News @ M-Media

Blog

  • ရီယဲလ်အသင်းကြီးတွင် နည်းပြချင်သည်ဟု ဇီဒိန်းဖွင့်ဟ

    ရီယဲလ်အသင်းကြီးတွင် နည်းပြချင်သည်ဟု ဇီဒိန်းဖွင့်ဟ

    မတ် ၃၀၊ ၂၀၁၅
    M-Media

    zinedine-zidane-real-madrid_13cu3276qvq3b1sn2nida8y4c9 (1)

    – အသင်းကြီးအား နည်းပြရန် အသင်းက ကမ်းလှမ်းခဲ့ပါက မိမိအနေဖြင့် လက်ခံသွားမည်ဟု ရီးယဲလ်ကွင်းလယ်လူဟောင်း ဇီဒိန်းက ပြောကြားလိုက်သည်။

    ဇီဒိန်းမှာ ယခုလက်ရှိတွင် ရီးယဲလ်အရန်အသင်းကို ကိုင်တွယ်နေပြီး ယခုနှစ်အစပိုင်းကတည်းက ရုန်းကန်နေရသည့် ရီးယဲလ်အသင်းကြီးနည်းပြ အန်ဆယ်လော့တီ၏ အနာဂတ်နှင့်ပတ်သက်၍ ကောလဟာလများ ထွက်ခဲ့ပြီးနောက်ပိုင်း အသင်းကြီးနည်းပြဖြစ်လိုသော ၎င်း၏ ဆန္ဒကို ဇီဒိန်းက ပထမဆုံးအကြိမ် ဖွင့်ဟ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    “ရီးယဲလ်အသင်းနည်းပြအဖြစ် ကျွန်တော့်ကို ကမ်းလှမ်းလာမယ်ဆိုရင် ကျွန်တော် အသေအချာကို သဘောတူမှာပါ။ ဒါပေမယ့် အခုလက်ရှိမှာတော့ ကောင်းမွန်စွာ ကိုင်တွယ်နေတဲ့ နည်းပြ ရှိနေပါတယ်။ ပြီးတော့ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို တည်ဆောက်နေပြီး သင်ယူနေဆဲ အဆင့်မှာသာ ရှိပါသေးတယ်” ဟု ဇီဒိန်းက Canal+ သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် အဆင်သင့်မဖြစ်သေးကြောင်း ကစားသမားဘ၀တွင် ၂ နှစ်လောက်မှာ တဖြည်းဖြည်းဖြင့် တည်ဆောက်ခဲ့ရပြီး နည်းပြဘ၀တွင်လည်း ထိုကဲ့သို့ဖြစ်ကြောင်း၊ ဇီဒိန်းက ထည့်သွင်းပြောကြားခဲ့ကာ နည်းပြ အန်ဆယ်လော့တီကိုလည်း ချီးကျူးခဲ့သည်။

    “ကာလို (အန်ဆယ်လော့တီ)ဆီက ကျွန်တော် အများကြီး သင်ယူခဲ့ပါတယ်။ ပြီးတော့ သူ့ကို ကျွန်တော် ဘယ်လိုထင်လဲဆိုတာ သူသိပါတယ်။ လူတွေက ဘာတွေပဲပြောနေပြောနေ သူဟာ မက်ဒရစ်အတွက် အသင့်တော်ဆုံးနည်းပြပါပဲ”

    ဇီဒိန်းမှာ ၂၀၀၆ ခုနှစ် ကစားသမားဘ၀မှ အနားယူခဲ့စဉ်မှ စ၍ ပထမအသင်းကို ကိုင်တွယ်ဖူးခြင်း မရှိသေးဘဲ ရီးယဲလ်အား မော်ရင်ဟိုကိုင်တွယ်စဉ်က လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ပြီးခဲသည့်နှစ်ကလည်း အန်ဆယ်လော့တီ၏ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သည်။

    ဇီဒိန်းက ၎င်းမှာ မော်ရင်ဟိုထံမှ အရှုံးမပေးသည့် စိတ်ဓာတ်ကို သင်ယူနိုင်ခဲ့ပြီး မော်ရင်ဟိုမှာ ပြတ်သားသော်လည်း ကစားသမားများအတွက် အရာအားလုံးကို လုပ်ပေးသူဖြစ်ကြောင်း အန်ဆယ်လော့တီမှာ ပို၍သည်ခံမှုရှိပြီး ပြတ်သားရမည့်နေရာတွင်လည်း ပြတ်သားရမည်ကို သိရှိကြောင်း ပြောကြားခဲ့သည်။

    Ref: Goal.com

  • စင်ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယု၏ ဈာပနအခမ်းအနား ကျင်းပ

