News @ M-Media

Blog

  • ယနေ့ညပွဲ တိုက်စစ်ဖွင့်ရမည်ဟု စပိန်နည်းပြဆို

    ယနေ့ညပွဲ တိုက်စစ်ဖွင့်ရမည်ဟု စပိန်နည်းပြဆို

    မတ် ၂၇၊ ၂၀၁၅
    M-Media

    vicentedelbosque-cropped_8uc99dbxg0gf1ltdekmql67y9

    – ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ရှုံးပွဲထပ်မတွေ့စေရန်အတွက် သတိထားကစားရန် စပိန်နည်းပြ ဒဲလ်ဘော့စကေးက အသင်းသားများအား တိုက်တွန်းလိုက်ပြီး မိမိတို့အသင်းမှာ ယနေ့ပွဲတွင် တိုက်စစ်အသားပေး ကစားသွားမည်ဟု ပြောကြားလိုက်သည်။

    လက်ရှိ ဥရောပချန်ပီယံ စပိန်အသင်းမှာ ပြီးခဲ့သည့် အုပ်စု C ပွဲစဉ်တွင် စလိုဗက်ကီးယားအား အံ့သြဖွယ် ရှုံးနိမ့်ခဲ့ရပြီး ယနေ့တွင် အုပ်စုအတွင်း အမှတ်တူ ဒုတိယနေရာ၌ ရှိနေသည့် ယူကရိန်းအသင်းအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။

    ပြိုင်ပွဲအားလုံးတွင် အိမ်ကွင်းရှုံးပွဲမရှိသေးသည့် စပိန်၏ မှတ်တမ်းကောင်းက ထိုပွဲ အနိုင်ရရှိရန်အတွက် ရေးပန်းစားနေသော်လည်း ဒဲလ်ဘော့စကေးကမူ မိမိတို့အနေဖြင့် ယူကရိန်းအသင်းကို လျှော့တွက်၍ မရဟု ပြောကြားခဲ့သည်။

    “တိုက်စစ်ဖွင့်ကစားရမည့်ပွဲပါ။ ဒါပေမယ့် ကျွန်တော်တို့ မျှဖို့တော့ လိုပါတယ်။ ယူကရိန်းရဲ့ ခြိမ်းခြောက်နိုင်စွမ်းအတွက် ကျွန်တော်တို့ တော်တော်လေး ဂရုစိုက်ဖို့ လိုပါတယ်။ သူတို့ဟာ တန်ပြန်တိုက်စစ် ကောင်းပါတယ်” ဟု ဒဲလ်ဘော့စကေးက ပြောကြားခဲ့သည်။

    စပိန်အသင်းအတွင် အားထားရသည့် ချယ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာမှာ ခြေသလုံးဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိဘဲ၊ ဂျူဗင်တပ်တိုက်စစ်မှူး အလ်ဗာရို မိုရာတာက ဦးဆောင်ဖွယ်ရှိနေသည်။

    ဒဲလ်ဘော့စကေးကမူ မိမိတို့တွင် ရှိနေသည့် ကစားသမားများအားလုံးဖြင့် လေ့ကျင့်ထားကြောင်း မိုရာတာထံမှလည်း မျှော်လင့်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • ပါလက်စတိုင်းအရေး ကုလမှ အစီရင်ခံစာ ထုတ်ပြန်

    ပါလက်စတိုင်းအရေး ကုလမှ အစီရင်ခံစာ ထုတ်ပြန်

    မတ် ၂၇၊ ၂၀၁၅
    M-Media

    8d441314b4a24805bc435490decfa257_18

    – ၂၀၁၄ ခုနှစ်မှာ ၁၉၆၇ ခုနှစ် စစ်ပွဲပြီးနောက်ပိုင်း ပါလက်စတိုင်းပြည်သူများ အသေအပျောက်များဆုံးနှစ် ဖြစ်သည်ဟု ကုလသမဂ္ဂမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြလိုက်ပြီး အကြီးတန်းအရာရှိတစ်ဦးကလည်း အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် နယ်မြေများအတွက် “အကြီးအကျယ် ထိခိုက်ပျက်စီးစေသောခုနှစ်” ဟု ခေါ်ဝေါ်သမုတ်ခဲ့သည်။

    ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေးရုံး OCHA မှ ယမန်နေ့တွင် ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာတွင် ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းတို့၏ လူမှုဘ၀များ၊ လွတ်လပ်ခွင့်များ၊ လုံခြုံးရေးဆိုင်ရာ လှုပ်ရှားမှုနှင့် ဆောင်ရွက်ခွင့်ကို ထိခိုက်စေသော ပြဿနာ၊ ပါလက်စတိုင်းတို့၏ ပုံမှန်နေထိုင်ရပ်တည်နိုင်စွမ်းနှင့် ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်စွမ်းကို ပျက်ဆီးစေသော အစ္စရေး၏ ပေါ်လစီများက အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုမှ ပါလက်စတိုင်းတို့ လွတ်မြောက်ရေးကို
    ပိတ်ဆို့ထားသည်ဟု ဖော်ပြခဲ့သည်။

    အဆိုပါ အစီရင်ခံစာကို “ကြေမွနေသော ဘ၀များ” (Fragmented Lives) ဟု အမည်ပေးထားပြီး ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီများ၊ အစိုးရများ၊ နိုင်ငံတကာ၊ ပါလက်စတိုင်းနှင့် အစ္စရေး အန်ဂျီအိုတို့များမှ ရရှိသည့် အချက်အလက်များကို အခြေခံကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အစီရင်ခံစာတွင် အထက်ပါအကြောင်းအရာများကို ဖယ်ရှားပစ်လိုက်ပါက ပါလက်စတိုင်းပြည်သူများမှာ နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များမလိုဘဲ ၎င်းတို့၏ ကိုယ်ပိုင် အသင်းအဖွဲ့များနှင့်
    စီးပွားရေးတို့ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်စွမ်း လုံလုံလောက်လောက် ရှိလာမည်ဟု ဆိုသည်။

    “၂၀၁၄ ခုနှစ်ဟာ (အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသော နေရာများမှ) ပါလက်စတိုင်းပြည်သူတွေအတွက် အကြီးအကျယ် ထိခိုက်ပျက်စီးစေတဲ့ ခုနှစ်ပါပဲ။ (အစ္စရေးက) ဆက်လက်ကျူးကျော်နေခြင်းဟာ ပါလက်စတိုင်းတွေရဲ့ လူလူသူသူ အသက်ရှင်နေထိုင်နိုင်စွမ်းကို ထိခိုက်ပျက်စီးစေပါတယ်။ ဒီအကြောင်းအရင်းတွေကို ဖယ်ရှားပြီး၊ ဒီပေါ်လစီတွေကို ပြောင်းလဲလိုက်မယ်ဆိုရင်တော့ အဲဒီမှာ နိုင်ငံတကာ အကူအညီတွေ လိုအပ်တော့မှာ မဟုတ်ပါဘူး” ဟု ပါလက်စတိုင်းဒေသများအတွက် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညွှန်ကြားရေးမှူး ဂျိမ်းစ် ရော်လေးက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်က အနောက်ဘက်ကမ်းတွင် ပါလက်စတိုင်း ၅၈ ဦး အစ္စရေး၏ လက်ချက်ကြောင့် သေဆုံးခဲ့ပြီး ၂၀၀၇ ခုနှစ် အစ္စရေးစစ်တပ်များ ကျူးကျော်ဝင်ရောက်လာပြီးနောက်ပိုင်း ထိခိုက်မှုပမာဏ အမြင့်ဆုံးဖြစ်ခဲ့ကာ ဒဏ်ရာရရှိသူအရေအတွက်မှာလည်း ၆၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၀၅ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

