရဲ့ ထိပ်တန်းအသင်းထဲမှာ မပါလို့ပါပဲ” ဟု ဟစ်ဒင့်က NOS သို့ ပြောကြားခဲ့သည်။

    နယ်သာလန်အသင်းမှာ ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ခြေစွမ်းကောင်းများပြသနိုင်ခဲ့ပြီး အိမ်ရှင်ဘရာဇီးလ်ကို အနိုင်ကစားကာ တတိယနေရာ ရရှိခဲ့သည်။ သို့သော်လည်း ဟစ်ဒင်ကမူ မိမိတို့မှာ ယခုလက်ရှိ အခြေအနေကို ကြည့်ရမည်ဟု ပြောကြားခဲ့သည်။

    Ref: Goal.com