    စင်ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယု၏ ဈာပနအခမ်းအနား ကျင်းပ

    မတ် ၃၀၊ ၂၀၁၅
    M-Media

    commonwealth-cortege-lky-data

    – စင်ကာပူနိုင်ငံကို တံငါကျွန်းကလေးဘ၀ကနေ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုဖြစ်လာအောင် ဦးဆောင်လမ်းပြ ပေးခဲ့ပြီး စင်ကာပူရဲ့ ဖခင်ကြီးလို့ တင်စားခံရတဲ့ မစ္စတာ လီကွမ်ယုရဲ့ နိုင်ငံတော် ဈာပနအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ပါတယ်။

    အဆုတ်ရောဂါနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့က ကွယ်လွန်သွားခဲ့တဲ့ မစ္စတာလီကွမ်ယုအတွက် မိသားစု ဈာပနအခမ်းအနား ကျင်းပခဲ့ပြီးတဲ့နောက် ရုပ်ကလပ်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစလို့ ပါလီမန်အဆောက်အဦးမှာ ထားခဲ့ပြီး တစ်ကာပူတစ်နိုင်ငံလုံးနဲ့ အခြားနိုင်ငံက အကြီးအကဲတွေ လာရောက် ဂါရ၀ပြုခွင့် ပေးခဲ့ပါတယ်။

    တရားဝင်စာရင်းအရ လာရောက် ဂါရ၀ပြုသူအရေအတွက်ဟာ တစ်နာရီကို ပျမ်းမျှ ၆၅၀၀ ခန့်ရှိပြီး ဗုဒ္ဓဟူးနေ့ကနေ စနေနေ့အထိ လူပေါင်း ၄၅၄၆၈၇ ဦးအထိ ရှိခဲ့ပါတယ်။

    မနေ့က ကျင်းပခဲ့တဲ့ ဈာပနအခမ်းအနားမှာ မစ္စတာလီကွမ်ယုရဲ့ ရုပ်ကလပ်ကို ပါလီမန်အဆောက်ဦးကနေ ဂုဏ်ပြုတပ်ဖွဲ့၊ သားဖြစ်သူ လက်ရှိဝန်ကြီးချုပ် လီရှန်လွန်းအပါအ၀င် မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက် အဟောင်းတွေနဲ့အတူ တက္ကသိုလ် ယဉ်ကျေးမှုစင်တာ UCC ကို သယ်ဆောင်ခဲ့ကြပါတယ်။

    အဲဒီလိုသယ်ဆောင်စဉ်အတွင်းမှာ မစ္စတာလီကွမ်ယု အလုပ်လုပ်ခဲ့တဲ့ ပါလီမန်ဟောင်း အဆောက်အအုံ၊ အမျိုးသားနေ့ စစ်ရေးပြမှု ပထမဆုံးပြုလုပ်ခဲ့တဲ့ Padang ကွင်းပြင်၊ ၁၉၅၉ ခုနှစ်မှာ မစ္စတာ လီကွမ်ယုရဲ့ PAP ပါတီအစိုးရ အနိုင်ရပြီး ချီတက်ခဲ့တဲ့ မြို့တော်ခန်းမအဟောင်း စသဖြင့် သမိုင်းဝင်နေရာတွေကို ဖြတ်သန်း သွားခဲ့ပါတယ်။

    တစ်ချိန်တည်းမှာပဲ စစ်ကာပူစစ်တပ်ကလည်း သေနတ် ၂၁ ချက်ပစ်ဖောက် အလေးပြုခဲ့ကြပါတယ်။ Esplanade တံတားကို ဖြတ်သန်းသွားတဲ့အချိန်မှာတော့ စင်ကာပူရေတပ်က ချီတက်ခုတ်မောင်းကာ ဥသြဆွဲ ဂါရ၀ ပြုခဲ့ကြပြီး လေတပ်က တိုက်လေယာဉ်တွေကတော့ လေပေါ်မှာ ပျံဝဲကာ ဂါရ၀ ပြုခဲ့ကြပါတယ်။

    မစ္စတာလီကွမ်ယုရဲ့ ရုပ်ကလပ်ကို တင်ဆောင်တဲ့ယာဉ်တန်းဟာ မြို့ရဲ့အခြားနေရာတွေကို ဖြတ်သန်းပြီးနောက်ပိုင်းမှာတော့ စင်ကာပူရဲ့ သံယဇာတရင်းမြစ်ဟာ လူ့စွမ်းအားအရင်းအမြစ်ဖြစ်တယ်ဆိုတဲ့ လီကွမ်ယုရဲ့ သဘောထား အခြေတည် ဖော်ဆောင်ခဲ့ရာ စင်ကာပူအမျိုးသားတက္ကသိုလ်ထဲကို ၀င်ရောက်သွားခဲ့ပါတယ်။