    “အစ္စရေးအာဏာပိုင်တွေက အိမ်တွေဖြိုတာကြောင့် ပါလက်စတိုင်းပြည်သူ စံချိန်တင် ၁၂၁၅ ဦးဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ နိုင်ငံတကာဥပဒေအရ အငြင်းပွားမှုတွေရှိနေတဲ့ (ပါလက်စတိုင်းပိုင်နက်အတွင်း အစ္စရေးမှ တည်ဆောက်သော) အခြေချ အိမ်ရာတွေနဲ့ တရားမ၀င် ပြောင်းရွှေ့အခြေချလာသူတွေကလည်း ဆက်လက်ရှိနေပြီး ပါလက်စတိုင်းက လူ့အဖွဲ့အစည်းတွေ ထိခိုက်ခံစားနေရတဲ့ ချို့တဲ့မှုတွေကို တပ်တိုးဖြစ်စေပါတယ်” ဟု ရော်လေးက ထပ်လောင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် ဇူလိုင်လမှ သြဂုတ်အတွင်း ဂါဇာဒေသအား အစ္စရေးမှ တိုက်ခိုက်မှုကြောင့် (ကလေးငယ် ၅၅၀ အပါအ၀င်) ပါလက်စတိုင်းအရပ်သား ၁၅၀၀ နီးပါး သေးဆုံးခဲ့ရပြီး လူနေအဆောက်အုံများ၊ ဆေးရုံများ၊ စာသင်ကျောင်များနှင့် အရေးပေါ်ကယ်ဆယ်ရေးစခန်းများလည်း ပျက်ဆီးခဲ့ရသည်။

    အဆိုပါ အစီရင်ခံစာအရ “၂၀၁၄ ခုနှစ်တွင် ဂါဇာဒေသအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်မှာ ၁၉၆၇ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့ပြီး ဂါဇာလူဦးရေ၏ ၂၈ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၅ သိန်းနီးပါးမှာ ဒေသအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်” ဟု ဖော်ပြထားသည်။

    တိုက်ခိုက်မှုများပြီးနောက် ဂါဇာတွင် ပြည်လည်တည်ဆောက်ရေးလုပ်ငန်းများလည်း နှေးကွေးနေပြီး အစ္စရေး၏ ပိတ်ဆို့ထားမှုများနှင့် ကူညီထောက်ပံ့မည်ဟု ကတိပြုထားသည့် နိုင်ငံတကာမှ ငွေများ အပြည့်အ၀ မရရှိခြင်းကလည်း ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အတားအဆီးဖြစ်နေကြောင်း အစီရင်ခံစာက ဆိုသည်။

    အနောက်ဘက်ကမ်းတွင်မူ အစ္စရေးမှ နေအိမ်များ ဖျက်ဆီးဖြိုချမှုကြောင့် အခြေမဲ့အနေမဲ့ဖြစ်ခဲ့ရသူ အရေအတွက်မှာ ၂၀၀၈ ခုနှစ် OCHA မှ စတင် စစ်တမ်းကောက်သည့်နောက်ပိုင်း အမြင့်ဆုံး ပမာဏသို့ ရောက်ရှိခဲ့သည်။

    အစ္စရေးမှ အပြည့်အ၀ သိမ်းပိုက်ထားပြီး အနောက်ဘက်ကမ်းခြေ ဧရိယာ၏ ၆၀ ရာခိုင်နှုန်းရှိသော Area C တွင် အစ္စရေးက အခြေခံအဆောက်အဦးများ ဖျက်ဆီးဖြိုချမှုမှာ ပြီးခဲ့သည့်နှစ်က လျော့ကျခဲ့သော်လည်း လူနေအိမ်များကို ပိုမိုပစ်မှတ်ထားလာသောကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများမှာ ပြီးခဲ့သည့် နှစ်ကထက် ၂၀ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

    နိဂုံးချုပ်အနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိုလုပ်ရပ်များ ပပျောက်သွားစေရေး ဖိအားပေးရန်နှင့် ထိုလုပ်ရပ်များအတွက် အစ္စရေးက တာဝန်ယူလာအောင် ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