    တက္ကသိုလ်ထဲက UCC မှာပြုလုပ်တဲ့ နိုင်ငံတော် ဈပနာအခမ်းအနားကို မိသားစုဝင်တွေ၊ စင်ကာပူခေါင်းဆောင်တွေ၊ နိုင်ငံရပ်ခြားက အကြီးအကဲတွေနဲ့ သာမန် စင်ကာပူနိုင်ငံသားတွေ စုစုပေါင်း ၂၂၀၀ ကျော်လောက် တက်ရောက်ခဲ့ကြပြီး မစ္စတာလီကွမ်ယုကို တစ်နိုင်ငံလုံး တစ်မိနစ်ခန့် ငြိမ်သက် ဂါရ၀ ပြုခဲ့ကြပါတယ်။

    ဈာပနအခမ်းအနား ပြုလုပ်မယ့် နေရာကို သယ်ဆောင်သွားတဲ့ လမ်းဘေးဝဲယာ တစ်လျှောက်လုံးမှာ သိန်းနဲ့ ချီတဲ့ စင်ကာပူပြည်သူတွေဟာ သူတို့ရဲ့ ခေါင်းဆောင်ကြီးကို မိုးတစ်ဖွဲဖွဲကြားမှာ နောက်ဆုံး နှုတ်ဆက်ခဲ့ကြပါတယ်။

    သားဖြစ်သူ လီရှန်လွန်းကတော့ မစ္စတာလီကွမ်ယု တည်ထောင်ပေးခဲ့တဲ့ ကြွယ်ဝတဲ့ စင်ကာပူနိုင်ငံကြီးဟာ သူ့ရဲ့ အထိမ်းအမှတ် အဆောက်အဦးပဲဖြစ်တယ်လို့ ဈာပနအခမ်းနားမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    မစ္စတာလီကွမ်ယုကို နောက်ဆုံးဂါရပြုဖို့အတွက် စင်ကာပူတစ်နိုင်ငံလုံးမှာ နေရာ ၁၈ နေရာသတ်မှတ်ပေးခဲ့ပြီး အဲဒီနေရာတွေကို လာရောက် ဂါရ၀ပြုကြသူအရေအတွက်ဟာ ပြီးခဲ့တဲ့ ၆ ရက်အတွင်းမှာ ၁.၂ သန်းလောက် ရှိခဲ့ပါတယ်။

  • အစွန်းရောက်မှုကို တွန်းလှန်ရေး လူငယ်ပွဲတော်တစ်ခုကို ဗြိတိန် မွတ်စလင်များ ပြုလုပ်

    အစွန်းရောက်မှုကို တွန်းလှန်ရေး လူငယ်ပွဲတော်တစ်ခုကို ဗြိတိန် မွတ်စလင်များ ပြုလုပ်

    မတ် ၃၀၊ ၂၀၁၅
    M-Media

    29-3-15_UK-Muslim-Youth-Festival-Fights-Extremism

    – မွတ်စလင်လူငယ်များ အစွန်းရောက်ခြင်းမှ သွေဖည်ပြီး ဗြိတိန်မွတ်စလင်ကောင်းတစ်ယောက် ဖြစ်လာရေး အာရုံစိုက်ရန်နှင့် မွတ်စလင်လူငယ်များ၏ တောက်ပသော စွမ်းရည်ကို ပြသရန်အတွက် ရာနှင့်ချီသော ဗြိတိန်မွတ်စလင်များက လူငယ်ပွဲတော်တစ်ခုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ လူငယ်ပွဲတော်ကို Muslim Youth Focus အဖွဲ့မှ စီစဉ်ကာ မတ်လ ၂၉ ရက်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အစွန်းရောက်ခြင်းကဲ့သို့သော ပြဿနာများနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း လူသိရှင်ကြား ဖော်ပြရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

    “လူမျိုးကွဲပြားမှုတွေ၊ လိင်ကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး ဗြိတိန်မွတ်စလင်လူငယ်တွေဟာ လူ့အခွင့်အရေးကို လေးစား၊ တူညီတဲ့အခွင့်အလမ်းတွေကိုပေးတဲ့၊ ဘာသာတရားကို ကျင့်သုံးနိုင်အောင် ခွင့်ပြုတဲ့ ဗြိတိန်လိုနိုင်ငံမျိုးမှာနေရတာကို ဂုဏ်ယူသင့်ပါတယ်။ အဲဒီလူငယ်တွေကို နိုင်ငံရဲ့ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းတွေမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်လာဖို့ စွမ်းအားမြှင့်တင်ပေးသင့်ပါတယ်။ ပြီးတော့ နိုင်ငံရေးမှာ ပါဝင်ဖို့၊ စစ်တပ်ထဲဝင်ဖို့၊ ရဲတပ်ဖွဲ့ ဒါမှမဟုတ် တရားရေးအဖွဲ့တွေထဲ ၀င်ဖို့လည်း သူတို့ ကြိုးစားသင့်ပါတယ်”
    ဟု ၀ဒ်ဖို့ဒ်တောင်ပိုင်း ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ဖြစ်သူ ဒေါက်တာ မိုဟာမက် ဖာဟင်မ်က ပြောကြားခဲ့သည်။

    အဆိုပါ လူငယ်ပွဲတော်မှာ ယနေ့ခေတ် ယူကေတွင် ဗြိတိန်မွတ်စလင်လူငယ်ကောင်းတစ်ယောက် ဖြစ်ရန် ရည်ရွယ်သော အကြောင်းအရာကို ဆန်းစစ်ကြရန် မွတ်စလင်လူငယ်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ထင်ရှားကျော်ကြားသူများ အာရုံစိုက်လာရန်အတွက် ပထမဆုံး ကျင်းပသည့် ပွဲတော်လည်း ဖြစ်သည်။

    “အစွန်းရောက် သတင်းတွေ၊ အစွန်းရောက်အဖြစ်အပျက်တွေနဲ့ လွှမ်းမိုးနေတဲ့ ကမ္ဘာကြီးမှာ ဒါတွေရဲ့ သက်ရောက်မှုကို အများဆုံးခံရတဲ့ လူငယ်တွေရဲ့ ခံစားချက်တွေကို တစ်ခါတစ်လေကျရင် လစ်လျူရှုသွားတတ်ကြပါတယ်။ လူငယ်တွေ သူတို့ရဲ့ ခံစားချက်တွေကို ဖွင့်ထုတ်ဖို့၊ လူအဖွဲ့အစည်းအားလုံးအတွက် ထူးခြားမှုတစ်ခု ဖြစ်လာမယ့် သူတို့ရဲ့ အတွေးအခေါ်တွေ၊ အဖြေတွေကို အဆိုပြုဖို့ အခွင့်ပေးခြင်းအားဖြင့် ဒီပွဲတော်က ဒီလို လစ်လျူရှုမှုကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်ပါတယ်” ဟု Met လူ့အဖွဲ့အစည်း စေ့စပ်ပေးရေးအဖွဲ့မှ တပ်ကြပ် ဂျာဗာရီယာ စအီးဒ်က London Evening Standard သတင်းစာသို့ ပြောကြားခဲ့သည်။

    အဆိုပါ လူငယ်ပွဲတော်ကို ဂီတကြယ်ပွင့် Naughty Boy တစ်ဖြစ်လဲ ရှာဟစ်ဒ် ခန်း အပါအ၀င် ထင်ရှားကျော်ကြားသည့် မွတ်စလင်များ တက်ရောက်ခဲ့ကြသည်။ ရှာဟစ်ခန်းမှာ One Direction အဖွဲ့မှ ထွက်တော့မည်ဟု ကြေညာထာသည့် မွတ်စလင်အဆိုတော် ဇေယန် မာလစ်နှင့် အလုပ်တွဲလုပ်နေသူလည်း ဖြစ်သည်။

    ထို့ပြင် Diary of Badman ဇာတ်လမ်းစီးရီးကို ဖန်တီးခဲ့သူ YouTube နာမည်ကြီး ဟမ်ဇာ အာရှက်ဒ်လည်း တက်ရောက်ခဲ့သည်။

    အဆိုပါ မွတ်စလင်လူငယ်ပွဲတော်ကို အခြားသော တာဝန်ရှိသူများကလည်း ချီးကျူးခဲ့ကြသည်။

    “ဒီပွဲက ကျွန်တော်တို့ဟာ အမုန်းတရား၊ အစွန်းရောက်ဝါဒရဲ့ ပုံစံအားလုံးကို ဆန့်ကျင်ပြီး တစ်ခုတည်းသော လူ့အဖွဲ့အစည်းအဖြစ် အတူတကွ ရပ်တည်ကြမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ကြေညာလိုက်တာလည်း ဖြစ်ပါတယ်” ဟု Met လူ့အဖွဲ့အစည်း စေ့စပ်ပေးရေးအဖွဲ့မှ တပ်မှူး မာ့က် ချစ်ရှ်တီက ပြောကြားခဲ့သည်။