    “အရပ်သားတွေအားလုံးကို ကယ်တင်ဖို့၊ ဒီကိစ္စတွေကို ကျူးလွန်တဲ့သူတွေ တာဝန်ခံစေဖို့နဲ့ ဒီပြဿနာမှာ ပါဝင်နေသူတွေအားလုံးဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို နိုင်ငံတကာ ဥပဒေနှင့်အညီ ဆောင်ရွက်ရေး ဦဆောင်ဦးရွက်ပြုဖို့ ဥပဒေကြောင်းအရ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို မဖြစ်မနေ ကျေပွန်ရပါမယ်”

    Ref: Aljazeera

  • ဘရာဇီးလ်အရှုံးမှာ ကောင်းမွန်သော အလှည့်အပြောင်းဖြစ်မည်ဟု ပြင်သစ်နည်းပြဆို

    ဘရာဇီးလ်အရှုံးမှာ ကောင်းမွန်သော အလှည့်အပြောင်းဖြစ်မည်ဟု ပြင်သစ်နည်းပြဆို

    မတ် ၂၇၊ ၂၀၁၅
    M-Media

    karim-benzema-france-brazil-friendly-26032015_oo2cvihoyxxi1cui89m1t08zq

    – ဘရာဇီးလ်အား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းမှာ ယူရို ၂၀၁၆ အတွက် တည်ဆောက်နေသည့် ၎င်းတို့အသင်းအတွက် အပြုသဘောဆောင်သော အလှည့်အပြောင်း ဖြစ်လာနိုင်သည်ဟု ပြင်သစ်နည်းပြ ဒီဒီယာ ဒက်စ်ချမ့်စ်က ပြောကြားလိုက်သည်။

    ယမန်နေ့က ပြင်သစ်တွင် ကစားခဲ့သည့် ခြေစမ်းပွဲတွင် ပြင်သစ်က ဗာရိန်း၏ ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ဘရာဇီးလ်မှ အော်စကာ၊ နေးမာနှင့် လူးဝစ်ဂက်စတာဗိုတို့က ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်သွင်းကာ ကမ္ဘာ့ဖလားပွဲပြီးနောက်ပိုင်း အရေးပါသည့် နိုင်ပွဲတစ်ပွဲကို ပြန်ယူနိုင်ခဲ့သည်။

    ကမ္ဘာ့ဖလားတွင် ပြင်သစ်အား ကွာတားဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည့် ဒက်စ်ချမ့်စ်က မိမိတို့အသင်းသားများမှာ စွမ်းဆောင်ရည်မကောင်းခဲ့ဟု ၀န်ခံခဲ့သော်လည်း ထိုအရှုံးက သင်ခန်းစာယူစရာ အလှည့်အပြောင်းတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “သိပ်ခက်ခဲပါတယ်။ ကျွန်တော်တို့ရဲ့ အမှားအတွက် အပြစ်ပေးခံခဲ့ရတာပါ။ ဘရာဇီးလ်ရဲ့ အရမ်းမြန်တဲ့ ကစားပုံကြောင့် ကျွန်တော်တို့ အခက်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ သူတင်ကိုယ်တင် ကစားဖို့ အခွင့်အရေးတွေရတဲ့အချိန်မှာ ၂ ဂိုး ၁ ဂိုးဖြစ်နေပါတယ်။ ဒါပေမယ့် ပွဲက ၃ ဂိုး ၁ ဂိုးနဲ့ ပြီးခဲ့ပါတယ်” ဟု ဒက်စ်ချမ့်စ်က ပွဲအပြီးတွင် TF1 သို့ ပြောကြားခဲ့သည်။

    သို့သော်လည်း အဆိုပါပွဲမှာ မိမိတို့အတွက် အပြုသဘောဆောင်သည့် ပွဲဖြစ်ခဲ့ကြောာင်း၊ အနာဂတ်ပွဲများတွင် ပို၍ကောင်းမွန်ရန်နှင့် စွမ်းဆောင်ရည်ပို ကောင်းစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘရာဇီးမှာ လာမည့် ဇွန်လတွင် ကစားမည့် ကိုပါအမေရိက ပြိုင်ပွဲအတွက် ရည်ရွယ်ပြင်ဆင်နေပြီး မိမိတို့မှာ ယူရို ၂၀၁၆ အတွက် ရည်ရွယ်ပြင်ဆင်နေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဘရာဇီးလ်၏ အဆိုပါနိုင်ပွဲမှာ ကမ္ဘာ့ဖလားပြီးနောက် နည်းပြ စကိုလာရီလက်မှ ဒွန်ဂါ လွှဲပြောင်းယူပြီးနောက်ပိုင်း ၇ ပွဲဆက်တိုက် အနိုင်ရခဲ့ခြင်းလည်းဖြစ်ပြီး ပြင်သစ်မှာ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံး ရှုံးပွဲလည်း ဖြစ်သည်။

    Ref: Goal.com

  • IS ၏ အွန်လိုင်းဝါဒဖြန်ချီမှုကို အမေရိကန် မွတ်စလင်ခေါင်းဆောင်များ တိုက်ဖျက်

    IS ၏ အွန်လိုင်းဝါဒဖြန်ချီမှုကို အမေရိကန် မွတ်စလင်ခေါင်းဆောင်များ တိုက်ဖျက်

    မတ် ၂၆၊ ၂၀၁၅
    M-Media

    24-3-15_US-Muslims-Team-With-Tech-Exerts-Against-ISIL

    – စစ်သွေးကြွများက ဆိုရှယ်မီဒီယာများကို အသုံးပြု၍ မွတ်စလင်လူငယ်များအား သိမ်းသွင်းခြင်းကို တိုက်ဖျက်ရန်နှင့် မွတ်စလင်လူငယ်များ၏ နုနယ်သော နှလုံးသားကို စိုးမိုးနိုင်ရန်အတွက် အမေရိကန်ရှိ မွတ်စလင်ခေါင်းဆောင်များက နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေကြသည်။

    “ဒါဟာ နှလုံးရည်တိုက်ပွဲပါပဲ” ဟု တန်နက်ဆီးပြည်နယ် မန်ဖစ်မြို့ရှိ Rhodes ကောလိပ်မှ ဆရာဖြစ်ပြီး မွတ်စလင်ပညာရှင် ယာစိရ် ကွာဒီက ပြောကြားခဲ့သည်။ ၎င်းမှာ Facebook နှင့် YouTube ကဲ့သို့ ဆိုရှယ်မီဒီယာများတွင် ပရိတ်သတ်အမြောက်အများရှိသူလည်း ဖြစ်သည်။

    မကြာမီက IS အဖွဲ့၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံခဲ့ရသည့် ကွာဒီမှာ အစွန်းရောက်ဝါဒအား တိုက်ဖျက်ရန် နည်းပညာကုမ္ပဏီများနှင့် ချိတ်ချက်ဆောင်ရွက်နေသည့် မွတ်စလင်ခေါင်းဆောင်များထဲမှ တစ်ဦးလည်းဖြစ်သည်။

    YouTube မှ ကျင်းပပြီး မွတ်စလင်ခေါင်းဆောင်များ၊ ဆိုရှယ်မီဒီယာ ကျွမ်းကျင်သူများနှင့် အွန်လိုင်းအစွန်းရောက်ဝါဒ တိုက်ဖျက်ရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်နေသော တက်ကြွလှုပ်ရှားသူ အများအပြား တက်ရောက်ခဲ့ကြသည့် လော့စ်အိန်ဂျလိစ် တွေ့ဆုံပွဲတွင်လည်း ကွာဒီက တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