    ဗြိတိန်တွင် အစ္စလာမ်ဘာသာဝင်ဦးရေ စုစုပေါင်း ၂.၇ သန်းခန့်ရှိပြီး တတ်သိပညာရှင်များအဖွဲ့ဖြစ်သော Demo က ၂၀၁၁ ခုနှစ်တွင် ကောက်ယူခဲ့သော စစ်တမ်းများအရ ယူကေရှိ မွတ်စလင်များမှာ အခြား နိုင်ငံသားများထက် ပို၍ တိုင်းချစ်ပြည်ချစ်စိတ်ရှိသည်ဟု သိရသည်။

    Ref: Onislam

  • အိန္ဒိယနှင့် ကင်းကွာလာခြင်း

    အိန္ဒိယနှင့် ကင်းကွာလာခြင်း

    ဒေါက်တာ သန့်မြင့်ဦး ရေးသည်။

    18113_925711717463698_5527584147979627271_n  .
    မြန်မာနိုင်ငံရှိ လူအများစုတွင်၊ အိန္ဒိယနိုင်ငံနှင့် ပတ်သတ်သည့် ဗဟုသုတများ ရှိကြခြင်း၊ မရှိကြခြင်းကို အသာထား၊ အိန္ဒိယနှင့် ပတ်သတ်သည့် အငွေ့အသက် ခံစားမှု အာရုံမျိုး ရှိကြသည်။ ရန်ကုန်မြို့ ဖရေဇာလမ်း တစ်လျှောက်ရှိ လျှပ်စစ်မီးချောင်းများ ထွန်းထားသည့် ဒန်ပေါက်ဆိုင်များ၊ ရိုးရှင်းသည့် အစ္စလာမ်ဘာသာဝင်တို့၏ မဂိုဗလီ အပြင် ၄င်းနှင့် လမ်းနှစ်ဘလောက်စာ အကွာအဝေးရှိ အရောင်များ တောက်ပနေသည့် ကာလီဘုရားကျောင်း၊ အရောင်လွင့်နေသော ဆာရီများကို ဝတ်ဆင်ထားပြီး နားလည်ရခက်သည့် ဘာသာစကားကို ပြောဆိုနေကြသည့် ကြော့ကြော့ရှင်းရှင်း အမျိုးသမီးကြီးများ၊ အမျိုးသားများ၏ လုံခြည်ဝတ်ဆင်ပုံ စတိုင် စသည်တို့နှင့် ရင်းနှီးခဲ့ကြပြီးသား ဖြစ်သလို၊ ရှေးဘိုးဘေးဘီဘင်များမှာလည်း နီးစပ်သည့် မိတ်ဆွေများ ဖြစ်ခဲ့ကြသည်။ အိန္ဒိယမှာ မြန်မာနိုင်ငံနှင့် ခေတ်ပြိုင် အိမ်နီးချင်းနိုင်ငံ ဖြစ်ရုံမျှမက အတိတ်က ဆက်နွယ်မှုများ နက်နက်ရှိုင်းရှိုင်း ရှိခဲ့၍၊ အိန္ဒိယ အငွေ့အသက်မှာ အတိတ်ကာလက အကြွင်းအကျန် အဖြစ် မြန်မာနိုင်ငံ၏ နေရာတိုင်းတွင် ရှိနေပေသည်။
    .
    အိန္ဒိယနှင့် မြန်မာ၏ ဆက်နွယ်မှု သမိုင်းကို ယေဘုယျအားဖြင့် ကျောင်းများတွင် မသင်ကြတော့၍ လူများ၏ အတွေးထဲတွင်လည်း မရှိကြတော့ပေ။ ထောင်စုနှစ် တစ်ခုစာ ပြန်ပြောင်းတွေးကြည့်လျှင် ဘင်္ဂလား ပင်လယ်အော် တလျှောက်၊ Bengal ၊ အိုရစ်ဆာ (Orissa) နှင့် အိန္ဒိယ တောင်ပိုင်းဒေသများမှ နေ၍ ဧရာဝတီမြစ်ဝှမ်းအထိ ကုန်သွယ်ရေးနှင့် စိတ်ကူးစိတ်သန်း ဆက်နွယ်ကူးသန်းမှုများ ရှိခဲ့သော်လည်း၊ ယခုအခါတွင်မူ လူ လက်တစ်ဆုပ်စာခန့်ကသာ၊ ပလ္လဝါ (Pallava) အက္ခရာများမှ ဆင်းသက်လာခဲ့သည့် မြန်မာအက္ခရာများအကြောင်းနှင့် အိန္ဒိယပါဠိဘာသာမှ ယူထားသည့် မြန်မာစကားလုံးများအကြောင်းကို ဆက်စပ် တွေးတောမိပေလိမ့်မည်။
    .