    အဆိုပါ တွေ့ဆုံပွဲကို အင်တာနက်တွင် အစွန်းရောက်အုပ်စုများအား ဆန့်ကျင်တိုက်ဖျက်ရေးကို စိတ်ဝင်စားသော “တီထွင်ကြံဆသူများနှင့် အကျိုးအမြတ်မယူသည့်အဖွဲ့များအတွက် အလုပ်ရုံဆွေးနွေးပွဲ” ဟု YouTube က ဖော်ပြခဲ့သည်။

    ထိုဆွေးနွေးပွဲတွင် အမေရိကန်အစိုးရမှ တာဝန်ရှိသူတစ်ဦးလည်း တက်ရောက်ခဲ့ပြီး ဒဏ်ရာရနေသော တိုက်ခိုက်ရေးသမားများထံသို့ ခန့်ညားသည့်လူငယ်တစ်ဦးက သွားရောက်အားပေးနေပုံကို ရိုက်ကူးထားသော IS ၏ အားကျဖွယ်ကောင်းသည့် ၀ါဒဖြန့် ဗီဒီယိုကိုလည်း ပြသခဲ့သည်။

    တက်ရောက်လာသူများကမူ အဆိုပါဗီဒီယိုက အလွန် အထင်ကြီးလောက်စရာကောင်းသည်ဟု မှတ်ချက်ပြုခဲ့ကြသည်။

    မွတ်စလင်လူငယ်များ အွန်လိုင်းစီးပွားရေး လုပ်ကိုင်နိုင်ရန်အတွက် နည်းပညာဆိုင်ရာ လုပ်ငန်းတစ်ခုကို ဗာဂျီးနီးယားတွင် တည်ထောင်ထားပြီး အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရှာဟဒ် အမာနွလ္လာဟ်ကလည်း အစွန်းရောက်များနှင့် ပေါ့ပေါ့နေပေါ့ပေါ့စား လူငယ်များမှာ ၎င်းတို့၏ ဘ၀ကို ၀ါဒဖြန့်ချီရေးတွင် မြှုပ်နှံထားကြည်ဟု ပြောကြားခဲ့သည်။

    FBI မှ ဒါရိုက်တာဖြစ်သူ ဂျိမ်းစ်ကိုမေးက အဆိုပါ လူသစ်စုဆောင်းရေး ဗီဒီယိုမှာ လူငယ်များ၏ မတည်ငြိမ်သော စိတ်ပိုင်ဆိုင်ရာကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

    တန်ပြန်ဗီဒီယိုများ

    YouTube၊ Facebook နှင့် Twitter တို့တွင် ၀ါဒဖြန့်မှုများဖြင့် ကြုံတွေ့နေရသောကြောင့် မွတ်စလင်များကလည်း IS အဖွဲ့အား တန်ပြန်သည့် ဗီဒီယိုများကို ဖြန့်ချီခဲ့ကြသည်။

    “မွတ်စလင်တွေကို တစ်နည်းမဟုတ် တစ်နည်း သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်နေရမယ်ဆိုတဲ့ အယူအဆကို ကျွန်တော်တို့ ချေဖျက်ချင်ပါတယ်။ ပြီးတော့ ဒါမျိုးဟာ ခွဲခြားမှုခံနေရပါလားဆိုတဲ့ အသိမျိုးကို ခံစားရစေပြီး အစွန်းရောက်တွေရဲ့ သတင်းစကားတွေကို လူငယ်တွေ ပိုပြီးလက်ခံလာနိုင်တာမျိုး ဖြစ်သွားနိုင်ပါတယ်” ဟု ကယ်လီဖိုးနီးယားတောင်ပိုင်း ဘာသာရေးဆိုင်ရာ တက္ကသိုလ် အစ္စလာမ့်ရေးရာဌာနမှ ဥက္ကဌဖြစ်သူ ဂျီဟဒ် တာ့က်က ပြောကြားခဲ့သည်။

    IS အဖွဲ့အား တွန်းလှန်သည့် အားထုတ်မှုများကို တစ်နိုင်တစ်ပိုင် ဆောင်ရွက်သည့်အနေဖြင့် အစ္စလာမ့်ပညာရှင်များနှင့် တွေ့ဆုံမေးမြန်းမှုများပြုလုပ်ထားသည့် “Shakes with Shaykhs” အမည်ဖြင့် အွန်လိုင်းဗီဒီယို စီးရီးကိုလည်း တာ့က်က YouTube တွင် လွှင့်တင်ထားသည်။

    တာ့က်ကမူ အဆိုပါ ဗီဒီယိုများမှာ ခေတ်ရေစီးကြောင်းအတွင်း အစ္စလာမ်ကို နားလည်မှု တိုးပွားလာရန်နှင့် မွတ်စလင်အများစု လက်ခံထားသည့် အမြင်များကို ပိုမိုသိမြင်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Onislam

  • ဖလော်ရီဒါတွင် ညီအစ်ကိုချင်း သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၆ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး

    ဖလော်ရီဒါတွင် ညီအစ်ကိုချင်း သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၆ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး

    မတ် ၂၆၊ ၂၀၁၅
    M-Media

    0e56959f-c4d4-4093-b2ff-7bb805489b22

    – အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါတွင် အစားအသောက်နှင့်ပတ်သက်၍ အချင်းများရာမှ ညီအစ်ကိုချင်း သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ဟဒ်ဆန်မြို့ရှိ နေအိမ်တစ်ခုတွင် ယန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်သူမှာ အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ကာ အသက် ၆ နှစ်အရွယ် ညီဖြစ်သူနှင့် အသက် ၁၆ နှစ်အရွယ် အစ်ကိုဖြစ်သူတို့ကို သေနတ်ဖြင့်ပစ်သတ်ကာ ၎င်းကိုယ်တိုင် အဆုံးစီရင်သွားခဲ့သည်။

    အသက် ၁၆ နှစ်အရွယ် အစ်ကိုဖြစ်သူမှာ ဒဏ်ရာရရှိခဲ့ပြီး ၎င်းကိုယ်တိုင် ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့သည်။ ရဲတပ်ဖွဲ့ကမူ မိဘများအပြင်သွားနေစဉ် ၎င်းတို့ ၃ ဦးမှာ အစားအသောက်တစ်ခုအတွက် အချင်းများရာမှ အသက် ၁၃ နှစ်အရွယ် လူငယ်က သေနတ်ထုတ်ကာ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဒီကောင်လေးတွေရဲ့ အသက်တွေကို ကြားရတာဟာ တုန်လှုပ်စရာပါ။ အခန်းထဲမှာ ကစားနေတဲ့ ၆ နှစ်အရွယ် ကလေးတစ်ယောက် အစားအသောက်အတွက် စကားများပြီး အသက် ဆုံးရှုံးခဲ့ရပါတယ်။ ဥပဒေစိုးမိုးရေးဝန်ထမ်းတွေဖြစ်တဲ့ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ ကိစ္စဖြစ်ပြီး လူ့အဖွဲ့အစည်းအတွက်လည်း ခက်ခဲပါတယ်” ဟု ဒေသလုံခြုံရေးအကြီးအကဲ ခရစ် နော့က်ကိုက ပြောကြားခဲ့သည်။

    အမေရိကန်ပြည်ထောင်စုတွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နှစ်စဉ် လူပေါင်း ၃၀၀၀၀ ကျော် သေဆုံးနေရသည်။ ချီကာဂို တက္ကသိုလ် ရာဇ၀တ်မှု လေ့လာရေးနှင့် ရောဂါဘယ ထိန်းချုပ်ရေးဌာန၏ အဆိုအရ နိုင်ငံတစ်ဝှမ်း သေနတ်ဖြင့် ပစ်ခတ်မှုများကြောင့် သေဆုံးသူမှာ နေ့စဉ် ပျမ်းမျှ ၈၇ ဦးခန့် ရှိသည်ဟု ဆိုသည်။

    Ref: Press TV