    အတူတကွ ခံစားခဲ့ကြရသည့် ကိုလိုနီ လက်အောက်ခံ အတွေ့အကြုံများကိုပင် တော်တော်များများ မေ့ကုန်ကြပြီ ဖြစ်သည်။ အိန္ဒိယရှိ Biral House တွင် ငယ်ရွယ်တက်ကြွသည့် ဦးနုက မဟတ္တမဂန္ဒီနှင့်အတူ လေးစားသည့် အသွင်သဏ္ဍာန်ဖြင့် ထိုင်နေသည်ကို ရိုက်ကူးထားခဲ့သည့် ဓါတ်ပုံမျိုး၊ သို့မဟုတ် အက်တလီနှင့် တွေ့ဆုံရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်သို့ သွားရင်း ဒေလီမြို့တွင် တစ်ထောက်နားစဉ်တွင် ပဏ္ဍစ် နေရူးက မြန်မာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်တွင် အအေးမိမည်ကို စိုးရိမ်သည့်အတွက် ကုတ်အင်္ကျီတစ်ထည်ပေးခဲ့သည့် ဇာတ်လမ်းမျိုးကိုတော့ တခါတရံတွင် မြင်ရ ကြားရ ပါသည်။ သို့ရာတွင် ပြည်ပြေး ဧကရာဇ် Bahadur Shah Zafar ၏ ဆက်နွယ်နေသော အကြောင်း (သူ၏ အုတ်ဂူ တည်ရှိရာ နေရာမှာ စာရေးသူ ယခုဆောင်းပါးကို ရေးသားနေသည့်နေရာနှင့် မိုင်ဝက်ခန့်ပင် မကွာဝေးပါ)၊ ရာဘင်ဒြာနတ်တဂိုး မြန်မာသို့ လာရောက် လည်ပတ်ခဲ့သည့် ခရီးစဉ်များ၊ ဆူဘတ်ချန်ဒရာဘို့စ်နှင့် အိန္ဒိယ အမျိုးသား တပ်မတော် (INA) တို့၏ စွန့်စားခန်းများအကြောင်း စသည့် အခြား သတိရစရာ အနည်းငယ်လည်း ရှိပါသည်။
    .11080949_925711924130344_4471903472050838676_n
    ကျွန်တော်၏ အဘေးဖြစ်သူမှာ ကာလကတ္တားတွင် ပညာသင်ယူခဲ့သလို၊ ကျွန်တော်၏ အဘိုးဖြစ်သူမှာလည်း Bengal မှ မီးသင်္ဘောဖြင့် အပတ်စဉ် ရောက်လာလေ့ရှိသည့် စာအုပ်များနှင့် သတင်းစာများကို ဖတ်ရင်း ကြီးပြင်းခဲ့သူ ဖြစ်သည်။ လွန်ခဲ့သည့် နှစ် ၁၀၀ ခန့်က၊ မိဘများသည် ၄င်းတို့၏ သားများအား ဒါဂျီလင် (Darjeeling) သို့ စေလွှတ်ကာ ပညာသင်ကြားပေးနိုင်ရေးကို အိပ်မက် မက်ခဲ့ကြသည်။ ၄င်းတို့၏ သားများအနေဖြင့် ထိုမှတဆင့် အောက်စဖို့ဒ် သို့မဟုတ် ကမ်းဘရစ်ဂ်ျ တွင် ပညာ ဆက်လက် ဆည်းပူးကာ၊ ပြန်လာလျှင် အိုင်စီအက်စ် အရာရှိများ အဖြစ် အမှုထမ်းနိုင်လိမ့်မည်ဟူသည့် မျှော်လင့်ချက်များ ရှိခဲ့ကြသည်။ အိန္ဒိယသည် ခေတ်မီခြင်း တစ်မျိုးကို ကိုယ်စားပြုပြီး အိန္ဒိယ ပညာတတ်များနှင့် အိန္ဒိယ အင်စတီကျူးရှင်းများမှာ ပိုမိုကျယ်ပြောသည့် ကမ္ဘာကြီးနှင့် ပေါင်းကူးပေးနိုင်မည့် အရာများ အဖြစ် ရှုမြင်ခြင်း ခံခဲ့ရသည့် အချိန် တစ်ချိန် ရှိခဲ့ဖူးသည်။
    .
    ယခုအခါတွင် နှစ်နိုင်ငံမှ အစိုးရပိုင်းအနေဖြင့်၊ အဝေးပြေးလမ်းမသစ်များနှင့် ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် တရားဝင် ဆက်နွယ်မှုများနှင့် တရားဝင် စီမံကိန်းများ ရှိနေပြီး၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အတွက် အစိုးရများ ဦးဆောင်သည့် အားထုတ်မှုများ ရှိနေသည်။ သို့မဟုတ် အနည်းဆုံးအနေဖြင့် နယ်စပ်တလျှောက်တွင် ပူးပေါင်းဆောင်ရွက်ကြရန် ကတိကဝတ်များ ရှိနေပေသည်။ သို့ရာတွင်နှစ်နိုင်ငံ ပြည်သူများ အချင်းချင်း ဆက်ဆံရေးမှာမူ ပျောက်ဆုံးလျက် ရှိနေသည်။ ဘန်ကောက်နှင့် စင်ကာပူမှာ အိန္ဒိယမြို့များနှင့် နှိုင်းစာလျှင် မြန်မာများအတွက် များစွာ ပိုမို ရင်းနှီးနေပေသည်။ ယနေ့အခါ မြန်မာများ၏ စိတ်ထဲတွင် ကာလကတ္တားမှာ ခပ်စိမ်းစိမ်း ဖြစ်နေကြသလို၊ အိန္ဒိယ အရှေ့မြောက်ပိုင်း ဒေသများမှာမူ စိတ်ထဲတွင် ပိုမို အလှမ်းဝေးကွာ နေကြသည်။ သမိုင်းဝင် အောင်ပွဲမြို့များ ဖြစ်ခဲ့ဖူးသည့် အာသံနှင့် မဏိပူရတို့အား ကျောင်းစာအုပ်များထဲမှနေရာများအဖြစ်သာ သိရှိကြတော့ပြီး၊ မြန်မာနှင့် နီးကပ်စွာ တည်ရှိနေသည့် တကယ့်နေရာများအဖြစ် မမြင်ကြတော့ပေ။ အိန္ဒိယ အရှေ့မြောက်ပိုင်းတွင် မြန်မာတို့နှင့် များစွာ ဆင်တူသည့် ယဉ်ကျေးမှုများနှင့် ဆင်တူသည့် လူ့ဘောင် အသိုင်းအဝိုင်းများ ရှိသည် ဆိုခြင်းကို အများစုက သတိမပြုမိကြတော့ပေ။
    .
    1511432_925711984130338_4561364637519731320_nယခုအပတ်တွင် ကျွန်တော်တို့ အနေဖြင့် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးအောင်ပွဲ အထိမ်းအမှတ်ကို ဆင်နွှဲရင်း ၁၉၃၇ ခုနှစ်က မြန်မာနိုင်ငံအား အိန္ဒိယမှ ခွဲရေး-တွဲရေး ကိစ္စအကြောင်းကိုလည်း ပြန်လည် သတိရကောင်း ရကြမည် ဖြစ်ပြီး၊ အလွှာတော်တော်များများတွင် ခွဲ၍ အုပ်ချုပ် ဆောင်ရွက်မှုများ စတင်ခဲ့သည်။ အိန္ဒိယမှ ခွဲခဲ့ပြီး နောက်ထပ် ၁၀ နှစ်ကျော်ကျော် အကြာတွင် မြန်မာအနေဖြင့် လွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်ကို မြန်မာနိုင်ငံရှိ မည်သူမျှ နောင်တရလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ကျွန်တော်တို့အနေဖြင့် အနာဂတ်အကြောင်း စဉ်းစားရာတွင်မူ၊ အိန္ဒိယနှင့် စိမ်းစိမ်းကားကား ဖြစ်လာခြင်းကို နောင်တရကောင်း ရကြပေမည်။
    .
    မြန်မာနိုင်ငံသည် ပြင်ပကမ္ဘာကြီးနှင့် ပြန်လည် တံခါးဖွင့် ဆက်ဆံလျက် ရှိပြီး၊ ဒီမိုကရေစီ ပန်းတိုင်သို့ ကနဦး ခြေလှမ်းများ လှမ်းလျက်ရှိရာ၊ ရှေးကာလကြာမြင့်စွာ ကတည်းက ရှိခဲ့သည့် အိန္ဒိယနှင့် ဆက်ဆံရေး ပိုမိုတိုးတက်လာအောင် ပြန်လည်ပုံဖော်နိုင်မည့် အခွင့်ကောင်း တစ်ခု ရှိနေသည်။ ထိုသို့ ပြုလုပ်နိုင်ပါက နှစ်နိုင်ငံလုံး အကျိုးရှိလိမ့်မည် ဖြစ်ပါသည်။
    .
    ဓာတ်ပုံအညွှန်း …
    ၁) ဝန်ကြီးချုပ်ဦးနုနှင့် မဟတ္တမဂန္ဒီတို့ ဒေလီမြို့တွင် ၁၉၄၇ ခုနှစ်က တွေ့ဆုံစဉ်
    ၂) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရောက် ဗမာသံတမန်တစ်ဦးနှင့် အိန္ဒိယအမျိုးသား ၈ ဦး ၏ ပန်းချီကား
    ၃) စာရေးသူ ဒေါက်တာသန့်မြင့်ဦး

    (စာရေးသူ နောက်ဆုံး ရေးသားထားသည့် စာအုပ်မှာ Where China Meets India: Burma and the New Crossroads of Asia စာအုပ် ဖြစ်ပါသည်။ စာရေးသူမှာ Yangon Heritage Trust ၏ ဥက္ကဌ ဖြစ်ပါသည်။)
    The Hindu သတင်းစာ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည့် “Growing up, growing apart” ဆောင်းပါးကို မဇ္ဈိမသတင်း မှ ဘာသာပြန်ထားခြင်းကို တဆင့်ကူးယူဖော်ပြပါသည်။

  • ဂျာမနီတွင် လက်ယာစွန်းရောက်နှင့် ဖက်စစ်ဆန့်ကျင်ရေးအဖွဲ့တို့ ထိပ်တိုက်တွေ့

    ဂျာမနီတွင် လက်ယာစွန်းရောက်နှင့် ဖက်စစ်ဆန့်ကျင်ရေးအဖွဲ့တို့ ထိပ်တိုက်တွေ့

    မတ် ၂၉၊ ၂၀၁၅
    M-Media

    germany-left-right-protest.si

    – ဂျာမနီနိုင်ငံ အနောက်ပိုင်းရှိ ဒေါ့မွန်မြို့တွင် လက်ယာစွန်းရောက်အုပ်စုနှင့် ၎င်းတို့အား ဆန့်ကျင်သည့် ဖက်စစ်ဆန့်ကျင်ရေးအဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ရသည်ဟုသိရသည်။

    လက်ယာစွန်းရောက် အဖွဲ့ဝင် ၁၀၀ ကျော်ခန့်မှာ လက်ယာစွန်းရောက်သမားတစ်ဦးက လူငယ်တစ်ဦးအား မြေအောက်ရထားဘူတာတွင် ဓားဖြင့်ထိုးသတ်ခဲ့သည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယမန်နေ့က ဒေါ့မွန်ရှိလမ်းများပေါ်တွင် ချီတက်ခဲ့ကြပြီး ၎င်းတို့နှင့် မနီးမဝေးတွင် ဖက်စစ်ဆန့်ကျင်ရေးအဖွဲ့များကလည်း တန်ပြန်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

    လက်ယာစွန်းရောက်အဖွဲ့မှာ နိုင်ငံအတွင်း နိုင်ငံရပ်ခြားမှ ပြောင်းရွှေ့အခြေချမှု ဆန့်ကျင်ရေးနှင့် မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်ပြီး အင်အား၂၀၀၀ ခန့်ရှိသည့် ဖက်စစ်ဆန့်ကျင်ရေးအဖွဲ့မှာ “အရင်းရှင်ဝါဒ တိုက်ဖျက်ကြ” “ရွှေ့ပြောင်းအခြေချမှုက လူမှုဖွံ့ဖြိုးရေးကို ဖြစ်စေသည်” စသည့် ကြော်ငြာများကို ကိုင်ဆောင်ခဲ့ကြသည်။

    ထို့နောက် ဖက်စစ်ဆန့်ကျင်ရေးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ ကာထားသည့်ကြားမှ လက်ယာစွန်းရောက် အဖွဲ့ထံသို့ ရောက်ရှိအောင် ကြိုးစားခဲ့ကြပြီး နောက်ပိုင်းတွင် ရေသန့်ဘူးများ၊ မီးရှူးမီးပန်းများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ သို့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ချေ။

    ရဲတပ်ဖွဲ့ကမူ ထိုအုပ်စုနှစ်ခု၏ ဆန္ဒပြမှုများ တိုက်ခိုက်မှုဆီသို့ ဦးတည်မသွားစေရန် ထိန်းသိမ်းခဲ့ကြပြီး အခြားသောမြို့များတွင်လည်း ထိုကဲ့သို့ ဖြစ်ပွားရန် အလားအလာရှိနေသောကြောင့် ဂျာမနီတစ်ဝှမ်း ထောင်နှင့်ချီသော ရဲတပ်ဖွဲ့ဝင်များကို ချထားခဲ့ကြသည်။

    Ref: RT